← Chapters

ဟင်းလင်းပြင် ကြယ်တာရာဝိညာဉ်

Vol. 111 Ch. 1658

ဟင်းလင်းပြင် ကြယ်တာရာဝိညာဉ်

Vol. 111 Ch. 1658

ထိုအကြည့်က ချောက်နက်အလား နက်ရှိုင်းလွန်းလှသည်။

ဤသည်ကိုမြင်သော် ယဲ့ဖန်နှင့် ချုံးချီတို့ ချက်ချင်း အံ့ဩသွားကြသည်။ သူတို့အရှေ့မှ နက်ဗျူလာက ထိုဧရာမ သားရဲ၏ ခန္ဓာကိုယ် ဖြစ်နေပါရောလား။

နက်ဗျူလာက မီတာပေါင်းထောင်ချီ၍ ရှည်လျားလှသည်။

*ဒါက ကြောက်ဖို့ကောင်းလွန်းတယ်*

*မီတာတစ်သောင်းတောင် ရှည်လျားတဲ့ မကောင်းဆိုးဝါးလား*

*ဒီသတ္တဝါက ဒီမှာ နှစ်ပေါင်း ဘယ်လောက်ကြာအောင်တောင် နေခဲ့တာလဲ၊ သူ့သက်တမ်းက ကြောက်ဖို့ ကောင်းလွန်းတယ်*

နက်ဗျူလာက သူတို့ထံ တရွေ့ရွေ့ ချဉ်းကပ်လာသည်။ ၎င်းသည် မှင်တက်အံ့ဩဖွယ်ကောင်းသော်လည်း အန္တရာယ် အပြည့်ပင်။

ထို့နောက်တွင်မူ အန္တရာယ် ဆိုက်ကပ်လာ၏။ နက်ဗျူလာ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ အရာအားလုံး ပြာဖြစ်ကာ တဝုန်းဝုန်းအသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ကြယ်တာရာများ ပေါက်ကွဲပျက်စီး သွားလေသည်။

“ဘာ …. အမှုန်လေးတစ်ခုကတောင် တန်ထောင်ချီလေးတာလား”

ထိုအခိုက်တွင် ချုံးချီတောင်မှ မယုံနိုင်စရာ ကောင်းလှသည်ဟု တွေးမိနေသည်။ နက်ဗျူလာတွင်း၌ ပါဝင်နေသော အမှုန်လေး တစ်ခုကတောင်မှ တန်ထောင်ချီ၍ လေးလံနေ၏။ ထိုသို့သော အမှုန်များ စုဝေးနေသဖြင့် ၎င်း၏ အလေးချိန်က ကြောက်စရာ ကောင်းလှပေသည်။

*အံ့ဩဖို့ကောင်းလိုက်တာ*

*ဒါ ဘယ်လို သတ္တဝါကြီးလဲ*

ယဲ့ဖန်က ဘာမှမပြောဘဲ လက်ကိုမြှောက်၍ နဂါးကိုးကောင် မီးလင်းဖိုကို ပစ်ပေါက်လိုက်သည်။ တစ်ဖက်က သူတို့ကို ဝါးမျိုချင်သဖြင့် ဘာမှ ပြောနေစရာပင် မလိုတော့ချေ။

သူ့အမေက ဤနေရာမှအရာကို သတ်နိုင်ခဲ့သဖြင့် သူသည်လည်း သတ်နိုင်ပေမည်။

နဂါးကိုးကောင် မီးလင်းဖိုက တောက်ပစွာ လင်းလက်လာပြီး ကြေးနီရောင် အလင်းတန်းများ ဖြာထွက်လာကာ သတ္တုအရောင်က အလွန် ကြည့်ကောင်းလာ၏။

၎င်းသည် အင်မော်တယ် တောင်တစ်လုံးကဲ့သို့ ထည်ဝါလှပြီး ဟင်းလင်းပြင်အတွင်း ပျံသန်းကာ နက်ဗျူလာအား ဝင်တိုက်လေသည်။

“ဝုန်း”

ကျယ်လောင်သော အသံနှင့်အတူ နဂါးကိုးကောင် မီးလင်းဖိုက နက်ဗျူလာကို ထိုးခွင်းကာ ကောင်းကင် တုန်မတတ် ပေါက်ကွဲမှု ဖြစ်အောင် လုပ်နိုင်သွားသည်။ ထိုအသံက အလွန်အမင်း ထိတ်လန့်စရာ ကောင်းလှသည်။

“ဂါး”

ထို့နောက်တွင်မူ နက်ဗျူလာအတွင်းမှ အလွန် ဒေါသထွက်သော အသံတစ်သံ ထွက်လာ၏။

ယဲ့ဖန်၏ ပစ်ချက်က နက်ဗျူလာအတွင်း ပုန်းအောင်နေသော အရာကို အထိနာအောင် လုပ်လိုက်နိုင်မှန်း သိသာလှသည်။

ထို့နောက်တွင်မူ နက်ဗျူလာအတွင်းမှ ဧရာမ မျက်လုံးများ ပြန်ပွင့်လာပြီး ယဲ့ဖန်အား စူးစူးရဲရဲ စိုက်ကြည့်သည်။ ၎င်းအကြည့်တွင် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များ ပါဝင်နေ၏။

ယဲ့ဖန်က ၎င်းကို အေးစက်စွာ ရင်ဆိုင်ကြည့်၍ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ထွက်သွားမလား၊ အသေခံမလား”

ဖိနှိပ်ချုပ်ချယ်ခြင်း၊ မောက်မာခြင်းတို့ဖြင့် ပြည့်နှက်နေ၏။

ထိုစကားက တစ်ဖက်အား ဒေါသထွက်သွားစေသည်။ နက်ဗျူလာက ဆက်လက်၍ ရွေ့လျားလာပြီး ကြယ်တာရာတစ်ခုကို ဖျက်ဆီးကာ နဂါးငွေ့တန်းတစ်ခုလုံး ပေါက်ကွဲသွားသည်။

ဤသို့သော အဖျက်စွမ်းအင်က တကယ်ပင် လောကကို ဖျက်ဆီးနိုင်သည့် စွမ်းအင်ပင်။

ထို့နောက်တွင်မူ ကြယ်တာရာများ ပါဝင်သော ကျာပွတ်ရှည်တစ်ချောင်းက ယဲ့ဖန်ထံ ကျရောက်လာသည်။ ကြောက်စရာ ကောင်းလှပေသည်။

ဟင်းလင်းပြင်တောင်မှ ပြင်းထန်စွာ တုန်ခါလာသည်။

ဤမြင်ကွင်းက ချုံးချီတို့အား မျက်လုံးပြူးသွားစေသည်။

*ကြယ်တာရာတွေနဲ့ ကျာပွတ်ရှည်ကို ဖန်တီးတယ် ဟုတ်လား၊ ဒါကြီးက မကြမ်းလွန်းဘူးလား*

“သန်မာတဲ့ ခွန်အားပဲ”

နဂါးကိုးကောင်တောင်မှ ဖိအားကို ခံစားမိကာ အထင်မသေးရဲတော့ချေ။

ယဲ့ဖန်၏ မျက်လုံးများက အေးစက်လာပြီး သတ်ဖြတ်ချင်စိတ်ကလည်း ပေါက်ကွဲထွက်ပေါ်လာသည်။ စကြဝဋ္ဌာဓားကို ထုတ်၍ အရှေ့သို့ ခုတ်ပိုင်းလိုက်သောအခါ တစ်ကီလိုမီတာ ရှည်လျားသော ဓားအလင်းက ဟင်းလင်းပြင်ကို ဖြတ်၍ ဒုံးပျံအလား ကျဆင်းသွားလေသည်။

“ဝုန်း ဝုန်း ဝုန်း”

ကြယ်တာရာ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲကာ ၎င်းတို့ဖြင့် ဖန်တီးထားသော ကျာပွတ်ရှည်သည်လည်း တစ်စစီ ပျက်စီးကုန်၏။

နက်ဗျူလာအတွင်းမှ အရာသည် ယဲ့ဖန်က သူ၏ လက်နက်ကို ဓားချက်တစ်ချက်တည်းဖြင့် ချိုးဖျက်နိုင် လိမ့်မည်ဟု ထင်မထားမိပေ။

၎င်းသည် တစ်ဒင်္ဂမျှ မှင်တက်နေသည်။ ထို့နောက် ယဲ့ဖန်အား သေချာစိုက်ကြည့်လာပြီး နတ်ဘုရား အသိအာရုံတစ်စက ထွက်လာပြီး ယဲ့ဖန်အား ချက်ချင်း လွှမ်းခြုံလာသည်။

ထို့နောက်တွင်မူ ၎င်းက အော်ငေါက်လာ၏။

“အိုးရန်ချင်ရွှယ် ခွေးမ လတ်စသက်တော့ နင်ကိုး”

“အိုးရန်ချင်ရွှယ် ဟုတ်လား”

ယဲ့ဖန် အံ့ဩသွားသည်။ တစ်ဖက်က သူ့မိခင်ကို မြင်ဖူးသည့်အပြင် နာမည်ကိုပါ မှတ်မိနေသည်။

“ငါက အိုးရန်ချင်ရွှယ် မဟုတ်ဘူး၊ ငါက သူ့သား”

ယဲ့ဖန် တည်ငြိမ်စွာ ပြောလိုက်သည်။

“သား ဟုတ်လား၊ ကလေးရဖို့ဆို နင်တို့တွေက မိတ်လိုက်ရတယ်လို့ သူ ပြောတာကို ကြားဖူးတယ်၊ အဲ့တော့ သူက တစ်ယောက်ယောက်နဲ့ မိတ်လိုက်တယ်ပေါ့ ဟုတ်လား”

တစ်ဖက်ကအရာသည် ဤနေရာ၌ ကြာမြင့်စွာ နေထိုင်ခဲ့ပြီး တစ်ခါမှ လူသားတို့နှင့် ထိတွေ့ဆက်ဆံဖူးခြင်း မရှိပေ။ သက်ရှိအားလုံးက ၎င်းအတွက် အစာသာ ဖြစ်သည်။ ၎င်းသည် ခံစားချက်ဟူသော အရာနှင့် လူ့သဘာဝ စသော အရာများကို နကန်းတစ်လုံးမျှ မသိချေ။

ယဲ့ဖန် နဖူးကြောတွန့်သွားသည်။

“ဟုတ်တယ်”

“သူ့လိုမိန်းမက တစ်ယောက်ယောက်နဲ့ မိတ်လိုက်တယ်ပေါ့လေ”

တစ်ဖက်က ရယ်မောနေပြီး စိတ်ဝင်စားနေသည့်ပုံ ပေါ်နေ၏။

ယဲ့ဖန် ဘာပြောရမှန်းမသိသော အမူအရာ ဖြစ်သွားသည်။

*ဒီအကောင်ရဲ့ ဦးနှောက်က တစ်ခုခု မှားနေတာလား၊ ဘယ်လိုလုပ် လူတွေ မိတ်ဖက်ပြုတာကို နားထောင်ပြီး ပျော်နေတဲ့ ပုံ ပေါ်နေရတာလဲ*

ထို့နောက်တွင်မူ တစ်ဖက်က ငုံ့ကြည့်လာပြီး ၎င်း၏ မျက်လုံးကြီးများက ယဲ့ဖန်၏ ဦးခေါင်းထက်၌ ဝဲနေကာ လေသံမာမာဖြင့်‌ ပြောလာသည်။

“အိုးရန်ချင်ရွှယ်လည်း သေရမယ်၊ နင်က သူ့ကလေးဆိုရင် နင်လည်း သေသင့်တယ်”

“သူ ဘာလုပ်ခဲ့လို့ ခင်ဗျား သူ့ကို အရမ်း မုန်းနေရတာလဲ”

ယဲ့ဖန် သိချင်နေမိသည်။ သူ့အမေက ဤနေရာသို့ ယခင်က ရောက်ခဲ့ဖူးပြီး ဤသတ္တဝါကို မြင်ခဲ့သော်လည်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သည်။

သို့သော် ယခု ဤသတ္တဝါက သူမကို အရိုးထဲအထိ မုန်းတီးနေ၏။

*ဒါက ဘာသဘောလဲဟ*

“ဘာလို့လဲဆိုတော့ သူက လူလိမ်မို့လို့လေ၊ သူ ငါ့ကို လှည့်စားတယ်၊ သူ ငါ့နာမည်ကိုလည်း ယူသွားတယ်”

တစ်ဖက်၏ ဒေါသတကြီး အော်ဟစ်သံတွင် ဝမ်းနည်းကြေကွဲဟန်လည်း ပါနေ၏။ ယခု ၎င်းသည် ကိုယ့်နာမည် ကိုယ် မေ့နေကာ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာကိုပင် မေ့သွားသည်။

“သူက ငါနဲ့ သူငယ်ချင်း ဖြစ်ချင်တယ်လို့‌ ပြောခဲ့တယ်၊ ဒါပေမဲ့ သူ တစ်ခါမှ ပြန်မလာဘူး၊ သူက လူလိမ်”

သူသည် ဤဟင်းလင်းပြင်းထဲ၌ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး အစားအသောက်အပြည့်၊ အိပ်စက်မှုအပြည့်ဖြင့် နေခဲ့ကာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စသည့် ခံစားချက်များကို မသိခဲ့ပေ။ သို့သော် အိုးရန်ချင်ရွှယ်က သူ့အရှေ့သို့ ပေါ်လာခဲ့သည်။ သူမသည် သူ စားခဲ့သော အခြားသူများနှင့် မတူခြားနားနေ၏။

သူမသည် ရောက်လာသည်နှင့် သူ့ကို မတိုက်ခိုက်သလို သူ့ကို စိတ်ပျက်အောင် အော်ဟစ်ခြင်းလည်း မပြုခဲ့ပေ။ သူမက သူ့ကိုကြည့်၍ တစ်ခွန်းသာ ပြောသည်။

“နင်က အရမ်း ရုပ်ဆိုးတာပဲ”

ထိုအချိန်က သူသည် ရုပ်ဆိုးတယ်ဟူသော စကား၏ အဓိပ္ပာယ်ကို မသိချေ။ သို့သော် ကောင်းသော စကား မဟုတ်မှန်းတော့ ခံစားမိသည်။

သူ အရမ်း ဒေါသထွက်သည်။ သူမကို စားပစ်မည်ဟု ပြောခဲ့သော်လည်း အိုးရန်ချင်ရွှယ်က သူ့ကို ပြုံး၍ ကြည့်ပြီး ဘာကြောင့် စားချင်တာလဲဟု မေးလာသည်။ သူမ၏ ခန္ဓာကိုယ်တွင် အသားများများ မရှိသဖြင့် သူ့သွားကြားပင် ညပ်မည် မဟုတ်ဟု ပြောခဲ့သည်။

ထိုအခါ သူ အံ့ဩသွားရသည်။ အဘယ်ကြောင့်ဆိုသော် အိုးရန်ချင်ရွှယ်‌ ပြောသောစကားက အလွန် ကျိုးကြောင်း ဆီလျော်သည်ဟု သူ ခံစားမိသွားသည်။

ထို့နောက် သူတို့ ထူးထူးခြားခြား သူငယ်ချင်းများ ဖြစ်သွားခဲ့ပြီး အိုးရန်ချင်ရွှယ်က သူ့ကို အပြင်လောကက မည်မျှ အံ့ဩစရာ ကောင်းပြီး လှပကြောင်း ပြောခဲ့သည်။

သူ အလွန် ပျော်သွားခဲ့သည်။ သူသည် နှစ်ပေါင်း သန်းရာချီ၍ နေခဲ့သော်လည်း အိုးရန်ချင်ရွှယ်နှင့် အတူရှိခဲ့သော နေ့ရက်များလောက် မပျော်ခဲ့ပေ။

သူတို့သည် ဂြိုဟ်များထံ အတူတူ ခရီးထွက်ခဲ့ပြီး ကြယ်တာရာများကို ကောက်ခဲ့သလို လကိုလည်း ဆွဲယူခဲ့သည်။ ထို့အတူ နဂါးငွေ့တန်းများကို အတူတူ ထိုင်ကြည့်ခဲ့သည်။ ထို့နောက် အိုးရန်ချင်ရွှယ်က သူ့ကို သူငယ်ချင်းဟူသော စကားလုံးကို သင်ပေးခဲ့သည်။

အိုးရန်ချင်ရွှယ် ထွက်သွားတော့မည့်အချိန်၌ သူသည် အိုးရန်ချင်ရွှယ်အား သူ့နာမည်ကိုပင် ပြောပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အိုးရန်ချင်ရွှယ်က သေချာပေါက် ပြန်လာမည်ဟု ကတိပေးခဲ့သောကြောင့်ပင်တည်း။

သူ့နာမည်ကို ရပြီးချိန်မှစ၍ အိုးရန်ချင်ရွှယ်က သူ့ကို မောင်းထုတ်နိုင်လေပြီ။ ဤသည်က သူ၏ အိုးရန်ချင်ရွှယ် အပေါ် အလွန် ယုံကြည်ကြောင်း ပြသနေပြီး ၎င်းက သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်လည်း ဖြစ်သည်။

သူ့နာမည်ကို သိလိုက်သည်နှင့် သူနှင့်ပတ်သက်သော အရာအားလုံးကို စိုးမိုးနိုင်လေပြီ။ သူ့အသက်ကို အိုးရန်ချင်ရွှယ်ကို ပေးလိုက်ခြင်းပင်။ သို့သော် သူကတော့ သူ့နာမည်သူ မေ့သွားခဲ့သည်။

သူ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သည်။ အထီးကျန်ခြင်းက ဘာလဲဆိုတာကို တစ်ခါမှ မသိသောသူသည် အထီးကျန်လာပြီး မပျော်မရွှင် ဖြစ်လာ၏။

ထို့နောက်တွင်မူ အထီးကျန်မှုက ကူးစက်ရောဂါလို အဆက်မပြတ် ဖြစ်နေကြောင်း သိလိုက်ရသည်။

အစက သူ အထီးကျန်မှုက ဘာလဲ မသိသော်လည်း အိုးရန်ချင်ရွှယ်နှင့် တွေ့ပြီးနောက် သူ တစ်ခါမှမရခဲ့သော အပေါင်းအဖော်ကို ရခဲ့သည်။

အိုးရန်ချင်ရွှယ် ပြန်လာသည်ကို ဤဟင်းလင်းပြင်ထဲမှ သူ စောင့်ခဲ့သော်လည်း ရက်ကိုလစား၊ လကိုနှစ်စားသွားပြီ အထီးကျန်မှုကို ခံစားခဲ့ရလေသည်။

ထို့နောက်တွင်မှ သူ လှည့်စားခံလိုက်ရမှန်း သိလိုက်ရသည်။ အိုးရန်ချင်ရွှယ်က သူ့ကတိကို ဖျက်သွားခဲ့သည်။ သူ ဘယ်တော့မှ ပြန်ပေါ်မလာသလို လုံးဝ ပြန်မလာခဲ့ချေ။

ယခု သူ့နာမည်ကို သူ ပြန်လိုချင်သည်။

“ငါ့နာမည်ကို ပြန်ပေးစမ်း”

ကြမ်းတမ်းသော ဒေါသသံ ထွက်ပေါ်လာ၏။

“အိုးရန်ချင်ရွှယ်က လူလိမ် မဟုတ်ဘူး၊ သူ မင်းကို မလိမ်ဘူး၊ သူ ပျော်ကနေတာ၊ သူ သေသွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်”

ယဲ့ဖန် မသိမသာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ သူ့မိခင် ဤလောကတွင်း၌ အသက်ရှင်နေ သေးသလား ဆိုသည်ကို သူတောင်မှ အာမ မခံနိုင်ပါ။

“သေတယ်၊ သေတယ်ဆိုတာ ဘာလဲ”

တစ်ဖက်က ဤသဘောတရားကို နားမလည်ချေ။ သူသည် မသေနိုင်သူဖြစ်ပြီး လောက သံသရာ ကန့်သတ်ချက် များကို ကျော်လွန်သူ ဖြစ်သောကြောင့် သေခြင်းကို သိနားလည်ခြင်း မရှိချေ။

“သေတယ်ဆိုတာ အစားခံလိုက်ရတာကို ပြောတာ”

ယဲ့ဖန် သူ့ကို ဤနည်းဖြင့်သာ ရှင်းပြနိုင်တော့သည်။

“အစားခံရတာ ဟုတ်လား”

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်တစ်ခုလုံး အုံအုံကြွကြွ ဖြစ်လာပြီး ကြောက်စရာကောင်းသော အဖျက်စွမ်းအင် ပျံ့လွင့်လာသည်။ ကြောက်မက်ဖွယ် ကောင်းလှသည။ မိုးမြေကိုပင် ဖျက်ဆီးနိုင်လောက်သည်။ သတ်ဖြတ်ချင်စိတ်ကလည်း အရူးအမူး ထွက်ပေါ်လာသည်။

“ဘယ်သူလဲ၊ ငါ့သူငယ်ချင်းကို ဘယ်သူ စားရဲတာလဲ”

သူ အလွန် ဒေါသထွက်နေ၏။

*အိုးရန်ချင်ရွှယ်က ပြန်မလာတာ မဟုတ်ဘဲ အစားခံလိုက်ရတာလား၊ ဒါကြောင့် သူ ပြန်မလာနိုင်တာပေါ့*

*ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းက အစားခံလိုက်ရတယ်ပေါ့*

“ငါ မသိဘူး၊ သူ ပျောက်သွားတာ ကြာနေပြီ၊ ဘယ်တော့မှ ပြန်ပေါ်မလာတာလဲ ဖြစ်နိုင်တယ်”

ယဲ့ဖန် ပြန်ပြောလိုက်သည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အချိန် အတော်ကြာပြီးမှ သူ့ဘက်က ပြောလာသည်။

“ငါ့ကို သူ့ဆီခေါ်သွား”

“သူ အစားခံလိုက်ရတာဆိုရင် ငါ သူ့အတွက် လက်စားချေမယ်၊ တကယ်လို့ သူ ကတိကို ဖျက်ခဲ့တာဆိုရင် ငါကိုယ်တိုင် သူ့ကို စားပစ်မယ်”

နက်ဗျူလာအတွင်းမှ အလင်းတစ်ခု ထွက်လာပြီး လူရိပ်တစ်ခု ထွက်လာသည်။ ထွက်လာသူမှာ ကလေးသာသာ မိန်းကလေးဖြစ်ပြီး ပါးပြင်က နူးညံ့ပြည့်ဖောင်းနေပြီး မျက်လုံးလေးများက စူးလက်နေကာ ဆံပင်ကို နှစ်ဖက်ခွဲ၍ စည်းထားပြီး ကြွေရုပ်လေး တစ်ရုပ်နှင့်တူနေကာ အလွန် ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်ဖော် ထားသည်။

“ဒါ … ဒါ မင်းရဲ့ ပုံစံအစစ်လား”

ယဲ့ဖန် အံ့ဩသွားသည်။ ကြီးမားသော သတ္တဝါကြီးက ကလေးမလေး ဖြစ်နေလိမ့်မည်ဟု သူ မယုံကြည်နိုင်ပါ။ ဤသတ္တဝါက သူ့ထက်ပင် ပို၍ သက်တမ်းရင့်မည်ဟု ယဲ့ဖန် ခံစားမိနေသည်။ ၎င်း မည်မျှကြာကြာ အသက်ရှင် နေထိုင်ခဲ့သလဲ သူ မသိပါ။

“ဘယ်ဟုတ်မလဲ၊ မင်းတို့ လူသားတွေရဲ့ အသိစိတ်ထဲက ပုံရိပ်နဲ့ ကိုက်အောင် ပြောင်းထားတာ၊ ငါ ဘယ်လိုပုံစံမဆို ပြောင်းလို့ရတယ်”

ယဲ့ဖန်က သူ၏ လန့်နေသော စိတ်ကို ဖယ်ထုတ်၍ သတိပေးလိုက်သည်။

“မင်း ဒီလောကထဲ ဝင်လာရင် ပေးဆပ်ရမယ်ဆိုတာ သိသင့်တယ်၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်မထားရင် ကောင်းကင်ဘုံက သည်းခံမှာ မဟုတ်ဘူး၊ မဟာတာအို ဥပဒေက ကောင်းကင်ဘုံကနေ သက်ဆင်းလာပြီး မင်းကို သတ်လိမ့်မယ်”

ဤလူသည် လောကနှင့် မသက်ဆိုင်သလို ချီစွမ်းအင်ကလည်း ကြီးမားလွန်းသဖြင့် ကောင်းကင်ဘုံက ကြည့်နေမည် မဟုတ်ပါ။ အတင်း ဝင်ရောက်လာမည်ဆိုလျင် တာအို ဥပဒေသကို ဖျက်ဆီးသည့်သဘော ဖြစ်သွားကာ အပြစ်ပေးခံရပေမည်။

သူမ လောကထဲ ဝင်ချင်ပါက သူမ၏ ကျင့်ကြံခြင်းကို ဖျက်ဆီးကာ အစကနေ စတင်ရမည်။

“ဒုန်း”

ထိုအခိုက်တွင် ကလေးမလေးက သူမနဖူးကို လက်ဝါးဖြင့် ရိုက်ချလိုက်သဖြင့် ဦးခေါင်းခွံ ကွဲသွားသည်။ ချက်ချင်းဆိုသလိုပင် သွေးများ ပန်းထါက်လာပြီး ကြီးမားသော ဟင်းလင်းပြင်စွမ်းအင် ထွက်ပေါ်လာပြီး ၎င်းစွမ်းအင်လှိုင်းကြောင့် နဂါးငွေ့တန်း တစ်ခုလုံး ပျက်စီးကာ ပျောက်ကွယ်သွားသည်။

သူမက နှစ်ပေါင်းများစွာ ကျင့်ကြံထားသမျှကို တစ်ချက်ကလေးမျှ တုံ့ဆိုင်းမနေဘဲ ဖျက်ဆီးခဲ့သည်။ သူမ အလွန် အားနည်းလာပြီး ရှေ့သို့ လျှောက်လိုက်ချိန်တွင် အားမရှိတော့ဘဲ လဲကျသွားသည်။

ယဲ့ဖန်က သူမကို ပွေ့လိုက်ပြီး စိတ်ရှုပ်ထွေးသော အကြည့်နှင့် ကြည့်နေသည်။

“အခု ဒီလောက်ဆို အဆင်ပြေပြီလား”

သူမက ခေါင်းမော့၍ ယဲ့ဖန်ကို ခက်ခက်ခဲခဲ မော့ကြည့်လာသည်။ ယဲ့ဖန် မချိပြုံးပြုံး၍ မေးလိုက်သည်။

“ဒီလိုလုပ်တာ တန်လို့လား”

“နင် နားမလည်ပါဘူး”

သူမက ခေါင်းသာခါပြသည်။ ယဲ့ဖန်က သူမခံစားချက်ကို နားလည်မည် မဟုတ်သလို သူမ အိုးရန်ချင်ရွှယ်ကို ဘယ်လောက်တောင် ပြန်တွေ့ချင်နေလဲ မသိနိုင်ပါ။

အိုးရန်ချင်ရွှယ်ကို မတွေ့ခင်က သူမက ဘာလဲဆိုသည်ကိုပင် မသိခဲ့ပါ။ အိုးရန်ချင်ရွှယ်က သူမကို ဘဝတစ်ခု ပေးခဲ့ပြီး စားဖို့သောက်ဖို့သာ သိသော သားရဲတစ်ကောင်အဖြစ် မနေအောင် လုပ်ပေးခဲ့သူ ဖြစ်သည်။

…

တစ်ချိန်တည်းမှာပင် အိုးရန်အိမ်တော်၏ အပြင်ဘက်၌ အိုးရန်ကျန်းနှင့် အခြားသူများက သုံးရက်တိတိ စောင့်ဆိုင်းနေ၏။ ဤသုံးရက်အတွင်း အိုးရန်ကျန်းက ဘယ်မှမသွားဘဲ ယဲ့ဖန် ပြန်လာသည်ကို စောင့်မျှော် နေသည်။ သူ့မျက်နှာတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေလေသည်။

All Chapters