← Chapters

အိမ်ပြန်ပြီ

Vol. 111 Ch. 1655

အိမ်ပြန်ပြီ

Vol. 111 Ch. 1655

သို့သော် ထိုနောက်ပိုင်း၌ ယဲ့ဖန်က ဟင်းလင်း ပြင်တွင်း၌ ပျောက်ကွယ်သွားပြီး ဘယ်သော အခါမှ ထပ်ပေါ်မလာ တော့ချေ။

ထို့နောက်တွင် သူသည် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ယဲ့ဖန် ရှိနိုင်မည့်နေရာကို လိုက်ရှာခဲ့သည်။ ကိုးပြည်နယ်တစ်ခုလုံးကို လှည့်လည်သွားလာပြီး ယဲ့ဖန်၏ အာရုံကို ဆွဲဆောင်မိစေရန် ရန်သူများကို တိုက်ခိုက်ခဲ့သည်။

သူ ကိုးပြည်နယ်တစ်ခုလုံးကို ရှာဖွေသော်လည်း ယဲ့ဖန်ကို ထပ်မတွေ့ရသည်က နှမြောစရာပင်။ ယဲ့ဖန်ကို ရှာဖွေရန် သူသည် ဟင်းလင်းပြင်တွင်းသို့ပင် ဝင်ရောက်၍ မရေတွက်နိုင်‌သော နဂါးငွေ့တန်းများသို့ သွားလာခဲ့လေသည်။

သူသည် ယဲ့ဖန်ကို နှစ်ထောင်ချီအောင် လိုက်ရှာခဲ့သဖြင့် အချိန်ကိုပင် မေ့လျော့သွားခဲ့သည်။ ယခုအခါမှ သူ ပြန်တွေ့နိုင်ပြီဖြစ်သဖြင့် သူ ဘယ်လိုလုပ် ထွက်သွားနိုင်မည်နည်း။

ယဲ့ဖန်က သူ့ကိုတစ်ချက်ကြည့်၍ ပြောလိုက်သည်။

“မင်း ငါ့အတွက် နတ်ဆိုး အငွေ့အသက်တိုင်းပြည်ကို ကာကွယ်နိုင်သလား”

ကျင်းလျိုရင်က အသည်းအသန် ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကျွန်တော် လုပ်ပါ့မယ်၊ ကျွန်တော့်ခန္ဓာကိုယ်အစစ်ကို ပြန်ခေါ်ပြီး နတ်ဆိုး အငွေ့အသက် အင်ပါယာ ဘယ်တော့မှ မသေဆုံးအောင် ကာကွယ်ပါ့မယ်”

ထိုသတင်းစကားက ကိုးပြည်နယ်ကို ထိတ်လန့်သွားစေသည်။ ပြောရမည်ဆိုလျင် နတ်ဆိုး အငွေ့အသက် အင်ပါယာတွင်း၌ သူတော်စင်အဆင့်တစ်ယောက် ရှိနေလိမ့်မည်ဟု ဆိုလိုနေသည် မဟုတ်ပါတကား။

“ဘော့စ် အခု ခင်ဗျား အဆင်ပြေသွားပြီဆိုတော့ ကျုပ်တို့ ထွက်သွားဖို့ အချိန်တန်ပြီ”

နတ်ဆိုးနဂါး ဖုရှန်က ပြုံး၍ ပြောလာသည်။ ယဲ့ဖန် တစ်ခဏမျှ အံ့ဩသွားပြီးမှ ပြန်ပြောလိုက်သည်။

“မင်းတို့ အခု ထွက်သွားတော့မလို့လား”

“ထွက်သွားတာ မဟုတ်ပါဘူး၊ ခဏတဖြုတ် သွားတာပါ၊ ကျုပ်တို့ကို လိုအပ်လာတဲ့အချိန် နတ်ဆိုးအမိန့်ကိုသာ ထုတ်လိုက်ပါ၊ ကျုပ်တို့ လာမှာပါ”

ဖေးချမ်ကလည်း ရှေ့တိုး၍ ဝင်ပြောလာသည်။

“လွန်ခဲ့တဲ့သုံးနှစ်က ခင်ဗျားရဲ့ ထွက်ခွာသွားမှုက ကျုပ်တို့ ဘယ်လောက် အသုံးမကျလဲဆိုတာကို သေသေချာချာ သိမြင်စေခဲ့တယ်၊ ကျုပ်တို့ အဲ့လိုကိစ္စမျိုး ထပ်မဖြစ်ချင်ဘူး”

ဖေးချမ်က ပြုံး၍ ပြောလာသည်။

“ကျုပ်တို့ တစ်သက်လုံး ခင်ဗျားကို မှီခိုနေလို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား”

သူတို့ ဆက်လက်လေ့ကျင့်ကာ ပိုသန်မာလာချင်သည်။ သူတို့သည် ယဲ့ဖန်အား ဆွဲချမည့်လူများ ဖြစ်နေမည့်အစား ယဲ့ဖန်၏ ဘယ်လက်ရုံး၊ ညာလက်ရုံး ဖြစ်ချင်ပြီး လက်နက်တစ်ခုသဖွယ် ဖြစ်ချင်၏။

လွန်ခဲ့သောသုံးနှစ်က သူတို့၏ ညံ့ဖျင်းမှုကြောင့် ယဲ့ဖန် သုံးနှစ်တာ ပျောက်ကွယ်သွားခဲ့ပြီး သူတို့၏ မရီးများ နေ့တိုင်း မျက်ရည်ဖြင့် မျက်နှာသစ်နေရသည်။

သူတို့ သုံးနှစ်လုံးလုံး နောင်တရကာ သင်ခန်းစာ ရခဲ့လေပြီ။ ထို့အပြင် သူတို့၏ သခင်ကြီး နောင်အနာဂတ်၌ ကြုံတွေ့လာမည့် ရန်သူများက ပိုပို၍ သန်မာနေလိမ့်မည်ဟုလည်း သူတို့ ခံစားမိနေ၏။

ထိုသို့သောအချိန် ရောက်လာလျင် သူတို့က ယဲ့ဖန်၏ အနောက်၌ ရပ်နေသူများ မဟုတ်ဘဲ ဘေးချင်းယှဉ်၍ ရင်ဆိုင်ပေးနိုင်သူများ ဖြစ်ချင်သည်။

ယဲ့ဖန်က စကားပြောချင်သေးသော်လည်း ဖေးချမ်က ခေါင်းခါသည်။

“ဘော့စ် ကျုပ်တို့ သွားဖို့ ဆုံးဖြတ်ပြီးပြီ၊ ခင်ဗျား ကျုပ်တို့ကို သွားခွင့်ပေးတာ ပိုကောင်းမယ်”

ယဲ့ဖန် ခါးသက်စွာပြုံး၍ ခေါင်းညိတ်လိုက်သည်။

“သတိထားသွားပါ”

“စိတ်မပူပါနဲ့ ကျုပ်တို့ အကြာကြီး နေရဦးမှာပါ”

ဖေးချမ် ပြုံးနေသည်။ ထို့နောက် သုံးယောက်လုံးက အချင်းချင်း ပြန်ကြည့်ပြီးနောက် အရပ်မျက်နှာ အသီးသီးတို့ ထွက်ခွာသွားကြသည်။ သို့သော် သူတို့၏ အင်အားစုအားလုံးကို ယဲ့ဖန်ထံ၌ ထားခဲ့လေသည်။

ယဲ့ဖန်သည် အရာအားလုံးကို ရှင်းပြပြီးနောက် သူသည်လည်း ထွက်လာခဲ့သည်။ ထို့နောက် လူသူကင်းမဲ့သော နေရာ၌ အိုးရန်လင်းနှင့် လီဟွမ်ဟွမ်တို့ကို သူ ပြန်လွှတ်ပေးလိုက်သည်။

အိုးရန်လင်းသည် အစက သူ့ကို ဆူချင်ပါသော်လည်း ယဲ့ဖန်က တတိယဘိုးဘေးအား ရှင်းလင်းလိုက်သည်ကို မြင်လိုက်ရပြီးနောက် အပြုံးကြီး ပြုံးကာ လက်မထောင်ပြသည်။

“ကောင်လေး မင်းတော်တယ်၊ ငါ့တူလို့ မပြောရဘူး”

လီဟွမ်ဟွမ်က အိုးရန်လင်းကို အထင်မကြီးသလို တစ်ချက်ကြည့်သည်။ ယဲ့ဖန် ပြုံးနေ၏။

“အခု ကျွန်တော် အိုးရန်အိမ်တော်ကို ခင်ဗျားနဲ့အတူ ပြန်လိုက်ခဲ့လို့ရပြီ”

“တကယ်လား”

အိုးရန်လင်း ပြုံးလိုက်ပြီး ယဲ့ဖန် ရုတ်တရက် စိတ်ပြောင်းသွားလိမ့်မည်ဟု မယုံနိုင် ဖြစ်နေသည်။ ယဲ့ဖန်က ခေါင်းညိတ်၍ ဆက်ပြောလေသည်။

“ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေ တစ်ခုရှိတယ်၊ အဲ့ဒါက ကျွန်တော်က ယဲ့ဘုရင်ဆိုတာကို ထုတ်မပြောရဘူး”

“စိတ်မပူနဲ့၊ မင်း ဘာကို စိုးရိမ်နေလဲ ငါ သိတယ်၊ အခု မင်းမှာ ရန်သူတွေ အများကြီး ရှိနေတာ၊ ပြီးတော့ ငါ မင်းနော်ကခံကို လူသိအောင် မပြရဲပါဘူး”

အိုးရန်လင်းက မချိပြုံးပြုံးနေသည်။

ယခု ယဲ့ဖန်က တစ်လောကလုံးနှင့် ရန်သူ ဖြစ်နေသည်။ အကယ်၍ အပြင်လူကသာ ယဲ့ဖန်နှင့် အိုးရန် မိသားစုကြားမှ ပတ်သက်မှုကို သိသွားလျင် သူတို့ ဘယ်လို ရင်ဆိုင်ရမလဲ မသိသေးပါ။

“ဒါဆို သူတို့က …”

လီဟွမ်ဟွမ်က ယဲ့ဖန်အနောက်မှ မိန်းကလေးများကို တအံ့တဩ ကြည့်နေသည်။

“ကျွန်တော့်မိန်းမပါ”

ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

*ဟမ်*

အိုးရန်လင်းနှင့် လီဟွမ်ဟွမ်က ယဲ့ဖန်အနော်ကမှ မိန်းကလေးတစ်သိုက်ကို လက်ညှိုးထိုး၍ တအံ့တဩ ပြန်မေးလာသည်။

“သူတို့အားလုံးလား”

*ဒီကောင်လေးက တော်တော်ဆိုးတာပဲ၊ တစ်ယောက်တည်းနဲ့ မိန်းမတွေ အများကြီးယူတယ်၊ ပြီးတော့ တစ်ယောက်ချင်းစီက နတ်သမီးလို လှနေရော*

“အင်း … အားလုံးပေါ့”

ယဲ့ဖန်က ဆုကြီးတစ်ခု ရထားသကဲ့သို့ ပေါ့ပါးတည်ငြိမ်စွာ ပြောလိုက်သည်

“ခွေးကောင်လေး ဒါ တကယ် ကံကောင်းတာကွ”

အိုးရန်လင်းက အားကျ၍ မနာလိုသလို ကြည့်မရဟန်ဖြင့် ကြည့်နေသည်။ အစက သူသည် ယဲ့ဖန်ကဲ့သို့ မိန်းမလှလေးများ ခြံရံခွင့်ရနိုင်ခဲ့သော်လည်း ကံဆိုးစွာဖြင့် ခြင်္သေ့မလေးကိုမှ ယူမိသွားသည်။

“ဘာလဲ အားကျနေတာလား၊ ဒီမိန်းမနဲတင် မလုံလောက်သေးဘူးလား၊ ဒါမှမဟုတ် ခုတင်ပေါ်မှာ အားမရလို့လား၊ ရှင့်လို ပုံပျက်ပြီး သေးသေးကွေးကွေးလေးကလေ”

လီဟွမ်ဟွမ်က ထူးဆန်းသော လေသံဖြင့် ပြောလာသည်။ အိုးရန်လင်း ရုတ်တရက် အရှက်ရသွားသည်။ ယဲ့ဖန်နှင့် မိန်းကလေးများက အချင်းချင်းသာ ပြန်ကြည့်နေကြပြီး မကြားသလို လုပ်နေကြသည်။

သုံးရက်ကြာသော် သူတို့သည် အင်မော်တယ် တောင်တစ်လုံးဆီသို့ ရောက်လာကြသည်။ တောင်တွင် စွမ်းအင် ပေါ်များပြီး တိမ်များ ဝေ့ဝဲနေကာ နေနှင့်လတို့၏ အလင်းရောင်များ ဖြာကျနေ၏။

အငွေ့အသက်က ပြောမပြတတ်အောင် ထည်ဝါမြင့်မြတ်လှသည်။ အိုးရန်မိသားစုသည် ဤအင်မော်တယ် တောင်၌ တည်ရှိသည်။

ယဲ့ဖန်သည် အဘိုးဖြစ်သူနှင့် မကြာခင် တွေ့ရတော့မည်ဟု တွေးမိပြီး အနည်းငယ် စိုးရိမ်ပူပန်သလို ခံစား လာရသည်။

သူသည် လူမှန်းသိတတ်စကတည်းက တစ်ကိုယ်တည်း ဖြစ်နေခဲ့သည်။ ယခု သူ့မိသားစုနှင့် ပြန်တွေ့နိုင်တော့မည် ဖြစ်သဖြင့် ခံစားချက်က ရောထွေးကာ စိုးရိမ်နေသည်။

ထိုသို့သောအချိန်၌ မိန်းကလေးများက သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လာပြီး နှစ်သိမ့်သော အပြုံးတစ်ခုကို ပြုံးပြကြသည်။

“မစိုးရိမ်နဲ့၊ အခုချိန်ကစပြီး ဒါ မင်းအိမ်ပဲ”

အိုးရန်လင်းကလည်း စိတ်လှုပ်ရှားနေ၏။ သူ့မိသားစုနှင့် ပြန်ဆုံနိုင်တော့မည်ကို တွေးမိပြီး သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းမရချေ။

ယဲ့ဖန် အိမ်ပြန်လာသော သတင်း ပျံ့သွားလျင် သူ၏ အစ်မသည်လည်း သေချာပေါက် အိမ်သို့ ပြန်လာ ပေလိမ့်မည်။

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး အိုးရန်လင်း၏ အနောက်မှနေ၍ ခန်းမထဲ ဝင်လိုက်သည်။

ထိုအခိုက်တွင် ခန်းမတွင်း၌ လူများစွာ စုဝေးနေပြီး အမျိုးသားများနှင့် အမျိုးသမီးပါမကျန် ရောက်ရှိနေကာ အားလုံး၏ အာရုံက ယဲ့ဖန်ထံ ကျရောက်နေသည်။

အားလုံး၏ အကြည့်တွင် အထင်သေးခြင်း၊ စပ်စုလိုခြင်း၊ အရေးမစိုက်ခြင်းတို့ ပြည့်နေ၏။ သို့သော် ကြိုဆိုခြင်း မရှိသည်က သိသာလှသည်။

အကြောင်းမှာ အိုးရန်ချင်ရွှယ်က မိသားစုတွင်း၌ နာမည်မကြီးသောကြောင့်ပင်။ အားလုံးက သူမကို ကြောက်ကြပြီး ထိုကြောက်စိတ်ကပင် မုန်းတီးစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။

အိုးရန်ချင်ရွှယ်သာ အိမ်က ထွက်မသွားလျင် ယခုအချိန်လောက်ဆို အိုးရန်အိမ်တော်၏ မိသားစုခေါင်းဆောင် ဖြစ်နေလောက်သည်။

ထိုသို့ဆိုလျင် ကလေးဘဝကတည်းက သူမ အနိုင်ပိုင်းနိုင်ခဲ့သော် သူမ၏ မောင်သုံးယောက်တွင်လည်း တောက်ပသော အနာဂတ် ရှိလာမည် မဟုတ်ပါ။

အိုးရန်လင်းကိုယ်တိုင်ကိုက ကြီးမားသော ရည်မှန်းချက် မရှိသလို မိသားစုခေါင်းဆောင် နေရာကို ဆက်ဆံလိုစိတ် မရှိပေ။ သို့သော် သူ့အစ်ကိုနှစ်ယောက်က သူ့လို မဟုတ်ပေ။

တစ်ခါက အိုးရန်ချင်ရွှယ် အိမ်တော်၌ ရှိနေစဉ်တွင် သူတို့သည် လုပ်ကြံရေးသမားများ ဒါဇင်ချီ၍ လွှတ်ခဲ့ သော်လည်း အားလုံး ကျရှုံးခဲ့သည်။

နောက်ဆုံးအကြိမ် လုပ်ကြံမှုတွင် အိုးရန်ချင်ရွှယ်က မောင်နှစ်ယောက်ကို ထုတ်ပြောလာသည်။

“နောက်တစ်ခါဆိုရင် ငါ နင်တို့နှစ်ယောက်လုံးကို သတ်ပစ်မယ်၊ အဖေတောင် နင်တို့ကို ကယ်လို့မရစေရဘူး”

ထိုစကားကြောင့်ပင် မောင်နှစ်ယောက်လုံး ကြံရာမရ ဖြစ်သွားကြပြီး အိုးရန်ချင်ရွှယ်ထံ လူသတ်သမား ထပ်မလွှတ်ရဲတော့ချေ။

သူတို့၏ အစ်မကြီးက ပြိုင်ဘက်ကင်းကြောင်း သူတို့ သတိထားမိသွားသောကြောင့်ပင်။

အိုးရန်ချင်ရွှယ် ထွက်သွားသောအခါ ဘယ်သူကမှ မိသားစုခေါင်းဆောင် နေရာကို မလုကြချေ။ သူတို့သည် မိသားစုခေါင်းဆောင် နေရာက သူတို့လက်ထဲသို့ အလိုလို ရောက်လာလိမ့်မည်ဟု တုံးအစွာ တွေးခဲ့လေ၏။

သို့သော် သူတို့၏ဖခင် အိုးရန်ကျန်းက အိုးရန်ချင်ရွှယ် ပြန်လာလိမ့်မည်ဟု အလွန် မျှော်လင့်ထားသဖြင့် မိသားစုခေါင်းဆောင် နေရာကို လွှဲပေးရန် အချိန်ဆွဲထားခဲ့သည်။

သူတို့ ဘယ်လိုလုပ် မကျေမနပ် မဖြစ်ဘဲ နေနိုင်ပါမည်နည်း။ သူတို့၏ အိပ်မက်ထဲမှာတောင်မှ အိုးရန်ချင်ရွှယ် ဆိုးဆိုးရွားရွား‌ သေပါစေဟု မျှော်လင့်နေခဲ့ကြသည်။

ယခု သူမမွေးသော သန္ဓေယုတ်ကလေးက ပြန်လာသည်ကို မြင်နေရသဖြင့် တစ်မိသားစုလုံး ကြည့်မရတော့ချေ။

သို့သော် အမြင့်၌ ထိုင်နေသော အိုးရန်ကျန်းက အလွန် စိတ်လှုပ်ရှားနေသည်။ ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် သူ့အကြည့်များက ရီဝေလာ၏။

*အဲ့ဒီ မောက်မာတဲ့အကြည့်*

*အဲ့လိုအပြုံး*

*အဲ့လို ကိုယ်နေဟန်ထား*

ထိုအခိုက်တွင် အိုးရန်ကျန်းသည် အိုးရန်ချင်ရွှယ်ကို ပြန်မြင်လိုက်ရသည်ဟု ထင်မှတ်သွားရသည်။

ယခင်က အိုးရန်ချင်ရွှယ်သည် ယဲ့ဖန်ကဲ့သို့ ဘယ်သူမှ သူမမျက်လုံးထဲ မထည့်ဟန်ဖြင့် မာနကြီးကာ မောက်မာတတ်သည်။

သူမသည် အိုးရန်ကျန်း ဂုဏ်အယူရဆုံး ကလေးပင်။ သူမက မိန်းကလေး ဖြစ်နေတာတောင်မှ အိုးရန်ကျန်းက အိုးရန်မိသားစုကို သူမလက်ထဲ လွှဲပေးချင်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အိုးရန်ချင်ရွှယ်သာလျင် အိုးရန်မိသားစုကို ထိပ်ဆုံးသို့ ခေါ်ဆောင်နိုင်ပြီး တစ်လောကလုံး၌ နံပါတ်တစ် မိသားစုဖြစ်အောင် လုပ်ပေးနိုင်ကြောင်း အိုးရန်ကျန်း သိနေသော ကြောင့်ပင်တည်း။

“တူတယ်၊ သိပ်တူတယ်၊ ပုံစံခွက်ထဲက ထုတ်ယူလာသလိုပဲ”

အိုးရန်ကျန်း၏ အကြည့်များ မှုန်မှိုင်းလာပြီး တစ်ကိုယ်တည်း ရေရွတ်နေကာ ချက်ချင်း အနားသို့ သွားလိုက်သည်။

သူက စိတ်အားထက်သန်စွာဖြင့် ယဲ့ဖန်၏လက်ကိုကိုင်၍ မေးလာသည်။

“ကလေး မင်းနာမည်က ဘာလဲ”

ဤမြင်ကွင်းက လူတိုင်းကို မျက်နှာပျက်သွားစေသည်။ အိုးရန်ကျန်း အလွန် မတည်မငြိမ် ဖြစ်သည်ကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

သူတို့၏ အမြင်တွင် အိုးရန်ကျန်းက အေးစက်မောက်မာပြီး သူ့ကလေးနှင့် မြေးတွေကိုတောင်မှ ခွင့်မလွှတ် တတ်သူ ဖြစ်သည်။

သူတို့အရှေ့၌ အိုးရန်ကျန်း ပြုံးသည်ကိုပင် သူတို့ တစ်ခါမှ မမြင်ဖူးပါ။ သို့သော် ယခုအခါ၌ ဤအပြင်လူကို မြင်ပြီးနောက် သူက ဤသို့ စိတ်လှုပ်ရှားသော အမူအရာကို ပြလာသည်တဲ့လား။

ချက်ချင်းဆိုသလိုပင် မြေးများအားလုံး မနာလို ဖြစ်လာလေ၏။

သူတို့သည် အိုးရန်ကျန်းရှေ့၌ အစွမ်းကုန် ကြိုးစားပြသော်လည်း ဘယ်သူမှ အိုးရန်ကျန်း၏ ချီးကျူးမှုကို မရဖူးပါ။ ထို့ကြောင့် အိုးရန်ကျန်းက ယဲ့ဖန်ကို ဤသို့ ဆက်ဆံသည်ကိုမြင်ပြီး သူတို့ အလွန် စိတ်တိုလာသည်။

သူတို့သည် အိုးရန်ကျန်း၏ မြေးများဖြစ်ပြီး ယဲ့ဖန်က အပြင်လူသာဖြစ်သည်။ အဘယ်ကြောင့် သူက အိုးရန်ကျန်းထံ၌ အလေးပေး ခံရသနည်း။

“ကျွန်တော့်နာမည်က ယဲ့ဖန်ပါ”

ယဲ့ဖန်က အနေရခက်ဟန်ဖြင့် ပြောလိုက်သည်။

“ကောင်းလိုက်တဲ့နာမည်၊ ကောင်းတယ်၊ ကောင်းတယ်”

လက်ရှိတွင် အမြဲမာနကြီးသော အိုးရန်ကျန်းက ကြင်နာတတ်ဟန် ပေါ်နေပြီး ယဲ့ဖန်၏ လက်ကို မလွှတ်သေးပေ။ ဤသည်ကိုမြင်သော် အိုးရန်မိသားစုဝင်များအားလုံး စိတ်ပျက်သလို အကြည့်လွှဲလာသည်။

*ဒါ သာမန်နာမည်ပဲ မဟုတ်ဘူးလား*

*ဘယ်နားမှာများ ကောင်းနေလို့လဲ*

*နည်းနည်း မလွန်လွန်းဘူးလား*

“မင်းက မင်းအမေနဲ့ တစ်ပုံစံတည်းပဲ”

အိုးရန်ကျန်းက လူကြမ်းတစ်ဘောက် ဖြစ်ပြီး ယဲ့ဖန်၏ ပခုံးကို ဆက်တိုက် တဖြောင်းဖြောင်း ရိုက်၍ ပြောလာသည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်က သန်မာသော်လည်း သူတော်စင်အဆင့်၏ ရိုက်နှက်ခြင်း ခံရသဖြင့် အရိုးများပင် ကျိုးလုနီးပါး ဖြစ်လာရသည်။

“အဖေ ဖြည်းဖြည်းလုပ်ပါ”

လီဟွမ်ဟွမ်က စိတ်ဆိုးမာန်ဆိုး ပြောလာသည်။

“အဖေ သူ့ကို သေစေချင်နေတာလား”

အိုးရန်ကျန်းက ရှက်သွားသလို ပြုံးလိုက်ပြီး လက်ကိုပြန်ရုတ်ကာ ချီးကျူးလေသည်။

“မဆိုးဘူး၊ မဆိုးဘူး၊ ခန္ဓာကိုယ်က သန်မာတယ်၊ မင်းအမေလိုပဲ”

ထိုအခိုက်တွင် အိုးရန်ကျန်းသည် သူ့မြေးများကို ချီးကျူးသင့်သော ချီးကျူးစကားများစွာအား ယဲ့ဖန်ထံ ပြောနေ လေသည်။ ထို့ကြောင့် အားလုံး၏ မျက်နှာက မုန်းတီးစိတ်ကြောင့် ပို၍ တင်းမာလာသည်။

အိုးရန်လင်း ရယ်ရမလား ငိုရမလား မသိတော့ချေ။

*ဒါကို သားအချစ် မြေးအနှစ်လို့ ခေါ်တာလား*

အိုးရန်ကျန်းသ်ည အိုးရန်ချင်ရွှယ်ကို ကလေးဘဝကတည်းက ချစ်သည်။ သူသည် လက်ထဲ၌ ပွေ့ချီထားလျင် လွတ်ကျသွားမည်ကို စိုးရိမ်ပြီး ငုံထားလျင် မျိုချမိမည်ကို စိုးသည်အထိ သည်းသည်းလှုပ် ချစ်လေ၏။

အဘယ်ကြောင့်ဆိုသော် အိုးရန်ချင်ရွှယ်သည် ကလေးဘဝကတည်းက အလွန် ထူးချွန်သော ပါရမီကို ပြခဲ့သောကြောင့်ပင်။ အိုးရန်ကျန်းသည် အမြဲ အံ့ဩကျေနပ်ခဲ့ရပြီး အိုးရန်ချင်ရွှယ်အတွက် ဂုဏ်ယူခဲ့သည်။

အိုးရန်ကျန်း၏ အမြင်မှဆိုချင် အိုးရန်ချင်ရွှယ်က သူတို့ အိုးရန်မိသားစုတွင်း၌ အလွန် အံ့ဩစရာကောင်းသော ပါရမီရှင် ဖြစ်ပြီး သူတို့အား အသစ်အသစ်သော အဆင့်အထိ ခေါ်ဆောင်သွားနိုင်သူ ဖြစ်သည်။

သို့သော် အိုးရန်ချင်ရွှယ်က အိုးရန်မိသားစုမှ ထွက်ခွာရန် ရွေးချယ်ခဲ့ပြီး အိုးရန်ကျန်း၏ ဆန္ဒကို ဆန့်ကျင့်ကာ သာမညောင်ည ယောကျ်ားတစ်ယောက်ကို လက်ထပ်ခဲ့သည်။

All Chapters