လျှို့ဝှက်၍ ထိခိုက်အောင်လုပ်ခြင်း
Vol. 111 Ch. 1661
ထိုညတွင် အိုးရန်ကျန်းက ယဲ့ဖန်နှင့် အခြားသူ များကို ဂရုစိုက်လေသည်။ သူ ယဲ့ဖန်ကို ကြည့်လေလေ အိုးရန် ချင်ရွှယ်နှင့် ပိုတူလေ လေဟု ခံစားမိကာ ပို၍ ကျေနပ်လာမိသည်။
“လာ … ငါတို့ မြေးအဘိုးနှစ်ယောက် သောက် ရအောင်”
အိုးရန်ကျန်းက ယဲ့ဖန်ကို အရင် ဝိုင်ထည့်ပေးပြီး ပြိုင်တူသောက်ရန် ပြင်လေသည်။ သို့သော် ယဲ့ဖန်က ခွက်ထဲက ဝိုင်ကို တန်းသောက်၍ မြေကြီးပေါ် လွှင့်ပစ်လိုက်သည်။
အိုးရန်ကျန်း မျက်မှောင်ကြုတ်သွားပြီး အဘယ်ကြောင့် ယဲ့ဖန် အလွန် ရိုင်းပျသလဲဟု တွေးမိသွားသည်။
“အဘိုး တကယ့် ယောကျ်ားသားဆိုတာ ခွက်မလိုဘူး”
ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။ အိုးရန်ကျန်းသည် တစ်ခဏမျှ အံ့ဩသွားပြီးမှ ရယ်လိုက်သည်။
“ကောင်းပြီ ဒီအဘိုးကြီး သိပ်သဘောကျတယ်၊ အရင်က မင်းအမေလည်း မင်းလိုပဲ၊ ငါနဲ့ ဘယ်တော့မှ ခွက်ချင်း ငှဲ့ပြီး မသောက်ဘူး”
ချက်ချင်းဆိုသလိုပင် အိုးရန်ကျန်းက ဝိုင်အိုးတစ်လုံးကို ကောက်ယူ၍ ခေါင်းမော့၍ တစ်ကြိုက်တည်း မော့ပစ်လိုက်သည်။
အထက်စီးဆန်၍ ကြမ်းလှပေသည်။
ယဲ့ဖန်သည်လည်း ထိုနည်းတူပင်။ မိနစ်အနည်းငယ်အတွင်းမှာပင် ဝိုင်အိုးနှစ်လုံး ပြောင်သလင်းခါသွားသည်။
“ဒုန်း”
အိုးရန်ကျန်းက ဝိုင်အိုးကို စားပွဲပေါ် ပစ်ချ၍ ပါးစပ်ကိုသုတ်ကာ ရေရွတ်လိုက်သည်။
“ပျော်တယ်ဟေ့”
သူ သိပ်မသောက်ဖြစ်တော့သည်မှာ နှစ်ချီနေပြီ ဖြစ်သည်။ အိုးရန်ကျန်း ဝေ့ကြည့်လိုက်ပြီးနောက် ယဲ့ဖန်၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
အိုးရန်ကျန်း အံ့ဩသွားပြီး ယဲ့ဖန်အား လက်ညှိုးထိုး၍ အပြုံးနှင့် ပြောလိုက်သည်။
“ကလေး မင်းရဲ့ အယ်လ်ကိုဟောဒဏ် ခံနိုင်ရည်က မင်းအမေနဲ့ တစ်ထပ်တည်းပဲ၊ မင်းတို့နှစ်ယောက်က ပုံစံခွက်တစ်ခုတည်းက ထုတ်ထားတာပဲ”
သို့သော် အိုးရန်မျိုးနွယ်၏ လူငယ်မျိုးဆက်များက ယခင်အတိုင်း မနာလိုဟန် ပြနေကြသည်။ အဘယ်ကြောင့် ဆိုသော် သူတို့၏ အဘိုးက သူတို့ကို ဤသို့ တစ်ခါမှ မဆက်ဆံဖူးသောကြောင့်ပင်။ သူတို့အား ပြုံးပင် မပြုံးပြဖူးပါ။
သူတို့ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ အိုးရန်ကျန်းက အမြဲ မျက်နှာထားတည်ထားပြီး တစ်ခွန်းမှ မပြောချေ။
ယခု အိုးရန်ကျန်း၏ ရယ်မောနေသော ပုံစံက သူတို့ မွေးကတည်းက တစ်ခါမှမမြင်ဖူးသော ပုံစံပင်။ ဤသည်က သူတို့ကို အလွန် ခြိမ်းခြောက်မှုပေးသလို ခံစားနေရသည်။
*ဒီကောင် အိုးရန်မျိုးနွယ်ထဲမှာ နေလို့မဖြစ်ဘူး*
*သူ အသက်ရှင်နေလို့ မဖြစ်ဘူး*
အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ ညီအစ်ကိုသည် ယနေ့ ညစာစားပွဲကို မတက်ကြချေ။ ယဲ့ဖန်အတွက် လုပ်ပေးသော ညစာစားပွဲကို ဘယ်လိုလုပ် သူတို့က တက်ချင်ပါမည်နည်း။
သူတို့က ယဲ့ဖန်ကို လမ်းခင်း၍ ကြိုရပါမည်လော။ သူတို့ ထိုမျှ အပေါစား မဆန်ပါ။
“သူတို့အားလုံးက မင်းမိန်းမတွေလား၊ တစ်ယောက်ချင်းစီက ပိုပိုလှနေတာပဲ”
အိုးရန်ကျန်းက မိန်းကလေးများကို ချီးမွမ်းလိုက်သည်။
“ပြီးတော့ သူတို့အားလုံးက မိန်းမကောင်းလေးတွေပဲ”
အန္တရာယ်နှင့် ရင်ဆိုင်ရသော်လည်း မကြောက်သဖြင့် ဤမိန်းကလေးများက သာမန် မဟုတ်ချေ။
ဤသည်ကို တွေးမိပြီးနောက် အိုးရန်ကျန်း စိတ်ထဲမှနေ၍ သက်ပြင်းချမိသည်။ ယဲ့ဖန်၏ မိန်းကလေးများက အခွင့်အရေးနှင့် နောက်ခံအင်အား အားနည်းနေသည်ကို သူ သတိထားမိသည်။ သို့မဟုတ်ပါက သူမတို့၏ အောင်မြင်မှုက အကန့်အသတ် မဲ့နေလောက်သည်။
ဆန့်ကျင့်ဘက်အနေဖြင့်ဆိုလျင် သူ၏ သားများနှင့် မြေး၊မြေးမများသည် သူတို့နှင့် ယှဉ်နိုင်နိုင်စွမ်း မရှိလောက်အောင် စိတ်အင်အားရော ကိုယ်အင်အားပါ ညံ့ဖျင်းလှသည်။
ဤမိန်းကလေးများက သူ့သားသမီးများနှင့် မြေးများထက်ပင် ပိုသာနေသဖြင့် အိုးရန်ကျန်း အရှက်ရသလို ခံစားမိသည်။
ကျုံးဝမ်နှင့် အခြားသူများမှာမူ ရှက်နေပြီး ဘယ်လိုဖြေရမှန်းမသိ ဖြစ်နေကြသည်။
စားသောက်ပြီးနောက် ယဲ့ဖန်သည် မိန်းကလေးများ၏ အကူအညီဖြင့် သူ နေရမည့်အိမ်တော်ဘက်သို့ ဒယိမ်းဒယိုင် လျှောက်သွားသည်။
သူ့မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲနေ၏။ မိသားစု၏ နွေးထွေးမှုကို တစ်ခါမှ မခံစားဖူးသော သူသည် ယခု မိသားစု၏ နွေးထွေးမှုကို ပထမဆုံးအကြိမ် ခံစားမိနေ၏။
နှစ်ချီသိမ်းထားသော ဝိုင်များကို မြေးအဘိုး နှစ်ယောက်က တစ်ခါတည်း ဖြောင်ပစ်ခဲ့သည်။
သူ ထွက်လာသောအခါ သူ၏ ဝမ်းကွဲ ညီအစ်ကို မောင်နှမများအားလုံးက သူ့ကို မလိုတမာစိတ်ဖြင့် ကြည့်နေသည်။ ထို့အပြင် ယဲ့ဖန်ရှေ့၌ ပိတ်ရပ်၍ အော်ငေါက်လာသေးသည်။
“အမှိုက်ကောင် နင် ကြာကြာ မပျော်ရပါဘူး၊ နင့်ကို ငါ နှင်ထုတ်နိုင်ဖို့ အချိန် သိပ်မကြာတော့ဘူး”
ထိုသို့ပြောလာသူမှာ ကလေးမျက်နှာလေးနှင့် အိုးရန်ယွင်ဟူသော ကလေးမလေး ဖြစ်ပြီး သူ့အဘိုး၏ ညီငယ်ဘက်မှ မွေးလာသော မြေးမလေး ဖြစ်သည်။
လက်ရှိတွင် သူမက နှုတ်ခမ်းစူ၍ ယဲ့ဖန်အား မကျေနပ်သော မျက်နှာနှင့် ကြည့်နေသည်။ အခြားသူများလည်း ထိုနည်းတူပင်။ သူတို့က ပေါ်တင် မပြောသော်လည်း အိုးရန်ယွင်နှင့် စိတ်သဘောချင်း ထပ်တူကျသည်။
ယဲ့ဖန် ထိုကလေးမလေးကို မတတ်သာဟန်ဖြင့် ကြည့်နေသည်။ သူမက ဖြူစင်ပြီး ချစ်စရာကောင်းသည်။ သူမ ဓားအဖြစ် အသုံးချခံနေရသည်ကိုပင် သတိမထားမိပေ။
သူမ၏ ရန်လိုသော အပြုအမူကိုကြည့်ပြီး ယဲ့ဖန်က ပြုံးကာ ပြောလိုက်သည်။
“ညီမလေး မင်း အပစ်ခံရချင်လို့လား”
ကျုံးဝမ်နှင့် အခြားသူများက ရုတ်တရက် ရယ်မောလိုက်ပြီးနောက် ယဲ့ဖန်အား စိတ်ဆိုးမာန်ဆိုး ကြည့်လာသည်။
*ဆယ်ကျော်သက်လေးကိုမှ အဲ့လိုစကားမျိုး ပြောရတယ်လို့*
“နင် … နင် တော်တော် အရှက်မဲ့တာပဲ”
အိုးရန် ယွင်သော် ဒေါသကြောင့် မျက်နှာနီမြန်းနေသည်။ သူမက ဆယ်ကျော်သက် အရွယ်သာ ရှိသေးသော်လည်း အပစ်ခံချင်လို့လား ဟူသည့် အခြားအဓိပ္ပာယ်ကို သိပါသေးသည်။
ထို့အပြင် ယဲ့ဖန်က သူမကို အရှက်မရှိ ရိုင်းပျသော စကားမျိုးဖြင့် ပြန်ပြောလာလိမ့်မည်ဟု သူမ ထင်မထားမိပါ။
“မင်းညီမကို မင်းက အဲ့လိုစကားမျိုး ပြောတယ်ပေါ့လေ၊ မင်း လူမှဟုတ်သေးရဲ့လား”
အမျိုးသားတစ်ယောက်က ထိုသို့ပြောပြီး ထွက်လာသည်။ သူ့ပုံစံက အသက် နှစ်ဆယ်စွန်းစွန်းသာ ရှိဦးမည်။ ထိုသူသည် အိုးရန်ရှန့်ဖုန်း၏ အကြီးဆုံးသား အိုးရန်ယန်းပင်။
“ကိုယ့်ဝမ်းကွဲကို ရိုင်းစိုင်းတဲ့စကားပြောတယ်၊ အရှက်မရှိဘူး၊ မင်း သူ့ကို ချက်ချင်း တောင်းပန်လိုက်စမ်း”
အခြားသူများကလည်း ယဲ့ဖန်ကို တစ်ယောက်ပြီး တစ်ယောက် စွပ်စွဲပြောဆိုကြသည်။
အိုးရန်ယွင်သည်လည်း ဒေါသထွက်နေသည်။ သူမတစ်ဘဝလုံးတွင် မည်သူမှ သူမကို ဤသို့ မစနောက်ရဲပါ။
“မျိုးမစစ်ကောင် နင် ငါ့ကို မတောင်းပန်ရင် ငါ နင့်ခေါင်းကို ဝက်ခေါင်းဖြစ်အောင် ရိုက်နှက်ပစ်မယ်”
သူမက ပြောပြီး လက်သီးဖြင့် ဟန်ရေးပြလာသည်။
ထိုအခိုက်တွင် အိုးရန် မိန်လင်နှင့် အိုးရန် ရှောက်ကျွင်းတို့ကလည်း ပြိုင်တူ ရှေ့တိုးလာသည်။ သူတို့၏ အမူအရာက ခံစားချက် ကင်းမဲ့နေပြီး မသိလျင် ပွဲကြီးပွဲကောင်းကြည့်ရန် ကြံစည်ထားသည်ဟု ထင်မှတ်ရသည်။
“ငါ မတောင်းပန်ဘူးဆိုရင်ရော”
ယဲ့ဖန် ရယ်နေသည်။ မလောက်လေး မလောက်စား တစ်စုက သူရှေ့ရပ်၍ ကြမ်းပြနေသည်ကိုမြင်သော်အခါ သူ ရယ်ချင်နေမိသည်။
“အဲ့ဒါဆိုလည်း ငါတို့ ရိုင်းတယ်လို့ အဆိုးမဆိုနဲ့ပေါ့”
အိုးရန်ယန်က ထိုသို့ပြောပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ယဲ့ဖန်အား စိုက်ကြည့်နေသည်.
“မျိုးနွယ်တွင်းမှာ ငါ့အရည်အချင်းက သာမန်လောက်ပဲ ရှိတယ်၊ ငါက သူတော်စင်သခင်အဆင့်ပဲ ရှိသေးတာ ဆိုပင်မယ့် မင်းလို အမှိုက်ကောင်နဲ့ ရင်ဆိုင်ဖို့ဆို လိုတာထက်တောင် ပိုနေပြီ”
အိုးရန်ယန်းက ဘယ်ကမှန်းမသိသော ဤလူကို ပညာပေးရန် စိတ်ကူးထားသည်။
“ဟားဟား…”
ယဲ့ဖန် လှောင်ရယ်လိုက်သည်။
“မင်းက ဘာကို ရယ်တာလဲ”
ဤသည်ကိုမြင်သော် အိုးရန် ယန်း ဒေါသထွက်သွားပြီး အရှက်ရသော မျက်နှာမျိုး ဖြစ်လာသည်။
*ဒီကောင်က ငါ့ကို ရှေ့ထားပြီး ရယ်နိုင်တယ်ပေါ့လေ*
*မင်း ဘယ်သူ့ကို လာအထင်သေးနေတာလဲ*
“မင်းလက်နက်ကို ထုတ်လိုက်၊ ယဲ့ဖန်ဆိုတဲ့ငါက ဘယ်တော့မှ လက်နက်မဲ့လူတွေကို မသတ်ဘူး”
ယဲ့ဖန်က မိန်းကလေးများကို နောက်ဆုတ်ရန် အချက်ပြလိုက်ပြီးနောက် ရှေ့တိုးရန် ပြင်လေသည်။ သို့သော် ထိုအခိုက်တွင် မိန်းကလေးများအားလုံးက ပြုံးစစ အမူအရာများ ဖြစ်နေပြီး ယဲ့ဖန် မကောင်းတာ တစ်ခုခု ကြံနေပြီဟု ရိပ်မိလိုက်ကြသည်။
ထိုစကားကိုကြားသော် အိုးရန် ယွင်သော်နှင့် အခြားသူများ အံ့ဩသွားသည်။ ယဲ့ဖန်က တကယ်ပင် အချင်းချင်း ထိပ်တိုက် ရင်ဆိုင်ရန် ကြံစည်နေသလား။
ဤသည်က ကိစ္စများကို ပို၍ ဆိုးရွားသွားစေနိုင်သည်။ ဓား၌ မျက်စိမပါပါ။ အကယ်၍ ယဲ့ဖန်ကိုသာ သူတို့ ထိခိုက်အောင် လုပ်မိလျင် သူတို့ အဘိုး၏ ယဲ့ဖန်အပေါ် အလေးပေးပုံအရ သူတို့ အရေခွံ ခွာခံရလောက်သည်။
သူ့စကားကိုကြားသော် အိုးရန်ယန်းက အေးစက်စွာ ခနဲ့သံပြု၍ ပြောလိုက်သည်။
“မင်းလိုလူနဲ့ ရင်ဆိုင်ဖို့ ငါ ဓား သုံးစရာ မလိုဘူး”
“ဒါဆို မင်း ထွက်သွားလိုက်တော့၊ ဓား မထုတ်ရဲတဲ့ ငကြောက်တစ်ကောင်နဲ့ ငါ ဘယ်တော့မှ မတိုက်ဘူး”
ယဲ့ဖန်က မောက်မာစွာ ပြောလိုက်သည်။
“ဘာ … မင်း ငါ့ကို ငကြောက်လို့ ပြောလိုက်တာလား”
အိုးရန်ယန်းက ယဲ့ဖန်အား ဒေါသထွက်သော အမူအရာနှင့် ကြည့်လာသည်။ ယဲ့ဖန်၏ အသက်ကို သူက နုတ်မယူချင်သော်လည်း တစ်ဖက်က သူ့ကို ငကြောက်ဟု သတ်မှတ်သွားသည်တဲ့လား။
အိုးရန်ယန်းက သရော်စကား ပြောလိုက်သည်။
“မင်းက ငါနဲ့မတိုက်ရဲလို့ တမင်သက်သက် ဆင်ခြေရှာတာလား”
ယဲ့ဖန်က ပခုံးတွန့်၍ ပြန်ပြောလေသည်.
“မင်း ပြောချင်တာပြော၊ ဒါပေမဲ့ မင်း ဓားမထုတ်ရဲရင် ငါနဲ့ တိုက်ဖို့ အရည်အချင်း မရှိဘူး”
“ကောင်းပြီလေ၊ မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”
အိုးရန်ယန်းက ခနဲ့သံပြု၍ အပြုံးကြီးပြုံးကာ သူ့လက်နက်ကို ထုတ်လိုက်သည်။
“အစ်ကို မလုပ်နဲ့”
အိုးရန်မိန်လင်က ရုတ်တရက် ဝင်တားလာသည်။ အကယ်၍ ယဲ့ဖန်သာ တစ်ခုခု ဖြစ်သွားပါက အဘိုးက သူတို့ကို လုံးဝ သက်ညှာမည် မဟုတ်ပါ”
“စိတ်မပူနဲ့၊ ငါ အသိရှိပါတယ်၊ ငါ သူ့ကို အလွန်ဆုံး ကျင့်ကြံလို့မရအောင် ဒါမှမဟုတ် မသေရုံတမယ်လောက် လုပ်ရုံလောက်လေးပါ”
အိုးရန်ယန်းက ဂုဏ်ယူစွာ ပြုံး၍ ယဲ့ဖန်ထံ တစ်လှမ်းချင်း လျှောက်လာပြီး ရန်စသလို ပြောလိုက်သည်။
“အမှိုက်ကောင် မင်းလက်နက်ကို ထုတ်လိုက်”
သို့သော် ယဲ့ဖန်က ပဟေဠိဖြစ်သော အမူအရာနှင့် ပြောလာသည်။
“ဘာလက်နက်လဲ၊ မင်း ဘာကိုပြောတာလဲ”
“ဟမ်”
အိုးရန်ယန်း မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။
“မင်း ငါနဲ့ တိုက်ချင်တယ်လို့ မပြောခဲ့ဘူးလား”
“အရေးမပါလိုက်တာ၊ မင်းက ငါ့ညီလေးလေ၊ ဘယ်လိုလုပ် ငါက မင်းနဲ့ တိုက်ခိုက်မှာလဲ”
ယဲ့ဖန်က တွေဝေသော မျက်နှာထားမျိုး လုပ်လာပြီး အိုးရန်ယန်းအား အလန့်တကြား ကြည့်လေသည်။
“ဝမ်းကွဲညီလေး၊ မင်း ဒီဓားနဲ့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ မင်း ငါ့ကို သတ်ချင်တာတော့ မဟုတ်ဘူးမလား”
*ဘာ*
ရုတ်ချည်းဆိုသလိုပင် အိုးရန်ယန်းသည် တစ်စုံတစ်ရာကို သဘောပေါက်သွားပြီး အရူးလုပ်ခံလိုက်ရမှန်း နားလည်သွားသည်။
သူ့လက်နက်ကို အလျင်အမြန် ပြန်သိမ်းလိုက်ချင်သော်လည်း နောက်ကျသွားချေပြီ။ သူ့အပြုအမူကိုကြည့်ပြီး ယဲ့ဖန်က လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်သည်။
“အဘိုးရေ တစ်ယောက်ယောက်က ကျွန်တော့်ကို သတ်ဖို့လုပ်နေပြီ”
“ဟာ…”
လူတိုင်း အကြီးအကျယ် မျက်နှာပျက်ယွင်းသွားကြသည်။ သူ ဤမျှအထိ အရှက်မဲ့လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ သူ တစ်ယောက်တည်း ရင်ဆိုင်တိုက်မည်ဟု ပြောခဲ့သော်လည်း ယခု ဤသို့ ပြုမူနေ၏။ သူ့အား ယောက်ျားသားဟုပင် ခေါ်သင့်ပါသေးသလော။
*အရှက်မဲ့လိုက်တာ*
*အရှက်ကိုမရှိဘူး*
“ဘယ်ကောင် ငါ့မြေးကို သတ်ရဲသလဲ”
ချက်ချင်းဆိုသလိုပင် အိမ်တော်ထဲမှ ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။ အိုးရန်ကျန်း လှစ်ခနဲ ပြေးထွက်လာပြီး သူတို့နားသို့ ရောက်လာ၏။
ထို့နောက် အပြစ်ကင်းစင်သော မျက်နှာထားနှင့် ယဲ့ဖန်ကို တွေ့လိုက်ရပြီး ဓားကိုင်၍ လူသတ်ချင်နေသော မျက်နှာထားနှင့် အိုးရန်ယန်းကို တွေ့လိုက်ရသည်။
အားလုံး မှင်တက်နေကြသည်။ ထိုအခါတွင်မှ ယဲ့ဖန်တစ်ယောက် အိုးရန်ယန်းကို လက်နက်ထုတ်လာအောင် အတင်း ပြောခဲ့သလဲ နားလည်သွားကြသည်။
*ကောက်ကျစ်တယ်*
*အရှက်ကိုမရှိဘူး*
*ဒီလူက တော်တော် ပါးနပ်တာပဲ*
*တိရစ္ဆာန်ကောင်*
ထိုသို့သောအချိန်၌ သူတို့ မှင်တက်နေပြီး လောကတွင်း၌ ဤသို့ အရှက်မရှိ မျက်နှာပြောင်တိုက်သောလူ ဘယ်လိုလုပ် ရှိနေသလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
*လူမဆန်လိုက်တာ*
အိုးရန်ကျန်း ပေါ်လာသည်ကိုမြင်သောအခါ အိုးရန်ယန်း မျက်ရည်လည်ရွဲ ဖြစ်လာပြီး သူ အသက်ရှင်နိုင်ပါ့မလား မသိတော့ချေ။
“အိုးရန်ယန်း မင်း ဒါ ဘာလုပ်တာလဲ”
အိုးရန်ကျန်းက အိုးရန်ယန်းကို အော်ငေါက်လေတော့သည်။ သူ့ကွယ်ရာ၌ မတရားသဖြင့် လုပ်သည်ကိုမြင်ပြီး သူ အလွန် ဒေါသထွက်နေ၏။
“အဘိုး အဲ့လို မဟုတ်ပါဘူး၊ သူက ကျွန်တော့်ကို တစ်ယောက်ချင်းစီ ချမယ်ဆိုပီး စိန်ခေါ်တာပါ၊ ဒါပေမဲ့ ကျွန်တော်လည်း ဓားထုတ်ပြီးရော သူက အဘိုးအို အော်ခေါ်တော့တာပါပဲ”
အိုးရန်ယန်းက သူ့ကိုယ်သူ ကာကွယ်၍ ပြောဆိုလိုက်ပြီး မျက်နှာတွင် ဒေါသစိတ်တို့ ပြည့်နှက်နေ၏။ ဤမျိုးမစစ်ကောင်ထံ၌ သူ အရူးလုပ်ခံလိုက်ရပြီဖြစ်ကြောင်း သူ သတိပြုလိုက်မိသည်။
*တစ်ယောက်ချင်း ထိပ်တိုက် ရင်ဆိုင်မယ်ဟုတ်လား*
*ငါ မင်းရဲ့မြင်းကိုပဲ ဝယ်လိုက်မယ်*
အိုးရန်ကျန်းက ယဲ့ဖန်ကို လှည့်ကြည့်လာသည်။ ယဲ့ဖန်က ဝမ်းနည်းသော အမူအရာမျိုး ဆက်လုပ်နေ၏။
“အဘိုး ကျွန်တော် မူးနေပြီလေ၊ ဘာလို့ သူ့ကို စိန်ခေါ်ရမှာလဲ”
“ဟုတ်တယ်၊ ယဲ့ဖန်က မူးနေတာလေ၊ အခုချိန်လောက်ဆို သူ အိမ်ပြန်အိပ်နေသင့်တာ၊ ဘာလို့ သူက မင်းကို ရုတ်တရက်ကြီး တစ်ယောက်ချင်းစီ ချမယ်လို့ ပြောမှာလဲ”
အိုးရန်ကျန်းက အိုးရန်ယန်းကို စူးစိုက်ကြည့်လေသည်။
*ဒါ လုံးဝ အဓိပ္ပာယ် မရှိဘူး*
*ပြီးတော့ ယဲ့ဖန်နဲ့ အိုးရန်ယန်းက အချင်းချင်း သိမှမသိတာ၊ ဘာလို့ သူက မသိတဲ့လူကို ပြဿနာ ရှာမှာလဲ*
“ကျွန်တော် …”
အိုးရန်ယန်း ဘာပြောရမှန်း မသိတော့ဘဲ ငိုချင်စိတ်သာ ပေါက်လာသည်။ အရင်ဆုံး ရန်စသူက သူ ဖြစ်နေ၏။ ယခု တစ်ဖက်လူက လှည့်စားသွားသဖြင့် သူ ဘယ်လို ပြန်ပြောရမလဲ မသိတော့ပေ။
ဤသည်ကိုကြည့်ပြီး အိုးရန် မိန်လင် ခေါင်းခါလိုက်မိသည်။ ယဲ့ဖန်နှင့် ယှဉ်လျင် အိုးရန်ယန်းက အရူးသာသာပင်။
“မင်းတို့ ငြိမ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ တစ်ယောက်ချင်းစီက အကျင့်ကိုမကောင်းကြဘူး၊ မင်းတို့အားလုံးက စရိုက်အစစ်ကို စိတ်ထဲမှာ သိုဝှက်ထားကြတာပဲ”
အိုးရန်ကျန်းက အိုးရန်ယန်းကို စိုက်ကြည့်၍ အော်ငေါက်လေသည်။
“မင်းလည်း မင်းအဖေနဲ့ အတူတူပဲ၊ ဘယ်လို မနာလိုဖြစ်ရမလဲဆိုတာနဲ့ မနိုင်ရင် ဘယ်လို ညစ်ကွက်တွေ ထုတ်ရမလဲပဲ သိတယ်”