ဘေးလူများ ရုတ်ရုတ်သဲသဲဖြစ်ခြင်း
Vol. 111 Ch. 1660
“မင်းတို့ မြင်လား၊ ငါ့မြေးက တစ္ဆေလမ်းကနေ ထွက်လာပြီ၊ အခု သူ့ကို ဘယ်သူ မေးခွန်း ထုတ်ချင်သေးလဲ”
အိုးရန်ကျန်းက ယဲ့ဖန်၏ ပခုံးကိုပုတ်၍ လူအုပ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ဝမ်းသာ၍ ဂုဏ်ယူဟန်တို့ ပေါ်နေသည်။
တစ္ဆေလမ်းမှ ထွက်လာသော ဤနတ်ဆိုးဆန်သည့်လူက အိုးရန်ကျန်းဟူသော သူ၏ မြေးဖြစ်ကြောင်း တစ်လောကလုံး သိအောင် ပြရန် မစောင့်နိုင်သည့်ပုံပင်။
သူ့မျက်နှာမှအပြုံးက ဖုံးဖိမရခေချ။ အိုးရန်ချင်ရွှယ် ထွက်သွားပြီးကတည်းက သူ ယနေ့လောက် မပျော်ခဲ့သေးပါ။ သူသည် မျိုးနွယ်တွင်းမှ ဒုတိယ ပါရမီရှင် ထွက်ပေါ်လာသည်ကို မြင်ယောင်နေပုံ ရသည်။
ယဲ့ဖန်က သူ့ကို စိတ်မပျက်စေခဲ့ပါ၊ သူ မျှော်မှန်းထားသည်ထက်ပင် သာလွန်နေ၏။
*ဘုရင်အဆင့်လေးနဲ့ တစ္ဆေလမ်းကနေ ထွက်လာနိုင်တယ်၊ ဒီကောင်လေးက သူ့အမေထက် ပိုသာတာပဲ*
အိုးရန်မျိုးနွယ်များအားလုံး မှင်တက်နေသည်။ သူတို့ စကားမပြောနိုင်ဖြစ်ကာ မျက်စိရှေ့မှ မြင်ကွင်းကြောင့် ကြောက်လန့်နေ၏။
ယဲ့ဖန် တစ္ဆေလမ်းမှ ထွက်မလာနိုင်ဟု လူတိုင်းနီးပါး ထင်ခဲ့ကြသည်။ သို့သော် ဤလူက ထွက်လာနိုင်ရုံသာမက ဘာဒဏ်ရာမှ မရခဲ့ပေ။ ဤသည်က ဘာမတော်တဆမှုမှ မဖြစ်ခဲ့ကြောင်း ပြသနေ၏။
*ဒီကောင်လေးနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားတာ ရှိကိုရှိရမယ်*
“ဘိုးဘေးတွေ ထားခဲ့တဲ့ စကားတစ်ခု ရှိတယ်လေ၊ တစ္ဆေလမ်းကနေ ပြန်လာနိုင်တဲ့ ဘယ်သူမဆို တာအိုသဘောတရားကို သက်သေပြနိုင်ပြီး သူတော်စင် ဖြစ်နိုင်တယ်တဲ့၊ မဟုတ်မှလွဲရော သူလည်း …”
မျိုးနွယ်ဝင်တစ်ယောက်၏ မျက်လုံးများက ရီဝေနေကာ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေသည်။ ကျန်လူများအားလုံးသည်လည်း ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေကြသည်။
ဘိုးဘေး၏ အမွေအနှစ်သည် ဟောကိန်းတစ်ခုနှင့် အတူတူပင် ဖြစ်ကာ တစ်ခါမှ မမှားခဲ့ပေ။
ဤလူငယ်လေး၏ ယခု နိမ့်ကျသော ခွန်အားကို အသာထားလိုက်လျင် နောင်အနာဂတ်၌ သူသည် တာအို သဘောတရားကို သက်သေပြနိုင်ပြီး သူတော်စင် ဖြစ်လာနိုင်ပေမည်။
“ဟားဟားဟား ငါ့မြေးက သူတော်စင်ဖြစ်လာမယ့်သူပဲ၊ မျိုးနွယ်ထဲမှာ သူတော်စင်အဆင့် နှစ်ယောက် ရှိလာတော့မယ်၊ နောက်ဆို ဘယ်သူ ငါ့ကို အထင်သေးရဲဦးမလဲကွ”
အိုးရန်ကျန်းက စိတ်ပါလက်ပါ ရယ်မောနေပြီး စိတ်ကြည်နေ၏။
အစက သူသည် အိုးရန်ချင်ရွှယ်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ပြီး တစ်နေ့ သူမ သူတော်စင်အဆင့် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သည။ သို့သော် အိုးရန်ချင်ရွှယ်က ထွက်သွားခဲ့ပြီး ဘယ်နေရာမှာမှ ပြန်မတွေ့ ရတော့ချေ။
သို့သော် သူမ ထွက်သွားသော်လည်း သူမသားကို အိုးရန်ကျန်းထံ၌ ထားခဲ့သည်။ ယခုအခါတွင် အိုးရန်ကျန်းက သူ့မျှော်လင့်ချက်အားလုံးကို ယဲ့ဖန်ထံ ပုံအပ်လိုက်လေပြီ။
ထိုစကားကိုကြားသော် အိုးရန်မျိုးနွယ်၏ အကြီးအကဲများလည်း ပျော်ရွှင်လာ၏။ အိုးရန်မျိုးနွယ်တွင်း၌ နောက်ထပ် သူတော်စင်အဆင့် ရှိလာတော့မည်။ ဤသည်က သူတို့၌ ဝှက်ဖဲတစ်ချပ် ရှိလာပြီဟု ဆိုလိုနေသည် မဟုတ်ပါလော။
ချက်ချင်းဆိုသလိုပင် လူတစ်ယောက်က စာရွက်လှန်သည်ထက်ပင် မြန်ဆန်သော ပြောင်းလဲမှုဖြင့် အချိုးပြောင်းကာ အိုးရန်ကျန်းကို ချီးမွမ်းခန်း ဖွင့်လေသည်။
“ဂုဏ်ယူပါတယ် မိသားစုခေါင်းဆောင်၊ ဒီနေ့ မြေးအဘိုးနှစ်ယောက် ပြန်ဆုံတဲ့အပြင် ဒီလို အဖိုးတန်တဲ့မြေးကိုပါ ရလိုက်တာပဲ”
“သခင်လေးက တကယ်ကို ပထမ သခင်မလေးရဲ့ သား ဖြစ်ထိုက်ပါပေတယ်၊ တကယ်ကို ပထမ သခင်လေးနဲ့ တစ်ပုံစံတည်းပဲ”
“သောက်ချီးကို တစ်ပုံစံတည်း လုပ်နေလိုက်၊ ငါ့အမြင်အရဆို သခင်လေးရဲ့ ပါရမီက ပထမ သခင်မလေးထက် ပိုမြင့်မားတယ်ကွ၊ သခင်လေး ပြန်လာတာက ငါတို့ အိုးရန်မျိုးနွယ်အတွက် ကံကောင်းမှုကြီးပဲ”
“ဟုတ်တယ် ဟုတ်တယ်၊ နတ်ဘုရားတွေက အိုးရန်မျိုးနွယ်ကို စောင်မလိုက်တာပဲ၊ ငါတို့မျိုးနွယ်က နဂါးတစ်ကောင်ကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ”
လူတိုင်း မျက်နှာလုပ်သော အပြုံးများဖြင့် ဖြစ်နေကြပြီး ယဲ့ဖန်ကို တလေးတစား ဆက်ဆံနေကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သို့သောအရာမှ ဖြစ်မလာခဲ့လျင် ယဲ့ဖန်က အိုးရန်မျိုးနွယ်၏ နောက်တက်မည့် မိသားစုခေါင်းဆောင် ဖြစ်လာနိုင်သည်ကို သူတို့ သိနေသောကြောင့်ပင်တည်း။
ဤသည်ကိုမြင်သော် အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာကာ မျက်လုံးတွင်း၌ မုန်းတီးစိတ်များ ပြည့်နှက်နေ၏။
စကားထဲပင် ထည့်ပြောဖို့ မထိုက်တန်ဟု ထင်ထားရသော လူငယ်လေးက တစ်ခဏအတွင်း သူတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာသည်။
*ဒီကောင်က ငါတို့အားလုံးကို ကစားသွားတာပဲ*
အားလုံး၏ ချီးကျူးစကားကို ကြားသောအခါ အိုးရန်ကျန်းသည်လည်း ပို၍ စိတ်ရွှင်ပျလာပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အခုချိန်ကစပြီး ယဲ့ဖန်နဲ့ ပတ်သက်တဲ့ သတင်းအားလုံးကို ပိတ်ဆို့ထားလိုက်၊ တစ်ယောက်ယောက်က ထုတ်ပြောရဲတာနဲ့ ချက်ချင်း အသတ်ခံရမယ်”
“ဟုတ်တယ်”
စီနီယာ အကြီးအကဲများအားလုံး ချက်ချင်း ခေါင်းညိတ်ကြသည်။ ဤကိစ္စက အရေးကြီးကြောင်း သူတို့အားလုံး သိထားသည်။
အိုးရန်မျိုးနွယ်၌ ရန်သူများစွာ ရှိသည်။ ဤသို့ အလားအလာရှိသော အန္တရာယ်ကို အပြင်လူများ သိသွားပါက ယဲ့ဖန်ကို သတ်ရန် အစွမ်းကုန် ကြိုးစားလာကြမှာ အသေအချာပင်။
သူတို့အားလုံးသည် အသီးသီး အိမ်ပြန်ရောက်သည်နှင့် လူငယ်မျိုးဆက်များ၏ မှတ်ဉာဏ်ကို ဖျောက်ဖျက်ရန် တွေးထားပြီးသား ဖြစ်သည်။ သို့မှသာ သူတို့ ပါးစပ်ကို မထိန်းချုပ်နိုင်ဘဲ ထုတ်ပြောမိခြင်းမှ ကာကွယ်နိုင်ပေမည်။
“မင်းတို့ ငါပြောတာကို သေချာကြားရဲ့လား”
ချက်ချင်းဆိုသလိုပင် အိုးရန်ကျန်းက အိုးရန် ရှန့်ဖုန်းတို့ ညီအစ်ကို နှစ်ယောက်ကို ကြည့်လာသည်။ သူ့စကားတွင် ခြိမ်းခြောက်မှုတို့ ပြည့်နှက်နေ၏။
အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ ရုတ်တရက် တုန်သွားပြီးမှ သုန်မှုန်သော မျက်နှာထားဖြင့် ခေါင်းညိတ်ကြသည်။
အိုးရန်ကျန်း နောက်နေခြင်း မဟုတ်မှန်း သူတို့ သိသည်။ အကယ်၍ သူတို့သာ အိုးရန်ကျန်း၏ စိတ်ကို ထပ်ဆွမိပါက သူတို့က သားအရင်း ဖြစ်နေလျင်တောင်မှ သက်ညှာခံရမည် မဟုတ်ပါ။
“ဒါက …”
အိုးရန်ကျန်းသည် ယဲ့ဖန်၏ အနောက်မှ ကလေးမလေးကို သတိထားမိသွားသည်။ ယဲ့ဖန် ဝင်သွားချိန်က ဘယ်သူမှ မပါသွားမှန်း သူ သတိထားမိပါ၏။
တကယ်တမ်းတွင် ချုံးချီနှင့် ကြက်ကတုံးတို့ လိုက်လာသော်လည်း သူတို့ကို ဖွက်ထားသဖြင့် အိုးရန်ကျန်း သတိမထားမိခြင်း ဖြစ်သည်။
“သူက တစ္ဆေလမ်းက သားရဲကြီးလေ”
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထိုစကားက အုတ်အော်သောင်းနင်း ဖြစ်သွားစေတော့သည်။
*ဒီကလေးမလေးက တစ္ဆေလမ်းက မရေတွက်နိုင်တဲ့ လူတွေကို စားနေတဲ့ သားရဲကြီးတဲ့လား၊ အိုးရန်မျိုးနွယ်က လူတွေကို ထိခိုက်နစ်နာအောင် လုပ်တဲ့သူတဲ့လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*မိစ္ဆာတဲ့၊ ဒီချစ်စရာ ကလေးမလေးကလေ*
*သူတို့နှစ်ယောက်က ဘယ်လို ပတ်သက်လို့လဲ*
ထိုစဉ် အိုးရန်ကျန်းတောင်မှ အံ့ဩနေပြီး တံတွေးမျိုချ၍ အထစ်ထစ် အငေါ့ငေါ့ မေးလိုက်သည်။
“မင်း … မင်း အဘိုးကို နောက်နေတာလား”
သူတို့ အိုးရန်မျိုးနွယ်မှ လူများစွာကို စားခဲ့သည့် ဧရာမ သားရဲကြီးက သည်ကလေးမလေး ဖြစ်နေသည်တဲ့လား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ဟားဟားဟား ငါ့အရှေ့က ဟာမလေးက ငါတို့ အိုးရန်မျိုးနွယ်က လူတွေကို စားခဲ့တဲ့ အကောင်လို့ ပြောချင်တာလား”
အိုးရန် ရှန့်ဖုန်းက ချက်ချင်း အူမြူးသွားပြိး အနားသို့ လျှောက်လာကာ သူမအား အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဒါလေးကလေ၊ အရုပ်မလေးကိုများ … ငါ တစ်ချက်တည်းနဲ့ ရိုက်သတ်လို့တောင် ရတယ်”
ထိုစကားအဆုံး၌ အိုးရန် ရှန့်ဖုန်း၏ လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားပြီး မြေကြီးပေါ် ဘုတ်ခနဲ ပြုတ်ကျသွားသည်။ အိုးရန် ရှန့်ဖုန်းထံမှ သွေးများ ငေါခနဲ ပန်းထွက်နေ၏။
ထိုအခိုက်တွင် အားလုံး အထင်သေးနေသော ကလေးမလေးက ပါးစပ်ထောင့်မှသွေးကို သုတ်၍ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
“အရသာကလည်း ဆိုးလိုက်တာ”
“အား…”
အိုးရန် ရှန့်ဖုန်း ထအော်ကာ ပြတ်သွားသော လက်မောင်းနေရာကို အုပ်၍ အသည်းအသန် နောက်ဆုတ်လိုက်ပြီး ကလေးမလေးအား ကြောက်လန့်စွာ ကြည့်လိုက်သည်။
တစ်ဖက်က သူ သတိမပြုမိခင်မှာပင် သူ့လက်တစ်ဖက်ကို ကိုက်ဖြတ်ခဲ့သည်။ မယုံနိုင်စရာ ကောင်းလှပေ၏။
လူတိုင်း အံ့ဩမှင်တက်ကုန်သည်။
*အင်မော်တယ် ဧကရာဇ်အဆင့်ရဲ့လက်ကို ဖြတ်ပစ်တာလား*
*ယဲ့ဖန် ပြောတာ မှန်နေတာပဲ၊ ဒီကလေးမလေးက တကယ်ပဲ တစ္ဆေလမ်းက ကြောက်စရာကောင်းတဲ့ အကောင် ဖြစ်နေတာပါလား*
ယဲ့ဖန် မရယ်ဘဲ မနေနိုင်တော့ပါ။ ဤသတ္တဝါသည် ကျင့်ကြံခြင်းကို ချိုးနှိမ်ထားသော်လည်း ကုလားအုတ်က မြင်းထက် ကြီးသေးသော အဖြစ်နှင့် အတူတူပင်။
“စီနီယာ ဒီဂျူနီယာတွေက မသိလို့ပြောမိတာပါ၊ အပြစ်မယူပါနဲ့”
အိုးရန်ကျန်း အလျင်အမြန် ပြောလိုက်သည်။ ယခု သူ ဝင်မပြောပါက သူ့အရှေ့မှ မကောင်းဆိုးဝါးက အိုးရန် ရှန့်ဖုန်းကို တကယ် သတ်သွားလောက်သည်။
ယဲ့ဖန်က သူမ၏ နားနားကပ်၍ တီးတိုးပြောလိုက်သည်။ ထိုအခြင်းအရာက သူမဒေါသကို ပြေသွားစေ၏။
ဤမြင်ကွင်းက လူတိုင်းကို ထပ်မံ၍ ထိတ်လန့်သွားစေသည်။
*ယဲ့ဖန်က ဘေးကင်းကင်းနဲ့ ပြန်လာရုံတင်မကဘဲ ဒီကြောက်စရာကောင်းတဲ့ သားရဲနဲ့ပါ မိတ်ဆွေ ဖြစ်လာတာလား၊ စကားလေးတစ်ခွန်းက ဒီသားရဲရဲ့ ဒေါသကို ငြိမ်စေတယ်ပေါ့လေ*
အကယ်၍ ယဲ့ဖန်က သူနှင့် မိတ်ဆွေဖြစနေလျင် သူတို့၌ သူတော်စင်အဆင့်ကိုပင် အနိုင်ယူနိုင်သည့် မဟာမိတ် ရှိနေပြီ မဟုတ်ပါတကား။
ဤသည်ကိုတွေးမိပြီးနောက် အကြီးအကဲများအားလုံး အလွန် ပျော်ရွှင်သွားကြပြီး ယဲ့ဖန်အား တုနှိုင်းမဲ့သော မိန်းမလှလေးအား ကြည့်သကဲ့သို့ ကြည့်လာကြသည်။
ယခုတစ်ခေါက်တွင် သူတို့ တကယ် ရတနာတစ်ခုကို ကောက်ယူမိလေပြီ။
အိုးရန်ကျန်း စိတ်အေးကာ သက်ပြင်းချလိုက်သည်။ ယဲ့ဖန်က ဤမကောင်းဆိုးဝါးကို သိမ်းသွင်းနိုင်လိမ့်မည်ဟု သူ ထင်မထားမိပါ။
“ကျွန်တော် မှတ်မိတာသာ မှန်မယ်ဆိုရင် အစောက ဦးလေးနှစ်ယောက်က ကျွန်တော် တစ္ဆေလမ်းက ဘေးကင်းကင်းနဲ့ ထွက်လာနိုင်သရွေ့ မိသားစုခေါင်းဆောင်နေရာကို ပေးမယ်လို့ ပြောခဲ့သလားလို့ ဟုတ်တယ်မလား”
ယဲ့ဖန်က ညစ်ကျယ်ကျယ် ပြုံးနေသည်။ အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ ရုတ်တရက် မျက်နှာမည်းမှောင်သွားသည်။
“ဘယ်ကလာမှန်းမသိတဲ့ အရိုင်းအစိုင်းမျိုးဆက်က ငါ့မိသားစုခေါင်းဆောင် ဖြစ်ချင်တာလား၊ စိတ်ကူးယဉ် နေလိုက်တော့”
အိုးရန်ယုက ရုတ်တရက် အော်ဟစ်လိုက်သည်။ မိသားစုခေါင်းဆောင်နေရာကို တွေ့ကရာလူကို ပေးရမည် တဲ့လား၊ သူ လက်မခံနိုင်ပါ။
သို့သော် ထိုအခိုက်တွင် သူ့ထံသို့ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
“ဝုန်း”
အိုးရန်ယု ချက်ချင်း လွင့်ထွက်ကာ မြေကြီးပေါ် ပြန်ပြုတ်ကျလာပြီး အဆက်မပြတ် သွေးအန်တော့သည်။ သူ့မျက်နှာတွင် မယုံနိုင်ဟန်များ ပေါ်လွင်နေ၏။
“အဖေ၊ အဖေ ဘာလုပ်တာလဲ”
တိုက်ခိုက်လိုက်သူက အိုးရန်ကျန်းပင်။
“သူက ငါ့မြေး၊ ငါ့အိုးရန်မိသားစုရဲ့ မျိုးဆက် ပြီးတော့ အိုးရန်မျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေတာ၊ မင်း သူ့ကို မျိုးမစစ်ကောင်လို့ ပြောတယ်ဆိုတော့ ငါ့ကိုပါ လာကြိမ်းမောင်းနေတာလား၊ ငါက အိုမင်းနေတဲ့ မျိုးမစစ်ကောင်ကြီး ဖြစ်နေပြီလား”
အိုးရန်ကျန်း၏ မျက်လုံးများက ပြူးကျယ်နေပြီး အမူအရာက ခက်ထန်နေသည်။
“ကျွန်တော် …”
အိုးရန်ယု မငြင်းနိုင်တော့ဘဲ မကျေနပ်သော မျက်နှာထားနှင့် ငြိမ်ကျသွားသည်။ အခြားသော မျိုးနွယ်ဝင် များလည်း ဒေါသထွက်နေပြီး အိုးရန်ယုက သူတို့အားလုံးကို စော်ကားနေသည်ဟု ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် သူတို့သည် ယဲ့ဖန်အား အိုးရန်ချင်ရွှယ်၏ သားဟု လက်ခံယုံကြည်သွားပြီ ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူ့အား အိုးရန်မျိုးနွယ်ဝင်တစ်ယောက်အဖြစ် သတ်မှတ်လိုက်လေပြီ။
အပြင်လူ၏ မျိုးရိုးနာမည်ဖြင့် ဖြစ်နေလျင်တောင်မှ သူ့ခန္ဓာကိုယ်ထဲတွင် အိုးရန်မျိုးနွယ်၏ သွေးများ စီးဆင်းနေ သေးသည်က ငြင်းမရသော အချက်ပင်။
အိုးရန်မိသားစုသည် အမြဲ သိုင်းပညာကို လေးစားကျင့်ကြံသူများဖြစ်သဖြင့် သန်မာသူများကိုသာလျင် လေးစားကြသည်။
ယဲ့ဖန်က ကိုယ်တိုင် ချက်ကျလက်ကျ သက်သေပြခဲ့ကာ သူတို့၏ လေးစားမှုကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
“သူ … သူက အစ်မကြီးရဲ့ သား မဟုတ်ဘူး”
အိုးရန်ယုက ဒေါသတကြီး အော်ဟစ်ကာ ကတ်သီးကတ်သတ် အပြစ်ရှာရန် ကြိုးစားနေ၏။
“သူ တစ္ဆေလမ်းက ထွက်လာနိုင်သရွေ့ သူက အစ်မကြီးသားဆိုတာကို လက်ခံပြီး သူ့ကို လေးစားမယ်ဆို၊ အဲ့ဒါ ရှင် ပြောခဲ့တဲ့ စကား မဟုတ်ဘူးလား၊ အိုးရန်မျိုးနွယ်က စကားကို ဒီအတိုင်း ဖြစ်ကတတ်ဆန်း ပြောတတ်တာလား”
လီဟွမ်ဟွမ်က အထင်သေးသော အကြည့်ဖြင့် ကြည့်၍ ပြောသည်။
ညီအစ်ကိုနှစ်ယောက်၏ မျက်နှာက မည်းမှောင်သွားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ကျောက်တုံး ပစ်ချမိသလို ခံစားနေရသည်။
သူတို့ တကယ်ပင် အပြောကြီးခဲ့သဖြင့် ယခု ယဲ့ဖန်ကို အိမ်တော်၏ ခေါင်းဆောင်အသစ်အဖြစ် လက်ခံရ ပေတော့မည်။ ထိုမျိုးမစစ်ကောင်က တစ္ဆေလမ်းမှ တကယ် ထွက်လာနိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
“ဦးလေးတို့နှစ်ယောက်၊ ကိုယ့်စကားကိုယ် ပြန်ရုတ်မသိမ်းချင်ဘူး မဟုတ်လား”
ယဲ့ဖန်က အိုးရန်ရှန့်ဖုန်း၏ လေသံကို လိုက်တုပ၍ ပြောလိုက်သည်။ ညီအစ်ကိုနှစ်ယောက်လုံး အံကြိတ်ရလွန်း၍ သွားများပင် ကြေမတတ် ဖြစ်နေသည်။ ယခုအခါတွင် ဤလူငယ်လေးက သူတို့ကို မြေကြီးပေါ် မှောက်သိပ်၍ ခေါင်းကို နင်းနေ၏။
*အနိုင်ကျင့်တယ်*
*လှည့်စားတာပဲ*
“ငါ မင်းနောက်ခံကို အသိအမှတ်ပြုတယ်”
အိုးရန်ရှန့်ဖုန်းက ခေါင်းညိတ်၍ ပြောလိုက်သည်။ သို့သော် ထိုအခိုက်တွင် သူ ခေါင်းကိုငုံ့ထားပြီး သူ့မျက်လုံးတွင်း၌ အမုန်းမီးများ တောက်လောင်လျက် ရှိသည်။
အိုးရန်ယုက သူ့အစ်ကိုကို မယုံနိုင်သလို ကြည့်ပြီး အံကြိတ်ကာ ဒေါသတကြီး နှာမှုတ်၍ ထွက်သွားသည်။ ထို့နောက်တွင်မူ အိုးရန်ရှန့်ဖုန်းကလည်း နောက်လှည့်၍ ထွက်သွားလေသည်။
သို့သော် ယဲ့ဖန် လှောင်သာ ရယ်နေလိုက်သည်။ အိုးရန်ရှန့်ဖုန်းက တကယ်ပဲ ဉာဏ်များပြီး စဉ်းလဲ ကောက်ကျစ်သည်။ သူ၏နောက်ခံကို အသိအမှတ်ပြုသည်ဟု ပြောသွားသော်လည်း ဘယ်နောက်ခံကို အသိအမှတ် ပြုသလဲ မပြောသွားချေ။ ဤသို့ မရေမရာပြောသွားခြင်းက တိုက်ရိုက် ပြဿနာဖြစ်မည့် ကိစ္စကို ရှောင်တိမ်းသွားခြင်းသာ။
အိုးရန်အိမ်တော်တွင်း၌ ရှိနေမည့် သူ့နေ့ရက်များက ကောင်းမည့်ပုံ မပေါ်တော့ပါ။