← Chapters

ကျုပ် တံခါးကို စောင့်ပေးမယ်

Vol. 7 Ch. 90

ကျုပ် တံခါးကို စောင့်ပေးမယ်

Vol. 7 Ch. 90

ဓားစစ်သည်စနစ်၏ကျမ်းစာတစ်ဝက်မှာ ရိုးရှင်းသည်။ အနိမ့်ဆုံးအဆင့် ဝိညာဉ်ဓားတစ်လက်အား သန့်စင်ပြီးနောက်တွင် ထိုသူသည် ထိုဓားကို မှီခိုကာ သူ၏သွေး၊ ချီနှင့် ဝိညာဉ်တို့ဖြင့် ပျိုးထောင်ပေးရသည်။

၎င်းသည် ဓားနှင့်လူ စစ်မှန်သော ပေါင်းစပ်မှုလည်း ဖြစ်သည်။

အကျိုးကျေးဇူးကား ထိုနည်းလမ်းဖြင့် ကျင့်ကြံဆင့်ကို လျင်မြန်စွာ တိုးတက်စေနိုင်သည်။

အကျိုးဆက်အနေဖြင့် ဓားရှိနေသရွေ့ လူသည် အသက်ရှင်နိုင်ကာ ဓားကျိုးပျက်သွားပါက လူလည်း သေနိုင်သည်။

ကျင့်စဉ်တစ်ဝက်မှာ ပျောက်ဆုံးနေ၏။

ကျင့်စဉ်အပြည့်အစုံကို ကြံဆရန်မှာလည်း အလွန်ခက်ခဲပေသည်။

သည်ကိစ္စမှာ ဓားသိုင်းပညာတစ်ခုကို တီထွင်ကြံဆခြင်းနှင့် မတူပါ။

ဓားကျင့်စဉ်ကို ပြန်သိမ်းလိုက်ပြီးနောက်တွင် ဟန်မူယဲ့က သက်ပြင်းချကာ ထရပ်သည်။

ဓားစံအိမ်အကြီးအကဲက လမ်းညွှန်ထားသည်မှာ သူ သေဆုံးသွားသည်နှင့် ဓားစံအိမ် တုန်ခါပေလိမ့်မည်။ သူသည် အံ့ဖွယ်နေမင်းဓား ဖိနှိပ်ထားသော နေရာသို့ အလျင်အမြန် သွားလိုက်သည်။

အံ့ဖွယ်နေမင်းဓားကို ဓားပျိုးထောင်စနစ်ဖြင့် ဆက်သွယ်ပြီးနောက်တွင် သူသည် ဓားစံအိမ်၏ကာကွယ်ရေးအစီအရင်ဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်သည်။

ထိုနည်းဖြင့်သာ သူသည် ဘေးကင်းနိုင်၏။

အံ့ဖွယ်ကိုးပါးတောင်ကုန်းသည်ပင် ဘေးကင်းသော နေရာ မဟုတ်ပေ။

သစ်သားစင်ကို ကြည့်ကာ ဟန်မူယဲ့၏မျက်လုံးများ စူးရှသွားသည်။

လောကတွင် အံ့ဖွယ်နေမင်းဓားဟူသည် မရှိပေ။

ဤသည်ကား ဓားစံအိမ်အကြီးအကဲ ပြောခဲ့ခြင်း ဖြစ်သည်။

ဟန်မူယဲ့က သူ့စကား၏အဓိပ္ပာယ်ကို နားမလည်ပါ။

ပျက်သုန်းရောင်စဉ်ဓားသည် ကျင့်ရှန်းဓားက အကြီးအကဲစုယွမ်ကို ပိတ်ဆို့ထားရသည့် အကြောင်းအရင်း ဖြစ်သည်။

ဟန်မူယဲ့က ထိုဓားကို ဓားစံအိမ်အကြီးအကဲ ဘေးကင်းရန် ပို့ဆောင်လိုသည်။

သို့သော်လည်း ထိုကိစ္စမှာ မဖြစ်နိုင်ပါ။

မည်သူမှ လက်ခံမည် မဟုတ်ချေ။

ဓားစံအိမ်အကြီးအကဲက သူ့အား ထူးဆန်းသောဓားကိစ္စနှင့်ပတ်သက်၍လည်း ညွှန်ကြားခဲ့သည်။

အကြီးအကဲသာ ပြန်မလာခဲ့ပါက သူသည် ဓားအား ဓားစံအိမ်ပထမထပ်သို့ ပြန်ထားရမည်။

ထိုဓားမှ သွေးအဆီအနှစ်နှင့် ဝိညာဉ်အားတို့သည် အံ့ဖွယ်ကိုးပါးဓားဖြင့် ဖိနှိပ်ထားသော မိစ္ဆာအား စိတ်ကြေနပ်စေသည်။

ဟန်မူယဲ့၏ဝိညာဉ်သည် ဓားအဖြစ် စုစည်းနိုင်သောအခါ သူသည် ထိုမိစ္ဆာရှေ့တွင် ဘေးကင်းနိုင်ပေလိမ့်မည်။

သူ့ရှေ့မှ ဓားသုံးလက်ကို ကြည့်ကာ ဟန်မူယဲ့သည် ဓားအိမ်ဖြင့် ထည့်ထားသော ဓားတစ်လက်အား လှမ်းဆွဲလိုက်သည်။

လောကတွင် အံ့ဖွယ်နေမင်းဓားဟူ၍ မရှိဟု ဓားစံအိမ်အကြီးအကဲက အဘယ်ကြောင့် ပြောခဲ့သနည်း။

“ဓားစံအိမ်ဟာ အရေးကြီးတဲ့နေရာပဲ။ ဓားလက်ခံတဲ့တပည့်တွေပဲ ဓားစံအိမ်ထဲကို ဝင်နိုင်တယ်”

အောက်ထပ်တွင် လုကော၏အသံကို ကြားရသည်။

တစ်စုံတစ်ယောက် လာနေသည်လား။

ဟန်မူယဲ့ လက်ကို ပြန်ရုပ်သိမ်းကာ အောက်ထပ်ကို ဆင်းလာခဲ့သည်။

“စီနီယာအစ်ကို… ကျုပ်တို့ ဓားလာလက်ခံတာပါ”

တံခါးဝ၌ အသံတစ်သံကို ကြားရသည်။ အသံကား အနည်းငယ် ဝမ်းခေါင်းသံ ပါနေသည်။ ဟန်မူယဲ့သည် ထိုအသံကို ကြားဖူးသလို ခံစားရ၏။

“မင်းက အပြင်စည်းဂိုဏ်းသားဝတ်စုံနဲ့ပဲ။ ဘာလို့ မင်းကို အရင်က မမြင်ဖူးတာလဲ”

လုကောက အသံမြှင့်ကာ အော်လိုက်သည်။

“မင်းတို့က အပြင်စည်းဂိုဏ်းသားဟန်ဆောင်လာတာမလား”

အပြင်စည်းဂိုဏ်းသား…

ဟန်ဆောင်တာလား…

ဟန်မူယဲ့၏အမူအရာ လျင်မြန်စွာ ပြောင်းလဲသွားသည်။

ချင်ယွမ်ဟယ်…

ထိုဝမ်းခေါင်းသံသည် ချင်ယွမ်ဟယ်၏အသံ ဖြစ်သည်။

ကျင့်ရှန်းဓားဂိုဏ်းမှ ချင်ယွမ်ဟယ်…

“မင်းရဲ့မျက်လုံးက ဒီလောက် ကောင်းနေမှတော့ တူးထုတ်ပစ်မှရမယ်”

အေးစက်သော အသံတစ်သံကို ကြားရသည်။

“အစ်ကိုလု… သတိထား…”

ဟန်မူယဲ့ အောက်ထပ်သို့ အပြေးဆင်းလာခဲ့သည်။

သူသည် ပထမထပ်သို့ ရောက်ပြီး ဓားစံအိမ်အပြင်သို့ ထွက်လာသောအခါ မြင်ကွင်းက သူ့ဓားချီများကို ပရမ်းပတာ ဖြစ်စေသည်။

ဓားစံအိမ်ကျောက်လှေကားထစ်ပေါ်တွင် လုကော၏မျက်နှာမှာ သွေးများချင်းချင်းနီနေ၏။ သူ၏မျက်လုံးအိမ်မှာ အခေါင်းပေါက်ဖြစ်နေကာ တံခါးဘောင်ကို လက်ဖြင့် တင်းတင်းဆုပ်၍ ပြိုလဲမကျအောင် ထိန်းထားသည်ကို တွေ့ရသည်။

ကျောက်လှေကားထစ်ရှေ့တွင် အစိမ်းရောင်ဝတ်လူနှစ်ယောက်ရှိပြီး တစ်ယောက်၏လက်ချောင်းများတွင် သွေးများ ပေနေသည်။

“စီနီယာအစ်ကိုဟန်… မြန်မြန်သွား… ကျုပ် တံခါးကို စောင့်ပေးမယ်”

လုကောက အံကြိတ်ကာ အော်လိုက်သည်။

သူ၏မျက်လုံးများမှ သွေးများ အဆက်မပြတ် ယိုစီးကျနေသည်။

ဟန်မူယဲ့သည် တစ်ကိုယ်လုံးမှ သွေးများ ဆူပွက်လာသည်ကို ခံစားနေရ၏။ သူက လုကော၏လက်ကို လှမ်းဆွဲကာ ပြောသည်။

“အစ်ကိုလု… ကျုပ် ဒီမှာ ရှိတယ်”

လုကောက ပြုံးလိုက်ကာ သူ၏လက်မှ လွတ်မြောက်ရန် ကြိုးစားသည်။

“စီနီယာအစ်ကိုဟန်… ကျုပ် တံခါးဝကနေ ကာကွယ်ပေးမယ်”

ဟန်မူယဲ့က အံကြိတ်ကာ ကျောက်လှေကားထစ်အောက်မှ လူနှစ်ယောက်ကို လှမ်းကြည့်သည်။

“ချင်ယွမ်ဟယ်… မင်းက သေချင်နေတာပဲ”

သူ့ခန္ဓာကိုယ်မှ ဓားချီနှင့် ဓားဆန္ဒများ စတင်နိုးထလာကြသည်။

သူ့နောက်တွင် ဓားစံအိမ်မှ ရွှေရောင်အလင်းများ တဖျတ်ဖျတ်လက်လာ၏။

“မင်း သူ့ကို သိတာလား”

“ဂျူနီယာညီလေးချင်… မင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ အသိအကျွမ်းများတာပဲ။ နောက်ဆုံးတစ်ခေါက်က ကျိုးရန်ကို သတ်ခဲ့တာ စီနီယာအစ်ကိုကော မဟုတ်ဘူးလား”

“ဒီတစ်ခေါက် မင်းကိုယ်တိုင် ဘာလို့ မလုပ်တာလဲ”

လက်တွင် သွေးပေနေသော အစိမ်းရောင်ဝတ်လူက ဟန်မူယဲ့ကို ကြည့်ကာ နှာခေါင်းရှုံ့သည်။

သူ့ဘေးတွင် အိတ်တစ်လုံးကို သယ်ထားသော အပြင်စည်းဂိုဏ်းဝတ်စုံဖြင့် ချင်ယွမ်ဟယ်သည် ရုတ်တရက် အမူအရာ ပြောင်းလဲသွားသည်။ သူက ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။

“အဲဒါ မင်းပဲ”

ဝုန်း…

အံ့ဖွယ်ကိုးပါးတောင်ထိပ်မှ ဟိန်းသံတစ်ခု ကြားရသည်။

ထို့နောက် အရောင်အဝါများ တောက်ပလာ၏။

ဓားစံအိမ်အပြင်ဘက်မှ ရွှေဝါရောင်စဉ်မှာလည်း ပိုမိုဖျော့တော့လာနေ၏။

“အချိန်မဆွဲနဲ့… အသေခံစစ်သားတွေ စွမ်းအင်ကုန်းမြေထဲ ဝင်သွားပြီ။ ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး”

နောက်တစ်ယောက်က ချင်ယွမ်ဟယ်အား အော်ဟစ်လိုက်သည်။

သူ့စကားကို ကြားသည်နှင့် ချင်ယွမ်ဟယ် နောက်လှည့်ကာ ပြေးသွားခဲ့သည်။

ဓားစံအိမ်ထံသို့ ပြေးသွားရမည့်အစား သူသည် ဆန့်ကျင်ဘက်အရပ်သို့ ပြေးသွားခဲ့၏။

အစိမ်းရောင်ဝတ်စုံဖြင့်လူ၏အမူအရာက ပြောင်းလဲသွားသည်။ သူက ဆဲရဲကြိမ်းမောင်းမည် ပြုစဉ်မှာပင် ဓားစံအိမ်ရှေ့မှ ဟန်မူယဲ့ လက်မြှောက်လိုက်သည်ကို မြင်၏။

ဝှစ်…

ဓားအလင်းတစ်ခုသည် လခြမ်းသဏ္ဍာဖြင့် ပျံသန်းသွားသည်။

ဓားပျံ…

ဝိညာဉ်လက်နက်…

ဓားဆန္ဒ…

ဓားစံအိမ်တွင် အဘယ်ကြောင့် ဤသို့သောလူ ရှိပါသနည်း။

စီနီယာအစ်ကိုကောက အတားအဆီးများအားလုံးကို အာရုံလွှဲထားပြီဟု မပြောခဲ့ဘူးလား။

ဓားစံအိမ်တွင် ဓားပျံနှင့် ဓားဆန္ဒကို သုံးနိုင်သော ပညာရှင် မည်သို့ ရှိနေရသနည်း။

၎င်းကား သူ၏နောက်ဆုံး အတွေးဖြစ်သည်။

ဓားအလင်းသည် သူ၏လည်ပင်းကို ဖြတ်သွားခဲ့ကာ သွေးများ ပန်းထွက်လာခဲ့သည်။

ဟန်မူယဲ့သည် လုကောအား ဒဏ်ရာရစေသော မည်သူ့ကိုမဆို သတ်ဖြတ်မည် ဖြစ်သည်။

ပေ ၁၀၀ အဝေးကို ပြေးလွှားသွားသော ချင်ယွမ်ဟယ် ရပ်တန့်လိုက်သည်။

သူ့ရှေ့တွင် တစ်ပေခန့် ဓားတစ်လက် ရှိနေသည်။

“မင်းဟာ ဓားစံအိမ်မှာ ရှိမယ်လို့ မထင်ထားဘူး”

“လူတွေ ကြံဆတဲ့အခါ နတ်ဘုရားတွေ နှောင့်ယှက်တယ်ဆိုတာ အမှန်ပဲ”

ချင်ယွမ်ဟယ်က လက်ဆန့်တန်းကာ သူ့နောက်ကျောတွင် ပိုးထားသော အဝတ်အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်သည်။

၎င်းသည် အဖြူရောင်ဓားရှည်တစ်လက် ဖြစ်သည်။

အရိုးဖြူကို ဓားအနေဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ချင်ယွမ်ဟယ်၏ပုံရိပ် ပျောက်ကွယ်သွားသည်။

အဖြူရောင်ဓားအရိပ်တစ်ခု ဟန်မူယဲ့၏ဘယ်ဘက်မှ ဝင်လာသည်။

ဝှစ်…

လခြမ်းဓားသည် အဖြူရောင်ဓားကို တားဆီးလိုက်လျှင် တစ်ဘက်ဓားသည် နောက်ကို မြန်ဆန်စွာ ဆုတ်သွား၏။

အရိုးဖြူဓားကို ကိုင်ထားသော ချင်ယွမ်ဟယ်သည် ကျောက်တုံးလှေကားထစ်အောက်ခြေတွင် ပေါ်လာကာ သူ့လက်မှ ဓားဖြင့် ရှေ့ကို ညွှန်လိုက်သည်။

“မင်းက ငါ့ရဲ့ နောက်ဆုံးသိုင်းကွက်ကိုတောင် ခန့်မှန်းနိုင်တာပဲ”

“မဟုတ်ရင် ငါ့ရဲ့အရိုးဖြူဓားလက်ချက်နဲ့ မင်း သေပြီးနေပြီ”

ချင်ယွမ်ဟယ်က ဟန်မူယဲ့၏လခြမ်းဓားကို ကြည့်လိုက်သည်။

“လစန္ဒာဓားဂိုဏ်းရဲ့ ဓားသိုင်း… မင်း ဘယ်သူလဲ”

ဟန်မူယဲ့ သူ့အား မဖြေပေ။ သူက ချင်ယွမ်ဟယ်၏လက်ထဲမှ ဓားကို ကြည့်သည်။

“အလယ်အလတ်ဝိညာဉ်လက်နက်”

ထိုဓားသည် သူ၏ဝိညာဉ်လက်နက်နှင့် သူ့ဓားဆန္ဒကို တားဆီးခဲ့သည်။ ၎င်းသည် အနည်းဆုံး အလယ်အလတ်ဝိညာဉ်လက်နက်ဖြစ်သည်။

“ဝိညာဉ်လက်နက်လား… ဒီလိုလည်း ပြောနိုင်ပါတယ်”

ချင်ယွမ်ဟယ်က ရယ်မောလိုက်ကာ လှုပ်ရှားလိုက်ပြန်သည်။

သူ့ပုံရိပ်သည် လေအလျင်နှင့် ပြေးဝင်လာ၏။ သူ ထပ်ပေါ်လာသောအခါ ဟန်မူယဲ့နှင့် ခြေတစ်လှမ်းအကွာသို့ ရောက်လာခဲ့သည်။

အရိုးဓားထံမှ ဝမ်းနည်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ၎င်းသည် ဟန်မူယဲ့၏ဝိညာဉ်အား ချက်ချင်း တောင့်တင်းသွားစေကာ သူ့ခန္ဓာကိုယ်မှာလည်း လှုပ်မရအောင် ဖြစ်သွားသည်။

ဤသည်ကား အားကောင်းသော ဝိညာဉ်လက်နက်ထံမှ စိတ်ဝိညာဉ်ကို ဖိနှိပ်ခြင်း ဖြစ်သည်။

အဖြူရောင်ဓားအလင်းသည် ဟန်မူယဲ့၏ရင်ဘတ်နှင့် နီးကပ်လာသည်။

ဓားကား အလွန်အားကောင်းသည်။

ဓားသည် သူနှင့်နီးကပ်လာသည်ကို ကြည့်ကာ ဟန်မူယဲ့ မျက်လုံးများကို မှိတ်လိုက်သည်။

ဟန်မူယဲ့ အလျှော့ပေးလိုက်ပြီကို မြင်လျှင် ချင်ယွမ်ဟယ် ဝမ်းသာသွားကာ သူ့အရိုးဓားမှာလည်း ပိုမိုမြန်ဆန်လာ၏။

နောက်ဆုံးတစ်ကြိမ်က ဟန်မူယဲ့၏ဓားဆန္ဒသည် သူ့အား ကြောက်ရွံ့ထိတ်လန့်စေခဲ့ကာ သူ၏ဓားကိုပင် ဂရုမစိုက်နိုင်ဘဲ ထွက်ပြေးခဲ့ရ၏။

သည်တစ်ကြိမ်ကား ကွဲပြားခြားနားပေသည်။

ဓားသည် ဟန်မူယဲ့၏ရင်ဘတ်နှင့် သုံးလက်မခန့်အကွာသို့ ရောက်လာ၏။

ထိုအခိုက်တွင် ဟန်မူယဲ့က မျက်လုံးများကို ဖွင့်လိုက်ကာ တီးတိုးရေရွက်လိုက်သည်။

“မရဏဓားသိုင်း…”

{မှတ်ချက်_ အခန်း ၁၉ မှာ ‘မရဏဓားသိုင်း’ပါပါတယ်}

သူဆိုလိုသည်ကို ချင်ယွမ်ဟယ် နားမလည်သေးခင်တွင်ပင် သူ၏ဘယ်ဘက်နံရိုးမှ နာကျင်မှုကို ခံစားရသည်။ ဓားဆန္ဒသည် သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ပေါက်ကွဲထွက်လာခဲ့ကာ သူ၏ချီပင်လယ်အား ပြိုကွဲသွားစေသည်။ သူ၏ဓားကိုင်လက်မှာလည်း ချက်ချင်း အားဆုတ်သွား၏။

သူ့ခန္ဓာကိုယ်မှ ချီဓာတ်များမှာ အလျင်အမြန် ပျယ်လွင့်နေကြသည်။ သူ့ခန္ဓာကိုယ်မှာလည်း အားပျော့သွားကာ ကျောက်လှေကားထစ်အောက်ခြေသို့ လိမ့်ကျသွားတော့သည်။

ဟန်မူယဲ့၏ဘယ်လက်မှ ဓားတွင် သွေးများ စီးကျနေသည်။

ဘယ်သန်ဓား…

၎င်းသည် အလိုက်သင့်နှင့် ဆန့်ကျင်ဘက်သို့ လှုပ်ရှား၏။

အဝေးတွင် လူရိပ်များ ပြေးလွှားလာနေသည်။

ဓားစံအိမ်ကို ရွှေဝါရောင်အလင်းများ ခြုံလွှမ်းသွား၏။

All Chapters