← Chapters

ယဲ့ဘုရင် မင်း မဆိုးဘူး

Vol. 110 Ch. 1648

ယဲ့ဘုရင် မင်း မဆိုးဘူး

Vol. 110 Ch. 1648

ထိုသို့သောအချိန်၌ မီးအကျဉ်းထောင် ယန်ဘုရင်က ရှေ့ထွက်လာသည်။ သူ့တစ်ကိုယ်လုံး မီးတောက်များ ထွက်နေကာ အပူလှိုင်းများက ဘေးသို့ ပျံ့လွင့်နေသည်။ သူသည် အရပ် သုံးမီတာကျော်မျှ ရှည်လျားလေသည်။

သူ၏ ဦးခေါင်းထက်တွင် ချော်ရည် သရဖူတစ်ခုကို ဆောင်းထားပြီး ယန်ရှန် လှံတံကို ကိုင်ထားကာ ထည်ဝါမှု အပြည့် ရှိလှသည်။

“အရှင်မင်းမြတ် မလုပ်ပါနဲ့”

ဤသည်ကိုမြင်သော် ယန်နိုင်ငံ၏ လူမျိုးများ ထိတ်လန့်ကာ အမူအရာ ပျက်ယွင်းသွားသည်။ ယနေ့ ယဲ့ဖန်သည် ယှဉ်နိုင်သူမရှိ ဖြစ်နေပြီး သူနှင့် တိုက်ခိုက်ခြင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသည်နှင့် အတူတူပင်။

*အခုအချိန်မှာ ရှေ့ထွက်တာက သေတွင်းတူးနေတာ ဖြစ်မနေဘူးလား*

သို့သော် မီးအကျဉ်းထောင် အရှင်သခင်က ဂရုမစိုက်ချေ။ သူသည် ယဲ့ဖန်နှင့် တိုက်ခိုက်ရန် စိတ်အား ထက်သန်နေသည်။ သူ ယခုမှ မတိုက်လျင် ဘယ်သောအခါမှ အခွင့်အရေး မရနိုင်တော့ကြောင်းကိုလည်း သူ သိနေ၏။

ယဲ့ဖန်ကို သတ်နိုင်သည်ဖြစ်စေ၊ သို့မဟုတ် ယဲ့ဖန်ထံ၌ အသတ်ခံလိုက်ရသည် ဖြစ်စေ၊ နှစ်ခုလုံးက သူ့အတွက် နှိုင်းယှဉ်မရသော ဂုဏ်ယူစရာ ကိစ္စရပ်ပင်။

“မီးအကျဉ်းထောင် အရှင်သခင်လား”

ယဲ့ဖန်က သူ့ကို လှမ်းကြည့်လိုက်သည်။ အစောပိုင်းက သူ ပြောသောစကားကို ကြားလိုက်သဖြင့် သူက ဖြောင့်မတ်သူ တစ်ယောက် ဖြစ်ကြောင်း သိလိုက်ပါသည်။

အမှန်အတိုင်း ပြောရမည်ဆိုလျင် ယဲ့ဖန် သူ့ကို မသတ်ချင်ပါ.

“မင်းလူတွေကို ထွက်သွားခိုင်းလိုက်”

“ဟမ်”

မီးအကျဉ်းထောင် အရှင်သခင် အံ့ဩသွားပြီးနောက် သူ့မျက်နှာတွင် ဒေါသထွက်ဟန် ပေါ်လာသည်။

“မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့လေ၊ ယောက်ျားသားတစ်ယောက်ကို မင်းက အဲ့လို အထင်သေးတယ်ပေါ့၊ ယဲ့ဘုရင် မင်း သေသင့်တယ်ကွ”

ထိုသို့ပြောပြီးနောက် မီးအကျဉ်းထောင် အရှင်သခင်က လှံတံဖြင့် ယဲ့ဘုရင်ကို ထိုးလိုက်သည်။ ဤတိုက်ခိုက်မှုက ကြီးမားသော တောင်တစ်လုံးကိုပင် ပျက်စီးစေလောက်သည်။

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ယန်ရှန်လှံတံ၏ ထိပ်ကို ဓားဖြင့် ခုတ်ချလိုက်သည်။

“ဒေါင်”

မီးပွားများ လွင့်စဉ်ထွက်လာပြီး ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းတစ်ခု ချက်ချင်း ပျံ့လွင့်လာပြီး ဒီရေလှိုင်းအလား ကောင်းကင်ယံကို လွှမ်းမိုးလာသည်။

မီးအကျဉ်းထောင် ယန်သခင်သည် ယဲ့ဖန်အား အလွန် အရှက်ရသော မျက်လုံးများနှင့် ကြည့်နေပြီး အရှက်ကွဲ၍ အလှောင်ခံရသလို ခံစားနေရသည်။

သူသည် စစ်သည်တော် တစ်ယောက် ဖြစ်သည်။ စစ်သည်တော်တစ်ယောက်သည် စစ်မြေပြင်၌ မြင်းကို ဒုန်းစိုင်းစီး၍ တိုက်ခိုက်သင့်သော်လည်း ယဲ့ဖန်က ထွက်သွားစေချင်နေသည်။ သူ၏ ကရုဏာသက်မှုကို မီးအကျဉ်းထောင် အရှင်သခင်က အရှက်ခွဲခံရသလို ခံစားနေရသည်။

“ငါ မင်းကို စော်ကားသလို ဖြစ်သွားခဲ့မယ်ဆိုရင် တောင်းပန်တဲ့အနေနဲ့ ငါ အကောင်းဆုံး တိုက်ခိုက်မယ်”

ယဲ့ဖန်က မီးအကျဉ်းထောင် အရှင်သခင်အား တောက်ပသော မျက်လုံးများနှင့် ကြည့်လိုက်သည်။ သူ့အရှေ့မှလူက တိုက်ခိုက်ချင်စိတ် ပြင်းပြနေမှန်း သူ မြင်နေရသည်။

လက်ရှိတွင် ကြင်နာမှုသည် မလိုလားအပ်သော အရာ ဖြစ်သည်။

သူ့အရှေ့မှလူ လိုအပ်သော အရာသည် ကြင်နာမှုနှင့် ကရုဏာသက်စိတ်တို့ မဟုတ်ဘဲ သက်ဝင်လှုပ်ရှားသော တိုက်ပွဲသာ ဖြစ်၏။

သူ့စကားကို ကြားသော် မီးအကျဉ်းထောင် အရှင်သခင်ကလည်း ရယ်မောလာသည်။

“အဲ့ထက် ပိုကောင်းတာ မရှိတော့ဘူး”

“ဒေါင်”

မီးပွားများ ထပ်မံ လွင့်စဉ်လာပြီး နှစ်ဖက်လုံး နောက်သို့ အသီးသီး ဆုတ်သွားပြီး အလွန် တိုက်ခိုက်ချင်သော မျက်နှာတို့ဖြင့် အချင်းချင်း ကြည့်နေကြသည်။

သူရဲကောင်းအချင်းချင်း သိနေပြီး အာရုံစိုက်၍ တိုက်ခိုက်နေခြင်းက အရေးပါပုံ ပေါ်သည်။ တစ်ဖက်လူကို အလေးထားကြောင်း အကောင်းဆုံး ပြသနိုင်သည့် နည်းလမ်းမှာ တစ်ဖက်လူအား မိမိ အားကုန်တိုက်၍ သတ်ခြင်း ဖြစ်လေသည်။

“ကောင်းကင်အလင်းအား ဝါးမျိုခြင်းမာန်ဟုန်”

မီးအကျဉ်းထောင် အရှင်သခင် ကြွေးကြော်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ အပူလှိုင်းများက ကောင်းကင်ယံအထိ တိုင်လုံးသဖွယ် မြင့်တက်လာပြီး ကြီးမားလွန်းသဖြင့် ကောင်းကင်ယံကို စုတ်ဖြဲနိုင်လောက်သည်ဟု ထင်မှတ် ရသည်။

ဤစွမ်းအင်က ကြောက်စရာ ကောင်းလွန်းလှသည်။ လူတော်တော်များများက ပျက်စီးကိန်းနေ့ကို မြင်လိုက်ရ သကဲ့သို့ မျက်နှာ ဖြူရော်လာ၏။

ဤမြင်ကွင်းက ဘေးအန္တရာယ်တစ်ခု ကျရောက်လာသလိုပင်။

ယဲ့ဖန်က ဓားကွက် တစ်ခုပြီး တစ်ခုကို ထုတ်ဖော်နေပြီး ဓားချက်သည် မီးတိုင်လုံးများကို ခုတ်ပိုင်းနေကာ ဓားစွမ်းအင်က ပင်လယ်လှိုင်းအလား ပျံ့လွင့်နေသည်။

“ဒီဒေါသမာန်ဟုန်လောက်နဲ့ နတ်ဆိုးကို မတားနိုင်ပါလား”

လူတိုင်း ချောက်ချားသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

မီးတိုင်လုံးများကို ဖျက်ဆီးပြီးနောက် ယဲ့ဖန်က မြေကြီးပေါ် ဆင်းလာလေသည်။ ထို့နောက် မီးအကျဉ်းထောင် အရှင်သခင်အား ဓားဖြင့် ချိန်ထားလိုက်ပြီး သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါက ပေါက်ကွဲ ထွက်ပေါ်နေသည်။

ဤသည်ကိုကြည့်ပြီး လူအများ မျက်နှာဖြူရော်သွားသည်။ ယဲ့ဖန် အားကုန်သုံးထားမှန်း သူတို့ သတိထားမိသည်။ ဤသည်က ကောင်းသော အရာမဟုတ်ချေ။ မီးအကျဉ်းထောင် အရှင်သခင် မတားနိုင်လောက်ပါ။

“သိပ်ကောင်းတယ်”

မီးအကျဉ်းထောင် အရှင်သခင် အားပါးတရ ရယ်လိုက်ပြီး သွေးပွက်ပွက်ဆူသလို ခံစားနေရသည်။ ထို့နောက် သူ့ကိုယ်ထဲမှ မီးပွားများ ထွက်လာပြီး အနီရောင် မီးတောက် သံချပ်ကာတစ်ခု ပေါ်လာကာ မီးတောက်ကြောင့် အရောင်တောက်နေပြီး သံချပ်ကာ၌ စွမ်းအင်များ စီးဆင်းနေသည်။

မာန်ဟုန်ဝတ်စုံ။ ဤသံချပ်ကာသည် မီးအကျဉ်းထောင် အရှင်သခင်တစ်ယောက် မီးပင်လယ်၌ နှစ်တစ်သောင်း တိုင်တိုင် တာအိုစွမ်းအင်တို့ဖြင့် ရောစပ်၍ သန့်စင်မွမ်းမံထားသော စစ်ဝတ်စုံဖြစ်ပြီး တစ်ခါမှ မပျက်စီးဖူးပေ။

သူသည် စစ်သံချပ်ကာ ဝတ်ဆင်ကာ လှံကိုကိုင်၍ ယဲ့ဖန်ထံ ပြေးဝင်လာသည်။ လှံတံက ရုတ်တရက် မီတာ နှစ်ဆယ်ကျော် ရှည်လျားလာပြီး နဂါးလုံးပတ်တမျှ ထူထဲလာကာ ယဲ့ဖန်အား ဒေါသတကြီး တိုက်ခိုက်လာသည်။

တိုက်ပွဲဝင်ခွန်အားက ကြီးမားလွန်းလှသည်။ ထိုသို့သောအချိန်၌ တာအိုစွမ်းအင်ပင် တုန်ယင်လာ၏။

“အဲ့ဒါက တာအိုစွမ်းအင်ကိုတောင် လှုံ့ဆော်နိုင်တာလား၊ ဒါ မီးအကျဉ်းထောင် အရှင်သခင်ရဲ့ ခွန်အား အစစ်အမှန်လား၊ ကြောက်ဖို့ကောင်းလိုက်တာ”

“ဒါ မျှော်လင့်ချက် အရိပ်အယောင် ဖြစ်ကောင်းဖြစ်လာမယ်ထင်တယ်”

ဘေးပတ်ဝန်းကျင်မှ လူများသည် ရုတ်တရက် အံ့ဩလာကြသည်။ မီးအကျဉ်းထောင် အရှင်သခင်က သူတို့ကို မျှော်လင့်ချက် ပေးလာပါတကား။

ဤသို့သော တိုက်ပွဲဝင်ခွန်အားက အလွန် ကြီးမားလွန်းလှသည်။ အနီးကပ် တိုက်ပွဲ၌ မီးအကျဉ်းထောင် အရှင်သခင်အား မည်သူမှ ယှဉ်မတိုက်နိုင်လောက်ချေ။

“မီးအကျဉ်းထောင် အရှင်သခင်၊ ခင်ဗျား ဒီမကောင်းဆိုးဝါးကို တကယ် အနိုင်ယူနိုင်မှာလား”

“ငါတို့ သူ့ကို နိုင်နိုင်၊ မနိုင်နိုင် ကိစ္စမရှိဘူး၊ ငါတို့ သူ့ကို ခဏလောက် အချိန်ဆွဲထားနိုင်ရင် ရပြီ”

နဉ်ရွှမ်ယွမ်က အပြုံးကြီး ပြုံးနေပြီး သူ့မျက်လုံးများက ခက်ထန်နေသည်။

မီးအကျဉ်းထောင် အရှင်သခင်၏ သေခြင်းရှင်ခြင်းကို သူ လုံးတ အရေးမစိုက်သလို မီးအကျဉ်းထောင် အရှင်သခင်က ယဲ့ဖန်ကို သတ်နိုင်မလား၊ မသတ်နိုင်ဘူးလားဆိုတာကိုလည်း အရေးမစိုက်ပေ။

သူတို့အတွက် အချိန်ဆွဲထားပြီး ယဲ့ဖန်အား အားကုန်အောင် လုပ်လျင် သူ့အတွက် လုံလောက်လေပြီ။

ထိုစကားကိုကြားသော် သွေးအရှင်သခင်က တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက်တွင်မူ စဉ်းလဲသော အပြုံးမျိုး ပြုံးလိုက်တော့သည်။

“လောကထဲမှာ မီးအကျဉ်းထောင် အရှင်သခင်လို အရူးမျိုး ရှိနေလို့ ငါတို့ တော်ကာကျသွားတာ၊ သူ့လိုလူ ငါတို့ ထပ်မရနိုင်တော့တာ စိတ်မကောင်းစရာပဲ”

နဉ်ရွှမ်ယွမ်က အထင်အမြင်သေးစွာ ပြုံးလိုက်သည်။

“ဘယ်လိုလုပ် အဲ့လို အရူးမျိုး အများကြီး ရှိနေမှာလဲ”

သူတို့၏ အမြင်တွင် မီးအကျဉ်းထောင် အရှင်သခင်သည် အရူးတစ်ယောက်သာ ဖြစ်သည်။ အရူးသာ မဟုတ်လျင် ဤမကောင်းဆိုးဝါးနှင့် တစ်ယောက်တည်း တိုက်မည်ဟု တွေးပါမည်နည်း။

ထို့နောက်တွင်မူ နဉ်ရွှမ်ယွမ်က ယဲ့ဖန်၏ နောက်ကျောကို စိုက်ကြည့်နေပြီး လူသတ်ချင်စိတ်က တစ်ရှိန်ထိုး မြင့်မားနေပြီး ပြောလိုက်သည်။

“ဒီအခွင့်အရေးကို အသုံးချပြီး အဲ့နတ်ဆိုးကို အသေသတ်ရအောင်”

ရည်ရွယ်ချက်က အလစ်ဝင်တိုက်ရန် ဖြစ်သည်။

ဤနေရာ၌ လူ့စိတ်သဘာထားလည်း အသုံးမဝင်၊ တရားမျှတမှုနှင့် မမျှတမှုဟူသည်လည်း မရှိဘဲ အနိုင်ရသူနှင့် ရှုံးနိမ့်သူသာ ရှိသည်။ အနိုင်ရသူသာလျင် အသက်ရှင်ကျန်သည့် သူရဲကောင်း ဖြစ်ပေ၏။

စကြဝဋ္ဌာဓားသည် မသိမသာ တုန်ခါသွားပြီး ကောင်းကင်ယံ၌ ဝေ့ဝဲနေကာ လေကိုခွင်း၍ အောက်ဘက်မှ ယန်ရှန် လှံတံကို ခုတ်ပိုင်းနေ၏။

“သေစမ်းကွာ”

“သေပေတော့”

နှစ်ယောက်လုံး အပြင်းအထန် တိုက်ခိုက်နေကြသည်။

“ရူးနေပြီ၊ မီးအကျဉ်းထောင် အရှင်သခင်က အနီးကပ်တိုက်ပွဲတွေမှာ ပြိုင်ဘက်ကင်းပဲလေ၊ ဒီလူက သူ့ရဲ့ အိုမင်းနေတဲ့ ခန္ဓာကိုယ်နဲ့ အပြင်းအထန် တိုက်ဖို့ ကြံစည်နေတယ်၊ ဒါ သေတွင်းတူးနေတာပဲ မဟုတ်လား”

လူတိုင်း လှောင်ရယ်နေကြပြီး မထီမဲ့မြင် မျက်နှာပေးများ ဖြစ်နေကာ ယဲ့ဖန် သေတော့မည်ဟု ထင်နေကြသည်။

ဤမြင်ကွင်းသည် အိုမင်းရွတ်တွနေသော အဘိုးအိုနှင့် သန်မာထွားကြိုင်းသော လူတစ်ယောက်တို့ တိုက်ခိုက် နေသည့် မြင်ကွင်း ဖြစ်သောကြောင့် အဆုံးသတ်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်လေသည်။

“ဂျွတ်”

ထိုအခိုက်တွင် ယန်ရှန် လှံတံက အက်ကွဲလာပြီး ကောင်းကင်ယံ၌ တစ်စစီ ပျက်စီးသွားလေသည်။ ထိတ်လန့်စရာ ကောင်းလှပေ၏။

“ဘာ … အဲ့ဒါက တစ်စစီ ဖြစ်သွားတာလား”

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးတွင် ထိတ်လန့်မှုတို့နှင့် ပြည့်နှက်လာသည်။

မီးအကျဉ်းထောင် အရှင်သခင်တောင်မှ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး အလွန် ထိတ်လန့်နေ၏။

ယဲ့ဖန်က နတ်ဆိုးနတ်ဘုရား ပြန်လည်မွေးဖွားလာသောသူလိုပင်။

လက်ရှိတွင် သူက မီးအကျဉ်းထောင် အရှင်သခင်အရှေ့သို့ ရောက်နေပြီး စကြဝဋ္ဌာဓားဖြင့် ဒေါသမာန်ဟုန် သံချပ်ကာအား ထိုးဖောက်လာသည်။

“ဟာသပဲ ငါ့သံချပ်ကာကို ထိုးဖောက်ဖို့ လုံးဝ မဖြစ်နိုင်ဘူး”

မီးအကျဉ်းထောင် အရှင်သခင်က ရယ်လိုက်သည်။ သူ၏ သံချပ်ကာသည် နှစ်တစ်သောင်းကြာ ချော်ရည်တို့အား ကျစ်လျစ်လာအောင် လုပ်ပြီး နှစ်တစ်သောင်းတိတိ တူဖြင့်ထူကာ မာကြောလှအောင် မွမ်းခံထားသော သံချပ်ကာ ဖြစ်သည်။ ဘယ်လိုလုပ် ဓားတစ်လက်က ထိုးဖောက်နိုင်ပါမည်နည်း။

သူ့အတွေးက အတွေးသာလျင် ဖြစ်သည်။

ဒေါသမာန်ဟုန် သံချပ်ကာက စကြဝဋ္ဌာဓားချက်အောက်၌ ပေါက်ထွက်သွားပြီး အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။

*ဘာ*

မီးအကျဉ်းထောင် အရှင်သခင်၏ မျက်နှာ မည်းမှောင်သွားပြီး မယုံကြည်နိုင် ဖြစ်သွားလေသည်။ ထို့နောက်တွင်မူ စကြဝဋ္ဌာဓားက သူ့ကိုယ်ထဲသို့ ထုတ်ချင်းပေါက် ဝင်ရောက်လာသည်။

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။

*တကယ် နိုင်သွားတာပဲ*

*သူ့ရဲ့ အိုမင်းနေတဲ့ ခန္ဓာကိုယ်နဲ့ မီးအကျဉ်းထောင် အရှင်သခင်ကို အနိုင်ယူနိုင်တာပါလား*

မီးအကျဉ်းထောင် အရှင်သခင်၏ မျက်လုံးများက အရောင်ဖျော့လာပြီး ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ပြိုလဲကာ ယဲ့ဖန်ရှေ့၌ ဒူးထောက်ကျသွားသည်။

ဤဓားသည် အင်မော်တယ် ဧကရာဇ်အဆင့်၏ ခန္ဓာကိုယ် မဆိုထားနှင့် ကောင်းကင်တာအိုကိုပင် ဖြတ်တောက် နိုင်၏။

“အရှင်မင်းမြတ်”

ဤသည်ကိုမြင်သော် ယန်နိုင်ငံသားများအားလုံး ကြက်သီးထသွားပြီး ဝမ်းနည်းမှုတို့ ပြည့်လျှံတက်လာ၏။

မီးအကျဉ်းထောင် အရှင်သခင်က နှုတ်ခမ်းတွန့်၍ မချိတရိ ပြုံးလိုက်သည်။ ထို့နောက် သူက ခေါင်းမော့၍ ယဲ့ဖန်ကို ကြည်ကာ စိတ်ရင်းအတိုင်း ချီးကျူးလိုက်လေသည်။

“ယဲ့ဘုရင် မဆိုးဘူးပဲ”

ယဲ့ဖန်က သူ့အား စိတ်ရှုပ်ထွေးသော အမူအရာနှင့် ကြည့်နေသည်။

“မင်း အသက်ရှင်နိုင်ရဲ့သားနဲ့”

မီးအကျဉ်းထောင် အရှင်သခင်က ခေါင်းခါသည်။

“ဆက်လုပ်ပါ၊ မင်းလိုလူတစ်ယောက်ရဲ့ လက်ထဲမှာ သေရတာက ငါ့အတွက် ဂုဏ်ယူစရာပဲ”

“မင်းက သူရဲကောင်းတစ်ယောက်ပါ”

ယဲ့ဖန်က ထိုသို့ပြောလိုက်ပြီးနောက် စကြဝဋ္ဌာဓားက တုန်ခါလာကာ ကြီးမားသော ဓားစွမ်းအင်က မီးအကျဉ်းထောင် အရှင်သခင်၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားလေသည်။

“ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မီးအကျဉ်းထောင် အရှင်သခင်၏ ခန္ဓာကိုယ်က တစ်စစီ ဖြစ်သွားပြီး ချော်ရည်အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲကာ မြေကြီးပေါ် ကျဆင်းကုန်သည်။

မျိုးဆက်တစ်ခု၏ အရှင်သခင်တစ်ပါး ကျဆုံးသွားလေပြီ။

“ဒါက တကယ်ပဲ သေခါနီးလူတစ်ယောက် ဟုတ်ရဲ့လား၊ သူ့မှာ တိုက်ခိုက်နိုင်တဲ့ ခွန်အား ကျန်နေသေးတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ”

လူတိုင်း ကြက်သေ သေနေကြသည်။ ဤသည်က ကြောက်စရာ ကောင်းလှသော ဖြစ်ရပ်ပင်။ သူ့အသက်က သေခါနီး ဖြစ်နေသော်လည်း ဤသို့သော ခွန်အားမျိုး ရှိနေသေးသည်။

*မီးအကျဉ်းထောင် အရှင်သခင်လို လူကတောင် ဒီလူဆီမှာ တကယ် အသတ်ခံလိုက်ရတာလား၊ ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ နေမယ်၊ မဖြစ်နိုင်ဘူး*

ရုတ်တရက် တစ်လောကလုံး တုန်ခါလာပြီး ဒါဇင်ချီသော သွေးအမှတ်အသားများက ကောင်းကင်သို့ ထိုးတက်လာပြီး တောင်တစ်လုံးနီးနီး ကြီးမားလာပြီးနောက် အဖျက်စွမ်းအင်နှင့်အတူ ယဲ့ဖန်၏ နောက်ကျောအား တိုက်ခိုက်လာသည်။

အဖြစ်အပျက်က လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် ယဲ့ဖန်တောင်မှ ရုတ်တရက် သတိမမူမိချေ။

“ဒုန်း”

သူ လွင့်ထွက်သွားပြီး လေထဲ၌ အကြိမ်များစွာ တစ်ပတ်လည်သွားမှ ပြန်ပြုတ်ကျကာ သွေးအန်လေတော့သည်။ သူ၏ အသက်ရှူနှုန်းက မတည်ငြိမ်တော့ပေ။

ထိုအခါတွင်မှ ဤနေရာ၌ ဘယ်အချိန်တုန်းက ရောက်နေမှန်း မသိသော နောက်ထပ် လူတစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုလူကို မြင်သည်နှင့် ယဲ့ဖန်၏ မျက်လုံးအိမ် ကျဉ်းမြောင်းလာပြီး အလွန် မုန်းတီးဟန်များ ပေါ်လွင်လာသည်။

ရောက်လာသူမှာ ယဲ့မိသားစု၏ တတိယဘိုးဘေးပင်။ လက်ရှိ တတိယဘိုးဘေး၏ အရှိန်အဝါသည် အရင်ကထက် အဆတစ်ရာမက ပိုသန်မာနေသည်။ မျက်နှာထားကလည်း လေးနက်နေပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိသောသူ အဖြစ် ပြောင်းလဲနေ၏။ ခေါင်းသုံးလုံးတွင် မတူညီသော အမူအရာများ ရှိနေကြသည်။

သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု စီးဆင်းနေပြီး အလွန် လန့်စရာ ကောင်းလှသည်။

“ဒီလူက ဘယ်သူလဲ”

ထိုအခိုက်တွင် အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး ကြက်သေသေကာ အံ့ဩနေကြသည်။ တစ်ဖက်လူက အခြားလောကမှနေ၍ ဟင်းလင်းပြင်ကိုဖြတ်ကာ ရောက်လာသည်ဟု ထင်မှတ်ရသည်။ တာအိုစွမ်းအင်က အရှိန်အဝါနှင့်အတူ ပျံ့လွင့်ကာ ပတ်ဝန်းကျင်အား ဖိနှိပ်နေလေသည်။

သူတို့တောင်မှ ဤလူက အလွန် ရက်စက်ကြမ်းကြုတ်သည်ဟု ခံစားမိနေသည်။

“ယဲ့မိသားစုက ခွေးမသား”

တတိယဘိုးဘေးကို မြင်သည်နှင့် အိုးရန်လင်း ဒေါသူပုန်ထလာပြီး မျက်လုံးတွင် အမုန်းတရားများ တောက်လောင် လာ၏။

တတိယဘိုးဘေးကြောင့်ပင် သူတို့မိသားစု အလွန် ဒုက္ခတွေ့ခဲ့ရသည်။ သူ့တူက ဆိုးဆိုးရွားရွား သေဆုံးခဲ့ပြီး သူ့အစ်မက တစ်သက်လုံး စိတ်ဆင်းရဲကာ ဒုက္ခရောက်ခဲ့သည်။

အားလုံးက သူ့အရှေ့မှ လူက စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တတိယဘိုးဘေးကြောင့်သာ မဟုတ်လျင် ယဲ့ဖန်၏ ဘဝက လုံးဝ ပြောင်းလဲနိုင်ပြီး ယခုကဲ့သို့ တစ်လောကလုံးနှင့် ရန်သူ ဖြစ်လာမည် မဟုတ်ပါ။

အိုးရန်လင်းသည် တတိယဘိုးဘေးအား နုတ်နုတ်စင်းချင်စိတ် ပေါက်နေ၏။ ထို့အတူ တတိယဘိုးဘေး ပေါ်လာခြင်းက ကောင်းသောအရာ မဟုတ်မှန်းလည်း သူ သိနေသည်။

ယဲ့ဖန်၏ မျက်နှာက မည်းမှောင်နေသည်။ တတိယဘိုးဘေးက ယခင်နှင့် မတူတော့ချေ။ သူသည် ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး သူ၏ အစီအရင် ကန့်သတ်ချက်ကို လျစ်လျူရှုနိုင်ပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်နေ၏။

ဤနည်းလမ်းက ကြောက်စရာကောင်းလှသည်။

“ယဲ့ဖန် နောက်ဆုံးတော့ ငါတို့ ပြန်တွေ့ရပြီပဲ”

တတိယဘိုးဘေးက ယဲ့ဖန်ကို ငုံ့ကြည့်ကာ အလွန် ဂုဏ်ယူဟန်ဖြင့် ပြုံးနေသည်။

All Chapters