အဘိုး
Vol. 111 Ch. 1656
ထိုလူသည် လက်ထပ်ပြီး သိပ်မကြာခင်မှာပင် နာမကျန်းဖြစ်ကာ သေဆုံးသွားသဖြင့် ကလေးအား ဖခင်မဲ့စေပြီး အိုးရန်ချင်ရွှယ်အား မုဆိုးမ ဖြစ်စေခဲ့သည်။ ထို့နောက် ယဲ့ဖန် သေဆုံးသွားခဲ့ပြီး အိုးရန်ချင်ရွှယ် အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။
ယခုအချိန်အထိ အိုးရန်အိမ်တော်ကို ပြန်မလာခဲ့ပေ။
အိုးရန်ကျန်း၏ အိုးရန်ချင်ရွှယ်အပေါ် အစပိုင်း၌ စိတ်ပျက်ခဲ့သော်လည်း တဖြည်းဖြည်း ဒေါသစိတ် ဖြစ်ပေါ်လာပြီးနောက် နောက်ပိုင်းတွင် စိုးရိမ်စိတ် ဖြစ်လာခဲ့ပြီး ယခုအခါတွင် သတိရတမ်းတစိတ်သာ ရှိတော့သည်။
အိုးရန်ကျန်းသည် ဘာမှမပြောသော်လည်း အချိန်နှင့်အမျှ အိုးရန်ချင်ရွှယ် နေခဲ့သော ခြံဝန်းလေးသို့ အမြဲ သွားနေခဲ့သည်။ သူ အထဲသို့ မဝင်သော်လည်း နေ့တိုင်း တံခါးဝ၌ ရပ်ကြည့်နေခဲ့သည်။
ထို့ကြောင့် ယခု အိုးရန်ချင်ရွှယ်၏ သားဖြစ်သူ အိမ်ပြန်လာသည်ကိုမြင်သောအခါ သူ့ရင်ထဲ၌ တစ်မျိုးတစ်ဖုံ စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။
“အဘိုး ကျွန်တော် ကျွန်တော့်အမေအခန်းကို သွားကြည့်ချင်တယ်”
ယဲ့ဖန် ပြောလိုက်သည်။ အိုးရန်ချင်ရွှယ်က မည်သို့သော အမျိုးသမီး ဖြစ်သလဲ သူ သိချင်နေ၏။
“မင်း အခု ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ”
အိုးရန်ကျန်း မယုံနိုင်ဟန်ဖြင့် တစ်ခဏမျှ အံ့ဩသွားသည်။
“အဘိုးလို့ ခေါ်လိုက်တာပါ၊ ဘာဖြစ်လို့လဲ”
ယဲ့ဖန် နားဝေတိမ်တောင် ဖြစ်သွားသည်။
*ငါများ ခေါ်တာ မှားသွားလို့လား*
“လိမ္မာတဲ့ကောင်လေး၊ တကယ် လိမ္မာတဲ့ကောင်လေးပဲ”
အိုးရန်ကျန်း မျက်ရည်လည်ရွဲ ဖြစ်သွားပြီး ယဲ့ဖန်၏လက်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် မျက်ရည်များကို သုတ်နေသည်။
ဤအဖြစ်အပျက်က အိုးရန်မိသားစုကို အံ့ဩသွားစေသည်။
တစ်နေ့တည်းနှင့် အိုးရန်ကျန်း၏ စိတ်အမူအရာ အကြိမ်ပေါင်းများစွာ ပြောင်းလဲသည်ကို သူတို့ မြင်ခဲ့ရသည်။ ထိုအခြင်းအရာကလည်း အပြင်လူ သန္ဓေယုတ်ကြောင့် ဖြစ်နေ၏။ နာမည်လေးတစ်ခွန်းက အိုးရန်ကျန်းကို အထိန်းအကွပ်မဲ့စွာ စိတ်လှုပ်ရှားနေစေသည်။
သူတို့ ယဲ့ဖန်ထံမှ ခြိမ်းခြောက်မှုကို ခံစားနေရသည်။
*ဒီလူကို အိုးရန်အိမ်တော်ထဲ ဝင်ခွင့်ပြုလိုု့မရဘူး၊ မဟုတ်ရင် အခြေအနေက ဆိုးရွားသွားလိမ့်မယ်*
“လာ ငါ မင်းကို မင်းအမေရဲ့ အခန်းဆီ ခေါ်သွားမယ်”
အိုးရန်ကျန်းသည် ယဲ့ဖန်ကို သူကိုယ်တိုင် လိုက်ပြပေးဖို့ စဉ်းစားထားပြီးသား ဖြစ်သည်။
“အဖေ သူ အိုးရန်အိမ်တော်ထဲ ဝင်မှာကို ကျွန်တော် ကန့်ကွက်တယ်”
ထိုအခိုက်တွင် နှုတ်ခမ်းမွေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထွက်လာသည်။ သူ့မျက်နှာက မည်းမှောင်နေပြီး မျက်လုံးများက စူးရှကာ အဆိပ်ပြင်းသော မြွေတစ်ကောင်နှင့် တူနေကာ အချိန်မရွေး ပေါက်သတ်တော့မည့်ပုံပင်။
ထိုလူသည် အိုးရန်ချင်ရွှယ်၏ ဒုတိယမောင်ဖြစ်ပြီး ယဲ့ဖန်၏ ဒုတိယဦးလေးဖြစ်သူ အိုးရန် ရှန့်ဖုန်း ဖြစ်လေသည်။
“ဘာကြောင့်လဲ”
အိုးရန်ကျန်း၏ မျက်နှာက မည်းမှောင်သွားပြီး မပျော်မရွှင်ဖြင့် မေးလိုက်သည်။
“သူက အစ်မကြီးရဲ့ သားဆိုတာကို ကျွန်တော် မယုံဘူး”
အိုးရန် ရှန့်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“ကျွန်တော်တို့ အိုးရန်မျိုးနွယ်က မွေးရာပါ ပါရမီရှင်တွေ၊ ဘုရင်တစ်ပါးအနေနဲ့ မွေးလာကြတာ၊ တိုက်ရိုက် မျိုးဆက်ထဲက လူငယ်တွေတောင် အဆိုးဆုံးသူက သူတော်စင်သခင်အဆင့်မှာ ရှိတယ်၊ ဒါပေမဲ့ သူကရော ဘာလဲ၊ ချီစီးဆင်းမှုမရှိတဲ့ အမှိုက်ကောင်ပဲ၊ သူ့ကိုယ်ထဲမှ ကျွန်တော်တို့ အိုးရန်မျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေပါတယ်လို့ ပြောတာကို ဘယ်သူက ယုံမှာလဲ”
ထိုစကား ထွက်လာသည်နှင့် မျိုးနွယ်ဝင်များ အချင်းချင်း တီးတိုး ပြောလာကြပြီး သူတို့သည်လည်း အိုးရန် ရှန့်ဖုန်း၏ စကားက အကျိုးအကြောင်း သင့်လျော်သည်ဟု ခံစားမိနေသည်။
ဤသည်ကိုမြင်သော် အိုးရန်ရှန့်ဖုန်းက စဉ်းလဲသော အပြုံးမျိုး ပြုံးလာပြီး စိတ်ထဲ၌ တွေးလိုက်သည်.
*ဘယ်ကလာမှန်းမသိတဲ့ ခွေးရိုင်းတစ်ကောင်က အိုးရန်အိမ်တော်ထဲကို အလွယ်တကူ ဝင်နိုင်မယ်လို့ ထင်နေတာလား၊ စိတ်ကူးယဉ်နေလိုက်*
“သူက မင်းအစ်မနဲ့ ရုပ်ချင်းတူနေတာပဲ၊ ပြီးတော့ သူ့အကျင့်စရိုက်ကလည်း တစ်ထပ်တည်းပဲ၊ မင်း ကန်းနေ သလား”
အိုးရန်ကျန်း အေးတိအေးစက် ငေါက်ငမ်းလိုက်သည်။ အိုးရန် ရှန့်ဖုန်း၏ လိုရာဆွဲ၍ ပြောသောအချက်ကို အလွန် မကျေမနပ် ဖြစ်နေ၏။
“အဖေ ဒီလောကမှာ ရုပ်ချင်းဆင်တဲ့သူတွေ အများကြီးပါ၊ အဲ့တာလောက်လေးနဲ့ သူက ကျွန်တော်တို့ အိုးရန်မိသားစုက ဖြစ်ကိုဖြစ်ရမယ်လို့ မဆုံးဖြတ်သင့်ဘူးလေ၊ ဟုတ်တယ်မလား”
ထိုအခိုက်တွင် ချောမော၍ မိန်းမဆန်သော လူတစ်ယောက်ကလည်း ထွက်လာသည်။ သူသည် ယဲ့ဖန်၏ တတိယ ဦးလေး အိုးရန်ယု ဖြစ်ကာ ကောက်ကျစ်သော အပြုံးမျိုး ပြုံးနေသည်။
ပုံမှန်နေ့များတွင် အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့သည် အမြဲ ထိပ်တိုက် တွေ့လေ့ရှိသော်လည်း ယနေ့ ယဲ့ဖန်ကို တွေ့သောအခါ အတူတူ မုန်းတီးမိကြပြီး ဤမျိုးမစစ်ကောင်ကို အိမ်တော်မှ နှင်ထုတ်ရန် ပူးပေါင်းကြံစည် လိုက်ကြသည်။
“ဟုတ်ပါတယ် မိသားစုခေါင်းဆောင်၊ ကျွန်တော်တို့ သူ့စကားကိုပဲ နားထောင်လို့ မရဘူးလေ ဟုတ်တယ်မလား”
“ကျွန်တော်တို့က ကောင်းကင်ဘုံရဲ့ ချီးမြှောက်တာကို ခံရတဲ့ အိုးရန်မျိုးနွယ်ပါ၊ ကျွန်တော်တို့ သွေးတွေက မေါးကတည်းက သန်မာပြီးသား၊ ကျွန်တော်တို့ လေ့မကျင့်ရင်တောင်မှ ယန်စွမ်းအင် နည်းနည်းလေးတော့ ရှိနေမှာပဲလေ ဟုတ်တယ်မလား”
“ဟုတ်တယ် သူက ကျွန်တော်တို့ မျိုးဆက် ဟုတ်တယ်ဆိုရင်တောင်မှ သူ့အမေ အိုးရန်ချင်ရွှယ်က မိသားစုထဲမှာ အတော်ဆုံး ပါရမီရှင်လေ၊ ဘယ်လိုလုပ် မျိုးနွယ်ရဲ့ အတော်ဆုံး ပါရမီရှင်ကနေ အသုံးမကျတဲ့ အမှိုက်ကောင် မွေးလာမှာလဲ”
မျိုးနွယ်ဝင်များကလည်း ဝင်ပြောလာပြီး ယဲ့ဖန်၏ နောက်ခံကို အလွန် သံသယဝင်လာသည်။ အားလုံး၏ အကြည့်များက ကောင်းမွန်ခြင်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က တကယ်ပင် အားနည်းလွန်းလှသည်။ သူ့ကိုယ်တွင် ယန်စွမ်းအင် စီးဆင်းမှု လုံးဝ မရှိပေ။ ဘယ်လိုလုပ် သူက အိုးရန်မျိုးနွယ်၏ မျိုးဆက် ဖြစ်နိုင်ပါမည်နည်း။
“အဖေ လောကမှာ မကောင်းတဲ့စိတ် ရှိတဲ့ လူတွေ အများကြီးပါ၊ အမြင့်ကို တက်ဖို့ ဆုံးဖြတ်ထားတဲ့ မလောက်လေး မလောက်စား လူတွေရဲ့ ရည်ရွယ်ချက်ကို အဖေ အထင်မသေးသင့်ဘူး၊ အဲ့မလောက်လေး မလောက်စားတွေက အမြင့်ကို တက်နိုင်ဖို့ ဘာမဆို လုပ်မှာပဲ”
အိုးရန် ရှန့်ဖုန်းက မကျေမနပ် ပြောလာသည်။
“ဟုတ်တယ် အဖေ သေချာ စဉ်းစားပါဦး၊ ကျွန်တော်တို့ အိုးရန်မိသားစုက အမှိုက်ကောင်တွေ မွေးထုတ်ဖူး လို့လား”
“အားလုံးက ထူးချွန်ပြီး မွေးကတည်းက ဘုရင်အဆင့်တောင် ရောက်နေတတ်တာ၊ သူ့သားဆိုရင် ဘယ်လောက်ပဲ ဆိုးနေပါစေ ယန်စွမ်းအင် စီးဆင်းမှုတောင် မရှိတဲ့ အမှိုက်ကောင် မဖြစ်နိုင်ဘူး”
အိုးရန်ယုက အလိုက်သင့် ဝင်ပြောသည်။ အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့က အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် သူတို့၏ မျက်လုံးတွင် မသမာတော့မည့်ဟန်များ ပေါ်နေသည်။
“သူက အမှိုက်ကောင်လို့ ဘယ်သူ ပြောလဲ၊ သူက အခု ဘုရင်အဆင့် ရောက်နေပြီ”
အိုးရန်လင်းက အလျင်အမြန် ဝင်ပြောလိုက်ပြီး ယဲ့ဖန်အား အမိန့်ပေးလိုက်သည်။
“ကောင်လေး မင်းရဲ့ ကျင့်ကြံမှုကို ပြလိုက်လေ”
ယဲ့ဖန် မတတ်သာဘဲ သူ့အဆင့်ကို ထုတ်ပြလိုက်ရသည်။ သူ၏ နောက်ကြောင်းကို ဖုံးကွယ်ချင်သောကြောင့် သူ ဘုရင်အဆင့်ကိုသာ ရောက်သေးသည်ဟု ကြေငြာနိုင်၏။
သို့သော် ယဲ့ဖန်၏ သိုင်းအဆင့်ကို မြင်ပြီးနောက် အိုးရန် ရှန့်ဖုန်းက ပို၍ မထီမဲ့မြင်ဟန်ဖြင့် ရယ်လိုက်သည်။
“လတ်စသတ်တော့ ဘုရင်အဆင့်လေးပဲကိုး၊ ဒါနဲ့ မိန်းမရေ ငါတို့ လင်အော်လေး ဘယ်အဆင့်ကို ရောက်ပြီလဲ”
“သူတော်စင်သခင်အဆင့်”
အိုးရန် ရှန့်ဖုန်း၏ မိန်းမ ချင်ရှီက ဂုဏ်ယူသော မျက်နှာထားဖြင့် ယဲ့ဖန်အား တစ်ချက်ကြည့်လာသည်။ ယခင် သူတို့၏ မိသားစုသည် အိုးရန် ချင်ရွှယ်၏ လွှမ်းမိုးမှုကို အမြဲ ခံခဲ့ရသဖြင့် မကျေမနပ် ဖြစ်ခဲ့ရသည်။
ယခု အိုးရန်ချင်ရွှယ်၏ သားက အမှိုက်ကောင် ဖြစ်နေသည်တဲ့လား။ သူတို့၏ အငယ်ဆုံး သမီးကိုပင် မယှဉ်နိုင်ချေ။ ဤသို့ ကြီးမားသော အခြေအနေ ပြောင်းလဲမှုက သူတို့ကို အလွန် ဝမ်းသာသွားစေသည်။
*အိုးရန်ချင်ရွှယ် နင်က ဘယ်လောက်များ တော်နေလို့လဲ၊ နင့်သားက အမှိုက်ကောင် ဖြစ်နေတာ မဟုတ်လား*
*ဘုရင်အဆင့်တဲ့လား*
*ငါ့သမီးရဲ့ ဖိနပ်ကိုတောင် သယ်ဖို့ မထိုက်တန်ဘူး*
“ငါ့လင်အော်က ဒီနှစ်မှ ဆယ့်သုံးနှစ်ပဲ ရှိသေးတာ၊ အခု သူတော်စင်သခင်အဆင့်တောင် ရောက်နေပြီ၊ ဒီကောင်က အသက်နှစ်ဆယ် ရောက်နေပုံ ပေါက်မနေဘူးလား၊ ဘုရင်အဆင့် ဟုတ်လား၊ ဟဲဟဲဟဲ ငါတို့ အိုးရန်မိသားစုမှ ဒီလို အမှိုက်ကောင်မျိုး တစ်ခါမှ မရှိပါဘူး”
အိုးရန် ရှန့်ဖုန်းက ပို၍ မထီမဲ့မြင် ပြောလာပြီး စကားလုံးများက ပို၍ ကြမ်းကြုတ်လာသည်။
ယဲ့ဖန်သည်လည်း မျက်နှာ သုန်မှုန်လာကာ စိတ်ထဲ၌ ဒေါသမီးတောက်လာ၏။ တစ်ဖက်လူက သူ့အား အခက်တွေ့အောင် လုပ်နေသော်လည်း သူ မသိကျိုးကျွန် ပြုထားရသည်။ အဘယ်ကြောင့်ဆိုသော် မိသားစု မေတ္တာကြောင့်ပင်။
တစ်ဖက်လူက သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပြရန် တောင်းဆိုသော်ကြောင်း သူ ပြသခဲ့သည်။ သို့သော် တစ်ဖက်လူက ရန်လိုနေဆဲပင်။ သူ အိမ်တော်ထဲမှ နှင်ထုတ်မခံရမခြင်း လက်လျှော့မည့်ပုံ မပေါ်ချေ။
အိုးရန်ယုက အိုးရန်လင်းကိုပင် အပြစ်တင် ကြိမ်းမောင်းလာသည်။
“ညီလေး မင်း ဘယ်လိုအမှိုက်မျိုးကို ခေါ်လာတာလဲ၊ ငါတို့ကို ရွံစရာများ မှတ်နေသလား၊ အသက် နှစ်ဆယ်ဝန်းကျင် ရောက်နေတာတောင် ဘုရင်အဆင့်ပဲရှိတယ်၊ ငါ့သားသာ အဲ့လောက် အသုံးမကျရင် မွေးကတည်းက ငါ သတ်ပစ်လိုက်ပြီ”
ထိုစကားကိုကြားသော် အိုးရန်ယု၏ ဘေး၌ ရှိနေသော သားဖြစ်သူ အိုးရန်ရှောက်ကျွင်းကလည်း ပြုံးနေပြီး ယဲ့ဖန်အား အထင်သေးသလို ကြည့်နေသည်။
သူသည် ယခု နတ်ဘုရင်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုနှုန်းနှင့်ဆိုလျင် အင်မော်တယ် ဧကရာဇ်အဆင့်သို့ရောက်ရန် ဆယ်နှစ်သာ ကြာပေလိမ့်မည်။
“ခင်ဗျားတို့”
အိုးရန်လင်း မှင်တက် အံ့အားသင့်နေသည်။ သူ၏ အစ်ကိုနှစ်ယောက်တွင် ဤသို့သော အကျင့်စရိုက်များ ရှိလိမ့်မည်ဟု သူ ထင်မထားမိပါ။
*ခင်ဗျားတို့ မကြိုဆိုရင်တောင်မှ ဒီလောက် ရွံရှာဖို့ကောင်းပြီး ကောက်ကျစ်တဲ့ပုံစံမျိုး ပြစရာ မလိုဘူး မဟုတ်လား*
*ခင်ဗျားတို့ အခြားလူရဲ့ လှည့်စားတာကို ခံနေရတာလား*
အိုးရန်လင်းနှင့် လီဟွမ်ဟွမ်တို့ မခံမရပ်နိုင် ဖြစ်နေကြပြီး ယဲ့ဖန်၏ နောက်ခံကို ထုတ်ပြောချင်သည်။ ဤအရူးများအား ယဲ့ဖန်သည် အမှိုက်ကောင်မဟုတ်ဘဲ သူတို့ထက် အဆတစ်ရာမက သန်မာသော ပါရမီရှင် ဖြစ်ကြောင်း ပြောချင်နေ၏။
ထိုသို့သောအချိန်၌ ယဲ့ဖန်က ပြောလာသည်။
“ခင်ဗျားတို့ ကျုပ်ကို မကြိုဆိုဘူးဆိုရင် ကျုပ် အတင်း မနေဘူး၊ ကျုပ်အမေရဲ့ အခန်းကိုသာ တစ်ချက် ကြည့်ခွင့်ပေးပါ၊ ပြီးရင် ကျုပ် ချက်ချင်း ထွက်သွားမယ်၊ ဘယ်လို သဘောရလဲ”
“ယဲ့ဖန် မလုပ်နဲ့”
“ကောင်လေး အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့”
အိုးရန်လင်းနှင့် လီဟွမ်ဟွမ်တို့က စိုးရိမ်တကြီး ပြောလာသည်။
ယဲ့ဖန်၏ စကားကိုကြားသောအခါ အိုးရန်ကျန်းသည်လည်း အနည်းငယ် ပျာယာခတ်သွားသည်။
“အမေ ဟုတ်လား၊ မင်း ပေါ်ပေါ်တင်တင် ပြောရဲတာပဲ၊ လူလိမ်တစ်ယောက်အနေနဲ့ မင်း တော်တော် အရေထူတယ်လို့ ပြောရမယ်”
အိုးရန် ရှန့်ဖုန်းက လှောင်ရယ်၍ ဆက်ပြောသည်။
“အံ့ဩစရာ မရှိပါဘူး၊ အရှက်မရှိပြီးတော့ ကောက်ကျစ်တဲ့ လူယုတ်မာတွေကပဲ လိမ်လည်တတ်တာကိုး၊ ငါတို့က တုံးအပြီးတော့ မင်း အရူးလုပ်တာကို ခံမယ်လို့ ထင်နေတာလား၊ မင်းကို ဝင်ခွင့်ပြုလိုက်လို့ မင်း တစ်ခုခု ခိုးသွားရင် ဘယ်လိုလုပ်မလဲ”
“ကျုပ်သဘောထားကို ပြောရမယ်ဆိုရင် ဒီကောင်လေးကို ဖမ်းဆီးပြီး နှိပ်စက်ရမယ်၊ သူ အမှန်အတိုင်း မပြောဘဲ နေရဲမှာ မဟုတ်ဘူး”
အိုးရန်ယု၏ မျက်လုံးတွင် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေပြီး ရက်စက်သော အပြုံးကို ပြုံးနေသည်။ သူ့ပါးစပ်က နှိပ်စက်မည်ဟုသာ ပြောနေသော်လည်း တကယ်တမ်းတွင် ယဲ့ဖန်ကို သတ်ချင်နေခြင်း ဖြစ်သည်။
နှိပ်စက်စစ်ဆေးခြင်း ဖြစ်စဉ်၌ မတော်တဆ ဖြစ်ရပ်များ ဖြစ်ပေါ်တတ်သည်က မထူးဆန်းပေ။
သူတို့ အိုးရန်ချင်ရွှယ်ကို ရင်မဆိုင်နိုင်သော်လည်း သူ့သားကိုတော့ မနိုင်ဘဲ ရှိပါမည်လော။
“တော်လိုက်တော့”
ထိုသို့သောအချိန်၌ အိုးရန်ကျန်းက ရုတ်တရက် အော်ငေါက်လာ၏။
“သူ နေရမယ်လို့ ငါ ပြောရင် နေကိုနေရမယ်”
သူတော်စင်အဆင့်တစ်ယောက်အနေဖြင့် သူ ဘယ်လိုလုပ် မမြင်ဘဲ နေပါမည်နည်း။ ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်း၌ သူတို့ အိုးရန်မျိုးနွယ်၏ သွေးများ စီးဆင်းနေသည်ကို သူ အသေအချာ ခံစားမိသည်။
ထို့အပြင် ယဲ့ဖန်တွင် အိုးရန်ချင်ရွှယ်နှင့် တူညီသော အနံ့ရှိသည်။ ထိုအနံ့ကို သူ အလွန် ရင်းနှီးသည်။
သူ့အရှေ့မှ လူငယ်လေးသည် သူ့မြေးသာ ဖြစ်သည်၊ မမှားနိုင်ပါ။
အိုးရန်ကျန်း အလွန် ဒေါသထွက်လာသည်ကိုမြင်သော် အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့၏ မျက်နှာက ပို၍ တင်းမာလာသည်။
“အဖေ၊ အဖေ နည်းနည်းတော့ လွန်တယ်၊ ဒီကောင်လေးက လူလိမ်မှန်း အဖေ သိတာတောင် သူ့ကို ဝင်ခွင့်ပြုတယ်၊ ဒါ အဖေ အိမ်ထဲကို ဝံပုလွေ ခေါ်သွင်းသလို ဖြစ်မနေဘူးလား”
အိုးရန် ရှန့်ဖုန်းက မထီမဲ့မြင် မျက်နှာပေးနှင့် ပြောလေသည်။
“ကျွန်တော်တို့ အိုးရန်မိသားစုရဲ့ ဂုဏ်သတင်းကို ဘယ်လိုလုပ် ဖျက်ဆီးခွင့် ပေးနိုင်မှာလဲ၊ မျိုးနွယ်ဝင်တို့ရော ဘယ်လိုသဘောရလဲ”
အိုးရန်ယုက အလွန် ကောက်ကျစ်စဉ်းလဲပြီး မျိုးနွယ်ဝင်များကိုပါ ဆွဲထည့်လေသည်။ ချက်ချင်းဆိုသလိုပင် မျိုးနွယ်ဝင်များကလည်း စိတ်လှုပ်ရှားလာပြီး အော်ဟစ်လာသည်။
“ဟုတ်တယ်၊ ကျွန်တော်တို့ ဘယ်ကမှန်းမသိတဲ့ ဒီလူကို အိုးရန်မျိုးနွယ်ထဲ ဝင်ခွင့်မပေးနိုင်ဘူး”
“သူက ပထမ သခင်မလေးရဲ့ သား သားအရင်း မဟုတ်တာမျိုး ဖြစ်မနေဘဲ သားအရင်း ဖြစ်နေခဲ့ရင်တောင်မှ သူက အမှိုက်ကောင်ဘဲ၊ ကျုပ်တို့နဲ့အတူ နေဖို့ မထိုက်တန်ဘူး”
“ဟုတ်တယ် ဟုတ်တယ်၊ ကျုပ်တို့ ဒီလို အမှိုက်ကောင်မျိုးက ကျုပ်တို့ နာမည်ကို ညစ်ထေးအောင် လုပ်ခွင့် မပေးနိုင်ဘူး”
“ဖီးနစ်အသိုက်ထဲမှာ ရုပ်ဆိုးတဲ့ဘဲက ဝင်နေချင်တာလား၊ အဓိပ္ပာယ်မရှိလိုက်တာ၊ ဒီကိစ္စက ဆွေးနွေးဖို့တောင် မသင့်ဘူး”
ထိုစကားများကိုကြားသော် အိုးရန်ကျန်း၏ မျက်နှာက အလွန်အမင်း ကြည့်ရဆိုးလာပြီး ချက်ချင်း အော်ငေါက် လိုက်သည်။
“သူသိုင်းအဆင့်က ဘာပဲဖြစ်နေပါစေ သူက ငါ အိုးရန်ကျန်းရဲ့မြေးပဲ၊ တစ်ယောက်ယောက်က သူ့ကို စော်ကား ရဲရင် ဒီအဘိုးကြီးက ချက်ချင်း ရိုက်သတ်ပစ်မယ်”
“ဝုန်း”
ချက်ချင်းဆိုသလိုပင် ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က အရပ်လေးမျက်နှာသို့ ဒီရေအလား လွှမ်းခြုံလာ၏။
အိုးရန်မိသားစုဝင်အားလုံး၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားသည်။ အိုးရန်ကျန်းက ဤမျှ ဒေါသထွက်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ လူလိမ်တစ်ယောက်အတွက်နှင့် သူ့မျိုးနွယ်ဝင်များကို ရန်လို နေသည်တဲ့လား။
ဤသည်ကိုမြင်သော် ယဲ့ဖန်သည် စိတ်ထဲ၌ နွေးထွေးသလို ခံစားလိုက်ရသည်။ မိသားစုဆိုသည်မှာ တစ်လောကလုံးက မိမိကို ဆန့်ကျင်နေပါစေ၊ မိသားစုဝင်များက အမြဲ ကိုယ့်ဘေးနား၌ ရပ်တည်ပေးနေမည်ပင်။