← Chapters

ဒီမိန်းမတွေ ရူးနေပြီ

Vol. 111 Ch. 1664

ဒီမိန်းမတွေ ရူးနေပြီ

Vol. 111 Ch. 1664

“ရှင် ပြန်လာတာ သိပ်မကြာသေးဘူးလေ၊ ကျွန်မတို့ ရှင့်ကို နှောင့်ယှက်မိမှာစိုးလို့ သည်းခံ နေခဲ့တာ၊ အခု ရှင့်လုပ်စရာတွေလည်း ပြီးပြီ ဆိုတော့ ခင်ပွန်းတစ်ယောက်အနေနဲ့ ရှင် အကောင်းဆုံး လုပ်သင့်တဲ့ အချိန် ရောက်နေ ပြီပဲကို”

ကျုံးလီအာက ရဲရဲတင်းတင်းပြော၍ အနားသို့ လျှောက်လာသည်။ ထို့နောက် သူမက ယဲ့ဖန်ရှေ့သို့ ကိုယ်ကိုကိုင်း၍ ယဲ့ဖန် နောက်ဆုတ်နိုင်မည့်လမ်းကို ပိတ်ဆို့၍ ခုတင်စွန်းနားကပ်ကာ တားလိုက်သည်။

သူမ ဟန်ဆောင်ထားသမျှ ပေါ်သွားသဖြင့် သူမ ဆက်ဟန်ဆောင်နေရန် မလိုတော့ပါ။ ကျုံးဝမ် အလွန် ရဲတင်း၍ ညုတုတု လုပ်တတ်သည်ကိုသာ သူမ ပရိသတ်များ သိသွားပါက အံ့ဩသွားလောက်သည်။

ယဲ့ဖန် ငိုချင်ပါသော်လည်း မျက်ရည်မကျချေ။ သူ ဝံပုလွေအုပ်ထဲမှ လွတ်ပြီဟု ထင်ထားသော်လည်း ကျားဂူထဲသို့ ဝင်မိသွားသည်တဲ့လား။

သို့သော် ထိုအခိုက်တွင် ကျုံးဝမ်၏ မျက်လုံးတွင် မျက်ရည်များ ဝဲတက်လာပြီး သူမ၏ မျက်နှာလှလှပေါ်တွင် မကျေနပ်ဟန်များ ပေါ်လာသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။

“ရှင် ထွက်သွားခဲ့တာ သုံးနှစ်တောင် ရှိသွားပြီ၊ ကျွန်မတို့ ဘယ်လိုနေခဲ့ရလဲ ရှင် သိလား၊ နေ့တိုင်း နေ့တိုင်း ကျွန်မတို့ တစ်နှစ်လောက် ကြာသွားသလို ခံစားခဲ့ရတာ၊ နေ့တိုင်း နိုးလာတာနဲ့ ရှင် အသက်မရှိတော့ဘူးဆိုတဲ့ ရက်စက်တဲ့ အချက်ကို ရင်ဆိုင်ခဲ့ရတာ၊ ကျွန်မတို့ ငရဲတွင်းထဲမှာ ရှင်သန်ခဲ့ရတာ သိလား”

ချက်ချင်းဆိုသလိုပင် ယဲ့ဖန် ငြိမ်ကျသွားပြီး အောင့်သက်သက် ပြုံးလိုက်ရသည်။ သူ ပြန်ရောက်လာ ပြီးကတည်းက ဤအမျိုးသမီးများ ပြီးခဲ့သည့် သုံးနှစ်တာကို မည်သို့ ရင်ဆိုင် ကြုံတွေ့ခဲ့ရသလဲ သူ တကယ် နားမလည်ခဲ့ပါ။ သူ တစ်ကိုယ်ကောင်း ဆန်လွန်းခဲ့သည်။

ဤအမျိုးသမီးများသည် နေ့တိုင်း နိုးလာသည်နှင့် ရှင်လျက်နှင့်သေသော နာကျင်မှုကို ကြုံတွေ့ခဲ့ရသည်။

“သူတို့ ရှင့်အတွက် အလျင်စလို ကလေးလွယ်ပေးချင်တာ ဘာဖြစ်လို့လဲ၊ နောင် ရှင်တစ်ခုခု ဖြစ်လာမှာ စိုးရိမ်လို့ အနည်းဆုံးတော့ ရှင့်ကလေး ရှိခဲ့ရင် ဖြေသိမ့်နိုင်မယ်ဆိုတဲ့ အတွေးလေးနဲ့ ဒီလို လုပ်နေတာလေ”

ထိုသို့ပြောနေချိန်တွင် ကျုံးဝမ်က နာကျင်စွာဖြင့် ခေါင်းငုံ့ထားပြီး တစ်ချိန်တည်းမှာပင် မချိပြုံး ပြုံးနေ၏။

“ရှင် ကလေးမလိုချင်သေးဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ကျွန်မတို့ကို ရှင့်ရဲ့ အမျိုးသမီး ဖြစ်ခွင့်ပေးပါ၊ ရှင့်ရဲ့ အမျိုးသမီး အစစ်ပေါ့၊ ကျွန်မတို့ပေါ်မှာ ရှင့်အမှတ်အသား ချန်ထားပေးပါ”

အမျိုးသမီးတစ်ယောက်သည် တကယ် ချစ်မိပြီဆိုလျင် ဘာကိုမှမတွေးနိုင်တော့ဘဲ မိမိ၌ ရှိသော အရာအားလုံးကို ပေးရန် မစောင့်နိုင်တော့ချေ။ ထိုအထဲတွင် သူတို့၏ ဖြူစင်မှုသည်လည်း အပါအဝင်ပင်။

အမျိုးသမီးတစ်ယောက် အဝတ်အစားကိုချွတ်၍ မိမိခုတင်ပေါ် တက်လာလျင် မိမိ၏ ငြင်းပယ်မှုက သူမအတွက် အရက်စက်ဆုံးသော နှိပ်စက်မှု ဖြစ်သွားပေလိမ့်မည်။

၎င်းက သူမ၏ သိက္ခာ၊ ချုပ်တည်းမှုနှင့် ရူးသွပ်မှုတို့အား နင်းချေလိုက်သည်နှင့် အတူတူပင်။

“ယဲ့ဖန် ကျွန်မကို မငြင်းပါနဲ့နော်”

ကျုံးဝမ်က ယဲ့ဖန်ကို အသနားခံသလို ကြည့်နေပြီး သူမကို သူ ငြင်းလိုက်မည်ကို ကြောက်ရွံ့နေ၏။ ထိုသို့ ဖြစ်ခဲ့ပါက သူမ သေသွားလောက်သည်။

ယဲ့ဖန် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်နှာ မည်းမှောင်သွားပြီး တစ်ဖက်လှည့်ကာ အခန်းထဲမှ ထွက်သွားလိုက်သည်။

ဤအပြုအမူက ကျုံးဝမ်ကို မှင်တက်သွားစေသည်။ ယဲ့ဖန် ငြင်းပယ်လိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပါ။

သူမ သိသိသာသာကြီးကို စိတ်ဓာတ်ကျဆင်းသွားသည်။ ရုတ်ချည်းဆိုသလိုပင် ကျုံးဝမ်သည် ခုတင်ပေါ် အားပြတ်စွာ လဲကျသွားပြီး မျက်နှာကို အုပ်၍ ငိုကြွေးလေတော့သည်။

အဘယ်ကြောင့် ယဲ့ဖန်က သူမကို အရမ်းမုန်းနေသလဲ သူမ မသိပါ။ သူမဘက်က အရှက်သိက္ခာအားလုံးကို ခဝါချထားသော်လည်း အဘယ်ကြောင့် ယဲ့ဖန်က သူမကို ဤသို့ လှောင်ပြောင်ရသနည်း။

ထိုအခိုက်တွင် ယဲ့ဖန်သည် ခြံဝန်းထဲသို့ ရောက်နေပြီဖြစ်ကာ ရေကန်ထဲမှရေက တလက်လက် တောက်နေကာ အေးစိမ့်သော ညလေးညင်းက ဖြည်းညင်းစွာ တိုးဝှေ့တိုက်ခတ်နေ၏။

ယဲ့ဖန်က ပါးစပ်မှ စီးကရက်ကို ပြန်ဖယ်ရှား၍ ဆေးလိပ်ငွေ့ကို ခပ်ဖြည်းဖြည်း မှုတ်ထုတ်လိုက်သည်။ သူ့အမူအရာက သက်တောင့်သက်သာ ရှိပြီး ခံစားချက်ကင်းမဲ့ဟန် ပေါ်နေသည်။

စီးကရက်တစ်လိပ်အား ငါးမိနစ်ကြာအောင် သောက်နေလိုက်သည်။ ထိုငါးမိနစ်အတွင်း ယဲ့ဖန်က မလှုပ်မယှက် ရပ်နေကာ မျက်နှာထားက ရီဝေထိုင်းမှိုင်းနေပြီး မရေမရာဟန် ပေါ်နေသောကြောင့် သူ ဘာတွေးနေလဲ မသိပေ။

ငါးမိနစ်ကြာပြီးနောက် သူသည် စီးကရက်ဖင်အား မြေကြီးပေါ် ပစ်ချကာ နင်းချေလိုက်သည်။ ထို့နောက် သူက ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“မင်းတို့တွေ ဘယ်လောက်ကြာအောင် ပုန်းနေဦးမှာလဲ”

ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး ညလေညင်းက သစ်ရွက်များကို တိုးဝှေ့သွားသံသာ ကြားနေရသည်။ ထိုအခိုက်တွင် မမြင်ရသော လူသတ်လိုသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။

“ဝှစ် ဝှစ်”

ဒါဇင်ကျော်သော လူအရိပ်များ ပြိုင်တူ ထွက်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသော ကတုံးနှင့် အဘိုးအိုက ပြုံးနေသည်။

“ငါတို့ အရိပ်သတ်ဖြတ်သူအဖွဲ့ကို ရှာတွေ့နိုင်သားပဲ၊ ဒုသခင် ခန့်မှန်းတာ မမှားဘူး၊ မင်းက သာမန်လူ မဟုတ်ဘူးပဲ”

“ပြောလို့ပြီးပြီလား၊ ပြီးရင်လည်း မင်း သေလို့ရပြီ”

ယဲ့ဖန်က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။ သူ အပိုစကားများ သိပ်ပြောချင်စိတ် မရှိပါ။ အကြောင်းမှာ သူ၏ အမျိုးသမီးက သူ့ကို အိပ်ခန်း၌ စောင့်နေသေးသောကြောင့်ပင်။

*ဟမ်*

ထိုကတုံးနှင့်အဘိုးအို၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။ ယဲ့ဖန်က သူ့ကို ဤသို့ ပြန်ပြောရဲ လိမ့်မည်ဟု ထင်ထားပုံမရချေ။

*ဘုရင်အဆင့် အမှိုက်ကောင်ကများ ငါတို့ အရိပ် သတ်ဖြတ်သူအဖွဲ့ကို အထင်သေးရဲတယ်ပေါ့လေ*

 *မုန်းဖို့ကောင်းလိုက်တာ*

*အဓိပ္ပာယ်ကိုမရှိဘူး*

‘ဟေ့ကောင် မင်းမှာ မာနကြီးနိုင်တဲ့ အစွမ်းရှိမှာ မောက်မာစမ်းပါကွ၊ မင်းမှာ အဲ့လို အစွမ်းမျိုး ရှိလို့လား”

ကတုံးနှင့်အဘိုးအိုက လှောင်ရယ်လာသည်။

“အဘိုးကြီး ခင်ဗျားမှာ သူများကို သတ်နိုင်တဲ့အစွမ်းရှိမှ လေလာကျယ်၊ ခင်ဗျားမှာ အဲ့လို အစွမ်း ရှိသလား”

ယဲ့ဖန်ကလည်း လှောင်ရယ်၍ ပြန်မေးလိုက်သည်။ ထိုစကားက အလွန် အထက်စီးဆန်လှသည်။

ဘာမဟုတ်သော ဘုရင်အဆင့်လေးက သူတို့အားလုံးကို ဤသို့ မေးခွန်းထုတ်ရဲခြင်းက တင်စီးလွန်းလှပေ၏။

“မင်း ဘယ်ကနေ သတ္တိရလာလဲတော့ ငါ မသိဘူး၊ ငါတို့အားလုံးက မင်းထက်ပိုပြီး သိုင်းအဆင့် မြင့်တယ်ကွ၊ မင်းကို ယင်ကောင်ကို ရိုက်သတ်သလို သတ်လို့ရတယ်၊ မင်းက ဒီလို ပြောရဲတယ်ပေါ့လေ”

ကတုံးနှင့်အဘိုးက သရော်လိုက်ပြီး ခေါင်းခါ၍ ပြောလိုက်သည်။

“ဒီနေ့ခေတ် လူငယ်တွေက တော်တော် မောက်မာတာပဲ”

ချက်ချင်းဆိုသလိုပင်က သူက ယဲ့ဖန်ကို သေချာ စိုက်ကြည့်လေသည်။

“ဟေ့ကောင် ငါတို့ကို အပြစ်မတင်နဲ့၊ မင်းကို ဘယ်သူက မောက်မာခိုင်းပြီးတော့ ဒုသခင်ကို ရန်စခိုင်းလို့လဲ၊ နောက်ဘဝကျရင် ဉာဏ်ကောင်းလာဖို့ အမှတ်ရပေါ့ကွာ”

ထိုစဉ် ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက်က ယဲ့ဖန်၏ ကျောဘက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာသည်။

အေးစက်၍ ချွန်ထက်သော ဓားတစ်လက်က ယဲ့ဖန်၏ ကျောပြင်ကို ထိုးစိုက်ရန် ပြင်လာသည်။

ထိုအခိုက်တွင် သူ့အနောက်မှ လူသည် ညစ်ကျယ်ကျယ် ပြုံးနေပြီး ယဲ့ဖန်၏ သေဆုံးမှုကို မြင်တွေ့နေရပြီဟု ထင်မှတ်နေသည်။

ထိုအချိန်၌ ကတုံးနှင့် အဘိုးအိုကလည်း ရယ်မောနေ၏။ ဘုရင်အဆင့်လေးကို သူတို့ အရိပ်သတ်ဖြတ်သူ တစ်ဖွဲ့လုံးက သတ်လိုက်ပါက အတင်းအကြပ် အနိုင်ကျင့်သလို ဖြစ်သွားလိမ့်မည်။

*ဒီလို အမှိုက်ကောင်မျိုးက ငါတို့လက်ထဲမှာ သေဖို့ ထိုက်တန်လို့လား*

ထိုစဉ် ယဲ့ဖန်က နောက်သို့ ရုတ်တရက် လှည့်လိုက်ပြီး နက်မှောင်နေသော မျက်လုံးများဖြင့် အနောက်မှလူကို စိုက်ကြည့်လိုက်သည်။

သူ့အနောက်မှလူသည် ရုတ်တရက် တုန်ယင်သွားပြီး စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ အချိန်မရွေး ထွက်ခွာ သွားတော့မည်ဟု ထင်မှတ်ရသည်။

*ဘယ်လိုလုပ် ဘုရင်အဆင့်လေးမှာ ဒီလို ကြောက်စရာကောင်းတဲ့ မျက်လုံးမျိုး ရှိနေတာပဲ*

*သူ့ကိုကြည့်ရတာ ငရဲကို မြင်နေရသလိုပဲ*

ကတုံးနှင့် အဘိုးအိုအပြင် အခြားသူများလည်း ထိတ်လန့်သွားကြသည်။

*ယဲ့ဖန်က ငါတို့ လုပ်ကြံတာကို သတိထားမိတာလား*

ထို့နောက်တွင်မူ သူတို့၏ အံ့ဩနေသော အကြည့်အောက်၌ ယဲ့ဖန်က ပါးစပ်ကိုဟ၍ ထိုးစိုက်လာမည့် ဓားသွားထံ ရွေ့သွားသည်။

“ဂျွတ်”

ထိုအခါ ဓားသွားက ယဲ့ဖန်၏ သွားကြောင့် အက်ကွဲပျက်စီးသွားသည်။

လူတိုင်း ကြက်သီးတဖြန်းဖြန်းထကာ မျက်လုံးများ ကျွတ်ထွက်ကျမတတ် ပြူးကျယ်လာ၏။

*ဒီကောင် သူတော်စင်လက်နက်ကို ပါးစပ်နဲ့ ကိုက်ပစ်လိုက်တာလား*

*ငါတို့ အိပ်မက်မက်နေတာများလား*

ဤခံစားချက်က မွေးကင်းစ ကလေးတစ်ယောက်က ကုန်တင်ကားကြီးတစ်စီးကို လက်ချည်းဗလာဖြင့် တားဆီးလိုက်သည်ကို မြင်လိုက်ရသော ခံစားချက်နှင့် ဆင်တူကာ အံ့ဩစရာ ကောင်းလှသည်။

ယဲ့ဖန်ကို လုပ်ကြံသည့် လူသတ်သမားသည်လည်း အံ့ဩနေ၏။ သူ့မျက်နှာတွင် သွေးဆာနေဟန် မရှိတော့ဘဲ သွေးပျက်ဟန်သာ ပေါ်လာသည်။

*ဒီကောင်က လူမဟုတ်ဘူး*

သို့သော် ပို၍ ကြောက်စရာကောင်းသောအရာ ဖြစ်လာရန် လိုပေသေးသည်။

ယဲ့ဖန်၏ မျက်လုံးများ အေးစက်လာပြီး လက်ပြန်ရိုက်ချလာသည်။

“ဖြောင်း”

သူ့ရိုက်ချက်ကြောင့် ထိုသူတော်စင်သခင်အဆင့် လုပ်ကြံရေးသမား၏ ဦးခေါင်းသည် လည်ပင်းမှ ပြုတ်ထွက် သွားပြီး ကတုံးနှင့် အဘိုးအို၏လက်ထဲသို့ ပြုတ်ကျလာလေသည်။

ဘုန်းခနဲ အသံနှင့်အတူ ဦးခေါင်းမဲ့သော အလောင်းက မြေကြီးပေါ် လဲကျသွားပြီး သွေးများ ဒလဟော စီးကျ လာသည်။

သွေးထွက်သံယို များ၍ ကြောက်စရာကောင်းလှသည်။ ကျန်လူများအားလုံး တိတ်ဆိတ်သွားပြီး အပြုံးများ အေးခဲသွားကြသည်။

*ဘုရင်အဆင့်က သူတော်စင်သခင်အဆင့်ကို သတ်လိုက်တာလား*

*ငါတို့ ထင်ယောင်ထင်မှား ဖြစ်နေတာလား*

သူ့လက်ထဲမှ ခေါင်းပြတ်ကိုကြည့်ပြီး ကတုံးနှင့်အဘိုးအို၏ မျက်လုံးများ ပြူးကျယ်ကာ ချောက်ချားနေ၏။

*ထူးဆန်းလိုက်တာ*

ယဲ့ဖန်က သူ့နာရီကို ငုံ့ကြည့်၍ စိတ်မရှည်သလို ပြောလိုက်သည်။

“မင်းတို့မှာ အချိန် တစ်မိနစ်ရှိသေးတယ်၊ မြန်မြန်လုပ်”

*ဘာ*

ကတုံးနှင့်အဘိုးအိုအပြင် ကျန်လူများအားလုံး ဒေါသထွက်သော အမူအရာများ ဖြစ်လာကြသည်။ သူတို့ အားလုံးကို တစ်မိနစ်အတွင်း သတ်ချင်သည်တဲ့လား။

*ဒီစကားက ဘုရင်အဆင့်လေးရဲ့ ပါးစပ်က ထွက်လာတဲ့ စကားလား*

*တော်တော် အထင်သေးတာပဲ*

“သေချင်နေတာပဲ”

ကတုံးနှင့် အဘိုးအိုက အော်ဟစ်၍ ပြေးတက်လာကာ ယဲ့ဖန်ကို ကိုယ်တိုင်သတ်ရန် ကြံစည်နေ၏။ သူ၏ လှုပ်ရှားမှုက အားလုံးကို အသိဝင်လာစေသည်။

အခြားသူများအားလုံးသည်လည်း ယဲ့ဖန်ထံ အမြန်ဆုံးနှုန်းဖြင့် ပြေးလာကြပြီး ယဲ့ဖန်ကို တိုက်ခိုက်ကြလေသည်။

သူတို့၏ တိုက်ကွက်တစ်ခုတည်းနှင့် ယဲ့ဖန် ဘယ်လိုမှ မောက်မာနိုင်တော့မည် မဟုတ်ပါ။ အားလုံး၏ မျက်နှာတွင် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နေကြသည်။

လက်ရှိတွင် သူတို့သည် အရှေ့မှ လူငယ်လေးနှင့် ပတ်သက်၍ တစ်ခုခုက မူမမှန်နေကြောင်း သတိထားမိကြပြီး ကြောက်လန့်တကြား ဖြစ်နေကြသည်။

*သူက ဘုရင်အဆင့်မှန်း သိသာနေတာကို၊ ဘယ်လိုလုပ် ငါတို့လို သူတော်စင်သခင်အဆင့်နဲ့ နတ်ဘုရင် အဆင့်ကိုပါ စိတ်မသက်မသာ ဖြစ်အောင် လုပ်နိုင်တာလဲ*

*ဘယ်လိုလုပ် ငါတို့က ဘုရင်အဆင့်ကို ကြောက်နေရတာလဲ*

“ဟေ့ကောင်လေး ငါက လူ့နှလုံးသားကို စားရတာ အကြိုက်ဆုံးပဲ၊ မင်းက တော်တော် မောက်မာတာပဲ၊ မင်းနှလုံးက သာမန်လူရဲ့ နှလုံးထက် ပိုကြီးလား ကြည့်ရသေးတာပေါ့၊ ဟီးဟီး”

လူတစ်ယောက် သုန်မှုန်နေသော မျက်နှာနှင့် ရက်စက်သော အပြုံးမျိုး ပြုံးကာ အော်ဟစ်လာပြီး လက်တစ်ဖက်က ယဲ့ဖန်၏ နှလုံးသားကို ဖောက်ထုတ်ရန် ကြံရွယ်လာသည်။

“သူ့လက်တွေက ငါ့အပိုင်ပဲ”

နောက်ထပ် လုပ်ကြံရေးသမားများက ယဲ့ဖန်၏လက်ကို ဖမ်းချုပ်လာ၏။

“သူ့ခေါင်းက ငါ့အပိုင်ဟေ့”

ရက်စက်၍ သရော်တော်တော် လှောင်ရယ်သံများ ထွက်ပေါ်လျက် ရှိသည်။ လူတိုင်းက ယဲ့ဖန်ထံ ခုန်ဝင်လာ ကြသည်။ ထို့နောက်တွင်မူ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများက ယဲ့ဖန်ထံ ကျရောက်လာလေသည်။

သို့သော် ထိုအချိန်၌ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာသည်။ ယင်းဖြစ်ရပ်မှာ ယဲ့ဖန်၏ ပုံရိပ်က နေရာမှာ ရုတ်တရက် ပျောက်ကွယ်သွားခြင်းပင်။

ဆိုင်းမဆင့် ဗုံမဆင့် ပျောက်သွားခြင်းသာ။

“ဒါ ဘယ်လိုဖြစ်ရတာလဲ”

ကတုံးနှင့်အဘိုးအို မှင်တက်သွားသည်။

*ဒီလူက အရိပ် သတ်ဖြတ်သူ အဖွဲ့သားအားလုံးရဲ့ အကြည့်အောက်ကနေ ပျောက်သွားတယ်တဲ့လား*

*ဒါက …*

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

ထိုသို့သောအချိန်၌ ကတုံးနှင့် အဘိုးအို၏ အနောက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာ၏။

*မကောင်းတော့ဘူး*

ကတုံးနှင့်အဘိုးအို၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ မရဏ အငွေ့အသက် တစ်ခုက သူ့အပေါ် လွှမ်းခြုံလာသည်ကို သူ ခံစားမိနေသည်။

“ဗြိ”

ထိုအခိုက်တွင် နတ်ဘုရင်အဆင့် လုပ်ကြံရေးသမားတစ်ယောက်၏ ခန္ဓာကိုယ်က စုတ်ပြဲသွားသည်။ သူသည် နောက်ကျောဘက်မှနေ၍ နှစ်ပိုင်း စုတ်ဖြဲခံလိုက်ရခြင်းပင်။ ပွဲချင်းပြီး အသတ်ခံလိုက်ရခြင်းသာ။

*ဘုရင်အဆင့်က သူတော်စင်သခင်အဆင့်ကိုတင် မကဘဲ နတ်ဘုရင်အဆင့်ကိုပါ သတ်နိုင်တာလား*

“သေစမ်း သူက ဘုရင်အဆင့် မဟုတ်ဘူး”

ကတုံးနှင့်လူက ရုတ်တရက် အော်ဟစ်လာပြီး သူ့မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။

သူ ပြောနေစရာပင် မလိုပါ။ အခြား လုပ်ကြံရေးသမားများလည်း သတိထားမိသည်။ ဘုရင်အဆင့်က မည်မျှ ထူးချွန်နေပါစေ နတ်ဘုရင်အဆင့်ကိုပါ သတ်နိုင်ရန် မဖြစ်နိုင်ပေ။

သူတို့ ဤလူငယ်ထံ၌ အရူးလုပ်ခံလိုက်ရလေပြီ။

“သတ်ကွာ”

ကြမ်းကြုတ်သော ကြုံးဝါးသံနှင့်အတူ အားလုံးက ပြိုင်တူ တိုက်ခိုက်ပြန်သည်။ အေးစက်သော လူသတ်လိုသည့် အငွေ့အသက်က ယဲ့ဖန်ကို ထပ်မံ လွှမ်းခြုံလာ၏။

သို့သော် လက်ရှိတွင် သူတို့ ဘာကိုမှ မထိမိချေ။

“ယီးပဲ သူ ဘယ်လိုလုပ်လိုက်တာလဲ”

“မဟုတ်ဘူး၊ ငါ့ကိုလွှတ်စမ်း၊ မျိုးမစစ်ကောင်”

“မြတ်စွာဘုရား သူ ဘယ်လိုများ လုပ်လိုက်တာလဲ”

ရက်စက်သော လုပ်ကြံရေးသမားများသည် လက်ရှိတွင် အလွန် ချောက်ချားနေကြပြီး အသည်းအသန် အော်ဟစ် နေကြသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ သူတို့သည် တကယ့် နတ်ဆိုးအစစ်နှင့် ကြုံနေရသောကြောင့် ဖြစ်လေသည်။

“ဘုန်း ဘုန်း”

အလောင်းများ တစ်လောင်းပြီး တစ်လောင်း လဲကျလာပြီး ယဲ့ဖန်၏ တိုက်ခိုက်မှုကို မခုခံနိုင်ဘဲ သေဆုံးကုန်သည်။

“သူ ဘယ်မှာလဲ၊ သူ ဘယ်မှာလဲ”

ကတုံးနှင့်အဘိုးအိုက အသည်းအသန် အော်ဟစ်နေကာ လက်ရှိတွင် အလွန်အမင်း ကြောက်လန့်နေ၏။

All Chapters