← Chapters

တတိယအသွင်

Vol. 113 Ch. 1580

တတိယအသွင်

Vol. 113 Ch. 1580

နဂါးဧကရာဇ်များသည် မြွေများကို စားကြပြီး အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်း၌ နှစ်တစ်ထောင်နီးပါးသာ တည်ရှိခဲ့ကြ၏။ ထို့နောက် တစ်မျိုးနွယ်စုလုံး ပျောက်ကွယ်သွားခဲ့လေသည်။

ထို့ကြောင့် လက်ရှိခေတ်၏ သက်ရှိသတ္တဝါတိုင်း နဂါးဧကရာဇ်ဆိုသည်က ဘာလဲ သိပင်သိမည်မဟုတ်ပေ။ ပုတ်သင်ဘုရင်ပင်လျှင် တစ်ကောင်မှ မမြင်ခဲ့ဖူးပေ။

လူများသည် နဂါးများကို မြင်ခဲ့ဖူးသော်လည်း ယခုလို လက်သည်းကိုးချောင်း၊ မဟူရာကြေးခွံများနှင့် သရဖူဆောင်းနဂါးဧကရာဇ်လို နဂါးမျိုးကိုတော့ မမြင်ဖူးကြသည်သာ။ ဤနဂါးဧကရာဇ်ကား အဆုံးစွန်အထိ ကြမ်းကြုတ်ခက်ထန်လေသည်။

သို့သော် နဂါး၏နာမည်ကို ဖွဲ့စည်းထားသော စာလုံး၏အဓိပ္ပါယ်မှာ တကယ်တော့ ဧကရာဇ်မဟုတ်ပေ။ မျှော့ ဖြစ်၏။

မျှော့နဂါးတစ်ကောင်။

ဤနဂါးတွင် နဂါးတစ်ကောင်ကဲ့သို့ သာမန်နှုတ်ခမ်းမွှေးများ ရှိ‌သော်လည်း ၎င်း၏ပါးစပ်ကို ဖွင့်လိုက်သောအခါ ခြင်၏နှာမောင်းကဲ့သို့ ချွန်ထက်ပြီး သွေးစုပ်တတ်သောအရာကြီး ပေါ်လာသည်။ ၎င်း၏ပုံပန်းသွင်ပြင်တစ်ခုလုံးကား အတိုင်းထက်အလွန် ကြောက်လန့်ဖွယ်ကောင်းလေသည်။

မည်သူမှ ထိုသတ္တဝါမျိုး ရှိခဲ့ဖူးလိမ့်မည်ဟု တွေးပင်မတွေးခဲ့ဖူးပေ။ ၎င်းတို့ကား မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အမှန်တွင် ဤကြယ်တာရာကောင်းကင်ထဲ၌ ၎င်းတို့ကို သိသည့် တစ်ယောက်တည်းသောလူမှာ ... လောကပါလနတ်မင်းသာ ဖြစ်လိမ့်မည်။ ဗလာနိတ္ထိမှ တစ်စုံတစ်ခုကို ဖန်ဆင်းခြင်းဖြင့် သူသည် မျှော့နဂါးအား သူ၏ဒုတိယအသွင်အဖြစ် အသုံးပြုနိုင်သွား၏။

နဂါးဧကရာဇ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်း၏စွမ်းအားက အဆပေါင်းများစွာ တိုးသွားရင်း မန်ဟို့ကိုပင် မျက်မှောင်ကြုတ်သွားစေသည့် အတိုင်းအတာသို့ ရောက်ရှိသွားတော့သည်။

လောကပါလနတ်မင်းသည် တန်ခိုးကြီး၍ သူ့ကို အနိုင်ယူဖို့က လွယ်ကူမည်မဟုတ်ကြောင်း မန်ဟို သိလေသည်။ ယခုတွင် လောကပါလနတ်မင်း၏အသွင်များ၊ အထူးသဖြင့် နဂါးဧကရာဇ်အသွင်ကို မြင်သောအခါ မန်ဟိုမှာ ကြုံတွေ့ရတော့မည့်ကပ်ဘေးနှင့်ပတ်သက်၍ စိတ်လေးလံလာတော့သည်။

“ဒီနဂါးဧကရာဇ်က အပြင်အားကိုယ်မှာပဲ တန်ခိုးရှင်အဆင့်တက်ထားတာမဟုတ်ဘူး။ ကျင့်ကြံခြင်းအခြေခံမှာလည်း အဆင့်တက်ထားတယ်” မန်ဟိုက တွေးသည်။ “ဝိညာဉ်ကတော့ .... သူ့ရဲ့တစ်ခုတည်းသော အားနည်းချက်ဖြစ်တဲ့ပုံ‌ပေါ်တယ်။ ဒါပေမဲ့ ကြည့်ရသလောက် အဲဒီအဆင့်ကို တက်ဖို့ အချိန်တချို့ပဲ လိုလိမ့်မယ်ထင်တယ်။ ဒီလောက်လွယ်လွယ်ကူကူ တန်ခိုးရှင်အဆင့်တက်နိုင်တဲ့အရာကို ငါ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး

“လောကပါလနတ်မင်းက ဗလာနိတ္ထိကနေ တစ်စုံတစ်ခုကို ဖန်ဆင်းပြီး ဝိညာဉ်ရဲ့ အားနည်းချက်တချို့ကို ပြုပြင်နိုင်ခဲ့တယ်။ ဒီအရာဟာ ... ကတယ်တော့ ခေါင်းကိုးလုံးမြွေလို သက်ရှိမျိုးဖြစ်ပေမယ့် အဆင့်အရဆိုရင် ဟိုမြွေက ဒီကောင်ကြီးကို ယှဉ်တောင်မယှဉ်နိုင်ဘူး” မန်ဟို၏မျက်လုံးများ တောက်ပလာပြီး သူက ဒုတိယမိစ္ဆာချုပ်နှောင်မန္တန်၊ အစ-အဆုံးမန္တန်ကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ထဲမှ ဆန်းဆန်းပြားပြားအငွေ့အသက်များ အလိပ်လိပ်ထလာကာ ... မှန်တစ်ချပ်အဖြစ် လျင်မြန်စွာ စုစည်းသွား၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ထိုမှန်၏အတွင်း၌ ... လောကပါလနတ်မင်း၏ နဂါးဧကရာဇ်အသွင်နှင့် ချွတ်စွပ်တူသော နောက်ထပ်နဂါးဧကရာဇ်တစ်ကောင် ရှိနေလေသည်။

ထိုနဂါးဧကရာဇ် ဟိန်းလိုက်သည့်အချိန်မှာပဲ မန်ဟိုက လက်ဝှေ့ယမ်းလျက် ၎င်းအား လောကပါလနတ်မင်း၏ နဂါးဧကရာဇ်ဆီ ပျံသန်းစေလိုက်သည်။

နဂါးနှစ်ကောင် ဘွားခနဲ ပေါ်ပေါက်လာခြင်းက ကျန်ရှိသူတိုင်းအတွက် မှင်သက်အံ့ဩစရာဖြစ်ပေသည်။ နဂါးနှစ်ကောင်၏ သွေးအေးအေးအကြည့်များ ဆုံသွားသည်နှင့် ပြင်းထန်သော လူသတ်ငွေ့များ တထောင်းထောင်းထလာကာ အချင်းချင်းဝင်တိုက်သွားကြလေသည်။ နဂါးနှစ်ကောင်လုံး လျင်မြန်စွာ‌ ပိန်ချုံးခြောက်ကပ်လာ၏။

ဤသည်မှာ နဂါးဧကရာဇ်များ၏ ဝှက်ဖဲ .... နဂါးဧကရာဇ်စကြဝဠာတိုက်စားသိုင်းကွက် ဖြစ်သည်။

နဂါးဧကရာဇ်နှစ်ကောင်လုံး ပိန်ချုံးခြောက်ကပ်လာနေသဖြင့် ခပ်စူးစူးဟိန်းဟောက်အော်သံများ ပဲ့တင်ထပ်နေသည်။ သို့သော် တခဏသာကြာသေးသည်၊ လောကပါလနတ်မင်း၏ နဂါးဧကရာဇ်ခန္ဓာကိုယ်အနှံ့အပြားမှ သွေးများ ပန်းထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက သွေးချင်းနီသွားလေပြီ။ ထို့နောက် လွှမ်းမိုးမာန်ကြီးသောအရှိန်အဝါကို ထုတ်လွှတ်လျက် ကြယ်တံခွန်ကြီးသဖွယ် မန်ဟို့ထံ ပြေးဝင်လာသည်။

၎င်းသည် ၎င်းလမ်း၌ ပိတ်နေဝံ့သည့် မည်သည့်အရာကို ချေမှုန်းရင်း ရင်သပ်ရှုမောဖွယ်အမြန်နှုန်းဖြင့် ကြယ်တာရာကောင်းကင်အား ခွင်းလာ၏။

ဤသည်ကား နဂါးဧကရာဇ်များ၏ အင်အားအကြီးဆုံး နတ်ဘုရားစွမ်းရည် သွေးအာဏာသိုင်းကွက်ပင်။

လောကပါလနဂါးဧကရာဇ်၏ တန်ခိုးနှင့်စွမ်းအားသည် မည်သည့်သဘာဝနိယာမကိုမဆို လျစ်လျူရှုနိုင်သော အမြင့်အထိ ရောက်ရှိသွားသဖြင့် တဂျုန်းဂျုန်းထစ်ချုန်းသံများ ဆူညံနေတော့၏။ ၎င်း ချဉ်းကပ်လာနေစဉ် မန်ဟိုက အေးစက်စက်နှာမှုတ်ပြီးနောက် အင်္ကျီလက်စခါကာ သူ၏နဂါးဧကရာဇ်ကိုလည်း အလားတူနတ်ဘုရားစွမ်းရည် ထုတ်လွှတ်လိုက်စေသည်။

နဂါးဧကရာဇ်နှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် ဝင်တိုက်သွား၍ အုန်းခနဲ အသံကြီးကျယ်လောင်စွာ မြည်ဟည်းသွားသည်။ မန်ဟိုမှာ သူ၏နဂါးဧကရာဇ် လောကပါလနဂါးဧကရာဇ်ကို အန္တရာယ်မပြုနိုင်ဘဲ အပိုင်းပိုင်းပြတ်ထွက်သွားသဖြင့် မျက်မှောင်ကြုတ်သွားလေသည်။ ‌လောကပါလနဂါးဧကရာဇ်ကား သူ့ဆီ ဆက်လက်ပြေးဝင်လာနေဆဲပင်။

၎င်း၏သိုင်းကွက်ကြောင့် မည်သည့်သက်ရှိမဆို၊ မည်သည့်တန်ခိုးမဆို၊ မည်သည့်တန်ခိုးရှင်မဆို ချေမှုန်းသုတ်သင်ခံရမည့်အလား ထင်ရသည်။ သိုင်းကွက်ကား ရိုးရှင်းသော်လည်း အဖျက်စီးစွမ်းအားတို့ အဆုံးမဲ့နေလေသည်။

သိုင်းကွက်သည် ရိုးရှင်းလေလေ၊ အားပြင်းလေလေ ဖြစ်၏။

ဂျိန်းးးးးးးးးးးးးးးးးး။ လောကပါလနဂါးဧကရာဇ်က တစတစနီးကပ်လာချေပြီ။ မီတာသုံးထောင်၊ မီတာသုံးရာ၊ မီတာသုံးဆယ်။ ၎င်းအရေပြားပေါ်ရှိ သွေးများက မီးထတောက်လာပြီး ကြယ်တာရာကောင်းကင်ထဲရှိ မည်သည့်အရာမှ ၎င်းကို မတားပုံရသည်။ ဤသိုင်းကွက်သည် အနန္တစကြဝဠာအထဲထိ ထိုးဖောက်သွားနိုင်လောက်အောင် အစွမ်းထက်သဘောပင်။ ၎င်းသည် အဘယ်အရာကိုမဆို ပြာချပစ်နိုင်သကဲ့သို့ တားဆီးမရသည့်အလား၊ အာဏာကြီးမားသည့်အလား ထင်ရ၏။

မန်ဟို ခံစားနေရသော အန္တရာယ်အာရုံမှာ ပိုမိုပြင်းထန်လာ‌တော့သည်။

“အဆင့်အမြင့်ဆုံးသိုင်းကွက်ကို ထုတ်ဖော်နေတဲ့ တန်ခိုးရှင်အဆင့် နဂါးဧကရာဇ်တစ်ကောင်....” မန်ဟို၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် လင်းလက်တောက်ပလာ၏။ ဤသည်မှာ တန်ခိုးရှင်အဆင့်တက်ပြီးနောက် ရင်ဆိုင်ရသော ပထမဆုံးတိုက်ပွဲအစစ်ဟု ဆိုရလိမ့်မည်။ ပထမလောကပါလအသွင်က သူ၏တိုက်ခိုက်လိုစိတ်ကို သိပ်မနှိုးဆော်နိုင်ခဲ့သော်လည်း ယခုတော့ သူ့ရင်ထဲ၌ တိုက်ခိုက်လိုစိတ်တို့ အရှိန်အဟုန်ပြင်းပြင်း တောက်လောင်နေခဲ့လေပြီ။

“နှမြောစရာပဲ” သူက ခေါင်းခါလျက် ပြောရင်း ပြန်တိုက်ခိုက်မည့်အစား လက်ဖြင့် လှမ်းတွန်းလိုက်သည်။

“အတုအယောင်”

ထိုစကားလေးတစ်ခွန်းဖြင့် သူသည် ဒုတိယမိစ္ဆာချုပ်နှောင်မန္တန်၊ အစစ်အမှန်-အတုအယောင်မန္တန်ကို အပြည့်အဝထုတ်လွှတ်လိုက်၏။ မန္တန်၏ ‘အစစ်အမှန်’ ဆိုသော အပိုင်းမှတစ်ဆင့် နဂါး၏ပုံရိပ်ကို ဖန်ဆင်းခဲ့သည်။ သို့သော် ‘အတုအယောင်’ ဆိုသောအပိုင်းကို သုံးလိုက်ပါက ‘အစစ်အမှန်’ကို ‘အတုအယောင်ပုံရိပ်’ အဖြစ် ပြောင်းလဲနိုင်လေသည်။

ငါ မင်းကို တည်ရှိစေလို့ ပြောရင် မင်း သေသွားရင်တောင်မှ ဆက်လက်တည်ရှိနေလိမ့်မယ်

မင်းက အစစ်အမှန်မဟုတ်ဘူးလို့ ငါပြောရင် မင်း အတုအယောင်အဖြစ် ပျောက်ကွယ်သွားရမယ်

ပတ်ဝန်းကျင်ရှိ လှိုင်းဂယက်များ ရုတ်တရက် ပုံသဏ္ဍာန်ကင်းမဲ့သွားသည်။ ကြောက်ခမန်းလိလိတန်ခိုးလှိုင်းက နဂါးဧကရာဇ်ကို တိုးဆောင့်လိုက်ရာ နဂါးဧကရာဇ်မှာ မန်ဟို့လက်၏အရှေ့ သုံးမီတာအကွာလေးတွင် ရပ်လိုက်ရတော့သည်။ ၎င်းသည် မယုံကြည်နိုင်မှုများ မျက်လုံးတွင် တောက်ပလျက် တုန်ရီနေ၏။

“ပြိုကွဲစမ်း” မန်ဟိုက ဘယ်လက်ကို အသာအယာဝှေ့ယမ်းရင်း ပြောသည်။ ချက်ချင်းပင် နဂါးဧကရာဇ်၏တန်ခိုး၊ ၎င်း၏လွှမ်းမိုးနေသောစွမ်းအား၊ ၎င်း၏အာဏာအလုံးစုံ နင်းခြေခံလိုက်ရသည်။ နဂါး၏ခန္ဓာကိုယ်သည် စိစိညက်ညက်ကြေမွကာ ပြိုကွဲသွားတော့၏။

အစစ်အမှန်- အတုအယောင်မန္တန်က အစစ်အမှန်ကိုရော၊ အတုအယောင်ကိုပါ ဖန်ဆင်းနိုင်လေသည်။

“မင်းမှာ ရှိတာ ဒါအကုန်ပဲလား ‌လောကပါလနတ်မင်း။ ငါ့မိစ္ဆာချုပ်နှောင်မန္တန်အားလုံး မင်း ကြည့်နိုင်မယ့် အခွင့်အရေးမရသွားမှာကိုတော့ ငါ စိုးရိမ်မိတယ်”

မန်ဟိုသည် လောကပါလနတ်မင်း ပြန်လည်ဖြစ်ပေါ်လာနေသော နေရာအား စူးစူးရဲရဲ ကြည့်နေ၏။

လောကပါလနတ်မင်း၏မျက်နှာမှာ အတန်ငယ်ဖြူဖျော့နေသည်။ မန်ဟို၏ခွန်အားက သူ့အတွက် မထင်မှတ်ထားသည့်အရာတော့ မဟုတ်သော်လည်း လောကပါလနတ်မင်း၏ ရင်ထဲတွင် ကြောက်စိတ်တို့ ရစ်ဝဲနေသေးလေသည်။ သို့သော် ၎င်းက မန်ဟို၏ခွန်အားအစစ်ဟု သူ မယုံကြည်ပေ။ သူက အချိန်စီးကြောင်းထဲ၌ ကြာမြင့်စွာ တည်ရှိနေခဲ့၍ အိုမင်းနေပြီဖြစ်သည့်အတွက် မန်ဟိုက သူ့ကို တိုက်ခိုက်နိုင်ခြင်းဖြစ်သည်ဟုသာ လောကပါလနတ်မင်းသည် တွေးနေ၏။

“ငါတို့နှစ်ယောက်ထဲက တစ်ယောက် မသေမချင်း ငါ မရပ်ဘူး” လောကပါလနတ်မင်း၏ကိုယ်ပွားက ကြိမ်းဝါးသည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း .... ‌တစ္ဆေမီးတောက်မီးလျှံများ သူ့တစ်ကိုယ်လုံးမှ တဟုန်းဟုန်းတောက်လာတော့သည်။

၎င်းကား တတိယလောကပါလအသွင် ဖြစ်သည်။

All Chapters