မင်းလိုကောင်က ငါ့ကို သတ်နိုင်မယ် ထင်သလား
Vol. 113 Ch. 1581
လောကပါလနတ်မင်းသည် ဗလာနတ္ထိမှ တစ်စုံတစ်ခုကို ဖန်ဆင်းနိုင်စွမ်းဖြင့် အာကာပြင်ကျယ်စကြဝဠာ၏ ပထမဆုံးတန်ခိုးရှင်၏ အပြီးပြည့်စုံဆုံးခန္ဓာကိုယ်ကို အသွင်ယူလိုက်လေသည်။
၎င်းကား... တစ္ဆေအသွင်မှတစ်ပါး အခြားမဟုတ်ပေ။
အသွင်ပြောင်းလိုက်သည်နှင့် တစ္ဆေမီးသည် လောကပါလနတ်မင်း၏ မျက်လုံးများတွင် တောက်လောင်လာ၏။ မကြာမီ ကိုယ်ပွားကား တစ္ဆေချီတို့ဖြင့် ပြည့်နှက်နေသော တစ္ဆေတစ်ကောင် ဖြစ်သွားခဲ့ချေပြီ။ သူ၏မျက်နှာသွင်ပြင်အား ပြတ်ပြတ်သားသား မမြင်ရသော်လည်း သူ့ထံမှ အအေးငွေ့များက ပတ်ဝန်းကျင်တစ်ခုလုံးအပြည့် ဖုံးလွှမ်းသွားတော့သည်။
သူကား လောကပါလနတ်မင်းမဟုတ်တော့ဘဲ အာကာပြင်ကျယ်ဂိုဏ်းချုပ် ဖြစ်သွားသည့်အလားပင်။
မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ လောကပါလနတ်မင်း၏ ဤအသွင်သည် နဂါးဧကရာဇ်အသွင်ထက်ပင်ပို၍ တန်ခိုးကြီးမားပြီး သူ ထုတ်လွှတ်နေသည့် ခြိမ်းခြောက်ခြင်းဖိအားက ပို၌ပင်ပြင်းထန်လေသည်။ သို့သော် လက်ဦးမှုရယူဖို့ တွန့်ဆုတ်မနေ။ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး တစ္ဆေ၏ဘေးတည့်တည့်၌ ပြန်ပေါ်လာကာ ညာလက်ကို မြှောက်၍ ခုတ်ပိုင်းချလိုက်သည်။
တစ္ဆေက သွေးအေးအေးရယ်ပြီး သူ့ခန္ဓာကိုယ်သည် ဖျတ်ခနဲ တွ့န်လိမ်ကာ မန်ဟို့ကို လှည့်ပတ်လိုက်သည်။ တစ္ဆေချီများ ထွက်လာကာ မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက် တိုက်ကွက်တစ်ထောင်ကျော် ဖလှယ်ပြီးသွားလေပြီ။
သူတို့ အလွန်လျင်မြန်စွာ တိုက်ခိုက်နေကြသဖြင့် ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့်တုန်နေတော့သည်။ ထူးဆန်းစွာနှင့် မန်ဟို၏တိုက်ကွက်များမှာ တစ္ဆေအပေါ် ကျရောက်သွားသောအခါ တိုက်ရိုက်ဖောက်ထွက်သွား၏။ ၎င်းတို့ကား တစ္ဆေကို ထိပင်မထိလိုက်သည့်အလားပင်။ ထိုနည်းတူစွာပဲ တစ္ဆေ၏မှော်သိုင်းကွက်များမှာလည်း မန်ဟို့အပေါ် အပြည့်အဝမကျရောက်ပေ။ မန်ဟိုသည် သူ၏တာအိုကို အနှစ်သာရအဖြစ် ပြုမူစေလျက် သဘာဝနိယာမများအပေါ် စိုးမိုးနိုင်ရာ တောင်ကြီးတစ်လုံးသဖွယ် ခိုင်မာတောင့်တင်းနေတော့၏။
ပထမတော့ တစ်ယောက်မှ အခြားတစ်ယောက်အပေါ် များများတိုက်ခိုက်နိုင်ပုံမပေါ်သော်လည်း တစ္ဆေ၏မျက်လုံးများက တောက်ပသွားသည်။ သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် ထူးဆန်းသောစကားလုံးများကို စတင်ပြောနေ၏။ ၎င်းတို့ကား သက်ရှိတစ်ဦး၏ပါးစပ်မှ ထွက်မလာနိုင်သည့် မန်းမှုတ်သံများသဖွယ်ပင်။
ချက်ချင်းပင် ကြယ်တာရာကောင်းကင်ထဲ၌ တစ္ဆေအရိပ်များစွာ ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ရေတွက်၍ပင်မရတော့ပေ။
ရေရွတ်နေသောအသံများကို ကြားရနိုင်သည်။ “တစ္ဆေအပေါင်းတို့ ဝိညာဉ်နဲ့ခန္ဓာကို စားသုံးကြလော့”
တစ္ဆေများ၏မျက်လုံးများသည် ဆန်းပြားစွာ တောက်ပနေပြီး ၎င်းတို့၏စကားသံများက အငြှိုးအာဃာတအပြည့်ဖြင့် လုံးထွေးနေ၏။ ထို့နောက် မရေမတွက်နိုင်အောင် ပြုံတိုးနေသော တစ္ဆေများကား စူးစူးဝါးဝါးအော်ရင်း မန်ဟို့ဆီ ပြေးဝင်လာကြလေပြီ။
သူ့စိတ်ထဲရှိ အန္တရာယ်အချက်ပေးခေါင်းလောင်းသံများ ပိုမိုကျယ်လောင်လာသဖြင့် မန်ဟို၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် နောက်ဆုတ်ရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ သူ့အရှေ့သို့ လက်ညှိုးထိုးလိုက်၏။
“တတိယမိစ္ဆာချုပ်နှောင်မန္တန်”
၎င်းက... ပစ္စုပ္ပန် - ရှေးခေတ်မန္တန်ပင်။
ဤမန္တန်သည် အချိန်၏အပြောင်းအလဲများကို စိုးမိုးပြုစားကား မျက်စိတစ်မှိတ်အတွင်း ခေတ်ပေါင်းများစွာ ကျော်လွန်သွားစေနိုင်၏။ အသက်တစ်ရှိုက်လေးမှာပင် မိုးကောင်းကင်သည် ရှေးကျသွားပြီး မြေပြင်များလည်း ကမ္ဘာဦးအစသို့ ရောက်ရှိသွားတော့သည်။ မန္တန်၏သက်ရောက်မှုများ ပျံနှံ့နေစဉ် ကြယ်တာရာကောင်းကင်မှာ ခြောက်ကပ်လာလေသည်။ တစ္ဆေများသည် မန်ဟို့အနားပင် မရောက်ခင် တစ်ကောက်မကျန် ပျောက်ကွယ်ကုန်၏။
အနန္တတန်ခိုးရှင်များမှလွဲ၍ အချိန်ဖြတ်သန်းမှုကို ရင်ဆိုင်နိုင်မည့် သက်ရှိများ မရှိသလောက်ပင်။ မှန်သည်၊ အတုမရှိတစ္ဆေက တန်ခိုးရှင်အဆင့်တက်ခဲ့သော်လည်း ကျန်တစ္ဆေများမှာမူ ဆင့်ခေါ်ခံခဲ့ရသည့်အတွက် ရင်ဆိုင်နိုင်သောအရည်အချင်းမရှိကြပေ။
တစ္ဆေများ အငွေ့ပျံပြာကျနေစဉ် လောကပါလနတ်မင်း၏ တစ္ဆေအသွင်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ ဤရလဒ်က သူ ခန့်မှန်းထားပြီးသောအရာဖြစ်၍ အနီးကပ်ကြည့်လျှင် သူ ပြုံးနေသည်ကို တွေ့ရလိမ့်မည်။
ထိုအပြုံးဖြစ်ထွန်းလာသည့်အချိန်မှာပဲ သူက ထူးဆန်းသောအသံနေအသံထားဖြင့် စကားစပြောသည်။
“တစ္ဆေအပေါင်းတို့ စိတ်ကို မြှုပ်နှံ၍ ငါ့ပုံရိပ်အဖြစ် ပြောင်းလဲကြလော့၊ အားလုံးရဲ့နှလုံးသားတွေထဲ ကျူးကျော်ဝင်ရောက်ကြလော့
“အရိပ်နှလုံးသားပြစ်ဒဏ်”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း လောကပါလနတ်မင်း၏ တစ္ဆေခန္ဓာကိုယ်သည် တွန့်လိမ့်ကွေးညွတ်လာရင်း မန်ဟို့အချိန်မှော်အစွမ်းမှ ဘာမလုပ်နိုင်လိုက်သော အရိပ်တစ်ခုအသွင် ပြောင်းသွားသည်။ အရိပ်က လှစ်ခနဲ မန်ဟို့ဆီ ပြေးဝင်လာလေသည်။
စောစောက ပျက်စီးသွားသည့် တစ္ဆေများမှ အကြွင်းအကန်ပြာဖုန်တို့က ဤအရိပ်အတွက် အစာဖြစ်လာသည့်အလားပင်။ ၎င်း နီးကပ်လာသည်နှင့်အမျှ အရိပ်၏စွမ်းအားအဆင့်သည် မန်ဟို့ကို ထိခိုက်စေဖို့ အနားပင်ကပ်သွားစရာမလိုတော့သည့်တိုင်အောင် မြင့်မားသွား၏။ အရိပ်က ဟင်းလင်းပြင်နှင့်တစ်သားတည်းဖြစ်ကာ မန်ဟို့ပတ်ဝန်းကျင်ရှိ အရာအားလုံးအား အမှောင်ထုထဲ ကျရောက်သွားစေသည်။
ထို့နောက် လောကပါလနတ်မင်း၏အသံက အရပ်လေးမျက်နှာတွင် ပဲ့တင်စပြုလာသည်။ “မန်ဟို ငါ အခု မင်းရဲ့မိစ္ဆာချုပ်နှောင်ခြင်းမှော်ပညာ၊ အဲဒီတတိယမန္တန်ဆိုတာကို ဖျက်စီးပစ်မယ်”
အဆုံးမဲ့အရိပ်များသည် အအေးငွေ့များကို ထုတ်လွှတ်လျက် မန်ဟို့အား လျင်မြန်စွာ လှည့်ပတ်နေကြ၏။ မန်ဟိုကမူ မျက်လုံးများအေးစက်သွားပီး မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ သို့သော် ပစ္စုပ္ပန် - ရှေးခေတ်မန္တန်က အလုပ်မလုပ်ပေ။
“သိပ်တော်တယ် တစ္ဆေ...” မန်ဟိုက ရေရွတ်လိုက်သည်။ သေရေးရှင်ရေးဖြစ်နေသည့်တိုင် မန်ဟို့အမူအရာသည် တည်ငြိမ်အေးဆေးလျက် ရှိ၏။ တတိယမန္တန်အလုပ်လုပ်အောင် အတင်းအကြပ်ကြိုးစားနေမည့်အစား သူက မထီမဲ့မြင်ရယ်ကာ အရိပ်များအား သူ့ကိုယ်ထဲ တိုးဝင်လာခွင့်ပြုထားသည်။
မကြာမီ ၎င်းတို့သည် သူ့ကိုယ်ထဲ ဝင်ရောက်၍ သူ၏တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့လေပြီ။
လောကပါလနတ်မင်း၏ တစ္ဆေအသွင်သည် မန်ဟို့ကို မသတ်ကောင်း မသတ်နိုင်လိမ့်မည်။ သို့သော် ထိုသို့လုပ်ဖို့လည်း မရည်ရွယ်ထားပေ။ သူက မန်ဟို့ချုပ်နှောင်မှော်ပညာအတွင်းရှိ အားနည်းချက်ကို ရှာ၍ ထိုအားနည်းကို အသုံးပြုပြီး မှော်ပညာအား ဖျက်စီးပစ်ချင်ခြင်း ဖြစ်သည်။
ထိုသို့လုပ်နိုင်မှသာ သူ့အနေဖြင့် နောက်ဆုံးတိုက်ပွဲ၌ မန်ဟို့အား အနိင်ယူနိုင်လိမ့်မည်။ တကယ်တမ်း လောကပါလနတ်မင်း အကြောက်ဆုံးမှာ မန်ဟို့ကို တန်ခိုးရှင်အဆင့်အထိ တက်သွားစေနိုင်ခဲ့သော ... မိစ္ဆာချုပ်နှောင်ခြင်းမှော်ပညာသာ ဖြစ်၏။
“မင်းက ငါ့မိစ္ဆာချုပ်နှောင်ခြင်းမှော်ပညာကို ဖျက်စီးနိုင်မယ် ထင်တယ်ပေါ့လေ” မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ စောင့်ကြည့်နေသူများကတော့ ပြောနိုင်မည်မဟုတ်သော်လည်း ပစ္စုပ္ပန်နှင့်ရှေးခေတ်၏စွမ်းအားက သာမန်မဟုတ်ကြောင်း သူ သိလေသည်။
၎င်းသည် ခန္ဓာကိုယ်၏အပြင်၌ မည်သူမှအနိုင်မယူနိုင်အောင် အင်အားကြီးမားလျှင် အထူးသဖြင့် တာအိုအရင်းအမြစ်နယ်ပယ်အဆင့်တန်ခိုးမှ အားဖြည့်ပေးထားသည့်အချိန် ခန္ဓာကိုယ်အတွင်း၌ မည်မျှများစွာပို၍ အင်အားကြီးမားနေမည်နည်း။
တကယ့်မေးခွန်းက မန်ဟို့ကိုယ်အတွင်းရှိ တစ္ဆေများသည် ချုပ်နှောင်ခြင်းမှော်ပညာကို ဖျက်စီးနိုင်မည်လော၊ သို့မဟုတ် ချုပ်နှောင်ခြင်းမှော်ပညာက တစ္ဆေများကို ဖျက်စီးမည်လော။
မန်ဟိုက ညာလက်ကို မြှောက်၍ လက်ခလယ်ဖြင့် နဖူးအား ထိသည်။ ထိုအခိုက်အတန့်၌ ပစ္စုပ္ပန် - ရှေးခေတ်၏ အချိန်စွမ်းအားကား သူ့ကိုယ်ထဲ၌ ပေါ်ထွက်လာတော့သည်။
မန်ဟို့ကိုယ်ထဲ၌ စီးဖြာသွားသော အဆုံးမဲ့အချိန်စွမ်းအားသည် နူးညံ့ညင်သာသယောင် ထင်ရသော်လည်း အချိန်လုံလုံလောက်လောက်ရလျှင် မည်သည့်ကျောက်ဆောင်ကြီးများကိုမဆို အမြစ်မှလှန်ပစ်နိုင်သော သမုဒ္ဒရာလှိုင်းကြီးနှင့်တူ၏။
အချိန်ပေါက်ကွဲမှုတစ်ခု မန်ဟို့ကိုယ်အတွင်း ဖြစ်ပျက်သွားပြီး ထိုသို့ဖြစ်ပျက်သောအခါ သူ့ကိုယ်ထဲရှိ တစ္ဆေများ ဗြောင်းဆန်ကုန်လေသည်။ ၎င်းတို့သည် အားနည်းလာ၏။ ထို့နောက် မန်ဟိုက အင်္ကျီလက်စခါလိုက်သည်။ အသက်တစ်ရှိုက်လေးအတွင်း နှစ်ပေါင်း ၁၀၀,၀၀၀,၀၀၀ ကျော်လွန်သွားလေသည်။
အသက်ဆယ်ရှိုက်ကြာသော် သူ့ကိုယ်ထဲရှိ တစ္ဆေတစ်ကောင်မကျန် အချိန်စီးကြောင်းကြောင့် ပျက်စီးပျောက်ကွယ်သွားတော့သည်။
မန်ဟိုက လက်လှမ်းလိုက်ရာတွင် ပစ္စုပ္ပန်-ရှေးခေတ်မန္တန်သည် သူ့လက်ဝါးထဲ၌ လည်လာပြီး အရိပ်များစွာပြည့်နှက်လျက် တောက်ပနေသော စက်လုံးတစ်လုံး ဖြစ်လာ၏။ ထို့နောက် မန်ဟိုက လက်သီးဆုပ်လိုက်သည်။ စက်လုံးမှာ ခွမ်းခနဲ ကွဲကြေသွားလေသည်။
မလှမ်းမကမ်းရှိ ကြယ်တာရာကောင်းကင်ထဲ၌ လောကပါလနတ်မင်း၏ကိုယ်ပွားမှာ သွေးတစ်ပွက်အန်လိုက်ရပြီး သူ၏မျက်နှာအပေါ်တွင် အံ့ဩထိတ်လန့်မှုအတန်ငယ် ထင်ဟပ်နေသော ရက်စက်ခက်ထန်သည့်အမူအရာ ရှိသည်။
“ကဲ အဆုံးသတ်ဖို့ အချိန်ကျပြီ” မန်ဟိုက သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများ စူးရဲတောက်ပနေလျက် ပြောသည်။ ထို့နောက် သူ၏အသတ်အဖြတ်အရှိန်အဝါသည် လောကပါလနတ်မင်းထံ ခုတ်ပိုင်းချလိုက်သော ဓားသွားအသွင် ပြောင်းသွားလေ၏။