← Chapters

အရူးလုပ်ခြင်း

Vol. 111 Ch. 1662

အရူးလုပ်ခြင်း

Vol. 111 Ch. 1662

“အဘိုး အဲ့ဒီလို မဟုတ်ပါဘူး၊ ကျွန်တော် ရှင်းပြ တာကို နားထောင်ပါဦး”

အိုးရန်ယန်း မျက်ရည်မကျပါဘဲ ငိုချင်စိတ် ပေါက်နေက စိတ်ထဲ၌ ကြံရာမရ ဖြစ်နေ၏။

“ဘာမှပြောနေစရာ မလိုဘူး၊ အပြစ်ပေးခန်းမကို သွားပြီး မှော်တုတ်နဲ့ အချက်ရှစ်ဆယ် အရိုက်ခံခဲ့”

အိုးရန်ကျန်းက အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။

*ဘာ*

*အချက်ရှစ်ဆယ် အရိုက်ခံရမယ် ဟုတ်လား*

အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ မှော်တုတ်ဖြင့် ရိုက်သော ကြိမ်ဒဏ်သည် သိုင်းအဆင့် မြင့်လေ အချက်ရေ တိုးလေပင်။ ထိုကြိမ်ဒဏ်အား အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ မခံနိုင်ပါ။

အချက်ရှစ်ဆယ်ဆိုပါက အိုးရန်ယန်း မသေလျင်တောင်မှ သေလုမျောပါး ဖြစ်လောက်သည်။

ဘေးပတ်ဝန်းကျင်၌ ရှိနေသော သားသမီးများနှင့် မြေးများအားလုံး ကြက်သီးမထဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

*ဒါကြီးက မရက်စက်လွန်းဘူးလား၊ ဒါ အိုးရန်ယန်းကို‌ သေခိုင်းနေတာပဲ မဟုတ်လား*

အိုးရန်ယွင် တံတွေးကို မနည်း မျိုချလိုက်မိသည်။ ယဲ့ဖန်သာ သူနှင့် ချမည်ဟု ပြောခဲ့ပါက သူမသည်လည်း အိုးရန်ယန်းကဲ့သို့သော အဖြစ်နှင့် ကြုံရပေလိမ့်မည်။

လက်ရှိတွင် သူမမျက်နှာ၌ ဒေါသစိတ်တို့ဖြင့် ပြည့်နေသည်။

*ဒီလူက တကယ် အရှက်မရှိတာပဲ*

*သူက လုံးဝကို ယောက်ျားနဲ့မတူဘူး၊ သူ မနိုင်တာနဲ့ တစ်ခြားလူကို အော်ခေါ်တယ်*

အိုးရန်ချင်ရွှယ်သည် သမီးတစ်ယောက် ဖြစ်သော်လည်း မျိုးနွယ်တွင်းမှ ယောကျ်ားမိန်းမရွေး သူမကို ဦးညွှတ်၍ လေးစားသမှု ပြုရသည်။ ဘယ်လိုလုပ် သူမကဲ့သို့သောလူထံမှ ဤသို့သော အသုံးမကျသည့်သူ မွေးလာရသနည်း။

*အံ့ဩစရာကောင်းလိုက်လေခြင်း*

အိုးရန်ယွင်၏ မျက်လုံးတွင်း၌ ယဲ့ဖန်ကို အထင်သေးသောစိတ်က ပိုပိုတိုးလာသည်။

*သူက တကယ့် ငကြောက်ပဲ*

“အဘိုး ကျွန်တော်က အဘိုးမြေးပါ၊ ဘယ်လိုလုပ် ကျွန်တော့်ကို သတ်ရက်ရတာလဲ”

အိုးရန်ယန်းက ချက်ချင်း အော်ဟစ်လေသည်။ မှော်တုတ်နှင့် ဆယ်ချက် အရိုက်ခံရခြင်းက လူ့အရေပြားကို စုတ်ပြဲစေပြီး အချက်သုံးဆယ်က သေချင်စိတ် ပေါက်စေ၏။

“ဘာမှပြောမနေနဲ့၊ ငါ့အမိန့်အတိုင်း အပြစ်ပေးခန်းမကိုသွားပြီး အပြစ်ဒဏ် ခံယူ”

အိုးရန်ကျန်း ထပ်ပြောလိုက်သည်။ ထိုအခါ အိုးရန်ယန်းက ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်၍ ကြုံးဝါး လေသည်။

“ဒါတွေအားလုံးက မင်းကြောင့်ပဲ၊ ခွေးမသား မင်းက ငါ့ကို အံတုရဲတယ်ပေါ့လေ၊ မင်း သေသင့်တယ်ကွ”

ထို့နောက် သူသည် ယဲ့ဖန်ထံ ပြေးသွားပြီး လက်ထဲမှ ဓားကိုဝင့်၍ ယဲ့ဖန်၏ လည်ပင်းကို ခုတ်ရန် ကြိုးစားသည်။

*တုံးလိုက်တာ*

ဤသည်ကိုမြင်သော် အိုးရန်မိန်လင် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိုးရန်ယန်း၏ လုပ်ရပ်က သေတွင်းတူးနေခြင်းသာ ဖြစ်သည်။၏

ထိုအခိုက်မှာပင် အိုးရန်ကျန်း၏ မျက်နှာက ခက်ထန်လာပြီး ဒေါသထွက်ဟန် ပေါ်လာကာ အော်ဟစ်လေ တော့သည်။

“ခွေးတိရစ္ဆာန်ကောင်”

“ဝုန်း”

ပြင်းထန်သော ဖိအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

“ဝေါ့”

အိုးရန်ယန်းသည် ကြောက်စရာကောင်းသော ထိုဖိအားကို မခံနိုင်သဖြင့် ချက်ချင်း သွေးအန်လာသည်။ လူတစ်ကိုယ်လုံး မြေကြီးပေါ် ဒူးထောက်ကျသွားပြီး မိနစ်ဝက်မျှ မလှုပ်နိုင် ဖြစ်သွားသည်။

သူတော်စင်အဆင့်ထံမှ ဖိအားသည် သူ့အား လုံးဝ သတ်ဖြတ်နိုင်၏။ သူတော်စင်အဆင့်ရှေ့၌ ပြဿနာ ရှာပါက အကြည့်တစ်ချက်နှင့်တင် အိုးရန်ယန်း သေလောက်သည်။

အိုးရန်မိန်လင်၏ မျက်နှာက အလွန် ကြည့်ရဆိုးနေသည်။ သူမနှင့် အိုးရန်ယန်းတို့က မိခင်တစ်ယောက်တည်းမှ အတူတူ မွေးဖွားလာခြင်း ဖြစ်သော်လည်း အဘယ်ကြောင့် အိုးရန်ယန်းက အလွန် တုံးအသလဲ သူမ မသိတော့ပါ။

အစက အဆင်ပြေလောက်သော်လည်း ယခု ရှင်းပြနိုင်မည့် အခွင့်အရေး ပျောက်ဆုံးသွားလေပြီ။ အိုးရန်ကျန်း၏ စိတ်ထဲမှ သူတို့၏ နေရာသည်လည်း ဆိုးဝါးသွားလောက်သည်။

ထိုအခိုက်မှာပင် အိုးရန်ကျန်းက အိုးရန်ယန်း၏ လည်မျိုကိုညှစ်၍ အော်ငေါက်လာသည်။

“ပြောစမ်း၊ မင်းကို ဒီလိုလုပ်ခိုင်းတာ အိုးရန် ရှန့်ဖုန်း မဟုတ်လား”

ထိုစကားကိုကြားသော် အိုးရန်မိန်လင်သည် သူတို့ ဒုက္ခရောက်ပြီဖြစ်ကြောင်း သတိပြုမိသွားသည်။

အိုးရန်ကျန်းက အိုးရန်ယန်း၏ ရူးမိုက်မှုအား အိုးရန် ရှန့်ဖုန်း၏ အမိန့်ပေး ခိုင်းစေမှုဟု ထင်သွားသဖြင့် သူမတို့ တစ်မိသားစုလုံးအပေါ် ဒေါသမီး ကျရောက်လာနိုင်ချေ ရှိသည်။

*လှည့်စားခံလိုက်ရတာပဲ*

အိုးရန်မိန်လင်သည် ယဲ့ဖန်အား ထိတ်လန့်တကြား လှမ်းကြည့်လိုက်သည်။

*ဒီလူက ငါတို့ တစ်မိသားစုလုံးရဲ့ အနာဂတ်ကို တစ်ဖက်လှည့်နဲ့ ဖျက်ဆီးလိုက်တာပဲ*

*သေချာ တွေးထားတာပဲ*

*ဉာဏ်များလွန်းတယ်*

*ဒီလူ အိုးရန်ယန်းကို ကစားနေကတည်းက ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာဖို့ မှန်းထားတာလား*

*ဒီလိုဆိုရင်တော့ သူက အရမ်း ကြောက်ဖို့ကောင်းနေပြီ*

အိုးရန်မိသားစုထဲသို့ ယနေ့မှ ပထမဆုံး ရောက်လာခြင်း ဖြစ်သော်လည်း သူမတို့၏ မိသားစုကို အရင်းမှ ကိုင်လှုပ်နေလေပြီ”

“အဘိုး ခွင့်လွှတ်ပေးပါ”

အိုးရန်ယန်းက ခက်ခက်ခဲခဲ ပြောလိုက်ပြီး အသက်ရှူမဝ ဖြစ်ကာ အသနားခံသော မျက်လုံးများဖြင့် ကြည့်လာသည်။

ထိုအခိုက်တွင် အိုးရန်ကျန်း သူ့ကို တကယ် သတ်ချင်နေသလားဟုပင် သူ သံသယဝင်မိသည်။

သို့သော် အိုးရန်ကျန်းက သူ့ကို လျစ်လျူရှု၍ ဘေးနားမှ အိုးရန်ယွင်နှင့် အခြားသူများကို စိုက်ကြည့်လေသည်။

“မင်းတို့အားလုံးလည်း အတူတူပဲ၊ ငါ သတိမပေးခဲ့ဘူးလို့ မပြောနဲ့။ မင်းတို့အားလုံး ယဲ့ဖန်ကို ဘယ်လို တွေးနေသလဲ ငါ သိတယ်၊ တကယ်လို့ တစ်ယောက်ယောက်က သူ့အပေါ် မကောင်းကြံလာမယ်ဆိုရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”

မမြင်ရသော လူသတ်လိုသည့် အငွေ့အသက်တစ်ခု ပျံ့လွင့်လာသည်။

အိုးရန်မိန်လင်နှင့် အခြားသူများ အကြီးအကျယ် မျက်နှာပျက်သွားပြီး ငြိမ်သွားကြသည်။ အိုးရန်ကျန်း တကယ် ဒေါသထွက်နေမှန်း သူတို့ ခံစားမိနေ၏။

“ဒီနေ့ ငါ မင်းကို ငါ ကောင်းကောင်းကြီး သင်ခန်းစာပေးမယ် ဆိုဆုံးမမှုမရှိတဲ့ ခွေးသားလေး”

အိုးရန်ကျန်းက အိုးရန်ယန်းကို ကြမ်းတမ်းစွာ ချုပ်ကိုင်၍ အပြစ်ပေးခန်းမသို့ ထွက်သွားလေသည်။ အိုးရန်ယန်းအား တကယ် သင်ခန်းစာ ပေးပေတော့မည်။

ထိုအချိန်တွင် လူတိုင်း စိတ်အေးသလို ခံစားလိုက်ရသည်။ ကံကောင်းသဖြင့် သူတို့ အစောပိုင်းက ဘာမှ မလုပ်ခဲ့မိပေ။ သို့မဟုတ်ပါက သူတို့၏ ကံကြမ္မာသည်လည်း အိုးရန်ယန်းကဲ့သို့ ဖြစ်နေလောက်သည်။

ထို့နောက် အားလုံးက သူတို့အရှေ့မှ လက်သည် တရားခံကို ဒေါသဖြင့် ကြည့်လိုက်ကြသည်။ ဉာဏ်များ၍ အရှက်မရှိသော ဤလူကြောင့်သာ မဟုတ်လျင် သူတို့ ဤသို့ အပြောခံရမည် မဟုတ်ပါ။

*ဒီခွေးမသားက တစ်ယောက်စီ ချမယ်လို့ ပြောပြီးတော့ အကူအညီကို လှမ်းအော်ခေါ်တယ်၊ တော်တော် အရှက်မဲ့ တာပဲ*

ဤလူ၏ မျက်နှာက သံဖြင့်ပင် လုပ်ထားလေသလားဟု သူတို့ တွေးမိကြသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သူ၏ ညီအစ်ကို မောင်နှမများ၏ စားတော့မတတ် အကြည့်ကို မမြင်ချင်ယောင် ဆောင်၍ လက်နောက်ပစ်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒီလို ဖြစ်သွားတာလား၊ ငါ ချတောင်မချရသေးဘဲနဲ့ သူက လဲကျနေပြီ၊ အိုက်ယား … ဒီသခင်လေး အရမ်း အထီးကျန်တာပဲ”

သူ့စကားကိုကြားပြီး လူတိုင်း မယုံနိုင်သော မျက်နှာထားများ ဖြစ်သွားကြသည်။

*ဒီကောင် အတည်ပြောနေတာလား*

*အရှက်မရှိလိုက်တာကွာ*

*ဒီကောင့်ကို ဆန်ကုန်မြေလေးလို့တောင် ပြောရမယ်*

*အိုးရန်ယန်းက ငါတို့အဘိုးဆီမှာ အဖမ်းခံလိုက်ရတာလေ၊ မင်းက ဘာလုပ်လို့လဲ၊ အဘိုးကြောင့် ဖြစ်တဲ့ကိစ္စကို မင်းက ဝင်အမှတ်ယူနေတာလား*

*မသိရင် အိုးရန်ယန်းကို ဆော်လိုက်တဲ့လူက သူပဲ ဖြစ်နေသလိုလိုနဲ့*

*ဒီသခင်လေးက အထီးကျန်တဲ့ ဟုတ်လား၊ မင်းက ဘာမို့လို့လဲ*

ထိုအခိုက်တွင် ယဲ့ဖန်က သူတို့ကို ကြည့်လာသည်။

“ချစ်ရတဲ့ ညီလေးညီမလေးတို့ မင်းတို့ရော ငါနဲ့ ချချင်လို့လား”

ချက်ချင်းဆိုသလိုပင် လူတိုင်းက ယဲ့ဖန်ကို စိတ်ပျက်သလို ကြည့်လာပြီးနောက် ရွံရှာဟန်ဖြင့် ထွက်သွားကြသည်။

လက်ရှိတွင် သူတို့သည် ဤအရှက်မရှိသောလူအား ရွံရှာစက်ဆုပ်နေမိသည်။ သူ့အား လမ်းလျှောက်သွားရင်းနှင့် တွေ့လိုက်ရသော မနင်းသည့်သည့် မစင်တုံးဟု သတ်မှတ်သွားကြသည်။

“နင်က တော်တော် အရှက်မဲ့တာပဲ၊ နင့်အမေကို မျက်နှာပျက်ရအောင် လုပ်တယ်”

အိုးရန်ယွင်ကလည်း ရွံသလို ပြောပြီး တစ်ဖက်လှည့်ကာ ထွက်သွားလေသည်။

ပတ်ဝန်းကျင်၌ ယဲ့ဖန်နှင့် သူ၏ အမျိုးသမီးများသာ ကျန်ခဲ့သည်။

“ရှင် တော်တော်ဆိုးတာပဲ၊ ရှင်က လူအိုကြီးဖြစ်နေတာတောင် မဖြစ်စလောက် ကလေးတွေနဲ့ ကစားနေတာလား”

ကျုံးဝမ်က အနားသို့ လျှောက်လာပြီး စိတ်ဆိုးမာန်ဆိုး ပြောလေသည်။ သူမအမြင်တွင် ယဲ့ဖန်၏ လုပ်ရပ်က ဉာဏ်များသော အဘိုးအိုတစ်ယောက်က သုံးနှစ်အရွယ် ကလေးတစ်သိုက်နှင့် ရူးချင်ယောင်ဆောင်၍ ကစားနေသော အဖြစ်နှင့် တူနေသည်။

ယဲ့ဖန်က မတတ်သာဟန်ဖြင့် ပြုံးနေသည်။

“ငါ ဘာလုပ်နိုင်မှာမို့လို့လဲ၊ ဒီနေ့မှ ပထမဆုံး ရောက်လာတာကို သူတို့အားလုံးကို သတ်လိုက်ရမှာလား”

“ငါ တကယ် သတ်ချင်ပင်မယ့်ပေါ့လေ”

ယဲ့ဖန်၏ ခွန်အားနှင့်ဆိုလျင် အိုးရန်ယန်းနှင့် အခြားသူများကို အသာလေး သတ်ပစ်နိုင်၏။ သို့သော် ထိုသို့ လု်ပခဲ့လျင် အိုးရန်ကျန်း ဝမ်းနည်းသွားလောက်သည်။ သူ့မိခင်က အိုးရန်ကျန်းအပေါ် အကြွေးတင်နေခဲ့ပြီးသား ဖြစ်သည်။ သူကပါ အိုးရန်ကျန်းကို စိတ်ပျက်အောင် မလုပ်ချင်ပါ။

ထို့ကြောင့်ပင် သူက အိုးရန် မိန်လင်နှင့် အခြားသူများကို ကိုယ့်ကိစ္စ မဟုတ်ဘဲ ဝင်မပါရန် သတိပေးလိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့၌ ရှိနေသူက သိုးပေါက်လေး မဟုတ်ဘဲ ရက်စက်သော သားရဲ တစ်ကောင်သာ ဖြစ်သောကြောင့်ပင်တည်း။

“ဒါပေမဲ့ သူတို့ လက်မလျှော့ချင်သေးဘူးဆိုတာကို ကျွန်မ မြင်နေရတယ်နော်”

ကျုံးဝမ်က ထိုကလေးများသည် အလွန် မောက်မာ၍ မာနကြီးကြောင်း သတိပေးလာသည်။ ယနေ့အဖြစ်မှနေ၍ သူတို့ သင်ခန်းစာ မရမှာ စိုးရသည်။

ထိုစကားကြောင့် ယဲ့ဖန်၏ မျက်နှာက တဖြည်းဖြည်း သုန်မှုန်လာသည်။

“ဒီလိုဆိုရင်တော့ မကြာခင် သူတို့ အိမ်မွေးတိရစ္ဆာန်နဲ့ သားရဲကြားက ခြားနားမှုကို သိလာမှာပေါ့”

ယနေ့သည် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် သတိပေးခြင်းပင်။

ယဲ့ဖန်က လူ မသတ်ချင်သော်လည်း အိုးရန်အိမ်တော်တွင်း၌ လူတစ်ယောက်၊ နှစ်ယောက် သတ်လိုက်ပါကလည်း ပြဿနာ ဖြစ်လာမည် မဟုတ်ပါ။

တစ်ချိန်တည်းမှာပင် အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့က အိုးရန် ရှန့်ဖုန်း၏ အခန်းသို့ အတူတူ လာနေကြသည်။ သို့သော် အိုးရန်ယုကလည်း ထိုနေရာ၌ ရှိနေ၏။ နှစ်ယောက်သားက အခန်းတွင်း၌ တစ်စုံတစ်ရာကို လျှို့ဝှက် တိုင်ပင်နေပုံ ရသည်။

ကလေးနှစ်ယောက် လာနေသည်ကို မြင်သောအခါ သူတို့က လူချင်းခွဲလိုက်ကြသည်။

အိုးရန်ယုက သူ့သားကို ကြည့်၍ မေးလိုက်သည်။

“အဲ့ကောင်က ဘယ်လိုလဲ၊ မင်း မြင်ခဲ့လား”

ထိုစကားကြောင့် အိုးရန် ရှောက်ကျွင်းက မာန်တက်နေသော မျက်နှာထားနှင့် ပြောလိုက်သည်

“အလကား အသုံးမကျတဲ့ အမှိုက်ကောင်ပါ၊ စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး”

ယဲ့ဖန်၏ ယနေ့ လုပ်ရပ်က သူတို့ အလွန် စိတ်ပျက်စေခဲ့သည်။ ဤသို့ အရှက်မရှိသောလူအား သူကိုယ်တိုင် တိုက်ခိုက်ရန်ပင် မထိုက်တန်ပါ။

“တကယ်ပဲ အသုံးမကျဘူးလား”

အိုးရန် ရှန့်ဖုန်းက မျက်မှောင်ကြုတ်၍ အလွန် သံသယဝင်ဟန် ပြလာသည်။

*ဒီကောင်က တကယ် အသုံးမကျတဲ့ကောင်ဆိုရင် ဘယ်လိုလုပ် တစ္ဆေလမ်းကနေ ထွက်လာနိုင်တာလဲ*

သို့သော် အိုးရန်မိန်လင်က ပြောသင့်၊ မပြောသင့် တုံ့ဆိုင်းနေသော အမူအရာ ဖြစ်နေ၏။

“လင်လင် သမီး ပြောကြည့်”

အိုးရန်ရှန့်ဖုန်းက အိုးရန်မိန်လင်ကို ကြည့်နေသည်။ အိုးရန် မိန်လင်က ခေါင်းညိတ်၍ ပြောလာသည်။

“အဲ့လူက အရှက်မရှိတဲ့ပုံစံကို ပြပင်မယ့် သူ့လုပ်ရပ်က အရမ်း ထိရောက်တယ်လို့ ပြောရမယ်၊ သူ့ကို အချိန်တစ်ခုအထိ ဘယ်သူမှ ရန်စရဲမယ် မထင်ဘူး”

“အဲ့ဒါကြောင့် သမီးအမြင်အရဆို သူက ကြည့်ရသလောက် ရိုးရှင်းမယ့်ပုံ မပေါ်ဘူး”

“ဟာသပဲ ပြဿနာပဲ ရှာတတ်တဲ့ အမှိုက်ကောင်က ဘာအရည်အချင်း ရှိမှာမို့လို့လဲ၊ တကယ့် ခွန်အားအစစ်အောက်မှာ အားလုံးက ဖြစ်နိုင်တယ်ဆိုတာကို သူ သိအောင် ငါ လုပ်ပြမယ်၊ မင်း ထင်မြင်ချက် အားလုံးက ရယ်ချင်စရာပဲ”

အိုးရန်ရှောက်ကျွင်းက လက်မခံသော မျက်နှာနှင့် အေးစက်စက် ပြောလာသည်။ ဤသည်ကိုကြည့်ပြီး အိုးရန် မိန်လင် သက်ပြင်း အသာချလိုက်ပြီး ဘာမှမပြောတော့ချေ။

*အဲ့လူကို နင် ဆက်အထင်သေးနေရင် နင် အနှေးနဲ့အမြန်ဆိုသလို ခံရလိမ့်မယ်*

“ဟားဟားဟား လင်လင် မင်း အတွေးလွန်နေတာလို့ ငါ ထင်တယ်၊ ဘုရင်အဆင့်လေးနဲ့ အမှိုက်ကောင်က ဘာများ တတ်နိုင်မှာမို့လို့လဲ”

အိုးရန်ယုကလည်း အထင်သေးသော အကြည့်ဖြင့် ကြည့်နေသည်။ အိုးရန်မိန်လင်က မချိပြုံး ပြုံး၍ ဘာမှ မပြောပေ။

အိုးရန်ရှန့်ဖုန်းက လက်ကာ၍ သူတို့ကို ဆက်မငြင်းကြရန် တားလိုက်သည်။

“အရိပ်သတ်ဖြတ်သူ အဖွဲ့ကို လွှတ်လိုက်ပြီးပြီ၊ သူ နဂါးလား၊ တီကောင်လား မကြာခင် သိရမှာပဲ”

အရိပ်သတ်ဖြတ်သူ အဖွဲ့သည် အိုးရှန် ရှန့်ဖုန်း တိတ်တဆိတ် လေ့ကျင့်မွေးမြူထားသော အင်အားစု ဖြစ်ပြီး အိုးရန်မျိုးနွယ်၏ လက်အောက်က မဟုတ်ဘဲ အိုးရန် ရှန့်ဖုန်း၏ အမိန့်ကိုသာ နာခံသည့် အဖွဲ့ ဖြစ်ပေသည်။

အရိပ် သတ်ဖြတ်သူ အဖွဲ့သည် လူအယောက်နှစ်ဆယ်ကျော်မျှသာ ရှိသော်လည်း သိုင်းအဆင့် အနိမ့်ဆုံးသူပင် သူတော်စင်သခင်အဆင့် ဖြစ်သည်။

ထို့အပြင် သူတို့၌ တာဝန်တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ လုပ်ကြံသတ်ဖြတ်ခြင်းပင်။

ထိုစကားကိုကြားသော် အိုးရန်မိန်လင် ချက်ချင်း မျက်နှာထား ပြောင်းလဲသွားသည်။

“အဖေ အခုလေးတင် အဖိုးက ဒေါသထွက်ပြီး ယဲ့ဖန်ကို ထပ်မထိဖို့ သတိပေးလိုက်တာလေ၊ အခု သမီးတို့က သူ့ကို သတ်ဖို့ လူလွှတ်လိုက်တာဆိုတော့ ဒါ သေတွင်းတူးသလို ဖြစ်မနေဘူးလား”

အိုးရန်ရှန့်ဖုန်းက ပျက်ရယ်ပြုလိုက်သည်။

“အဖေတို့ ထပ်စောင့်နေလို့ မရဘူး၊ အနှေးနဲ့အမြန် အန္တရာယ်ဖြစ်လာမယ့် အဲ့ကောင်ကို ဆက်ထားလို့ မဖြစ်ဘူး၊ သူ့ကို မြန်နိုင်သမျှ မြန်မြန် အပြတ်ရှင်းပစ်ရမယ်”

“သူ သေသွားတာနဲ့ မင်းတို့အဘိုးက အဖေတို့ကို အပြင်လူတစ်ယောက်အတွက်နဲ့ တကယ် သတ်ပါ့မလား၊ အဖေတို့က သူ့သားတွေနဲ့ မြေးတွေဆိုတာကိုလည်း မမေ့နဲ့၊ ကျားက ဘယ်လောက်ပဲ ရက်စက်တတ်ပါစေ သူ့ကလေးကိုတော့ ပြန်မစားဘူး၊ မင်းတို့အဘိုးအကြောင်းကို အဖေ ကောင်းကောင်းကြီး သိတယ်”

အိုးရန်ရှန့်ဖုန်းသည် အိုးရန်ကျန်း ဒေါသထွက်လျင်တောင်မှ မသေရုံတမယ် ရိုက်နှက်ရုံမျှသာ ရှိလိမ့်မည်ဟု ယုံကြည်နေ၏။ ထိုမျှလောက်က သူတို့အတွက် ဘာမှမဟုတ်ချေ။

ယဲ့ဖန်ကို သတ်နိုင်သရွေ့ အရိုက်ခံရလည်း မမှုပါ။

All Chapters