ဓားထိန်းတိုင်းတွင် ကောင်းကင်ဘုံအိပ်မက်ရှိသည်
Vol. 7 Ch. 89
နောက်ဆုံးအကြိမ် သူတို့ အတူ စားသောက်ခဲ့သည့်အကြိမ်သည် ဟွမ်လောင်လျှိုနှင့် ဓားစံအိမ်အကြီးအကဲတို့ ပထမဆုံး အတူထိုင်ဖူးခြင်းလည်း ဖြစ်သည်။
ဓားစံအိမ်အကြီးအကဲက သူ့အား အတူထိုင်ကာ စားသောက်ပေးခြင်းဖြင့် ပို့ဆောင်ပေးခြင်းဟု ဟန်မူယဲ့ ထင်ခဲ့သည်။
ယခု ပြန်တွေးကြည့်လျှင် ဓားစံအိမ်အကြီးအကဲသည် နှစ် ၃၀ အတွင်း သေမျိုးအစာကို နောက်ဆုံးအကြိမ် ပြန်လည်စားသုံးလိုရင်း ဖြစ်ဟန်ရသည်။
“ညီလေးဟန်… အကြီးအကဲကို ကယ်တင်ဖို့ နည်းလမ်းများ ရှိမလား”
ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်ကာ တီးတိုးမေးသည်။
ဟန်မူယဲ့ ခေါင်းယမ်းသည်။
သူ၏ချီပင်လယ်တွင် ဓားဆန္ဒ ရှစ်ခု ရှိသော်လည်း ၎င်းသည် ဓားစံအိမ်အကြီးအကဲအတွက် အကူအညီ မဖြစ်ပါ။
အကြီးအကဲစုလျန့် ပြောသလို ကြီးမြတ်သော ကျင့်ကြံသူများ၏ပဋိပက္ခသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ယေဘုယျအခြေအနေနှင့် တိုက်ရိုက်အချိုးကျကာ သူ့လို သာမန်ဓားထိန်းကလေးတစ်ဦးအနေဖြင့် ကူရာမဲ့စေသည်။
ဤသည်ကား အင်အားကြီးအဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်သည်။ သူတို့က ကံကိုသာ မှီခိုရပေတော့မည်။
“ဓားစံအိမ်ကို ကောင်းကောင်းစောင့်ကြပ်ပါ။ ဒါက ဓားထိန်းတစ်ယောက်ရဲ့ ကံကြမ္မာလို့ အစ်ကိုပဲ ပြောခဲ့တယ်မလား”
ဟန်မူယဲ့ ခေါင်းငုံ့ကာ ဓားစံအိမ်ထဲသို့ ဝင်သွားသည်။
ဟွမ်လောင်လျှို ခေါင်းညိတ်ကာ ပြောသည်။
“ညီလေးဟန်… ဓားစံအိမ်မှာ နေခဲ့ပါ။ ငါ ကောင်းမိသားစုဆီ သွားလိုက်မယ်”
“ဓားစံအိမ်နဲ့ ကောင်းမိသားစုအကြားက ပတ်သက်မှုအရ ငါတို့ သူတို့ဆီ သွားကြည့်သင့်တယ်”
သူ့ထံမှ ဓားချီအငွေ့အသက်များ ထွက်ပေါ်လာကာ လက်ကို မြှောက်လိုက်သည်။
ဓားစံအိမ်ထဲမှ ဓားတစ်လက် ပျံဝဲလာကာ ဟွမ်လောင်လျှို၏လက်ထဲသို့ ကျလာ၏။ ထိုဓားသည် သူ့အား ခြောက်နှစ်ခွဲခန့် အဖော်ပြုလာသော ဓားဖြစ်သည်။
ထိုအခိုက်တွင် ဟွမ်လောင်လျှိုသည် အိုမင်းရင့်ရော်သော ပုံဟန်နှင့်ပင် မတူတော့ပေ။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာနေသည်။
ဓားစံအိမ်အကြီးအကဲ ထွက်သွားပြီးနောက် သူ့တွင် ပိုမိုသော တာဝန်ရှိလာသည်။
“ကျွန်တော် အစ်ကိုနဲ့ အဖော်လိုက်ခဲ့မယ်”
ဟန်မူယဲ့ နောက်လှည့်လာသည်။
အကယ်၍ ဟွမ်လောင်လျှိုသာ တောင်အောက်ကို ဆင်းသွားပါက အလစ်တိုက်ခိုက်ခံရနိုင်သည်။
ကျင့်ရှန်းဓားဂိုဏ်း၏ အစီအစဉ်များကို သူတို့ မသိပေ။
“ညီလေးဟန်… မင်း ဓားစံအိမ်မှာ ကျန်ခဲ့ပါ။ ငါတို့က ဥတွေအကုန်လုံးကို ခြင်းတစ်ခုတည်း ထည့်လို့ မရဘူး’
ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းကာ ပြောသည်။
ထို့နောက် သူက လုကောကို ပြောသည်။
“တံခါးကို သေသေချာချာ စောင့်”
လုကောက မျက်နှာတည်ကြီးဖြင့် ရင်ဘတ်ကို ပုတ်ပြသည်။
ဟွမ်လောင်လျှို ထွက်သွားသည်။ ဟန်မူယဲ့က ကောင်းကင်တွင် လင်းလက်နေသော ကာကွယ်ရေးအစီအရင်ကို ကြည့်ကာ ဓားစံအိမ်ထဲသို့ ဝင်သွားသည်။
အခန်းငယ်လေးထဲတွင် ဟန်မူယဲ့သည် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ကာ ဆေးအမယ်များကို ချလိုက်သည်။ ထို့နောက် သူက ထိုင်လိုက်ကာ အကြီးအကဲစုလျန့်ပေးသော ကျောက်စိမ်းပြားအား ကြည့်သည်။
သူ၏ကျင့်ကြံဆင့်ကို မြှင့်တင်ရန် ယခုလောက် စိတ်အားထက်သန်ခဲ့ခြင်း မရှိဖူးပေ။
ကျောက်စိမ်းပြားလေးသည် သူ၏နဖူးနှင့်ထိလိုက်သည်နှင့် အချက်အလက်များမှာ သူ၏နတ်အာရုံ၏စုပ်ယူမှုကို ခံရသည်။
ကျောက်စိမ်းပြားတွင် စွမ်းအင်အသွင်ပြောင်းဆေးလုံးမျှသာ မဟုတ်ပေ၊ ချီစုဆောင်းခြင်း၊ ချီစုစည်းခြင်းနှင့် အခြေခံအုတ်မြစ်အဆင့်များအတွက် ဆေးဖော်စပ်နည်းများ, အများအပြား ပါဝင်သည်။
သို့သော်လည်း ယခု တန်ဖိုးအကြီးဆုံးမှာ စွမ်းအင်အသွင်ပြောင်းဆေးလုံး ဖြစ်သည်။
ဖော်စပ်နည်းသည် ဆေးဖော်စပ်သည့် ပုံရိပ်များအဖြစ် ပြောင်းလဲသွားကာ ဟန်မူယဲ့ တိတ်ဆိတ်စွာ လေ့လာဆင်ခြင်သည်။
သူသည် စွမ်းအင်အသွင်ပြောင်းဆေးလုံးဖော်စပ်နည်းအား တတ်မြောက်သွား၏။
သည်ဆေးနည်းအပြင် တခြားဆေးနည်းများမှာကား ချီစုဆောင်းခြင်းအဆင့်အထက်တွင်မှသာ ဖော်စပ်နိုင်သည်။ ဟန်မူယဲ့က ၎င်းတို့ကို အလွတ်ကျက်မှတ်ထားကာ ထပ်မံ၍ လေ့လာဆင်ခြင်ခြင်း မပြုတော့ပေ။
ဆေးဖော်စပ်နည်းကို နားလည်သွားပြီးနောက် သူသည် ဆေးပေါင်းဖိုကို ထုတ်လိုက်သည်။ သူ့လက်မှ ဓားချီများ ထွက်ပေါ်လာကာ အစိမ်းရောင်အလင်းများ လင်းသွား၏။
ဆေးအမယ်များကို ဆေးပေါင်းဖိုထဲသို့ အစီအစဉ်အတိုင်း ထည့်သည်။ မီးတောက်သည် ဆေးပေါင်းဖိုကို ရစ်ပတ်သွားကာ ဟန်မူယဲ့က သူ၏စွမ်းအားဖြင့် အပူချိန် အပြင်းအလျော့ကို ထိန်းချုပ်သည်။
သူ၏စွမ်းအင်ကျင့်ကြံခြင်းဖြင့် ဆေးပေါင်းဖိုကို အသက်ဝင်စေကာ သူ၏ဓားချီဖြင့် ဆေးပင်များ၏အညစ်အကြေးများကို အဆုံးစွန်အထိ သန့်စင်စေသည်။
ဆေးပေါင်းဖိုမှ ညင်သာသော တုန်ခါမှုတစ်ခု ဖြစ်သွားသည်။
တစ်နာရီခန့် ကြာသောအခါ ဟန်မူယဲ့က လက်ကို မြှောက်လိုက်လျှင် ဆေးပေါင်းဖိုအဖုံး မြောက်တက်သွား၏။ ဆေးလုံးသုံးလုံး အပြင်သို့ ခုန်ထွက်လာသည်။
ဆေးလုံးများ ခုန်ထွက်လာသောအခါ ဆေးပေါင်းဖိုမှာ မကြာခင် ပြိုကွဲတော့မည့်အလား အက်ကွဲရာများ ဖြစ်နေလေပြီ။
ဆေးပေါင်းဖိုမှာ ကြီးမားစွာ ထိခိုက်ထားပြီးဖြစ်သည်။
ကံကောင်းသည်ကား ဆေးလုံးဖော်စပ်ပြီးမှ ဆေးပေါင်းဖိုမှာ ပျက်စီးသွားခြင်း ဖြစ်သည်။
ဟန်မူယဲ့က သူ၏လက်ထဲမှ ဆေးလုံးကို ကြည့်လိုက်လျှင် သလင်းကျောက်အလား ကြည်လင်ကာ တောက်ပနေသည်ကို တွေ့ရ၏။
အမြင့်ဆုံးအရည်အသွေး ၂လုံးနှင့် အရည်အသွေးမြင့် ၁လုံး။
သူကား လုံလောက်အောင် ကျွမ်းကျင်ခြင်း မရှိသေးပေ။
ခေါင်းယမ်းကာ သူသည် သိမ်းဆည်းကာ လက်ကျန်ဆေးအမယ်များကို သိမ်းဆည်းလိုက်သည်။
စုကျန်းဆေးဆိုင်တွင် ဆေးပေါင်းဖို ထပ်ရှိလောက်သေးသည်။ ဟွမ်လောင်လျှို ပြန်ရောက်လျှင် သူသည် စုကျန်းဆေးဆိုင်သို့ တစ်ခေါက် ထပ်သွားရဦးမည်။
ဟွမ်လောင်လျှို ပြန်မရောက်သေးပေ။ ထိုအခိုက်တွင် ဓားစံအိမ်တွင် မည်သူမှ မရှိရာ သူသည် ဆေးလုံးများကို စားသုံး၍ မဖြစ်သေးပေ။
ထို့နောက်တွင် ဟန်မူယဲ့သည် အခန်းပြင်သို့ ထွက်လာကာ ဓားစံအိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။
တတိယထပ်တွင် ပြင်တင်းပေါက်များမှာ ဖွင့်ထားကာ အလင်းမှာလည်း တောက်ပနေသည်။ ပြင်တင်းပေါက်မှ ရွှေရောင်အလင်းများ တစ်ချက်တစ်ချက် လင်းလက်သွား၏။
၎င်းသည်ကား ဓားစံအိမ်၏အကာအကွယ်အစီအရင်ဖြစ်သည်။
သူသည် ဓားစံအိမ်အကြီးအကဲထိုင်လေ့ရှိသော နေရာသို့ ရောက်လာသည်။ အသက်ပြင်းပြင်းရှုလိုက်ကာ သူ ထိုနေရာတွင် ထိုင်လိုက်၏။
ဓားစံအိမ်အကြီးအကဲက သူပြန်မလာနိုင်လျှင် ဟန်မူယဲ့အား သူ့နေရာတွင် ထိုင်ရန် ပြောကြားခဲ့သည်။
ဟန်မူယဲ့က သည်နေရာတွင် ထိုင်ခြင်းမှာ ထိုစကားကြောင့်တော့ မဟုတ်ပေ။
ဓားစံအိမ်အကြီးအကဲက တခြားအစီအစဉ်များ ညွန်ကြားချက်များ ချန်ထားမည်လော သူသိချင်သည်။
ဓားစံအိမ်အကြီးအကဲက တစ်စုံတစ်ခု ချန်ထားရစ်မည်ဟု သူယုံကြည်သည်။
သူ့ရှေ့မှ စားပွဲပေါ်ကို ကြည့်ကာ ဟန်မူယဲ့သည် ဓားနည်းစနစ်များ သိမ်းထားသော သေတ္တာလေးအား ဖွင့်လိုက်သည်။
စာလိပ်နှစ်ခုနှင့် ကျောက်စိမ်းပြားတစ်ခု။
အမှန်တကယ်လည်း…
ကျောက်စိမ်းပြားကို ကောက်ကာ သူ၏နဖူး၌ ထိကပ်လိုက်သည်နှင့် ဓားစံအိမ်အကြီးအကဲ၏ပုံရိပ်သည် ဟန်မူယဲ့၏အရှေ့၌ ပေါ်လာသည်။
သူကား ကြင်နာသော အမူအရာဖြင့် ပြုံးနေသည်။
“မင်းက ကျောက်စိမ်းပြားကို ဖတ်မယ်လို့ ငါသိသားပဲ။ ဒါပေမဲ့ ငါ အသက်ရှင်နေသေးလား သေပြီလားတော့ မသိဘူး”
ပုံရိပ်ထဲတွင် ဓားစံအိမ်အကြီးအကဲ၏အမူအရာက မပြောင်းလဲဘဲ ဆက်ပြောသည်။
“ဓားထိန်းတိုင်းဟာ ‘အသက်ရှုကြိမ်တစ်ရာ’အဆင့်ကို ရောက်ဖို့ အိပ်မက်မက်ကြတယ်မလား”
“ဟွမ်လောင်လျှိုကို ကြည့်ရတာ လူငယ်ဘဝက ငါ့ကိုယ်ငါ တွေ့မြင်ရသလိုပါပဲ”
“ငါကတော့ သူ့လောက် ကံမကောင်းဘူး”
“နှစ် ၆၀လောက် ကြိုးစားကျင့်ကြံခဲ့တာ ငါဟာ ဓားဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ‘အသက်ရှုကြိမ်တစ်ရာ’အဆင့်ကို ရောက်ခဲ့တယ်”
“ကံမကောင်းတာက ငါ့ဓားကို ငါပြချင်တဲ့ တစ်စုံတစ်ယောက်ရှေ့မှာ ထုတ်မပြနိုင်တော့တာပဲ”
ပုံရိပ်ထဲတွင် ဓားစံအိမ်အကြီးအကဲသည် ဟိတ်ဟန်ကြီးမားခြင်းမရှိပေ။ သူကား ပို၍ ရင်းနှီးဖော်ရွေနေသည်။
“အင်း… အရေးကြီးတဲ့ကိစ္စတွေ ပြောကြမယ်”
“မင်းအနေနဲ့ ဓားပျိုးထောင်စနစ်ကို ကောင်းကောင်းလေ့ကျင့်ဖို့လိုတယ်။ ဓားပျိုးထောင်စနစ်ကို လေ့ကျင့်မှသာ ဓားဝိညာဉ်ကို သုံးပြီးနောက် မင်းဟာ ဓားအရိုးနဲ့ ကိုယ့်ဘာသာ ကာကွယ်နိုင်စွမ်း ရှိလိမ့်မယ်”
“ငါက နောက်ကျမှ လေ့ကျင့်ခဲ့တော့ ငါ့အတွက် သိပ်အသုံးမဝင်တော့ဘူး”
“လွန်ခဲ့တဲ့ နှစ် ၂၀၀ ကနေ ပြီးခဲ့တဲ့ နှစ် ၆၀ အထိ ဓားစံအိမ်မှာ ဓားပျိုးထောင်စနစ်၊ ဓားစုစည်းစနစ်နဲ့ ဓားစစ်သည်စနစ်ကို အကြီးအကဲသုံးယောက်ဟာ တစ်ယောက်ကို ပညာရပ်တစ်ခုစီ လေ့ကျင့်ခဲ့ကြတယ်”
“နည်းစနစ်သုံးခု ပေါင်းစပ်လိုက်တဲ့အခါ မမျှော်လင့်ထားတဲ့ အပြောင်းအလဲ ဖြစ်လာမယ်လို့ အဆိုရှိတယ်”
“ဒါပေမဲ့ သိပ်အများကြီးမတွေးနဲ့ ကောင်လေး။ အနောက်ဘက်နယ်စပ်ကုန်းမြေက အင်အားစုတွေဟာ မင်းကို ဒီနည်းစနစ်သုံးခုလုံးကို လေ့ကျင့်ခွင့်ပေးမှာ မဟုတ်ဘူး”
“လွန်ခဲ့တဲ့ နှစ်တစ်ရာက ဓားပျိုးထောင်စနစ်နဲ့ ဓားစုစည်းစနစ်ကို လေ့ကျင့်ခဲ့တဲ့ အကြီးအကဲနှစ်ယောက် သေဆုံးသွားခဲ့တယ်”
“နောက်ဆုံးမတတ်နိုင်တဲ့အခါ ဓားစံအိမ်ခေါင်းဆောင် ကျူးရှန်ဟာ ဓားစစ်သည်စနစ်ရဲ့ကျမ်းစာတစ်ဝက်ကို ယူပြီးတော့ တောင်ပေါ်က ထွက်သွားခဲ့တယ်။ သူဟာ အမြုတေဖွဲ့စည်းခြင်းအဆင့် ၈ ပညာရှင်သုံးယောက်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်ပြီး သူကိုယ်တိုင်လည်း သေသွားခဲ့တယ်”
“ဒါကြောင့်ပဲ ဓားစစ်သည်စနစ်ရဲ့ ကျမ်းစာတစ်ဝက်ဟာ ပျောက်ဆုံးသွားခဲ့တယ်”
“နောက်ပိုင်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအပေါ် ဖိနှိပ်မှုဟာလည်း အများကြီးလျော့သွားခဲ့တယ်”
“မင်းက အကြောင်းအရင်းကို ခန့်မှန်းမိမှာပေါ့”
“ဒီနေ့ အခြေအနေဟာလည်း ဆင်တူလွန်းတယ်”
ကျောက်စိမ်းပြားတွင် ဓားစံအိမ်အကြီးအကဲသည် အခြေအနေကို တိတိကျကျ ဆန်းစစ်ပြထားသည်။
ထိုအဖြစ်က ဟန်မူယဲ့အား ကူရာမဲ့စေသည်။
အတန်ကြာမှ သူသည် သက်ပြင်းချကာ ကျောက်စိမ်းပြားကို ချလိုက်သည်။ ထို့နောက် သူက ကြေးနီရောင်ဓားငယ်လေးအား ထုတ်ယူလိုက်သည်။
ဤသည်ကား ဓားစံအိမ်အကြီးအကဲပေးခဲ့သော တရားဝင်အမှတ်အသားဖြစ်သည်။ ဓားစံအိမ်၏တရားဝင်တပည့်ဖြစ်ကြောင်း သက်သေလည်း ဖြစ်သည်။ ထို့အတူ ဓားစံအိမ်၏ ကာကွယ်ရေးအစီအရင်နှင့် အံ့ဖွယ်ကိုးပါးဓားချိပ်စည်းကို ထိန်းချုပ်သော ‘သော့’လည်း ဖြစ်သည်။
ဤသည်က ဓားစံအိမ်အကြီးအကဲ၏သူ့အပေါ် ယုံကြည်မှုလည်း ဖြစ်သည်။
ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ရင်း ဟန်မူယဲ့သည် လက်ဆန့်တန်းကာ ဓားစစ်သည်စနစ်၏ကျမ်းစာတစ်ဝက်ကို ဖွင့်ဖတ်လိုက်သည်။
သူသည် ဓားပျိုးထောင်စနစ်နှင့် ဓားစုစည်းစနစ်ကို တတ်မြောက်ပြီး ဖြစ်သည်။ သူက ဓားစစ်သည်စနစ်ကိုသာ သိရန် လိုတော့သည်။
သို့သော်လည်း ဓားစစ်သည်စနစ်ကား မပြည့်စုံတော့ပေ။ ဓားစံအိမ်အကြီးအကဲ၏စကားများအရ တခြားကျမ်းစာတစ်ဝက်မှာ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂိုဏ်းကြီးများလက်ထဲတွင် ရှိသည်။
“ခန္ဓာကိုယ်က ဓား… စစ်သည်ရဲ့ခန္ဓာ…”