← Chapters

တစ္ဆေလမ်း မရဏဂူ

Vol. 111 Ch. 1657

တစ္ဆေလမ်း မရဏဂူ

Vol. 111 Ch. 1657

အိုးရန်ရှန့်ဖုန်း၏ မျက်နှာက မည်းမှောင်သွားပြီး လေသံမာမာဖြင့် ပြောလိုက်သည်။

“သူ့အတွက် ကျွန်တော်တို့ အိုးရန်မိသားစုထဲ ဝင်ဖို့ မဖြစ်နိုင်တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ စမ်းသပ်တာကို အောင်မြင်ပြီးတော့ အိုးရန်ချင်ရွှယ်ရဲ့ သားအစစ်ဆိုတာကို သက်သေပြနိုင်သရွေ့ အိုးရန်မိသားစုဝင် ဖြစ်ဖို့ အရည်အချင်း ရှိပါတယ်”

“အစ်ကိုနှစ်”

အိုးရန်ယု အံ့ဩသွားသည်။ အိုးရန်ရှန့်ဖုန်းက ယဲ့ဖန်ကို အခွင့်အရေးပေးဖို့ ကြံစည်ထားလိမ့်မည်ဟု သူ ထင်မထားမိပါ။

သို့သော် အိုးရန် ရှန့်ဖုန်းက လက်ကာပြပြီး ယဲ့ဖန်အား ရန်စသလို ကြည့်လိုက်သည်။

“မင်း လုပ်ရဲလား”

“ဘာစမ်းသပ်မှုလဲ”

ယဲ့ဖန် တည်ငြိမ်စွာ မေးလိုက်သည်။

“တစ္ဆေလမ်းကို ဝင်ပြီး အသက်ရှင်လျက် ပြန်ထွက်လာခဲ့ရမယ်”

အိုးရန် ရှန့်ဖုန်းက ညစ်ကျယ်ကျယ် ပြုံးနေသည်။ ထိုစကားအဆုံးတွင် အားလုံး အုတ်အော်သောင်းနင်း ဖြစ်လာသည်။

သူတို့၌ တစ္ဆေလမ်းဟုခေါ်သော လျှို့ဝှက်နယ်မြေ ရှိလေသည်။ အထဲက မြင်ကွင်းကို မည်သူမှ မသိကြချေ။ အဘယ်ကြောင့်ဆိုသော် ဝင်သွားသူတိုင်း ဘယ်သောအခါမှ ပြန်မပေါ်လာသောကြောင့်ပင်။

အိုးရန်မျိုးနွယ် တစ်ခုလုံးတွင် တစ္ဆေလမ်းသို့ ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ မရှိသော်လည်း အိုးရန်ချင်ရွှယ်ကတော့ ချွင်းချက်ပင်။

အိုးရန်ချင်ရွှယ်၏ စကားအရ တစ္ဆေလမ်းထဲ၌ ကြောက်စရာကောင်းသော ဧရာမသားရဲတစ်ကောင် ရှိသည်ဟု ဆိုသည်။ ၎င်းသည် ကြီးမားပြီး စကြဝဋ္ဌာကို ကူးသန်းနေသည်။ ၎င်းက ဂြိုဟ်တစ်လုံးမျှ ကြီးမားသည်။ အတိတ်က တစ္ဆေလမ်းထဲသို့ ဝင်သူတိုင်း ၎င်း၏ ဝါးမျိုခြင်း ခံခဲ့ရသည်။

ထိုစကားကိုကြားသော် အိုးရန်ယုက အိုးရန် ရှန့်ဖုန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ သူက အခြားသူငှား၍ လူသတ်ချင်နေခြင်းပင်တည်း။

ဤနည်းအားဖြင့် ယဲ့ဖန်က စမ်းသပ်မှုကို လက်မခံလျင် မျိုးနွယ်၏ အသိအမှတ်ပြုမှုကို ရရှိရန် မဖြစ်နိုင်ပေ။ သူ အိုးရန်မျိုးနွယ်ထဲ အတင်းဝင်မည်ဆိုလျင်တောင်မှ ကြိုဆိုခံရမည် မဟုတ်ပါ။

အကယ်၍ သူ စမ်းသပ်မှုကို လက်ခံလျင်လည်း သေလမ်းသာ ရှိပေ၏။

“အဓိပ္ပာယ် မရှိဘူး၊ တစ္ဆေလမ်းကို ဘယ်သူမှ အသက်ရှင်လျက် ဖြတ်မလာနိုင်ဘူး၊ စမ်းသပ်ခံရသူက သေချာပေါက် သေမှာပဲ၊ မင်း ယဲ့ဖန်ကို သေစေချင်တာလား”

အိုးရန်ကျန်းက အိုးရန် ရှန့်ဖုန်းကို အော်လိုက်သည်။ အိုးရန်လင်းနှင့် လီဟွမ်ဟွမ်တို့သည်လည်း ဒေါသထွက်သော မျက်နှာများ ဖြစ်နေကြသည်။

*ဒါ လူသတ်နေတာပဲ*

“အဖေ အရင်တုန်းက အစ်မကြီးက တစ္ဆေလမ်းကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တယ်လေ၊ သူက အစ်မကြီးရဲ့ သားလို့ပြောနေမှတော့ သူ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ်လို့ ကျုပ် ယုံကြည်တယ်”

အိုးရန် ရှန့်ဖုန်းက အပြုံးတစ်ဝက်နှင့် ပြောလိုက်သည်။

“ဟုတ်တယ် အဖေ သူ တစ္ဆေလမ်းကနေ အသက်ရှင်လျက် ပြန်လာနိုင်ရင် သူက အစ်မကြီးရဲ့ သားဆိုတာကို ကျွန်တော်က လက်ခံမယ်၊ ပြီးတော့ သူ့ကို အိုးရန်မျိုးနွယ်ထဲ ဝင်တာကိုလည်း ကြိုဆိုတယ်”

အိုးရန်ယုကလည်း သံယောင်လိုက်၍ ပြောလာပြီး ယဲ့ဖန်အား တစ္ဆေလမ်းထဲ ဝင်ရန် သိမ်းသွင်းနေ၏။

“ပြီးတော့ သူ တစ္ဆေလမ်းထဲက ပြန်ထွက်လာနိုင်ရင် သူ့ရဲ့ အရည်အချင်းက ကျုပ်တို့ထက် ပိုမြင့်တယ်လို့ လက်ခံပေးမယ်၊ ကျုပ်တို့ သူ့ကို လေးစားမယ့်အပြင် နောင်တက်မယ့် မိသားစုခေါင်းဆောင်ပါ ဖြစ်ခွင့်ပေးမယ်”

အိုးရန် ရှန့်ဖုန်းက ဆက်ပြောလေသည်။ သူ့မျက်နှာတွင် စဉ်းလဲသော အပြုံးတစ်ခု ရှိနေပြီး မျက်နှာအမူအရာက မချိုမချဉ်နှင့် အန္တရာယ်များပုံ ပေါ်နေသည်။

ယဲ့ဖန် အသက်ရှင်လျက် ပြန်လာနိုင်ရန်ဟူသည့် အချက်တစ်ချက်တည်းသာ ရှိသည်။

“ဟုတ်တယ် ဟုတ်တယ်၊ သူ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သရွေ့ ကျုပ်တို့ သူ့ကို မိသားစုခေါင်းဆောင် နေရာကို ဆက်ခံခွင့်ပေးမယ်၊ ပြီးတော့ အိုးရန်မျိုးနွယ်ကို ဦးဆောင်ခွင့်ပေးမယ်”

အိုးရန်ယုကလည်း ရယ်၍ ပြောလာသည်။

သို့သော် အိုးရန်ကျန်းနှင့် အိုးရန်လင်းတို့က မပျော်နိုင်ပါ။

*ဒီကောင်တွေမှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတာပဲ*

ရှေးခေတ်ကတည်းမှ လက်ရှိအချိန်အထိ သူတို့၏ မူလ ကနဦးဘိုးဘေးမှလွဲလျင် အိုးရန်ချင်ရွှယ် တစ်ဦးတည်းသာ တစ္ဆေလမ်းကနေ ပြန်ထွက်လာနိုင်၏။ ယဲ့ဖန် ယင်းကို လုံးဝ မလုပ်နိုင်ပေ။

“တစ္ဆေလမ်းက ဘယ်မှာလဲ”

သို့သော် ယဲ့ဖန်က တည်ငြိမ်စွာ မေးလာသည်။ ထိုစကားကိုကြားသော် လူတိုင်း အံ့ဩသွားကြသည်။

*ဒီကောင် ရူးနေတာလား၊ သူ တစ္ဆေလမ်းကို ဝင်ဖို့ တကယ် စိတ်ကူးနေတာလား*

“မွေးကင်းစ နွားပေါက်တွေက ကျားကို မကြောက်ဘူးဆိုတာ ဟုတ်နေတာပဲ၊ မိသားစုခေါင်းဆောင် နေရာအတွက် ဒီကောင်လေးက သူ့အသက်ကိုတောင်မှ ထည့်မတွက်ဘူး”

“ဟားဟား အရူးပဲ၊ မိသားစုခေါင်းဆောင်နေရာက သိပ်ကောင်းတယ်လို့ သူ ထင်နေတာလား၊ သူတော်စင်အဆင့် တောင်မှ တစ္ဆေလမ်းကို မဝင်ရဲတာ၊ အဲ့ဒါက အရမ်း အန္တရာယ်များတယ်၊ ဒီကောင် သေတွင်းတူးနေတာပဲ”

အိုးရန်မိသားစုဝင်များ အားလုံးက ယဲ့ဖန်ကို အထင်သေးသလို ကြည့်နေကြပြီး သေလူတစ်ယောက်ဟု သတ်မှတ် လိုက်ကြသည်။

ယဲ့ဖန်၏ မရဲဘဲ ကျွဲပြဲစီးသည့် အပြုအမူကြောင့် သူတို့သည်လည်း ဝမ်းသာနေ၏။ အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယု တို့၏ အပြုံးများက နားရွက်တက်ချိတ်မတတ် ဖြစ်နေသည်။

*ငါတို့ ဒီကောင်လေးကို အထင်ကြီးခဲ့မိတဲ့ပုံပဲ၊ သူက အရူးပါလား*

*သေလမ်းပဲ ရှိတယ်ဆိုတာကို သိနေတာတောင် သေလမ်းရှာဖို့ ကြိုးစားရဲသေးတာလား*

သူတို့အားလုံး စိုးရိမ်ကြီးခဲ့ကြသည်ဟု ခံစားနေရသည်။ ဤသို့သော အရူးမျိုးက အိုးရန်ချင်ရွှယ်၏ သားဖြစ်နေလျင်တောင်မှ သူတို့အတွက် လုံးဝ ခြိမ်းခြောက်မှု မဖြစ်နိုင်ပါ။

“အင်း … အစ်မကြီးက တကယ်ကို ကြီးမြတ်တဲ့သူပါ၊ ဘယ်လိုလုပ် သူက မွေးတဲ့သားက အသုံးမကျဘဲ ဦးနှောက် မရှိတဲ့လူ ဖြစ်နေတာပါလိမ့်”

အိုးရန်ရှန့်ဖုန်းက နောင်တရသော အမူအရာနှင့် ပြောလာပြီး သူ၏ အထင်သေးမှုကို လုံးဝ ဖုံးကွယ်မထားဘဲ သူ၏ အပြုံးကလည်း ပို၍ ပီပြင်လာသည်။

“ယဲ့ဖန် မလုပ်နဲ့”

“ကောင်လေး မဟုတ်တမ်းတရားတွေ ပြောမနေနဲ့”

အိုးရန်ကျန်းနှင့် အိုးရန်လင်းတို့က ယဲ့ဖန်ကို ပြိုင်တူ ကြိမ်းမောင်းကြသည်။ သူတို့ ဘယ်လိုလုပ် ယဲ့ဖန်ကို တစ္ဆေလမ်းထဲ ဝင်ခွင့်ပြုနိုင်ပါမည်နည်း။

အိုးရန်ကျန်းတောင်မှ ပြန်ထွက်လာနိုင်မည်ဟု ယုံကြည်ချက် မရှိပါ။

တစ္ဆေလမ်းသည် တစ်ခြားကမ္ဘာနှင့် ချိတ်ဆက်ထားသည်။ အကယ်၍ ဝင်သွားလျင် ထာဝရ မောင်းထုတ်ခံရသလို ဖြစ်သွားပြီး ပြန်လာရန် ခက်ခဲသွားပေလိမ့်မည်။

“ဟာ အဖေ သူ ဆုံးဖြတ်ချက် ချပြီးသွားမှတော့ အဖေ သူ့ကို တားတာက မသင့်တော်ဘူးလေ”

အိုးရန်ယုက ယဲ့ဖန်ကို စိုက်ကြည့်၍ အပြုံးတစ်ဝက်နှင့် ပြောလိုက်သည်။

“ဟေ့ကောင်လေး မင်း နောက်ဆုတ်မှာလား၊ မဆုတ်ဘူး မဟုတ်လား”

“ကျုပ် တစ္ဆေလမ်းကနေ ပြန်လာနိုင်သရွေ့ အိုးရန်မျိုးနွယ်ရဲ့ နောင်တက်မယ့် မိသားစုခေါင်းဆောင် ဖြစ်လာမယ် ဟုတ်လား”

ယဲ့ဖန်က ရယ်၍ အိုးရန်ယုကို ပြန်ပြုံးကာ ကြည့်နေသည်။

“ဟုတ်တယ် မင်း အသက်ရှင်လက် ပြန်လာနိုင်သရွေ့ပဲ”

အိုးရန်ယုက အခိုငအမာ ပြောလိုက်သည်။ သို့သော် သူ့စိတ်ထဲ၌ ကျိတ်၍ ခနဲ့နေ၏။

*မင်း အသက်ရှင်လျက်ပဲ ပြန်လာနိုင်ပါစေဦးကွာ*

အိုးရန်မျိုးနွယ်များအားလုံးသည်လည်း လှောင်ရယ်နေကြသည်။

*ဒီလိုအချိန်မှာတောင် ဒီကောင်လေးက မိသားစုခေါင်းဆောင် နေရာကို စဉ်းစားနေတာလား၊ သူ့ဦးနှောက်များ ပျက်နေတာလား*

“ယဲ့ဖန် မင်း သူတို့စကားကို နားထောင်စရာ မလိုဘူး၊ ငါ ရှိရင် သူတို့ မလွန်ဆန်နိုင်ဘူး၊ တစ္ဆေလမ်းကို မသွားနဲ့”

အိုးရန်ကျန်းက ယဲ့ဖန်၏ လက်ကိုကိုင်၍ သူ မသွားစေချင်ကြောင်း ပြောနေသည်။

“အဘိုး ကျွန်တော် အများလက်ခံလာအောင် တစ်ခုခုတော့ လုပ်ပြရမှာပဲ မဟုတ်လား၊ သူတို့ ကျွန်တော့်ကို လှောင်ခွင့်မပေးနိုင်သလို ကျွန်တော့်အမေကိုလည်း လှောင်ပြောင်ခွင့် မပေးနိုင်ဘူး”

ယဲ့ဖန်က ပြုံး၍ အိုးရန်ကျန်း၏ လက်ကိုဖယ်ကာ အိုးရန် ရှန့်ဖုန်းတို့နှစ်ယောက်ထံ လျှောက်သွားပြီး ပြောလိုက်သည်။

“လမ်းပြ”

လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ယဲ့ဖန်က တစ္ဆေလမ်းကို တကယ် သွားလိမ့်မည်ဟု သူတို့ ထင်မထားသည့်ပုံပင်။

ဤသည်က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေခြင်းပင်။

တစ်ဖက်တွင်မူ အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့သည် စိတ်လှုပ်ရှားကာ တုန်ပင်တုန်နေ၏။ တစ်ဖက်လူက အလွန် တုံးအလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ သူတို့ သူ့ကို နည်းနည်းလေးသာ ဆွပေးလိုက်သော်လည်း ဂွင်ထဲ ဝင်လာ၏။

အိုးရန်ချင်ရွှယ်၏ သားက သူတို့ကြောင့် အသတ်ခံရတော့မည်ကို တွေးမိပြီး အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ အပြုံးပန်းများ ဝေဆာလာသည်။

ဤသည်ကိုကြည့်ပြီး အိုးရန်ကျန့်သည်လည်း မတတ်သာစွာ သက်ပြင်းချလိုက်သည်။ ယခုအချိန်၌ ဘာပြောပြော အသုံးမဝင်တော့ပါ။

*ဒီကောင်လေးက ရုပ်တင် သူ့အမေနဲ့ တူတာ မဟုတ်ဘူး၊ အကျင့်စရိုက်ကလည်း သူ့အမေနဲ့ တစ်ထပ်တည်းပဲ၊ အရမ်း ခေါင်းမာတယ်*

ထို့နောက် လူတစ်စုသည် ဂူများရှေ့သို့ ရောက်လာသည်။ ဂူများအား သံချေးတက်နေသော သံကြိုးများဖြင့် ရစ်ပတ်ထားပီး အထဲမှ မိစ္ဆာလေပြင်းများ တိုက်နေကာ တစ္ဆေများ အော်ဟစ်နေသည်ဟု ထင်မှတ်ရပြီး အလွန်အမင်း ကြမ်းတမ်းလှသည်။

ဂူဝင်ပေါက်ရှေ့၌ ရပ်လိုက်သည်နှင့် ယဲ့ဖန်သည် ဤလောကနှင့် မသက်ဆိုင်သော အရှိန်အဝါတစ်ခု စီးဆင်း နေသည်ကို ခံစားမိသွားသည်။

၎င်းက လူတိုင်းကို လုံးဝ ဝါးမျိုချင်နေသည့် မကောင်းဆိုးဝါးတစ်ကောင်၏ ပါးစပ်ကြီးနှင့် တူနေသည်။

ထိုကြောက်စရာကောင်းသော အရှိန်အဝါက သူတော်စင်အဆင့်ဖြစ်သော အိုးရန်ကျန်းကိုပင် ထိတ်လန့်စေ၏။

“မင်း ဆုံးဖြတ်ပြီးသွားပြီလား”

အိုးရန်လင်းက ဘေးမှနေ၍ ယဲ့ဖန်အား သတိပေးလာသည်။

“မင်း ဝင်သွားတာနဲ့ ပြန်ထွက်လာဖို့ မဖြစ်နိုင်ချေ များတယ်”

“မစိုးရိမ်ပါနဲ့၊ ကျွန်တော် သတိထားမှာပါ”

ယဲ့ဖန် ကတိပေးလိုက်ပြီး အထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားကာ လူတိုင်း၏ အကြည့်အောက်မှ ပျောက်ကွယ် သွားသည်။

ဤသည်ကိုမြင်သော် အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့က သူတို့အကြံ အောင်မြင်သွားသဖြင့် ပြုံးလိုက်ကြသည်။ သူတို့ ပါးစပ်လေး လှုပ်လိုက်ရုံနှင့် ယဲ့ဖန်ကို သတ်နိုင်လိမ့်မည်ဟု ထင်မထားမိချေ။

“နင်တို့ အရမ်း ဂုဏ်ယူနေတယ်ပေါ့လေ၊ အစ်မကြီးသာ နင်တို့ သူ့သားကို ဘာလုပ်လိုက်သလဲ သိသွားရင် ဘယ်တော့မှ ဒီအတိုင်း ထားမှာ မဟုတ်ဘူး”

လီဟွမ်ဟွမ်က ဤနှစ်ယောက်၏မျက်နှာပေးကို ကြည့်မရတော့ချေ။

သို့သော် အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့က အရေးမစိုက်ချေ။ အိုးရန် ချင်ရွှယ် ပြန်မလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ အပြင်၌ သေပင်သေနေလောက်သည်။ သူတို့ကို ဘယ်လိုလုပ် ရန်လုပ်နိုင်ပါမည်နည်း။

ထိုအခိုက်တွင် ယဲ့ဖန်သည် အဆုံးအစမဲ့သော ဟင်းလင်းပြင်ထဲ ရောက်သွားပြီး သူ့အရှေ့၌ ရှုမောဖွယ်ကောင်းပြီး အိပ်မက်ဆန်သော အာကာသ ဟင်းလင်းပြင်အဝေးမှ ကြယ်စု (သို့) နက်ဗျူလာကို တွေ့လိုက်ရသည်။

ဟင်းလင်းပြင်၏ စွမ်းအားက အလွန်အမင်း ကြီးမားပြီး လူတိုင်းကို ဖိနှိပ်နိုင်လုနီးပါး ဖြစ်ကြောင်း ယဲ့ဖန် ခံစားမိပြီး တစ်ခုခု မှားနေသည်ဟုပင် သူ ခံစားနေရသည်။

ဤနေရာ၌ ဘာဆိုဘာမျှမရှိချေ။ သုသာန်နှင့်ပင် တူနေသေးသည်

ကျောချမ်းစရာကောင်းသော မြင်ကွင်းတစ်ခုတည်းကပင် လူအများကို ရူးမတတ် ကြောက်လန့်စေ၏။

ဤဟင်းလင်းပြင်ထက်တွင် ရှေးဟောင်း ကြယ်တာရာများ ပျက်သုဉ်းပြီး အသက်ဓာတ်မရှိဘဲ ဝေ့ဝဲနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့၏ အပေါ်တွင် မှော်စာလုံးတစ်ခု ရှိနေ၏။ ၎င်းမှာ မရဏ အမှတ်အသားပင်။

“ဒီရှေးဟောင်း ကြယ်တာရာတွေအားလုံး သူတို့ရဲ့ အသက်ဓာတ်တွေ ထုတ်ယူခံလိုက်ရတာပဲ၊ ဒါ ရှေးဟောင်း ကြယ်တာရာ သင်္ချိုင်းမြေပဲ”

နဂါးကိုးကောင် မီးလင်းဖိုတွင်းမှ နဂါးကိုးကောင်က ကြောက်လန့်သောအသံဖြင့် ပြောလာသည်။

“ဒါ ရှေးဟောင်း ကြယ်တာရာ သင်္ချိုင်းမြေသက်သက်ပဲ မဟုတ်ဘူး၊ သတ္တဝါတစ်ကောင်ကောင်ရဲ့ စားကျက်မြေ ဆိုလည်း ဟုတ်တယ်”

ဤနေရာက သားရဲတစ်ကောင်၏ သားရဲတါင်းလိုပင်။ သားရဲများသည် သူတို့၏ သားကောင်များကို စားသုံးပြီးနောက် ၎င်းတို့၏ အလောင်းကို ဂူပတ်လည်၌ ကြံသလို ပစ်တတ်ကြသည်။

“အရှင်မင်းမြတ် သတိထားပါ”

အမြဲ ထောင်လွှားနေသော ချုံးချီပင် မျက်နှာက လေးနက်နေ၏။ လက်ရှိအချိန်၌ သူသည်လည်း အန္တရာယ်ကို သတိထားမိသည်။ အဆက်မပြတ် လွင့်ပျံနေသော ထိုအရှိန်အဝါက သူ့ကို ကြောက်လန့်စေသည်။

ထိုစဉ်

ဤနေရာ၌ သူမတူသော တည်ရှိမှုတစ်ခု ပုန်းအောင်းနေပြီး ချုံးချီတောင်မှ စိတ်ဓာတ်ကျနေကာ သူ၏ သဘာဝရန်သူကို တွေ့လိုက်ရသကဲ့သို့ ခံစားနေရသည်။

ထိုသို့သောအချိန်၌ အလောင်းတစ်လောင်းက သူတို့ရှေ့သို့ လွင့်ပါးလာသည်။

ယဲ့ဖန်နှင့် ကျန်သူများ မျက်နှာပျက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့သို့ မျောလာသော အလောင်းမှာ အင်မော်တယ် ဧကရာဇ်အဆင့် လူတစ်ယောက်၏ အလောင်း ဖြစ်နေသောကြောင့်ပင်တည်း။

အားလုံးနီးပါး အစားခံထားရပြီး အသားနှင့် သွေးစများ လုံးဝ မကျန်ခဲ့ပေ။ ထိုအလောင်းများမှာ အိုးရန်မျိုးနွယ်၏ ဘိုးဘေးများ ဖြစ်လေသည်။ ဤနေရာမှ ပြန်ထွက်ရန် ကျရှုံးခဲ့ပြီး ထိုတည်ရှိမှု၏ စားသုံးခြင်းကို ခံခဲ့ရခြင်းပင်။

ယဲ့ဖန်၏ မျက်နှာသည်လည်း အနည်းငယ် ကြည့်ရဆိုးလာသည်။ ဤနေရာ၌ ရှိနေသော တည်ရှိမှုက ကြောက်စရာကောင်းသည်ဟု ခံစားမိလာလေသည်။

အင်မော်တယ် ဧကရာဇ်အဆင့်ကိုပင် ကျွဲစာနွားစာလို ဖြစ်နေပြီး သူတော်စင်အဆင့်တောင်မှ ဆုတ်ခွာနိုင်မည် မဟုတ်ပါ။

“သွားကြမယ်၊ အဲ့ဒါက လူလား သရဲလား ကြည့်ကြတာပေါ့”

ယဲ့ဖန်က အသာပြောလိုက်ပြီး ဟင်းလင်းပြင်ထဲ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။ ဤသည်မှာ မဖြစ်နိုင်သော် စမ်းသပ်မှု ဖြစ်သော်လည်း ယဲ့ဖန်က ဤသည်ကို မိစ္ဆာဟု မယုံကြည်ပါ။

ပို၍ နက်နက်ရှိုင်းရှိုင်း သွားမိလေလေ ပို၍ မွန်းကျပ်စရာကောင်းသော ဖိအား ပျံ့လွင့်လာသည်ကို ခံစားမိ လာလေပင်။

ရန်လို၍ စက်ဆုပ်စရာကောင်းသည်။ ကြမ်းကြုတ်၍ အေးစက်လွန်းသည်။ ယင်းက အေးစက်သော ချောက်နက်ထဲ ကျသွားသလို ခံစားရသည်။

ထိုစဉ် ယဲ့ဖန်နှင့် အခြားသူများသည် ရူးသွပ်၍ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက လွှမ်းခြုံလာသည်ကို ခံစားမိလာ၏။

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်တစ်ခုလုံး နိုးထလာသကဲ့သို့ ဖြစ်လာပြီး ကျောချမ်းစရာကောင်းပြီး ရက်စက်သော အရှိန်အဝါ ပျံ့လွင့်လာသည်။

ရှေးကျ၍ ခေတ်ကုန်နေသော အငွေ့အသက်ပင်။

၎င်းက နှစ်ပေါင်း သန်းရာချီ၍ ချိပ်ပိတ်ခံထားရသည့် ကြမ်းကြုတ်သော ဝိညာဉ်တစ်ခုနှင့် တူကာ အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ထို့နောက်တွင် အလောင်းတစ်ခု တွန်းထုတ်ခံလိုက်ရသည်။

ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာ၌ လူ့အရိုးများနှင့် လူ့အရိုး မဟုတ်သော အရိုးများ ပုံနေ၏။ ၎င်းတို့သည် အင်မော်တယ်များ၊ နတ်ဘုရားများနှင့် မိစ္ဆာများ၏ အရိုးများပင်တည်း။

ဤမြင်ကွင်းက ချုံးချီကို မျက်မှောင်ကြုတ်သွားစေသည်။ လက်ရှိအချိန်၌ သူသည် သူနှင့် မျိုးတူသတ္တဝါကို တွေ့လိုက်ရသလို ခံစားလိုက်ရသည်။

*နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကို စားသုံးတယ်တဲ့လား*

ထို့နောက်တွင်မူ ခပ်လှမ်းလှမ်းမှ နက်ဗျူလာက တုန်ခါလာသည်။ ထို့နောက် ကြယ်တာရာတစ်လုံးမျှ ကြီးမားသော မျက်လုံးအိမ်တစ်ခု ရုတ်တရက် ပွင့်လာပြီး ယဲ့ဖန်အား စိုက်ကြည့်လာသည်။

All Chapters