ဒူးထောက်စမ်း
Vol. 111 Ch. 1653
တစ်ဖက်မှ နတ်ဆိုးနဂါး ဖုရှန်နှင့် ရင်ဆိုင်နေရသော သွေးအရှင်သခင်က ပို၍ အဖြစ်ဆိုးသည်။
“ဝုန်း ဝုန်း ဝုန်း”
နတ်ဆိုးနဂါးဖုရှန်သည် အားကုန်ထုတ်သုံးနေပြီး လူ့အသွင်နှင့် နဂါးလက်သည်းကို သုံးကာ သွေးအရှင် သခင်အား အဆက်မပြတ် တိုက်ခိုက်နေ၏။
သွေးအရှင်သခင် အစွမ်းကုန် ကြိုးစားတိုက်ခိုက် နေပါ သော်လည်း သူ့လက်များက ကျိုးပဲ့နေကာ ဘယ်က ရှောင်လိုက်၊ ညာက ရှောင်လိုက် လုပ်နေသည်။ သို့သော် အထိုးနှက်ခံဆဲ ဖြစ်ကာ သွေးသံတရဲရဲနှင့် အပေါက်များ ဖြစ်ပေါ်လာသည်။
“အား …”
သူသည် သွေးမှမွေးဖွားလာခြင်းဖြစ်ပြီး ခန္ဓာကိုယ်က အဆက်မပြတ် ပြန်ကောင်းနေသော်လည်း တိုက်ခိုက်မှုကို မခံနိုင်ဖြစ်ကာ မျက်နှာ ဖြူရော်သထက် ဖြူရော်လာ၏။
“ငါ့ညီအစ်ကိုကို သတ်ရင် ငါ မင်းကိုသတ်မယ်၊ ငါ့ညီအစ်ကိုကို သတ်ရင် ငါ မင်းကိုသတ်မယ်”
ထိုစကားတစ်ခွန်းကိုသာ ထပ်တလဲလဲ ရေရွတ်နေပြီး ဒေါသတကြီး အရူးအမူး လက်သီးဖြင့် ထိုးနေသည်။
သွေးအရှင်သခင် တိုက်ခိုက်ရင်းဖြင့် ပိုပို၍ ကြောက်လန့်လာသည်။ သူ ထွက်ပြေးချင်သည့် အချိန်တိုင်း ရုတ်တရက် အဖြတ်ခံနေရ၏။
အရိုးများကျိုးကာ အရေပြား စုတ်ပြဲပြီး သွေးများ ပန်းထွက်လာသည်။
“ငါ မှားမှန်းသိပါပြီ၊ ငါ့ကိုလွှတ်ပေးပါ၊ အခုချိန်ကစပြီး ငါတို့ သွေးမျိုးနွယ်က မင်းတို့ နတ်ဆိုးမျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့ပါ့မယ်၊ သေခြင်းရှင်ခြင်းကို အတူတူ သစ္စာဆိုပါ့မယ်၊ ဒါ နားလည်မှု လွဲသွားတာပါ”
သွေးအရှင်သခင်က အသည်းအသန် အော်ပြောလေသည်။ သူ အလွန်အမင်း ကြောက်လန့်နေ၏။
သို့သော် သူ့စကားကိုကြားသောအခါ နတ်ဆိုးနဂါး ဖုရှန်က လှောင်ရယ်လေသည်။
“မဟာမိတ်ဖွဲ့မယ် ဟုတ်လား၊ မင်းနဲ့ တန်လို့လား”
ထို့နောက်တွင်မူ ကောင်းကင်ယံကိုပင် ပေါက်ထွက်စေနိုင်သည့် လက်သီးချက် ကျရောက်လာလေသည်။
သွေးအရှင်သခင်၏ မျက်လုံးအိမ် ကျဉ်းမြောင်းတုန်ယင်လာပြီး မျက်နှာတွင် ကြောက်စိတ်များ ပြည့်လာကာ တစ်စုံတစ်ရာကို သတိထားမိသွားသည်။
“ဝုန်း”
ကြောက်စရာကောင်းသော တုန်ခါမှူနှင့်အတူ သွေးအရှင်သခင်သည် လက်သီးချက်ကြောင့် သေဆုံးသွား လေသည်။ သူ၏ ခန္ဓာကိုယ်က တန်း၍ ပေါက်ကွဲကာ အသားစများက အဝေးသို့ လွင့်စဉ်သွားသည်။
ဤမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေသည်။
*သွေးဝိညာဉ် တာအိုကျောင်းတော်ရဲ့ အရှင်သခင်၊ သွေးနတ်ဘုရားရဲ့ သားတော်က တကယ်ကြီး လက်သီး တစ်ချက်ကြောင့် ပေါက်ကွဲသေဆုံးသွားတာလား*
*ဒါကြီးက ကြောက်ဖို့ကောင်းလိုက်တာ*
ထိုအခိုက်တွင် အားလုံး၏ ကြောက်စိတ်က အဆုံးစွန်ထိ ရောက်ရှိသွားသည်။ သို့သော် သွေးမြူခိုးများက စုဝေးလာပြီး သွေးအရှင်သခင်၏ ခန္ဓာကိုယ်အဖြစ် ပြန်လည်ဖွဲ့စည်းရန် ပြင်လာသည်။
“ပြန်ရှင်လာတာလား၊ အံ့ဩစရာပဲ”
နတ်ဆိုးနဂါးဖုရှန်က အသံမာမာဖြင့် ပြောလိုက်ပြီး နဂါးဝတ်ရုံနှင့် ကောင်းကင်ယံမှ ဆင်းလာပြီး အလွန် ပြင်းထန်သော လက်သီးချက်ဖြင့် ထပ်မံထိုးနှက်လိုက်သဖြင့် တောင်များပင် ပြိုလဲတုန်ခါလာရသည်။
“မဖြစ်ဘူး”
သွေးအရှင်သခင်က ဝမ်းပမ်းတနည်းဖြင့် အော်ဟစ်လာပြီး သွေးမြူခိုးများက လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ သို့သော် နတ်ဆိုးနဂါးဖုရှန်က ဂရုမစိုက်ဘဲ ကြမ်းကြုတ်စွာဖြင့် သွေးမြူခိုးကို ထပ်မံ ဖြိုခွင်းလေသည်။
တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
*သေသွားပြီ*
*သွေးမျိုးနွယ်ရဲ့ အရှင်သခင်က ဒီလိုမျိုး သေသွားတာလား*
သူတို့ သိသွားလေပြီ။ ယဲ့ဘုရင်ကို အာခံမိလျင် ဘယ်လို ဖြစ်လာမလဲ သိမြင်သွားလေပြီ။
သွေးအရှင်သခင်သည် တစ်ဘဝလုံး၌ အမြင့်ဆုံးတွင် နေခဲ့ရသည်။ သူသည် သွေးနတ်ဘုရား၏ တစ်ဦးတည်းသော သားဖြစ်ကာ အစစ်အမှန် အမွေအနှစ်ကို ရရှိထားသည်။ သို့သော် သူက အရှေ့မှလူ၏ လက်သီးချက်ကြောင့် သေဆုံးသွားရပါတကား။
ဤသည်က အိပ်မက်လိုပင်.
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်သည် တတိယဘိုးဘေးအား သတ်ဖြတ်ချင်သော မျက်လုံးများဖြင့် သေချာ စိုက်ကြည့်နေ၏။
တတိယဘိုးဘေး၏ မျက်နှာတွင် အလွန် မကျေနပ်ဟန်များ ပေါ်နေသည်။ သူသည် နှစ်များစွာ အောင့်အည်း သည်းခံခဲ့ပြီးမှ သေချာပေါက် အခွင့်အရေးတစ်ခု ရလာအောင် စောင့်ခဲ့ရသည်။ သူ ယဲ့ဖန်ကို လုံးဝ သတ်နိုင်မည်ဟုလည်း ခံစားခဲ့ရသည်။
သို့သော် ဤကြောက်စရာကောင်းသော မကောင်းဆိုးဝါးသုံးကောင်က သူ့အခွင့်အရေးကို ဖျက်ဆီးခဲ့သည်။
ထိုအခိုက်တွင် သတ်ဖြတ်ခြင်း နတ်ဆိုးသခင် စတင်လှုပ်ရှားလာသည်။ သူ၏ ချွန်ထက်သော လက်သည်းများဖြင့် ဒေါသတကြီး ကုတ်ဖဲ့လာလေသည်။
လေဟာနယ် အက်ကွဲလာပြီးး ကြောက်စရာကောင်းသော စွမ်းအင်တစ်ခုက တတိယဘိုးဘေးထံ ဝန်းရံလာသည်။
“သူတော်စင် ရွှေနယ်မြေ”
တတိယဘိုးဘေး ကြက်သီးထသွားပြီး တုံ့ဆိုင်းမနေဘဲ လေထဲ ခုန်တက်ကာ သူတော်စင် ရွှေနယ်မြေကို ဖွင့်လှစ်၍ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်အား တန်ပြန်တိုက်ခိုက်လေသည်။
“ဝုန်း”
ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် အပြည့်အဝ ပေါ်မလာရသေးသည့် သူတော်စင် ရွှေနယ်မြေက ချက်ချင်း ပေါက်ကွဲပျက်စီး၍ အပိုင်းအစများ ပြောင်းလဲကာ ပျောက်ကွယ်သွားသည်ကို လူတိုင်း တွေ့လိုက် ရသည်။
တတိယဘိုးဘေးသည်လည်း ပြင်းထန်စွာ ထိမှတ်သွားပြီး လက်သည်းဖြင့် ဖမ်းချုပ်ခံရလုနီးပါး ဖြစ်သွားကာ မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာသည်။
တိတ်ဆိတ်ကုန်သည်။
လူတိုင်း အသက်ကိုအောင့်ထားပြီး အသက်ပင် မရှူနိုင်တော့ချေ။ နောက်ထပ် ကြမ်းကြုတ်သော လူတစ်ဘောက် သေသွားလေပြီ။
ဤလူသုံးယောက်တွင် တစ်ယောက်ထက် အခြားတစ်ယောက်က ပိုကြောက်စရာကောင်းနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
*ရန်သူကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာလား*
*အံ့ဩစရာပဲ*
*သွားပြီ*
ဤသည်ကိုမြင်သော် အားလုံး၏ စိတ်အခြေအနေက အောက်ဆုံးအထိ ကထိုးကျသွားသည်။
*အင်မော်တယ် ဧကရာဇ်အဆင့်ကို ခွေးသတ်သလို သတ်နေကြတာပဲ၊ သူတို့သုံးယောက်လုံးက အရမ်း ကြောက်ဖို့ကောင်းတယ်*
တတိယဘိုးဘေး၏ ခန္ဓာကိုယ်က သွေးများစိမ့်ထွက်နေပြီး ဝမ်းဗိုက်တစ်ခုလုံး ပွင့်ထွက်ကာ ကိုယ်တွင်းအင်္ဂါများ အပြင်သို့ ထွက်နေ၏။
“သူတော်စင်ဘုရင်”
နောက်လိုက်တစ်စုက အော်ဟစ်ရင်း ချက်ချင်း ပြေးလာကြကာ တတိယဘိုးဘေးအား သူတော်စင် ဥပဒေသဖြင့် ကုသပေးရန် ပြင်လေသည်။
“ထွက်သွားစမ်း”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သွေးဆူးချွန်များ ပျံဝဲလာကာ တာအိုစွမ်းအင် ဝုန်းခနဲ ထွက်လာ၏။
လူတစ်ချို့ပင် အသံပင်မထွက်နိုင်ဘဲ ဖိနှိပ်ခံလိုက်ရသည်။
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က တတိယဘိုးဘေးအား ငုံ့ကြည့်လာသည်။
“ပြီးသွားပြီ၊ ခင်ဗျားရဲ့ လမ်းက အဆုံးသတ်ချိန် ရောက်ပြီ”
“ငါ လက်မခံနိုင်ဘူး၊ ယဲ့ဖန်မှ မသေသေးတာ၊ ဘယ်လိုလုပ် ငါက သေနိုင်မှာလဲ”
တတိယဘိုးဘေး၏ မျက်လုံးများ ပြူးကျယ်နေကာ အလွန် ဝမ်းနည်းနေ၏။ သူ မုန်းတီးနေသည်။ သူ ယဲ့ဖန်အား မသတ်နိုင်သည့်အပေါ် မုန်းတီးနေမိသည်။
ထိုအခိုက်တွင် သူသည် ဝုန်းခနဲ ခုန်ထ၍ ယဲ့ဖန်ကို သတ်ရန် ပြင်လေသည်။ သူ ဤသို့ မသေနိုင်ပါ။ သူ သေရမည်ဆိုလျင်တောင်မှ ယဲ့ဖန်ကိုပါ အပါခေါ်သွားမည်။
သို့သော် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က သူ့ရှေ့ ချက်ချင်း ပေါ်လာပြီး ခက်ထန်သော အကြည့်တို့ဖြင့် ကြည့်လာသည်။
“ခင်ဗျား ဘယ်သွားတာလဲ”
“ဖယ်စမ်း”
တတိယဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်၍ ပါးစပ်မှ ရွှေရောင်အလင်းတစ်ခုအား သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ မျက်နှာသို့ ထွေးပစ်လိုက်သည်။
“ဘုန်း”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ မျက်နှာ ပေါက်သွားပြီး အငွေ့များ ထွက်လာသည်။ သို့သော် သူ ဘာမှမဖြစ်ချေ။
*ဘာ*
တတိယဘိုးဘေး မှင်တက်သွားသည်။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူသည် ကျင်းလျိုရင်၏ အမွေအနှစ်ကို ရရှိခဲ့ပြီးဖြစ်သဖြင့် သူနှင့် သိုင်းအဆင့်တူသူများကြားတွင် ဤတိုက်ခိုက်မှုအား တားဆီးနိုင်သူ မရှိသင့်ပါ။ ဤသည်က ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်ရမည်။
အသူရာနယ်မြေတွင်း၌ သုံးနှစ်တိတိ နေခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်သည် မရေတွက်နိုင်သော ပေါက်ကွဲမှုများနှင့် တွေ့ကြုံခဲ့ရပြီး ထင်မှတ်မထားနိုင်လောက်အဆင့်အထိ ခန္ဓာကိုယ်က မာကျောကျစ်လျစ်နေလေပြီ။
ထိုစဉ် ကြီးမား၍ မာကျောသော လက်နှစ်ဖက်က တတိယဘိုးဘေး၏ လက်မောင်းကို ဖမ်းချုပ်လာပြီးနောက် အားဖြင့် ဆွဲဖြုတ်လေသည်။
“ဂျွတ်”
လက်မောင်းနှစ်ဖက်လုံး တတိယဘိုးဘေး၏ ခန္ဓာကိုယ်မှ ပြုတ်ထွက်လာပြီး ချက်ချင်း သွေးမိုးများ ရွာလာ၏။
“အား…”
တတိယဘိုးဘေးသည် သားရဲတစ်ကောင်သဖွယ် ဟစ်အော်လာပြီး တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင် နေသည်။
*သေမတတ် နာတာပဲ*
*ဒါ အဆုံးသတ်ပါလား*
“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မင်း ငါ့ကို တားရဲတယ်ပေါ့လေ၊ မင်းတို့အားလုံး ငရဲကို သွားလိုက်တော့”
တတိယဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်ပြီး သူ၏ စွမ်းအင်က ဝုန်းခနဲ ထွက်ပေါ်လာသည်။
ထိုအခိုက်တွင် သူ၏ ယန်စွမ်းအင်က ပင်လယ်လှိုင်းအလား တရိပ်ရိပ် တက်လာပြီး ရွှေရောင်အလင်းက ကောင်းကင်ယံထံ တိုးဝင်သွားပြီး တာအိုစွမ်းအင်အားလုံးကို ထိန်းချုပ်လာသည်။ သူ၏ တိုက်ပွဲဝင်ခွန်အားက အံ့ဩစရာပင်။
“ဘုံကိုးပါး ယန်ချီစွမ်းအင်က ငါ့အပိုင်၊ ငါ့အပိုင်ကွ”
တတိယဘိုးဘေးက ငယ်သံပါအောင် အော်ဟစ်၍ ယဲ့ဖန်အား လောဘတကြီး ကြည့်လာသည်။ သူ ဤသို့ မသေနိုင်ပါ။ ယဲ့ဖန်၏ ဘုံကိုးပါး ယန်ချီစွမ်းအင်ကို သူ မရသေးပေ။ ယဲ့ဖန်၏ ဘုံကိုးပါး ယန်ချီစွမ်းအင်ကို သူ လုယူနိုင်သရွေ့ တာအိုဒဏ်ရာကို ပြန်ပြုပြင်နိုင်ပြီး သူတော်စင်အဆင့်သို့ပင် တက်နိုင်ပေမည်။
ထိုသို့ဖြစ်ရန် တစ်လှမ်းမျှသာ ကွာဝေးတော့သည်။ ချက်ချင်းဆိုသလိုပင် ကြီးမားသော စွမ်းအင်လှိုင်းတစ်ခုက လောကကို လွှမ်းမိုးလာသဖြင့် အားလုံး ထိတ်လန့်လာကြသည်။
ကောင်းကင်အထက်တွင် ရွှေရောင်ပုံရိပ်တစ်ခု ပေါ်လာပြီး ထိုပုံရိပ်က ဟင်းလင်းပြင်အပြင်ဘက် နယ်မြေမှ ဤကောင်းကင်သို့ လှမ်းလာသကဲ့သို့ တစ်လှမ်းချင်း လှမ်းလာ၏။
ထိုသူ၏ ခန္ဓာကိုယ်မှ ချီစွမ်းအင်သည် အလွန် ကြောက်စရာကောင်းလှပြီး အရာအားလုံးကို ရှင်းလင်းနိုင်သည့် အင်မော်တယ်စွမ်းအင်ကို ကိုယ်စားပြုဖော်ညွှန်းနေသလိုပင်။ တာအိုစွမ်းအင်ကိုဖျက်စီးကာ နေနှင့်လကို ဖြတ်တောက်နိုင်သော စွမ်းအင်များ ရှိနေသလိုပင်။
“သူက …”
ထိုသူကိုမြင်သော် လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။ မယုံနိုင် ဖြစ်နေသည့်ပုံပင်။
လူတိုင်း စိတ်ထဲ၌ အေးစိမ့်လာပြီး ထိုပုံရိပ်အား ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
“ဆရာ ကျွန်တော့်ကို ကူညီပါဦး”
တတိယဘိုးဘေးက ရွှေရောင်ပုံရိပ်အား လှမ်းကြည့်၍ အော်လိုက်သည်။သူ့မျက်လုံးထဲတွင် အလွန် မကျေနပ် မုန်းတီးဟန်တို့ဖြင့် ပြည့်နှက်နေ၏။
သူ့အရှေ့မှလူသည် ကျင်းလျိုရင်ပင်။ သို့သော် သူ၏ ခန္ဓာကိုယ်အစစ် မဟုတ်ဘဲ တာအိုကိုယ်ပွားတစ်ခုသာ ဖြစ်သည်။
ကိုယ်ပွားတစ်ခု ဖြစ်သော်ငြားလည်း အင်မော်တယ် ဧကရာဇ်ပင် မယှဉ်နိုင်သော ထိပ်တန်းခွန်အားကို ပိုင်ဆိုင်ထားပြီး မိုးမြေကို ကိုင်လှုပ်နိုင်သည်။
ရှေးခေတ်အခါက ပြိုင်ဘက်ကင်းသော ထိုသူ ရောက်လာပြန်လေပြီ။ တာအိုကိုယ်ပွား ဖြစ်သော်လည်း အားလုံးကို ဖျက်ဆီးနိုင်၏။
ကျင်းလျိုရင်က တစ်ဖက်လှည့်၍ တတိယဘိုးဘေးအား ကြည့်လာသည်။
“မင်းက ငါ့အမွေကို ရသွားတဲ့ ကံကောင်းတဲ့လူ ထင်တယ်”
တတိယဘိုးဘေးက ခေါင်းကို အလွန် နှိမ့်ချထားပြီး တစ်ကိုယ်လုံး မြေကြီးတွင် ဝပ်တွားကာ လေးစားမှုကို ပြသနေသည်။
“ငါ ကိုးပြည်နယ်က ထွက်သွားတုန်းက ငါ့အမွေအနှစ်ကို တစ်စုံတစ်ယောက် ရရှိခဲ့ရင် သူတို့အတွက် ငါ့ကို တစ်ကြိမ် ဆင့်ခေါ်ခွင့် ရှိနိုင်တယ်လို့ သစ္စာဆိုခဲ့တယ်၊ စိတ်မပူနဲ့၊ ငါ ကတိကို တည်မှာပါ”
ကျင်းလျိုရင်က အေးအေးလူလူ ပြောလာသည်။ သို့သော် ထိုစကားက လူတိုင်းကို လှုပ်ခါသွားစေသည်။ ကျူးကျော်သူများသည် စိတ်လှုပ်ရှားလွန်းသဖြင့် ငိုမတတ် ဖြစ်နေကြသည်။ သူတို့အတွက် မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်ပါလော။
အကယ်၍ ကျင်းလျိုရင်က လှုပ်ရှားလာလျင် အရှေ့မှ သုံးယောက်တောင်မှ သူ့ပြိုင်ဘက် မဖြစ်နိုင်ပါ။
အစကတည်းက ကျင်းလျိုရင်က သူတော်စင်အဆင့်များကိုပင် အမဲလိုက်နိုင်သူ မဟုတ်ပါလော။ သူတော်စင် အဆင့်များ တောင်မှ သူ့ကို ရှောင်နေရလျင် အင်မော်တယ် ဧကရာဇ်အဆင့်ကို မျက်လုံးထဲ ထည့်စရာ လိုပါ့မလား။
ကိုယ်ပွားခန္ဓာကိုယ်က ဤနေရာမှလူတိုင်းကို သတ်နိုင်ရန် လုံလောက်ပေသည်။
ဤသည်ကိုမြင်သော် နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများလည်း မျက်နှာ မည်းမှောင်သွားသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော စွမ်းအင်ကို သူတို့ ခံစားမိနေ၏။
ထိုချီစွမ်းအင်သည် ဤလောကနှင့် မသက်ဆိုင်သလိုပင်။ အလွန် ရှေးကျ၍ သံသရာကို ဖြတ်သန်းဖူးပုံပေါ်ကာ ထည်ဝါလာသည်။
ထိုစကားကိုကြားပြီး တတိယဘိုးဘေး အလွန်ဝမ်းသာသွားကာ ယဲ့ဖန်ကို လက်ညှိုးထိုး၍ ပြောလေသည်။
“ဆရာ ကျွန်တော့်အတွက် အဲ့ကောင်ကို သတ်ပေးပါ၊ သူ့ကိုယ်ထဲက ယန်စွမ်းအင်ကို ကျွန်တော် ထုတ်ယူချင် ပါတယ်”
ကျင်းလျိုရင်က ယဲ့ဖန်ဘက်ကို လှမ်းကြည့်လေသည်။ လေတိုက်သောအခါ သူ့မျက်လုံးတွင်းမှ ရွှေရောင် အလင်းက ပိုတောက်လာပြီး မသိလျင် ရွှေရောင် မှော်မီးအိမ်နှစ်လုံးနှင့် တူနေသေးသည်။
တစ်ကိုယ်လုံးက နေမင်းသဖွယ် ရွှေရောင်တလက်လက်ထနေပြီး မျက်စိကျိန်းစရာ ကောင်းလှသည်။
သို့သော် ယဲ့ဖန်ကို တွေ့လိုက်သည့်အခိုက်မှာပင် ကျင်းလျိုရင်က ရုတ်တရက် တုန်ယင်လာပြီး သူ့ကိုယ်ပေါ်မှ ရွှေရောင်မီးကလည်း တုန်ခါလာသည်။
ယဲ့ဖန်က လှောင်ရယ်၍ ရှေ့သို့လှမ်းကာ ကျင်းလျိုရင်ကို စိုက်ကြည့်၍ ငေါက်လိုက်သည်။
“ကျင်းလျိုရင် ငါ့ရှေ့မှာ ဒူးထောက်စမ်း”
ထိုစကားကိုကြားသော် အားလုံး အုတ်အော်သောင်းနင်း ဖြစ်လာပြီး လူတိုင်း ကြက်သေ သေသွားကြသည်။
*ဒီလူ ရူးနေတာလား၊ ကျင်းလျိုရင် ရောက်လာတာကို မြင်တာတောင် ဘယ်လိုတောင် မောက်မာရဲရတာလဲ*
*ကျင်းလျိုရင်ကို ဒူးထောက်ခိုင်းတယ် ဟုတ်လား*
*အသက်မရှင်ချင်တော့တာလား*
တတိယဘိုးဘေးသည်လည်း အစက အံ့ဩသွားသည်။ ထို့နောက်တွင်မူ သူ့မျက်နှာတွင် ခက်ထန်သော အမူအရာ ပေါ်လာ၏။
*သေခါနီးအထိ မောက်မာချင်နေသေးတယ်ပေါ့၊ အရူးပဲ*
*ကျင်းလျိုရင်ကို ဒီလို ဒေါသထွက်အောင် လုပ်ရဲမှတော့ သူ မသေရင် အံ့ဩစရာ ကောင်းနေပြီ*
ခြောက်နိုင်ငံ၏ ဘုရင်များသည် ဤသည်ကိုမြင်သော် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။ အစက သူတို့ သေရတော့မည်ဟု ထင်ထားသော်လည်း ကျင်းလျိုရင်က ထိုလူကို လမ်းတစ်ဝက်၌ သတ်လာလိမ့်မည်ဟု ထင်မထားမိချေ။
*ဒီလိုဆိုရင် ဒီကောင် သေမှာပဲ*
“ဟားဟား ယဲ့ဖန် မင်း အခု ငါ့ကို ဘယ်လို ခုခံမလဲ၊ မင်းရဲ့ ဘုံကိုးပါး ယန်စွမ်းအင်က ငါ့အပိုင် ဖြစ်လာတော့မှာကွ”
တတိယဘိုးဘေးက အားပါးတရ ရယ်မောပြီး တစ်လုံးချင်း ပြောလာသည်။
“ငါ မင်းမိန်းမတွေနဲ့ ညီအစ်ကိုတွေကို ကောင်းကောင်းကြီး သတ်ပြဦးမယ်၊ အခုတော့ မင်းကို အရင်သတ်မယ်”
“မင်းက ယဲ့မိသားစုရဲ့ အိပ်မက်ဆိုးဆိုပင်မယ့် ငါက မင်းရဲ့ အိပ်မက်ဆိုးကွ၊ ဟားဟားဟား”
ထိုအချိန်တွင် ကျင်းလျိုရင်က ယဲ့ဖန်ထံသို့ ဖျတ်ခနဲ ဦးတည်သွားပြီး ယဲ့ဖန်ရှေ့၌ ချက်ချင်း ပေါ်လာသည်။ ထိုအခါ အားလုံး အံ့ဩသွားကြပြီး ယဲ့ဖန်အား မခိုးမခန့် အကြည့်တို့ဖြင့် ကြည့်လာကြသည်။ မသိလျင် သေလူတစ်ယောက်ကို ကြည့်နေသလိုပင်။
သို့သော် ကျင်းလျိုရင်က ယဲ့ဖန်ကို သတ်တော့မည်ဟု သူတို့ ထင်နေချိန်တွင် ကျင်းလျိုရင်က ယဲ့ဖန်ရှေ့၌ ဒူးထောက်သွားသည်။