ညီအစ်ကိုများ
Vol. 111 Ch. 1651
ထိမှန်မှုကြောင့် ယဲ့ဖန်၏ ရင်ညွန့်ရိုး ကျိုးကြေသွားသည်။
“ယဲ့ဖန်”
ဤသည်ကိုမြင်သော် မိန်းကလေးများသည် မျက်ရည်လည်ရွဲဖြင့် ခေါင်းခါနေ၏။
“ကျွန်မတို့ကို အရေးမစိုက်နဲ့၊ သူ့ကိုသတ်လိုက်ပါ၊ ရှင့်အမေအတွက် လက်စားချေပါ”
ထန်ပုခူက ဝမ်းနည်းစွာ ပြောလာသည်။
“အစ်ကိုယဲ့ လုပ်လိုက်ပါ၊ ရှင် ဒူးထောက်ထောက်၊ မထောက်ထောက် သူက ကျွန်မတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
ဟွမ်ယွီလင်းကလည်း အော်ပြောလာသည်။
“ယဲ့ဖန် ကျွန်မတို့ ဒီဘဝမှာ ရှင်နဲ့အတူ နေခွင့်ရလို့ ကျွန်မတို့ ကျေနပ်ပါတယ်၊ ရှင် သေသွားရင် ကျွန်မတို့ အသက်မရှင်နိုင်ဘူးဆိုတာကိုလည်း ရှင် သိတာပဲလေ”
ကျုံးဝမ်က ခါးသက်စွာ ပြုံးပြ၏။
အကယ်၍ ယဲ့ဖန် သေသွားလျင် သူတို့ အသက်ရှင်လို့ ဘာထူးမည်နည်း။
*ရှင် သေသွားရင် ကျွန်မတို့ အသက်မရှင်နိုင်ဘူး*
ယဲ့ဖန်ကို ဆုံးရှုံးရသည့် နာကျင်မှုကို သူမတို့ ထပ်မံ၍ မခံစားနိုင်ပါ။ သူမတို့ ထိုကဲ့သို့သော နာကျင်မှုကို တောင့်ခံနိုင်စွမ်း မရှိပေ။
အမျိုးသားများအတွက် အလုပ်အကိုင်၊ အနာဂတ်၊ အာဏာ၊ အဆင့်အတန်း စသောအရာများက သူတို့၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်ကြောင်း ဖြစ်နိုင်သည်။
သို့သော် အမျိုးသမီးတစ်ယောက်အတွက် သူမ၏ အမျိုးသားနှင့် သူမကလေးများက သူမ၏ တစ်ခုတည်းသော ရည်မှန်းချက် ပန်းတိုင်သာ။
အကယ်၍ ယဲ့ဖန်သာ သူမတို့ မျက်စိရှေ့၌ သေသွားခဲ့လျင် သူမတို့သည်လည်း မျှော်လင့်ချက် ပျောက်ဆုံးပြီး အသက်ဆက်ရှင်စိတ် ပျောက်ဆုံးသွားပေလိမ့်မည်။
အခြားသူတစ်ယောက်ကို ချစ်မိသွားရန်ကမူ …
ခြင်္သေ့တစ်ကောင်ကဲ့သို့သော လူ၏ ကာကွယ်ပေးခြင်း ခံရသော အမျိုးသမီးတစ်ယောက်က ဝက်ဝံရုပ်ကဲ့သို့သော အခြားလူတစ်ယောက်ကို ချစ်မိပါမည်လော။
“ဒုန်း ဒုန်း ဒုန်း”
တာအိုစွမ်းအင် ပါဝင်သော သွေးအမှတ်အသားသုံးခုက ယဲ့ဖန်ကို အရှိန်ဖြင့် တိုးဝင်ရိုက်နှက်နေပြီး လေထဲ လွင့်ထွက်လျက် ရှိသည်။
ရင်ညွန့်ရိုးက လုံးဝ ကျိုးကြေနေပြီး ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက်ပင် ဖြစ်နေ၏။ အရေပြားသည်လည်း ဖွာလန်ကျဲနေသည်။
“အရူး မင်း ဘယ်လောက် သန်မာနေပါစေ၊ မင်းက တစ်ယောက်တည်းပဲ၊ မင်းခွန်အားလေး တစ်ခုတည်းနဲ့ တစ်လောကလုံးကို ကိုင်လှုပ်ဖို့ ကြိုးစားနေတာလား၊ မင်း တော်တော် သွေးကြီးတာပဲ”
သွေးအရှင်သခင်က ရယ်နေပြီး ယဲ့ဖန် ရိုက်နှက်ခံရပြီး လွင့်ထွက်နေသည်ကိုကြည့်ကာ ပျော်ရွှင်နေသည်။
ယဲ့ဖန်ထံ၌ သူ ဖိနှိပ်ခံခဲ့ရသော်လည်း ယခု အခြေအနေက ပြောင်းလဲသွားလေပြီ။ တတိယ ဘိုးဘေးက သူတို့အတွက် အသက်ရှူပေါက် ဖွင့်ပေးခဲ့သည်။
“သူ့မိန်းမတစ်ယောက်ကို အရင်သတ်လိုက်၊ တစ်ယောက်ကို ကယ်တာနဲ့ တစ်ဖွဲ့လုံးကို ကယ်တာက သူ့အတွက် အတူတူပဲ၊ နောက်ဆုံးတစ်ယောက်ပဲ ပြုံးကျန်ခဲ့မယ်ဆိုရင်တောင်မှ သူက ကယ်ဦးမှာပဲ”
နဉ်ရွှမ်ယွမ်က ရက်စက်စွာ ပြုံး၍ ပြောလိုက်သည်။
“အမှန်ပဲ”
တတိယဘိုးဘေးက အိပ်မက်မှ နိုးလာသကဲ့သို ဖြစ်သွားပြီးနောက် စဉ်းလဲစွာ ရယ်၍ ပိုင်ရွှယ်ကို ဖမ်းချုပ် လေသည်။
“ကိုင်း … ဒါဆို ဒီကောင်မလေးနဲ့ စလိုက်တာပေါ့”
“သောက်အဘိုးကြီး ခင်ဗျား လုပ်ရဲလား”
ယဲ့ဖန် အံကြိတ်ထားသဖြင့် သူ့သွားများ ကြေမွမတတ် ဖြစ်နေသည်။
“ငါ မလုပ်ရဲဘူး ထင်လား”
တတိယဘိုးဘေးက အပြုံးကြီးပြုံး၍ ပိုင်ရွှယ်၏ လည်ပင်းကို လက်တစ်ဖက်ဖြင့်ညှစ်ကာ ဂုတ်ချိုးသတ်ရန် ကြံစည်နေသည်။
ပိုင်ရွှယ်သည် ယဲ့ဖန်အား လှမ်းကြည့်နေပြီး ငိုထားသောကြောင့် မျက်ရည်စက်လက် ဖြစ်နေကာ နူးညံ့စွာ ပြောလာ၏။
“ယဲ့ဖန် ကျွန်မ မှတ်မိပြီ၊ ကျွန်မ အားလုံးကို မှတ်မိပြီ၊ ကျွန်မနာမည်က ပိုင်ရွှယ် မဟုတ်ဘူး၊ ကျွန်မက ပိုင်ယီ”
ယဲ့ဖန် သေတော့မည်ကို သူမ မြင်လိုက်ရသည့် အခိုက်မှာပင် အရာအားလုံးကို မှတ်မိသွားခဲ့သည်။ သူမ ဘယ်လို သေဆုံးခဲ့ပြီး ယဲ့ဖန်က သူမကို ရှာရန် မည်မျှ ပေးဆပ်ခဲ့သလဲကို ပြန်အမှတ်ရသွားခဲ့သည်။
“ငါ မင်းကို နောက်တစ်ခါ ထားသွားခွင့် မပေးနိုင်ဘူး၊ လုံးဝပဲ”
ယဲ့ဖန်က ရင်ကွဲမတတ် အော်လိုက်ပြီး မျက်လုံးများက မီးဝင်းဝင်းတောက်ကာ တတိယဘိုးဘေးအား သည်းကြီးမည်းကြီး တိုက်ခိုက်လေသည်။
ထိုအခိုက်တွင် သူ ရူးသွပ်နေလေပြီ။ သူသည် ပြန်လည်ဆုံစည်းခွင့်ရရန်အတွက် ပြန်လည် မွေးဖွားလာခြင်း ဖြစ်သည်။ သေဆုံးခြင်းကို နောက်တစ်ကြိမ် ခံစားသိမြင်ရန် မဟုတ်ပါ။
“ဟဲဟဲ ယဲ့ဖန် မင်းရဲ့ နာကျင်နေတဲ့ပုံက ငါ့ကို တကယ် ပျော်ရွှင်စေတယ်ကွ”
တတိယဘိုးဘေးက ရယ်လိုက်ပြီး လက်ငါးချောင်းလုံးက အကြောများ ထောင်လာပြီး ချက်ချင်း အားထည့်၍ ညှစ်လိုက်သည်။
“ရွှစ်”
သွေးများ ချက်ချင်း ပန်းထွက်လာ၏။
ယဲ့ဖန်သည် နေရာမှာတင် ကြက်သေ သေကာ အေးခဲ တောင့်တင်းနေမိသည်။ သူ့မျက်လုံးထဲတွင် အလွန် မယုံနိုင်ဟန်တို့ဖြင့် ပြည့်နှက်နေလေသည်။
ယဲ့ဖန်၏ အမူအရာကိုကြည့်ပြီး အားလုံးက သူ၏ ကံဆိုးမှုကို ကျေနပ်အားရ ဖြစ်လာကြသည်။
*မင်း သန်မာတော့ရော ဘာဖြစ်လဲ*
*မင်းမိန်းမကို မင်း မကယ်နိုင်ဘူး မဟုတ်လား*
သို့သော် သူတို့၏ အပြုံးက ကြာကြာမခံလိုက်ဘဲ အေးခဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော အစောပိုင်းကမှ ပြန်ကောင်းသွားသော တတိယဘိုးဘေး၏ လက်က မြေကြီးပေါ် ထပ်မံ ပြတ်ကျကာ သွေးများ ထွက်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်တည်း။
တစ်ဖက်တွင်မူ ပိုင်ရွှယ်က မှင်တက်နေသော အမူအရာဖြင့် ဘာဒဏ်ရာမှမရဘဲ မြေကြီးပေါ် လဲနေ၏။
*ဘာဖြစ်သွားတာလဲ*
သူတို့ အံ့အားသင့်နေကြသည်။ ထို့နောက်တွင်မူ သွေးအလိမ်းလိမ်းနှင့် လူတစ်ယောက်က တတိယဘိုးဘေး၏ အရှေ့၌ ရပ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။
သူသည် လက်ထဲ၌ သွေးပေနေသော တံစဉ်းတစ်ခုကို ကိုင်ထားပြီး သွေးနတ်ဆိုးဘုရင်တစ်ပါးနှင့် တူနေကာ သူ၏ သတ်ဖြတ်ချင်သည့် ပေါက်ကွဲလုနီးပါး ဖြစ်နေ၏။
ရောက်လာလေပြီ။
ကြောက်စရာအကောင်းဆုံး အသူရာဘုရင်ဟု ခေါ်ဆိုသည့်လူ ရောက်လာလေပြီ။
“မင်းပဲကိုး”
တစ်ဖက်လူကို မြင်သည်နှင့် တတိယဘိုးဘေး၏ မျက်လုံးအိမ် ကျဉ်းမြောင်းလာကာ ဒေါသရိပ်တို့ ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် သူ့အရှေ့မှလူသည် ယဲ့မိသားစု အိမ်တော်၌ ရှိသောအချိန်က သူ့လက်ကို ဖြတ်ခဲ့သောသူ ဖြစ်နေသောကြောင့်ပင်။ ယခုလည်း ထိုကဲ့သို့ ထပ်ဖြစ်နေပြန်သည်။
သူ့အရှေ့မှလူသည် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ပင်တည်း။
“ဟုတ်တယ် ကျုပ်ပဲ၊ ခင်ဗျားကို သတ်ချင်နေခဲ့တဲ့ လူပဲ”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က အံကြိတ်ထားပြီး မျက်လုံးများက မုန်းတီးစိတ်ကြောင့် စူးလက်နေ၏။
တတိယဘိုးဘေးထံ၌ ယဲ့ဖန် ဤသို့ နှိပ်စက် ခံနေရသည်ကို မြင်ပြီး သူ့စိတ်ထဲ၌ လူသတ်ချင်စိတ်က မုန်တိုင်းအလား ထွက်ပေါ်လာကာ အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်သေးပေ။
သူ၏ သခင်ကြီး၊ သူ၏ အရှင်မင်းမြတ်၊ သူ၏ ယုံကြည်ရာ။
ထိုသို့သောသူက လက်ရှိ၌ အခြားသူများထံတွင် နင်းချေခံရပြီး အစော်ကားခံနေရသည်တဲ့လား။ ခွင့်မလွှတ်နိုင်ပါ။ သူ လုံးဝ ခွင့်မလွှတ်နိုင်ပေ။
ကြီးမားသော သွေးစွမ်းအင်တစ်ခုက ကောင်းကင်ယံ၌ ဖြန့်ကျက်လာသဖြင့် ကောင်းကင်တစ်ခုလုံး သွေးရောင်ခြယ် လိုက်သလို ဖြစ်သွားသည်။
ဤသည်ကိုမြင်သော် သွေးအရှင်သခင်နှင့် သွေးမျိုးနွယ်မှလူများ တုန်လှုပ်သွားသည်။ တစ်ဖက်လူ၏ သွေးစွမ်းအင်က သူတို့ သွေးမျိုးနွယ်ထက် ပို၍ ကြမ်းကြုတ်ရက်စက်နေပါလား။
*ဒါက …*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူတို့၏ သွေးမျိုးနွယ်က သွေးမှ မွေးဖွားလာခြင်း ဖြစ်ပြီး သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က သွေးကြောင့် နတ်ဆိုးဖြစ်လာခြင်း ဖြစ်ကြောင်း သူတို့ မသိချေ။
ပြီးခဲ့သော သုံးနှစ်လုံးလုံးတွင် အသူရာနယ်မြေအတွင်း၌ သူ၏ ခန္ဓာကိုယ်က အမျိုးမျိုးသော သိုင်းပညာရှင်နှင့် သတ္တဝါများ၏ သွေးများ စွန်းထင်းထားပြီး ဖြစ်ကာ ယခု ပို၍ ရက်စက်ကြမ်းကြုတ်နေပြီ ဖြစ်သည်။
သူ့ပုံစံက နတ်ဆိုးနတ်ဘုရားတစ်ပါးလိုပင်။
“အသူရာဘုရင် ရောက်လာပြီ၊ မင်းတို့ သေလို့ရပြီကွ”
ထိုသို့သောအချိန်၌ လေထဲမှနေ၍ လူရိပ်များ တစ်ခုပြီး တစ်ခုကျလာကာ အားလုံးတွင် ကြမ်းကြုတ်သော အရှိန်အဝါများ ရှိပြီး အင်မော်တယ် ဧကရာဇ်အဆင့်များနှင့် ဘုရင်အဆင့်များက မနည်းမနောပင်။
အသူရာ နယ်မြေမှ တိုက်ခိုက်ရေး နတ်ဘုရားများ ရောက်လာကြလေပြီ။
“အသူရာ ဘုရင်တဲ့လား၊ သူက တကယ် အဲ့အသူရာဘုရင်လား”
လူတုင်း အံ့ဩနေပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။
အသူရာဘုရင်၏ ဂုဏ်သတင်းက ပြီးခဲ့သည့် သုံးနှစ်လုံးလုံး တစ်လောကလုံး၌ ကျော်ကြားခဲ့သည်။ သူသည် အသူရာ နယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် တစ်ဦးတည်းသောသူပင်။
ထိုနေရာ၌ အင်မော်တယ် ဧကရာဇ်အဆင့် မဟုတ်လျင် ခြေချ၍ပင် မရပါ။
အသူရာဘုရင်က ထိုနေရာကို သုံးနှစ်လုံးလုံး လွှမ်းမိုးနိုင်ပြီး အားလုံးကို ဦးညွှတ်နိုင်အောင် လုပ်ခဲ့သဖြင့် အမှန်ပင် ကြောက်စရာ ကောင်းလှသည်။
ယခု ထိုသူက ဤနေရာ၌ ပေါ်လာသည်တဲ့လား။
သို့သော် သူတို့ကို ပိုကြောက်လန့်စေသော အရာက ရောက်မလာသေးပေ။
ထိုအချိန်တွင် သတ်ဖြတ်ခြင်း နတ်ဆိုးဘုရင်က နောက်လှည့်၍ ယဲ့ဖန်ရှေ့၌ ဒူးထောက်ဝပ်တွား၍ ခပ်ကျယ်ကျယ် ပြောလိုက်သည်။
“အရှင်မင်းမြတ် ကျွန်တော် နောက်ကျသွားပါတယ်”
ချက်ချင်းဆိုသလိုပင် ဤနေရာမှလူများနှင့် ဖန်သားပြင်မှတစ်ဆင့် ကြည့်နေသောသူများပါ ပါးစပ် အဟောင်းသား ဖြစ်သွားပြီး မျက်လုံးတွင် မယုံနိုင်လောက်အောင် ကြောက်လန့်ဟန်များ ပေါ်နေသည်။
သူတို့အားလုံး ဇဝေဇဝါ ဖြစ်နေကြသည်။
*အဲ့အသူရာဘုရင်က ယဲ့ဖန်ရှေ့မှာ တကယ်ကြီး ဒူးထောက်ပြီး ဦးညွှတ်နေတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*သူက အသူရာဘုရင်လေ၊ စစ်နတ်ဘုရားတွေထဲက စစ်နတ်ဘုရားကို၊ ပြိုင်ဘက်ကင်းပဲလေ*
အားလုံး၏ စိတ်ထဲတွင် သူ၏ ဦးညွှတ်မှုကို ခံယူထိုက်သူမရှိဟု ထင်ထားကြသည်။ သို့သော် လက်ရှိတွင် သူက ယဲ့ဖန်ရှေ့၌ တလေးတစား ဒူးထောက်၍ ဦးညွှတ်ထားနေသည်။
“အရှင် ယဲ့ဘုရင်ကို ဂါဝရပြုပါတယ်”
ထို့အတူ အသူရာနယ်မြေမှ သိုင်းပညာရှင်များကလည်း ကျယ်လောင်စွာ ဟစ်ကြွေး၍ ဒူးထောက်လာကြသည်။
ထိုအခါ ခြောက်နိုင်ငံမှ ခေါင်းဆောင်မာျး သွေးပျက်လာသည်။
*အသူရာဘုရင်က ယဲ့ဖန်ရဲ့ လက်အောက်ငယ်သား ဖြစ်နေပါလား၊ ပြီးတော့ သူက အသူရာနယ်မြေက သိုင်းပညာရှင် အားလုံးကို ခေါ်လာလိုက်သေးတယ်၊ ဒါက နိုင်ငံတစ်နိုင်ငံကိုတောင် ရှင်းနိုင်တဲ့ အင်အားစုကြီးပဲ*
*အံ့ဩစရာပဲ*
တတိယဘိုးဘေးသည်လည်း အံ့ဩနေ၏။ သူ့ကို မတွေ့သည်မှာ သုံးနှစ်သာ ရှိသေးသည်။ ပြီးခဲ့သည့် သုံးနှစ်အတွင်း သူ့မျက်လုံးထဲ၌ သုံးစားမရသူဟု ထင်ခဲ့သောသူက နာမည်ကျော် အသူရာဘုရင် ဖြစ်လာသည် တဲ့လား။
*အသူရာနယ်မြေမှာ သွားလေ့ကျင့်လာတာလား*
*ချီးပဲ*
*ဒီကောင်က ငါ့ထက်တောင် အဆတစ်ထောင်လောက် ပိုရူးသေးတယ်*
အသူရာနယ်မြေသည် ခြေချလိုက်သည်နှင့် သေခြင်းရှင်ခြင်း တိုက်ပွဲကို ရင်ဆိုင်ရမည် ဖြစ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန် အလွန် ခက်ခဲသည်။ သို့သော် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က စိုးမိုးနိုင်ခဲ့လေသည်။
ယဲ့ဖန်သည် တစ်ခဏမျှ အံ့ဩနေပြီးနောက် မျက်နှာတွင် အပြုံးတို့ဖြင့် ပြည့်လာသည်။
“နောက်မကျဘူး၊ မင်း အချိန်မီ ရောက်လာတာပဲ”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ရုတ်တရက် ရောက်လာခြင်းကြောင့်သာမဟုတ်လျင် ပိုင်ရွှယ် သေသွားလောက်သည်။
“ငယဲ့လေး မင်းက ချနေတာတောင် ငါ့ကို မခေါ်ဘူး၊ တော်တော် စိတ်ပျက်ဖို့ကောင်းတာပဲ”
ရုတ်တရက် ခပ်ဝေးဝေး ကောင်းကင်ယံမှ အားပါးတရ ရယ်မောသံက ရွှေခေါင်းလောင်း မြည်သကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လူတိုင်း မော့ကြည့်လိုက်သောအခါ အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်သွားကြသည်။
ကောင်းကင်ယံ၌ မည်းနက်ကြီးမားသော အကောင်ကြီးတစ်ကောင် ရှိနေကာ ဤအရပ်သို့ ပျံသန်းလာနေသည်။ မည်းနက်နေသော နဂါးတစ်ကောင်က သာမန်လူများကို ငုံ့မိုး၍ ကြည့်လာသည်။
သူ့အနောက်၌ အလွန် ကြီးမား၍ ကြောက်စရာကောင်းသော ပင်လယ်သားရဲများက ဟိန်းသံပေး၍ လိုက်ပါလာကြသည်။
အံ့ဩစရာ ကောင်းလှပေ၏။
“ပင် … ပင်လယ်ဘုရင်လား”
၎င်းသည်လည်း ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူတော်စင်အဆင့်များပင် မဖြတ်နိုင်သော ပင်လယ် ဧရိယာအား အုပ်ချုပ်သူ ဖြစ်သည်။
သန်းချီသော ပင်လယ်သားရဲများကို သူ့လက်အောက်၌ ထားနိုင်ပြီး ပင်လယ်ပြင်၏ စစ်မှန်သော အုပ်ချုပ်သူ တစ်ယောက် ဖြစ်လာသည်။
“သူကလည်း လွန်ခဲ့တဲ့သုံးနှစ်ကမှ နာမည်ကြီးလာတဲ့သူပဲ၊ သူက အသူရာဘုရင်လိုပဲ၊ မဟုတ်မှလွဲရော သူတို့ကြားမှာ ပတ်သက်မှု ရှိနေတာလား”
လူတိုင်း စိုးရိမ်ပူပန်လာကြသည်။
သူတို့ ခန့်မှန်းသည်က မှန်နေသလိုပင်။ နတ်ဆိုးနဂါး ဖုရှန်က ကောင်းကင်မှ ထိုးဆင်းလာပြီး ယဲ့ဖန်ဘေးသို့ ဆင်းလာပြီး လူပုံ ပြောင်းလိုက်သည်။
ထို့နောက် သူက ယဲ့ဖန်ကို အားပါးတရ ဖက်ကာ မျက်လုံးတွင် မျက်ရည်များ စို့နေပြီး အသံက အက်ကွဲမတတ် ဖြစ်လာသည်။
“ညီအစ်ကို၊ နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီပဲ”
လွန်ခဲ့သော သုံးနှစ်က ယဲ့ဖန် သေပြီဟု သူ ထင်ခဲ့သည်။ ထို့ကြောင့် သူသည် သန်မာစေရမည်ဟု နှလုံးသွင်းကာ မရေတွက်နိုင်သည့် အန္တရာယ်များသော နေရာများကို သွားလာခဲ့သည်။ သူ အကြိမ်ပေါင်းများစွာ သေလုနီးပါး ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် အသက်ရှင်ကာ ဘုရင်တစ်ပါးဟု ခေါ်ဆိုလာနိုင်သည်။
သုံးနှစ်လုံးလုံး သူသည်လည်း သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကာ နောင်တစိတ်တို့မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ယဲ့ဖန်၏ သေဆုံးမှုက သူတို့အတွက် ပြေးမလွတ်သော တာဝန်ဝတ္တရားတစ်ခုဟု အမြဲ ခံစားခဲ့ရသည်။ ထိုအချိန်က သူတို့သာ ပိုသန်မာနေခဲ့လျင် ယဲ့ဖန်အတွက် ဝန်ကို အနည်းငယ်မျှ ကူထမ်းနိုင်ခဲ့ပါက ယဲ့ဖန် သေလိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။
ထို့ကြောင့် သူတို့သည် သုံးနှစ်တိုင်တိုင် အပြင်းအထန် လေ့ကျင့်ခဲ့ပြီး ယဲ့ဖန်အတွက် လက်စားချေချင်နေခဲ့၏။
သို့သော် ယခု ယဲ့ဖန် အသက်ရှင်နေသည်ကို သိလိုက်ရသောအခါ သူတို့၏ စိတ်ထဲမှ စိတ်လှုပ်ရှားမှုအား စကားလုံးဖြင့်ပင် ဖော်မပြတတ်တော့ပါ။
*ညီအစ်ကို*
ထိုစကားကိုကြားသော် လူတိုင်း မှင်တက်သွားသည်။
*ဒီပင်လယ်ဘုရင်ကလည်း ယဲ့ဖန်နဲ့ ရင်းနှီးတာလား*
အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး တုန်ယင်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အရှေ့မှ ပင်လယ်ဘုရင်နှင့် အသူရာဘုရင်သည် သူတို့အားလုံး ကြောက်ရသောသူများ ဖြစ်သောကြောင့်ပင်တည်း။
*မကောင်းဆိုးဝါးရဲ့ မိတ်ဆွေက မကောင်းဆိုးဝါးပဲတဲ့လား*
ယဲ့ဖန်က နတ်ဆိုးနဂါး ဖုရှန်၏ ကျောကိုပြန်ပုတ်၍ ပြုံးနေသည်။
*စိတ်အေးသွားပြီ*
*ညီအစ်ကိုဆိုတာ ဘာလဲ၊ ညီအစ်ကိုဆိုတာ ကိုယ် ပြဿနာတက်နေတဲ့အချိန် ဆွဲထုတ်ပေးတဲ့သူပဲလေ*
သူ၏ ညီအစ်ကို ရောက်လာသဖြင့် သူ စိတ်ချလက်ချ နားနိုင်လေပြီ။
ယဲ့ဖန်နှင့် ကြောက်စရာကောင်းသော လူနှစ်ယောက်တို့ အချင်းချင်း ပွေ့ဖက်၍ ရယ်နေကြသည်ကို ကြည့်ပြီး လူတိုင်း ငေးငိုင်နေကြသည်။ အားလုံး ဓာတ်လိုက်သကဲ့သို့ ထိတ်လန့်နေ၏။
သူတို့ အလွန်အမင်း ကြောက်လန့်နေလေပြီ။ အဘယ်ကြောင့်ဆိုသော် ဤနှစ်ယောက်၏ ကြောက်စရာ ကောင်းပုံက ယဲ့ဘုရင်ထက် မနိမ့်သောကြောင့်ပင်။
သို့သော် အိပ်မက်ဆိုးက မပြီးသေးချေ။
“ဒီလောက် စည်ကားနေတာ၊ ငါ့ကို ချန်ထားခဲ့လို့ရမလားကွ”