အလယ်ပိုင်းဒေသမှ နတ်ဆိုးလေးကောင်
Vol. 111 Ch. 1652
ရုတ်တရက် တစ်ခြားအရပ်တစ်ခုမှ သားရဲများ ဒုန်းဆိုင်းပြေးလာသဖြင့် မြေပြင်တုန်ခါ၍ တောင်များပင် လှုပ်ခါနေ၏။ လက်တစ်ဖက်သာရှိသော လူတစ်ယောက်က မီတာနှစ်ဆယ်မျှ မြင့်မားသော ဧရာမသားရဲ တစ်ကောင်၏ ဦးခေါင်းကို ခွထိုင်၍ ဤနေရာသို့ အလျင်အမြန် လာနေ၏။
သူ့အနောက်၌ သားရဲများအားလုံး ဒုန်းဆိုင်းပြေးလာနေကာ အားလုံးက တောင်တစ်လုံးမျှ ကြီးမားသန်မာပြီး သတ်ဖြတ်ရန် ပြိုင်တူ ပြေးလာနေကြသည်။ ၎င်းတို့၏ အဟုန်ကြောင့် မြေဆီလွှာတွင် အက်ကွဲကြောင်း ထင်လာလေသည်။
ဤမြင်ကွင်းက အံ့ဩစရာ ကောင်းလွန်းလှပြီး လက်ရှိအချိန်၌ အားလုံး ပျက်စီးတော့မည်ဟု ထင်မှတ်ရသည်။ ကြောက်စရာ ကောင်းလွန်းလှသည်။
ကြီးမားသော တောင်တန်းကြီးများ အလျားလိုက် ရွေ့လျားလာသည်ဟုပင် ထင်မှတ်မှားရပြီး ဤမြင်ကွင်းက ဆောက်တည်ရာမရ ဖြစ်လွန်းစေ၏။
“ဘုရင်ဝမ်ရှန်”
ထိုလူသည် အလွန်အမင်း ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ယောက်ပင်။ သေမျိုး ခန္ဓာကိုယ်ဖြင့် မြေရိုင်း နယ်မြေမှ ရှေးဟောင်းသားရဲများကို တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ရှေးဟောင်းသားရဲများကို အညံ့ခံလာအောင် လုပ်နိုင်ခဲ့ပြီး ဘုရင်ဝမ်ရှန်ဟူသည့် ဘွဲ့ကို ရရှိခဲ့သည်။
“သူ … သူလည်း ယဲ့ဘုရင်နဲ့ ပတ်သက်နေတာတော့ မဟုတ်ပါဘူးနော်”
“မဟုတ်ဘူး၊ လုံးဝ မဖြစ်ရဘူး”
သွေးအရှင်သခင်နှင့် အခြားသူများ ငိုလုနီးပါး ဘုရင် ဖြစ်နေကြသည်။ ဘုရင် ဝမ်ရှန်ကပါ ယဲ့ဘုရင်၏ ညီအစ်ကို ဖြစ်နေပါက သူတို့ သေချာပေါက် သေရပေတော့မည်။ ဤတိုက်ပွဲအား ဆက်တိုက်စရာပင် မလိုတော့ပါ။
သို့သော် ရာချီသည့် သန်မာသော ရှေးဟောင်းသားရဲများက ယဲ့ဖန်ရှေ့၌ ရပ်လာကြပြီး ဖေးချမ်က အောက်သို့ ခုန်ဆင်းလာပြီး ယဲ့ဖန်ထံ လှမ်းလာကာ ဝမ်းသာအားရ လှမ်းခေါ်လေသည်။
“ဘော့စ်”
*ဘော့စ်*
ထိုစကားလုံးကို ကြားသောအခါ လူတိုင်း ချက်ချင်း သတိလက်လွတ်ဖြစ်ကာ အတွေးထဲ ဗလာဖြစ်သွားကြသည်။
*ဘော့စ်တဲ့လား*
*ယဲ့ဘုရင်က ဘုရင်ဝမ်ရှန်ရဲ့ ဘော့စ်ဖြစ်နေတာလား*
သူတို့အရှေ့မှ သုံးယောက်လုံးသည် အင်မော်တယ် ဧကရာဇ်အဆင့်တိုင်းကို ချောက်ချားအောင် ပြုလုပ်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အခြားသူများနှင့် မတူသည်မှာ သူတို့သည် ဘာအမှားအယွင်းမှမရှိဘဲ မှန်ကန်ကြောင်း ကောင်းကင်ဘုံအား သက်သေထူနိုင်သူများ ဖြစ်လေသည်။
သို့သော် ယခုအခါ၌ သူတို့အားလုံးက ယဲ့ဘုရင်ကို အရိုအသေ ပေးနေကြပြီး အပြုအမူကလည်း အံ့ဩစရာ ကောင်းလှသည်။
ဖန်သားပြင်ရှေ့မှ အဖွဲ့အစည်းအားလုံး၏ လူများအားလုံး ရင်ကွဲနာကျနေကြသည်။
*အလယ်ပိုင်းဒေသမှာ နတ်ဆိုးရှိတယ်ဆိုတာ မှန်နေတာပဲ*
*လောကကို ဖျက်ဆီးနိုင်တဲ့ နတ်ဆိုး လေးကောင်တောင် တန်းစီ ပေါ်လာတာ*
လူသိနည်းသော နတ်ဆိုး အငွေ့အသက် အင်ပါယာဟူသည့် တိုင်းပြည်လေးသည် ယနေ့လွန်သော ကိုးပြည်နယ် တစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်အောင် လုပ်သွားနိုင်လေပြီ။
နတ်ဆိုး အငွေ့အသက် အင်ပါယာတွင် ယဲ့ဖန်တစ်ဦးတည်းသာလျင် အလွန်အမင်း ကြောက်စရာ ကောင်းနေခြင်း မဟုတ်ဘဲ သူ၏ ညီအစ်ကိုများကလည်း သူ့နည်းတူ ကြောက်စရာ ကောင်းလှပါတကား။
အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်က ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသည်ကိုမြင်ပြီး လူတိုင်း အိပ်မက်မက် နေသည်ဟုပင် ထင်မှတ်လာရသည်။ သူတို့အားလုံး၏ မျက်လုံးတွင် အလွန် ထိတ်လန့်ဟန်များ ပေါ်နေ၏။
သူတို့ ထိတ်လန့်ကာ ကြောက်ရွံ့နေကြသည်။ ဤမြင်ကွင်းက လူတိုင်းကို ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်ရွံ့စေသည်။
နောင်တွင် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်မည့် လူသုံးယောက်က နတ်ဆိုး၏ လက်အောက်ခံများ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“ဖေးချမ် မင်းလက်…”
“အရူးနဂါး ခင်ဗျားမျက်လုံးတွေ …”
ယဲ့ဖန်သည် ဖေးချမ်၏ လက်ကိုမြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း လူသတ်ချင်စိတ်များ ပေါ်လာသည်။
သူသည် ဖေးချမ်၏ ဗလာဖြစ်နေသော အင်္ကျီလက်ကို ဆွဲယူကြည့်ပြီး တုန်ယင်နေသည်။
“ဘယ်သူလဲ … မင်းကို ဒီလိုဖြစ်အောင် လုပ်တာ ဘယ်သူလဲ”
“အရေးမကြီးပါဘူး”
ဖေးချမ်းက ခေါင်းခါပြလိုက်ပြီး မျက်လုံးများ စိုစွတ်လာသည်။ ယဲ့ဖန်ကို ပြန်တွေ့နိုင်မည်ဆိုလျင် လက်တစ်ဖက် မဆိုထားနှင့် အသက်ကိုပင် ပေးရလည်း ပြဿနာ မရှိပါ။
“မင်းအတွက် ငါ လက်စားချေနိုင်မှန်ဆိုရင် မျက်လုံးတစ်ဖက် ကန်းသွားလည်း ဘာအရေးလဲ၊ ငါ နောက်တစ်ဖက်ကိုပါ ပေးရမယ်ဆိုရင်လည်း အရေးမစိုက်ဘူး၊ ဒါကို စိတ်ထဲထည့်နေရင် ညီအစ်ကို မဟုတ်တော့ဘူး”
နတ်ဆိုးနဂါး ဖုရှန်က ပြုံး၍ ပြောလာသည်။ ယဲ့ဖန် ခါးသက်စွာ ပြုံးလိုက်သည်။
“ပြီးခဲ့တဲ့နှစ်တွေအတွင်း မင်းတို့ ပင်ပန်းခဲ့ရပြီ”
“ဒီလောက်လေး စတေးခဲ့ရတာ မင်း ငါတို့အတွက် လုပ်ပေးခဲ့တာယှဉ်ရင် ဘာမှမဟုတ်ပါဘူး”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ဂရုမစိုက်ဟန်ဖြင့် ပြောလာသည်။
“သခင်ကြီး၊ ခင်ဗျားက အရင်တုန်းက ကျုပ်တို့ရှေ့က ဓားဖြစ်ပေးခဲ့တယ်၊ အခု ကျုပ်တို့ညီအစ်ကိုက ခင်ဗျားကို လေဒဏ်မိုးဒဏ်က ကာကွယ်ပေးမယ့် ဒိုင်းဖြစ်ဖို့ အချိန်ကျပြီ”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ပြောပြီး တတိယဘိုးဘေးနှင့် အခြားသူများကို ဖြည်းဖြည်းချင်း ငဲ့ကြည့် လေသည်။
“ယဲ့ဘုရင်က တစ်ယောက်တည်းလို့ ဘယ်သူပြောလဲ”
တစ်ချိန်တည်းမှာပင် နတ်ဆိုးနဂါး ဖုရှန်ကလည်း ရှေ့တိုးလာပြီး ခက်ထန်သော မျက်လုံးများဖြင့် သူတို့ကို ကြည့်လာသည်။
“အခု သူ့မှာ ငါတို့ ရှိတယ်”
“အားနည်းသူကို အများအားနဲ့ အနိုင်ကျင့်တာ ဘာသဘောလဲ၊ အခု ငါတို့နဲ့ လာကစားလေ”
ဖေးချမ်ကလည်း ရက်စက်သော အမူအရာနှင့် အပြုံးကြီးပြုံး၍ ပြောလေသည်။
ဤသည်ကိုမြင်သော် လူတိုင်း ကြက်သေ သေသွားကြသည်။ သုံးယောက်လုံးသည် ယဲ့ဖန်ထက် အားမနည်းကြချေ။
ဤသုံးယောက်ကိုကြည့်ပြီး ယဲ့ဘုရင် သုံးယောက်နှင့် တွေ့နေရသည်ဟု ခံစားနေရသည်။
ယဲ့ဘုရင်တစ်ယောက်ပင် သူတို့အား ခွန်အားမဲ့အောင် လုပ်နိုင်ခဲ့သည်။ ယခု နောက်ထပ် ယဲ့ဘုရင်သုံးယောက် နှင့်သာဆိုလျင် …
သူတို့ ဘယ်လိုလုပ် အသက်ရှင်နိုင်ပါမည်နည်း။
အားလုံး၏အမြင်တွင် ဤသုံးယောက် မကောင်းဆိုးဝါးများသာ ဖြစ်လေသည်။ သူတို့သည် ရက်စက်သည်၊ သွေးအေး၏၊ အလွန်အမင်း လူမဆန်ပေ။ ပို၍ ကြောက်စရာကောင်းသည်မှာ သူတို့က အလွန်အမင်း သန်မာနေခြင်းပင်။
ဤနေရာမှလူအားလုံး၏ ခွန်အားကို စုစည်းလျင်တောင်မှ သူတို့သည် ထိုသုံးယောက်၏ ပြိုင်ဘက်များ မဖြစ်နိုင်ပါ။ ထို့အပြင် သူတို့အနောက်၌ ကြောက်စရာကောင်းသော အရာများစွာ ရှိနေသေးသည်။
လက်ရှိတွင် သူတို့အားလုံး နောင်တရနေကြသည်။ ဤနိုင်ငံသို့ သူတို့ လာခဲ့သည်ကို နောင်တရနေ၏။ ပို၍ နောင်တရနေသည်က ယဲ့ဖန်နှင့် ရန်သူ လုပ်လိုက်ခြင်းပင်။
နတ်ဆိုး အငွေ့အသက် အင်ပါယာတွင်း၌ ယဲ့ဘုရင်သာလျင် ကြောက်စရာကောင်းတာ မဟုတ်မှန်း ဘယ်သူက ထင်ထားမည်နည်း။
ယဲ့ဘုရင်က ကြောက်စရာကောင်း၏။ သူ၏ ညီအစ်ကိုများသည်လည်း သူ့နည်းတူ ကြောက်စရာ ကောင်းပေသည်။
ယဲ့ဖန်ကို ဝိုင်းတိုက်၍ ဖိနှိပ်ချင်သောလူများသည် သူတို့သုံးယောက်ကို မြင်သော် ကြက်သီးထကာ မျက်လုံးများ ပြူးနေ၏။
သူတို့သည် ယဲ့ဖန်ကို သတ်ရန် ကြံစည်ထားခဲ့သော်လည်း ယဲ့ဖန်ကို မသတ်နိုင်သည့်အပြင် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်တော့မည် လူသုံးယောက်ကိုပါ ရန်စခဲ့မိလေပြီ။
ဤသည်က မည်သည့်နိုင်ငံမဆိုအတွက် ကပ်ဆိုးတစ်ခုပင်။ သွားလေပြီ။ သူတို့ ဇာတ်သိမ်းလေပြီ။
လက်ရှိတွင် သူတို့သ်ည အခြေအနေကို မည်သို့ ပြန်ထိန်းမရလဲ တွေးနေကြသည်။ ဤသုံးယောက်နှင့် တိုက်ခိုက်ပါက ကောင်းသောအရာများ ဖြစ်လာမည် မဟုတ်ချေ။
ယဲ့ဘုရင်၏ ခွင့်လွှတ်မှုကို ရကိုရမှ ဖြစ်မည်။ သို့မဟုတ်ပါက သေခြင်းဖြင့်သာ အဆုံးသတ်ရပေမည်။
ကိုးပြည်နယ်တွင်းမှ နိုင်ငံ့ခေါင်းဆောင်များ၏ မျက်လုံးတွင် ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
“ငါ့ညီအစ်ကိုကို ထိတဲ့ဘယ်သူမဆို သေရမယ်”
သုံးယောက်လုံးက ပြိုင်တူ ကြွေးကြော်၍ ချက်ချင်း ပြေးတက်လာကြသည်။ သူတို့၏ လူသတ်ချင်နေစိတ်က ထိတ်လန့်စရာပင်။
အင်အားစုသုံးခုကလည်း သတ်ဖြတ်ရန် ပြေးတက်လာကြသည်။
ခြောက်နိုင်ငံမှ ဘုရင်များအားလုံး မျက်နှာ ပြာနှမ်းလာလေသည်။ သူတို့ ဤနေရာသို့ ခြေချခဲ့သည်ကိုပင် နောင်တရနေ၏။ သူတို့ မထောင်လွှားသင့်ဟု တွေးကာ နောင်တရနေကြသည်။
*နတ်ဆိုးကို နှိမ်နင်းမယ်တဲ့လား*
*ဟာသကြီးပါလား*
ဤနတ်ဆိုးကြီးအား သူတို့ ဒေါသထွက်အောင် လုပ်ခဲ့ပြီး အကျိုးဆက်ကို လုံးဝ မခံနိုင်တော့ချေ။
“ညီအစ်ကိုတို့ ဒါ ငါတို့ အရှင်ယဲ့ဘုရင်ရှေ့မှ တိုက်တဲ့ ပထမဆုံးတိုက်ပွဲပဲ၊ အဲ့တော့ ကောင်းကောင်းကြီး လုပ်ဆောင်ရမယ်”
အသူရာနယ်မြေမှ သိုင်းပညာရှင်များက ရုတ်တရက် ကြွေးကြော်လာကြသည်။
“ဟေး….”
သိုင်းပညာရှင်တစ်စုကလည်း ညာသံပေးလာ၏။ လက်ရှိတွင် သူတို့ အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။ ထို့နောက်တွင်မူ ခေါင်းဆောင်သုံးယောက်၏ နောက်မှနေ၍ သည်းကြီးမည်းကြီး တိုက်ခိုက်လေသည်။
“ချုံး … ချုံးချီ”
ထိုစဉ် ရှေးဟောင်းသားရဲများသည် ချုံးချီကိုမြင်ပြီး မျက်လုံးပြူးကာ ငေးငိုင်နေကြသည်။ တစ်စုံတစ်ဘောက်က ဤကမ္ဘာဦးခေတ်မှ အရက်စက်ဆုံးသားရဲအား အညံ့ခံအောင် လုပ်နိုင်သည်ကို မယုံနိုင် ဖြစ်နေသည့်ပုံပင်။
ထို့နောက်တွင်မူ သူတို့သည် ယဲ့ဖန်အား လေးစားသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် ယခုလို တွေ့ရသည်ကိုပင် သိမ်ငယ်သလို ခံစားနေရသည်။
ဖေးချမ်၏ စကားကို နားထောင်ခဲ့စဉ်က သူတို့သည် သိပ်၍ ခံစားချက်မရှိချေ။ သို့သော် ယခု သူတို့အရှေ့မှ ဤလူက မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ သိမြင်သွားလေပြီ။
အဘယ်ကြောင့်ဆုသော် ချုံးချီ၏ ခွန်အားနှင့် ကြောက်စရာကောင်းပုံက သူတို့ထက် မည်သူမှ ပိုမသိနိုင် သောကြောင့်ပင်။ သူတို့အားလုံးသည် ချုံးချီရှေ့၌ အလိုလို ကြောက်ရွံ့နေကြရသည်။
ကျားတစ်ကောင်ကို တွေ့လိုက်ရသော သိုးတစ်ကောင်ကဲ့သို့ လုံးဝ ခုခံနိုင်စွမ်း မရှိတော့ပေ။ ချုံးချီ တစ်ကောင်တည်းက သူတို့အားလုံးကို အနိုင်ယူနိုင်၏။
*အရှင်ယဲ့ဘုရင်က တကယ် ကြောက်ဖို့ကောင်းတာပဲ*
ယဲ့ဖန်က ပိုင်ရွှယ်နှင့် အခြားသူများထံသို့ လျှောက်သွားပြီး သူ မလှုပ်ရသေးခင်မှာပင် မိန်းကလေးများက သူ့ရင်ခွင်ထဲ တိုးဝင်လာ၏။ ယဲ့ဖန်က သူတို့၏ ကျောပြင်ကို အသာပွတ်၍ နှစ်သိမ့်လေသည်။
“ဘာမှမဖြစ်ဘူး၊ အားလုံး အဆင်ပြေသွားပြီလေ”
“သူတို့ရော အဆင်ပြေပါ့မလား”
ကျုံးဝမ်က နတ်ဆိုးနဂါး ဖုရှန်တို့ သုံးယောက်ကို စိုးရိမ်သော မျက်လုံးများဖြင့် လှမ်းကြည့်နေသည်။ ယဲ့ဖန် ပြုံးလိုက်သည်။
“စိတ်မပူနဲ့၊ ငါ့ညီအစ်ကိုတွေက ဘယ်တော့မှ ငါ့ကို မျက်နှာပျက်ရအောင် မလုပ်ဘူး”
“ဝုန်း”
ထိုစကားအဆုံးမှာပင် ကြောက်စရာကောင်းသော စစ်တပ်တစ်တပ်က အဝေးမှ ဒုန်းဆိုင်းနှင်လာသဖြင့် မြေပြန့်လွင်ပြင်တွင် ဖုန်တထောင်းထောင်း ထလာသည်။
“အရှင်မင်းမြတ်၊ ကျွန်တော်မျိုး ကျန်းကျန့်ရန် ရောက်လာပါပြီ”
ကျန်းကျန့်ရန်က မဟာချင်ဧကရာဇ်၏ စစ်တပ်ကို ဦးဆောင်၍ အရင်ရောက်လာသည်။
“ငါ့အရှင်ကို ဘယ်သူ ထိရဲလဲ”
တစ်ဖက်တွင်လည်း ထန်မင်လီက နတ်ဆိုးစစ်တပ်ကိုဦးဆောင်၍ အော်ဟစ်ကာ ရောက်လာလေသည်။
“မြေနီရောင် စစ်သည်တော်တွေနဲ့ မြင်းတွေလား၊ ဒါ ကျူးလုံ ဧကရာဇ်လက်အောက်က မသေမျိုး စစ်တပ် မဟုတ်လား”
ဤစစ်တပ်ကိုမြင်သည်နှင့် အားလုံး လှုပ်လှုပ်ရွရွဖြစ်ကာ ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်လာ၏။
ချင်ဧကရာဇ်၏ စစ်တပ်သည် နာမည်ကျော်ကြားပြီး ကိုးပြည်နယ်တွင် တားဆီးနိုင်သူ မရှိချေ။ သူတို့သည် အသန်မာဆုံး စစ်တပ်ဟူသော နာမည်နှင့် ထိုက်တန်ပေသည်။
သို့သော် ဘယ်လိုလုပ် ဤစစ်တပ်က ယဲ့ဘုရင်၏ အမိန့်အောက်၌ နေနေကြသနည်း။
လူတိုင်း ယဲ့ဖန်အား ထိတ်လန့်သော အကြည့်များဖြင့် ကြည့်လာကြသည်။
*ဒီလူ … သူက ဘယ်သူလဲ*
စစ်သည်တော်များ ကြက်သေ သေနေ၏။ အလွန်ကြောက်စရာကောင်းသော စစ်တပ် နှစ်တပ်က သူတို့ထံ ချီတက်လာသည်ကို ကြည့်ပြီး ခြောက်နိုင်ငံ မဟာမိတ် အင်အားစုမှ စစ်သည်တော်များ မည်သို့ ခုခံရမလဲ မသိတော့ချေ။ ကျောက်ရုပ်သဖွယ် တွေဝေကာ နေရာမှာတင် ငြိမ်နေကြသည်။
ထို့နောက်တွင်မူ ဤနေရာသည် သားသတ်ရုံတစ်ခုသဖွယ် ဖြစ်လာ၏။
“ရွှစ် ရွှစ်”
ထိပ်တိုက်တွေ့သည်နှင့် ထောင်ချီသော စစ်သည်များ ချက်ချင်း အသတ်ခံရကာ အလောင်းများ မြေကြီးပေါ်၌ ပုံနေသည်။ ခြေပြတ်လက်ပြတ်များစွာကလည်း နေရာတိုင်း ပျံ့ကြဲနေသည်။
ချင်ဧကရာဇ်၏ စစ်တပ်သည် သေသပ်တည်ငြိမ်ကာ ဒီရေအလား ရှေ့သို့ချီတက်ကာ အရှေ့မှအရာအားလုံးကို သတ်ဖြတ်လေတော့သည်။
နတ်ဆိုးစစ်တပ်သည်လည်း ကြမ်းကြုတ်ရက်စက်ပြီး အမဲလိုက်သော ဝံပုလွေအုပ်သဖွယ် အရပ်ဆယ်မျက်နှာမှ အားလုံးကို ရှင်းလင်းလေသည်။
ထိတ်လန့်စရာ ကောင်းလှသည်။
စစ်တပ်နှစ်ခုပေါင်းလျင် လူငါးဆယ်ပင် မပြည့်ချင်သော်လည်း ထောင်သောင်းချီသော လူများကို ချက်ချင်း သတ်နိုင်သည်တဲ့လား။
*သူတို့ ဘယ်လိုလုပ်လိုက်တာလဲ*
ထို့နောက်တွင်မူ သူတို့ နားလည်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤလူများ၏ မျက်လုံးတွင် တွေဝေခြင်းနှင့် ကြောက်စိတ်တို့ ရှိမနေသည်ကို သူတို့ တွေ့လိုက်ရသောကြောင့်ပင်တည်း။
ထိုအစား အတောမသတ်နိုင်သော ဒေါသစိတ်နှင့် အမုန်းတရားသာ ရှိနေ၏။ သူတို့ကို မုန်းတီးနေခြင်းပင်။ သူတို့အား ဓားတစ်သောင်းဖြင့် ထိုး၍ နုတ်နုတ်စင်းချင်နေပုံရသည်။
*ဒီလူတွေ ရူးနေပြီ*
“ဒီအရူးတွေကတော့…”
ယဲ့ဖန်၏ မျက်လုံးများ နီရဲလာသည်။ သူတို့ မလာအောင် သူ တားဆီးခဲ့သော်လည်း ဤငနာလေးများက သူ့စကားကို နားမထောင်ဘဲ ရောက်လာကြသည်။
ထိုသို့သောအချိန်၌ သွေးအရှင်သခင်၊ နဉ်ရွှမ်ယွမ်နှင့် အခြားသူများ အထိနာနေကြသည်။
ဖေးချမ်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေထဲ၌ ဟန်အပြည့်ဖြင့် ရပ်နေကာ နဉ်ရွှမ်ယွမ်အား ရင်ဆိုင်နေပီး မျက်လုံးများက အေးစက်နေ၏။
“ငါ့ဘော့စ်ကို ထိခိုက်အောင် လုပ်တာ မင်းမလား”
နဉ်ရွှမ်ယွမ်၏ မျက်နှာက အလွန် သုန်မှုန်နေပြီး အသံမထွက်ရဲချေ။
“ဒီလိုဆိုရင် မင်း သေလို့ရပြီ”
ထိုစဉ် အင်မော်တယ် ဧကရာဇ်အဆင့်ပင် ကြောက်လန့်ကာ ကြက်သီးထရသည့် ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်တစ်ခု ထိုးတွက်လာသည်။ ယင်းကို ခံစားမိသဖြင့် နဉ်ရွှမ်ယွမ် ချွေးပြန်ကာ ကြောက်လန့်လာသည်။
ဖေးချမ်က လက်ဝါးကိုဖြန့်၍ အသာရိုက်ချလာ၏။ သာမန်လက်ဝါးချက်ဟု ထင်ရသော်လည်း ၎င်းက ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးကာ နဉ်ရွှမ်ယွမ်ထံ ကျရောက်လာလေသည်။
နဉ်ရွှမ်ယွမ်သည် သူ့အရေ့၌ သန်းချီသော စစ်သည်များက သူ့ကို တိုက်ခိုက်နေသည်ဟု ခံစားလာရသည်။ ဤသို့ ကြောက်စရာကောင်းသော အရှိန်အဝါကို လောကကိုပင် စုတ်ဖြဲနိုင်ပုံရသည်။
*ချီးပဲ*
သူ့မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်နေပြီးနောက် အသည်းအသန် လက်သီးဖြင့် ပြန်ထိုးလိုက်သည်။
ထိုအခိုက်တွင် သူ့လက်မောင်းပေါ်သို့ ဖေးချမ်၏ လက်ဝါးချက် ကျရောက်လာပြီး တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွား လေသည်။
ထို့အပြင် ထိတ်လန့်စရာကောင်းသော အလင်းတန်းက သူ့ကို လွင့်ထွက်သွားစေသည်။ သူ့ခန္ဓာကိုယ်တွင်းမှ အရိုးများသည်လည်း တစ်စစီ ကျိုးကြေသွားသည်။
နဉ်ရွှမ်ယွမ် မှင်တက်ကာ ချွေးပြန်လာပြီး တစ်ချက်တည်းနှင့် ရှုံးသွားရသည်ကို မယုံနိုင် ဖြစ်နေ၏။