← Chapters

ကြီးမားသောလျှို့ဝှက်ဆန်းကျယ်မှု

Vol. 51 Ch. 713

ကြီးမားသောလျှို့ဝှက်ဆန်းကျယ်မှု

Vol. 51 Ch. 713

အခန်း (၇၁၃) ကြီးမားသောလျှို့ဝှက်ဆန်းကျယ်မှု

ရန်ကျောက်ကဲအနောက်ဘက်မှ ကျောက်သားတံခါးကြီးပွင့်သွားပြီး မှိန်ဖျော့ဖျော့အလင်းရောင်တောက်ပနေသော ပရမ်းပတာဗလာနယ်သည်လည်း ချက်ချင်းပင် ပြန်လည်သိပ်သည်းသွားသည်။

အဝေးတွင်ရှိနေသော လော့ကျီးထောင် ၊ ကျိုးဟောက်ရှန်းနှင့်အခြားသူများ ၊ သူ့ကို အနီးကပ် တိုက်ခိုက်ရန်ကြိုးစားနေသည့် ကောစုန်းတို့အားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ယိုးမင်ဧကရာဇ်ဂူဗိမာန် ပြန်ပေါ်လာပြီး ခိုင်ခန့်သောကြမ်းပြင်နှင့် သင်္ချိုင်းဂူနံရံ ၊ ခေါင်မိုးတို့ ရန်ကျောက်ကဲ မျက်ဝန်းရှေ့တွင် ပြန်ပေါ်လာသည်။

သို့သော် မကြာမီပင် ယိုးမင်ဂူဗိမာန်က နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး သဏ္ဌန်မဲ့အမှုံများပျံ့လွင့်ကာ များပြားလှစွာသော ဗလာနယ်များအဖြစ် ထပ်မံပြောင်းလဲသွားပြန်သည်။

လော့ကျီးထောင်က...

“ဘယ်ကိုပြေးမှာလဲ”

အဝေးတစ်နေရာလေထုထဲတွင် တစ္ဆေမီးအိမ်ကိုကိုင်ဆောင်ထားသည့် လော့ကျီးထောင်က အေးစက်သည့်မျက်လုံးများဖြင့် ရန်ကျောက်ကဲကို ကြည့်နေသည်။ မီးအိမ်ထက်တွင် တောက်ပသောသင်္ကေတများဖြင့် ပြည့်နက်နေပြီး မီးအိမ်အလင်းရောင်ကလည်း တစ်ဖန်ပြန်လည်လင်းလက်လာတော့မည့်ဟန် ဖြစ်သည်။

ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်းမရှိသလို အလျင်လိုခြင်းမရှိဘဲ ကျောက်သားတံခါးကို လက်ဖဝါးဖြင့် အသာဖိနှိပ်လိုက်၏။

ထိုအခါ ပွင့်နေသည့်တံခါးအတွင်းမှ များပြားလှစွာသော ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာသည်။

မူလကပင် မှေးမှိန်ဖျော့တော့သောအလင်းရောင်က ပိုမိုမှေးမှိန်သွားပြီး ရလဒ်အနေဖြင့် ယိုးမင်တစ္ဆေမီးအိမ်သည်ပင် တုန်လှုပ်သွားသည်။ ပရမ်းပတာ ဗလာနယ်စီးကြောင်းများ ပျောက်ကွယ်သွားပြီး ဂူဗိမာန်အတွင်းပိုင်းသဏ္ဌန် ပြန်လည်ဖြစ်တည်လာပြန်သည်။

ရန်ကျောက်ကဲအားရိုက်ချလိုက်သည့် ကောစုန်း၏ ပြင်းထန်သောလက်ဝါးရိုက်ချက်က ဂူဗိမာန်လမ်းတစ်နေရာသို့ ထိမှန်သွားသည်။

ရန်ကျောက်ကဲ ဘယ်ဆီရောက်သွားမှန်းမသိသဖြင့် ကောစုန်း မျက်မှောင်ကြုံ့လိုက်သည်။

လူတိုင်းက ယိုးမင်ဂူဗိမာန်အတွင်း ရှိနေကြသော်လည်း မတူညီသောနေရာများသို့ ရောက်ရှိနေကြသည်။ ပရမ်းပတာ ဗလာနယ်မှ ဂူဗိမာန်သို့ ပြန်လည်ပြောင်းလဲသွားသည့်အခါ သူတို့အားလုံး ဂူဗိမာန်အတွင်းမှ မတူညီသောနေရာများသို့ ရောက်ရှိသွားကြခြင်း ဖြစ်၏။

စောစောကပင် တစ်ယောက်နှင့်တစ်ယောက် မြင်တွေ့နေကြသော်လည်း ယခုတော့ အခြားသူများ၏ တည်နေရာကို ခန့်မှန်းနိုင်ခြင်း မရှိတော့ပေ။ ဂူဗိမာန်ကလည်း ဝင်္ကပါတစ်ခုပမာ လမ်းကြောင်းများ ရှုတ်ထွေးလှသဖြင့် ခွဲခြားသိရှိနိုင်ရန် ခက်ခဲသည်။

ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းမှ သိုင်းသမားများမှာလည်း ချက်ချင်းပင် နေရာများကွဲပြားသွားကြသည်။ ယခင်က ထိပ်တိုက်ရင်ဆိုင်နေသူများသာ ယခုချိန် မျက်နှာချင်းဆိုင် ကျန်ရစ်ခဲ့ကြ၏။

လော့ကျီးထောင်ရှေ့တွင် ကျိုးဟောက်ရှန်းနှင့် ယိုးမင်ကျွမ်းကျင်သူသာလျှင် ကျန်ရှိတော့သည်။

သူက ကျိုးဟောက်ရှန်းကို အရေးမစိုက်ဘဲ မျက်မှောင်ကြုံ့ရင်း သူ့လက်ထဲမှ ယိုးမင်မီးအိမ်နှင့် ပြန်ပေါ်လာသည့် ဂူဗိမာန်ကို တစ်လှည့်စီကြည့်လိုက်သည်။ ထို့နောက် လော့ကျီးထောင်၏မျက်ဝန်းများက ယိုးမင်တစ္ဆေမီးအိမ်တင်ထားသော ကျောက်ခေါင်းတလားကြီးထံ ကျရောက်သွား၏။

မည်သည့်အရာမှမရှိသော ကျောက်ခေါင်းတလားအတွင်းသို့ကြည့်ရင်း သူ့မျက်ဝန်းများ တည်ကြည်နက်ရှိုင်းသွားသည်။

“ဧကရာဇ်မင်းက တကယ်ပဲ သေဆုံးသွားတာလား ၊ ပြီးတော့ ဟို ကျောက်တံခါးကြီးနောက်မှာ ဘာတွေရှိနေမလဲ”

ရုတ်တရက်ပြောင်းလဲသွားသည့်အခြေအနေကြောင့် ခေါင်းပင်မထောင်နိုင်အောင် ဖြစ်ရသဖြင့် ကျိုးဟောက်ရှန်းမျက်နှာအမူအရာက သုန်မှုန်နေသည်။

လော့ကျီးထောင်က သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့လက်ထဲမှ မီးအိမ်ကို အာရုံစိုက်လိုက်သည်။

တောက်ပသောသင်္ကေတများက အဆက်မပြတ်မြင့်တက်လာပြီး ယိုးမင်တစ္ဆေမီးအိမ်ထက် လျှင်မြန်စွာ ပျံ့နှံ့လာသည်။ လော့ကျီးထောင်က ယိုးမင်တစ္ဆေမီးအိမ်ကို အမြန်ဆံးသန့်စင်ပြီး ဤရတနာပစ္စည်းကို အပြည့်အဝ ထိန်းချုပ်လိုခြင်း ဖြစ်သည်။

***

ဂူဗိမာန်နက်ရှိုင်းရာနေရာမှာတော့ ရန်ကျောက်ကဲတစ်ယောက် ကျောက်သားတံခါးကြီးနောက်ကွယ်တွင် မည်သည့်အရာများ ရှိနေမည်နည်းဟု ပိုပြီး သိချင်လာသည်။

လော့ကျီးထောင် ၊ ကောစုန်းနှင့် အခြားသူများ၏ အန္တရယ်ကို ယာယီဖြေရှင်းပြီးဖြစ်သော်လည်း စိတ်ချရခြင်း မရှိသေးပေ။

လော့ကျီးထောင်နှင့် ကွမ်းမင်ဂူများလက်သို့ ယိုးမင်တစ္ဆေမီးအိမ်ကျရောက်သွားခြင်းက ရန်ကျောက်ကဲအတွက် ပျော်စရာကိစ္စမဟုတ်ပေ။ ထိုမီးအိမ်ရရှိသွားပါက သူတို့၏တန်ခိုးစွမ်းအားများ တဟုန်ထိုး မြင့်တက်လာနိုင်သည်။

ထို့နောက်မှာတော့...

ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးနောက် ပွင့်နေသည့်ကျောက်သားတံခါးအတွင်းသို့ လှမ်းဝင်လိုက်၏။

ကျောက်သားတံခါးကြီး တစ်ဖက်ခြမ်းမှာတော့ ယိုးမင်ဂူဗိမာန်အတွင်းမှာလို မှိန်ဖျော့သောအလင်းတန်းများ ရှိမနေခဲ့ပေ။

သူ့အရှေ့တွင် ဗလာကျင်းနေသော သီးခြားနယ်မြေတစ်ခုကို တွေ့ရသည်။ အရာအားလုံက မှောင်မိုက်နေပြီး အဝေးတစ်နေရာတွင် အလင်းတန်းဖျော့ဖျော့လေးတစ်ခုသာ တောက်ပနေသည်။ ထိုအလင်းတန်းက အလွန်တရာ သန့်စင်ကြောင်း ခံစားနိုင်၏။

သီးခြားနယ်မြေ၏ ချီစွမ်းအားစီးဆင်းမှုကို ဂရုတစိုက်အာရုံခံလိုက်ပြီးနောက် သူ့အမူအရာက တည်ကြည်လေးနက်သွားသည်။ ဤနေရာက စကြာဝဠာ၏မူလအစ အမှောင်ထုထဲတွင် ပထမဆုံးအလင်းရောင်မွေးဖွားလာခြင်းကို ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။

ပထမဆုံးအလင်း မွေးဖွားပြီးနောက် အချိန်က အေးခဲသွားပြီး အပြောင်းအလဲများ ထပ်မံဖြစ်ပွားခြင်း မရှိတော့ပေ။

အရာအားလုံး ငြိမ်သက်တိတ်ဆိတ်နေသော ထိုတစ်ခဏအတွင် အချိန်စီးဆင်းမှုက အဓိပ္ပါယ်မရှိသော လျှို့ဝှက်ဆန်းကျယ်မှုအဖြစ် ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက အလင်းတန်းအနီးသို့ ချဉ်းကပ်သွားသည်။ သို့သော် စကြာဝဠာအမှောင်ထုက အဆုံးမရှိပျံ့နှံ့သွားပြီး ရှေ့ဆက်လျှောက်နေသည့်တိုင် ထိုအလင်းတန်းနှင့် နီးကပ်လာခြင်းမရှိဘဲ အလှမ်းဝေးနေဆဲ ဖြစ်သည်။

ဘယ်တော့မှမရောက်နိုင်သည့်နေရာသို့ လျှောက်လှမ်းနေရသည့်အလားပင်။

အဝေးမှ အလင်းတန်းငယ်ကိုကြည့်ရင်း ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လှည့်ပတ်လိုက်ရာ သူ၏မျက်ဝန်းများက နက်ရှိုင်းဝေးကွာသွားသည်။

ပရမ်းပတာ ချီစွမ်းအားစီးကြောင်းများစွာက သူ့နံဘေးတွင် လှည့်ပတ်စီးဆင်းနေသည်။

ထို့နောက် ရန်ကျောက်ကဲ ရှေ့သို့ထပ်တိုးလိုက်၏။ ဒီတစ်ခါမှာတော့ အလင်းတန်းနှင့် သူ့အကြားမှ အကွာအဝေးကို လျှော့ချလိုက်နိုင်ပြီဟု ရန်ကျောက်ကဲ သိသိသာသာပင် ခံစားရသည်။

နောက်ဆုံးတော့ သီးခြားနယ်မြေဗဟိုချက်သို့ ရန်ကျောက်ကဲ ရောက်ရှိလာသည်။

ထိုအခါ အလင်းတန်းမှာ ဆန်စေ့တစ်စေ့အရွယ်ပမာ သေးငယ်လွန်းကြောင်း တွေ့မြင်လိုက်ရ၏။

ထိုအလင်းရောင်လေးကို လက်လှမ်းထိကိုင်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ပရမ်းပတာချီစွမ်းအားများ အလင်းရောင်အတွင်း စီးဆင်းဝင်ရောက်သွားကြောင်း အာရုံခံမိသည်။ အလင်းရောင်မှိန်ဖျော့သွားချိန်တွင် အလင်းရောင်အလယ်ဗဟိုတွင် အလွန်တရာသေးငယ်သော အလင်းမှုံလေးတစ်ခု ရှိနေပြီး ထိုအရာက ပုံမှန်မဟုတ်သော ကမ္ဘာတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

အလင်းမှုံငယ်ဖြင့် ဖုံးကွယ်ခံထားရသောအရာမှာ ပလ္လင်တစ်ခု ဖြစ်၏။ အလွန်တရာသေးငယ်သည့်တိုင် ကြီးကျယ်ခမ်းနားသော ခံစားချက်ကို ပေးစွမ်းသည်။

ယိုးမင်ဂူဗိမာန်တစ်ခုလုံးထက်ပင် ထိုပလ္လင်က ကြီးကျယ်ခမ်းနားပြီး စွမ်းအားမြင့်မားသည်ဟု ထင်မှတ်ရသည်။

“ပြဿနာက အဲဒီထဲကို ဘယ်လိုဝင်ရမှာလဲ”

ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကိုဂရုတစိုက်လေ့လာရင်း အဆက်မပြတ် စဉ်းစားနေသည်။

ထို့နောက် သူက လက်ချောင်းထိပ်များဖြင့် ဖုံမှုန့်ပမာသေးငယ်သော အလင်းမှုံလေးကို ထိကိုင်ကြည့်လိုက်သည်။ အလင်းမှုံလေးတစ်ခုမျှသာ ဖြစ်သော်လည်း လွတ်လပ်ကြီးမားသောကမ္ဘာကြီးတစ်ခုအား ထိတွေ့ရသည့်ပမာ ခံစားရသည်။

သို့သော် နယ်မြေပိုင်းခြားခြင်းစွမ်းအားတစ်ခုက ရန်ကျောက်ကဲကို တားဆီးထားသည်။

သို့ရာတွင် ရန်ကျောက်ကဲစိတ်ထဲ သာမန်မဟုတ်သောအရာတစ်ခုကို ခံစားလိုက်ရ၏။ ထိုအလင်းမှုံထဲတွင်တည်ရှိသော သဘောတရားအယူအဆက ယိုးမင်ဂိုဏ်း၏အမွေအနှစ်သိုင်းပညာသာ မဟုတ်ပေ။

အတွင်းထဲ၌ ရန်ကျောက်ကဲနှင့် ရင်းနှီးသလိုရှိသော စွမ်းအားတစ်ခုလည်း ရောနှောနေသည်။

ရန်ကျောက်ကဲမျက်နှာအမူအရာ ထူးဆန်းသွားပြီး...

“ဒါက ဘာလို့ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနဲ့ ဆင်တူနေတာလဲ ၊ ပြီးတော့ ကျမ်းစာရဲ့ နားလည်မှုကိုအခြေခံပြီးတွေးကြည့်ရင် ဒါက အမေလုပ်ခဲ့တဲ့လက်ရာတစ်ခုနဲ့တူနေတယ်”

ဒါကိုစဉ်းစားမိတော့ ရန်ကျောက်ကဲက ဖခင်ဖြစ်သူနှင့် ပြောခဲ့ဖူးသည့်စကားများကို သတိရသွားသည်။

သူက ချက်ချင်းပင် လေထဲသို့ လက်တစ်ဖက်ဆန့်တန်းကာ သင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။ သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် အလင်းလမ်းကြောင်းများထင်ကျန်ရစ်ပြီး ထင်ရှားသည့် အင်းသင်္ကေတတစ်ခု လျှင်မြန်စွာ ဖြစ်တည်လာသည်။

အင်းသင်္ကေတလှည့်ပတ်သွားသည်နှင့် အတွင်းမှ လေးနက်ပြီးလျှို့ဝှက်ဆန်းကြယ်သော အယူအဆသဘောတရားတစ်ခု ထွက်ပေါ်လာသည်။

အရင်က ရန်တိသင်ပေးခဲ့သည့် လျှို့ဝှက်နံပါတ်ကဲ့သို့သောအရာများအားလုံး ထိုအင်းသင်္ကေတထဲတွင် ပါဝင်လေသည်။ အချို့သောအရာများက ယခုအချိန်တွင်အသုံးမဝင်သော်လည်း အချို့ကတော့ စတင်အသုံးဝင်လာပြီ ဖြစ်၏။

အင်းသင်္ကေတက ကျုံ့ဝင်သွားပြီး အလင်းမှုံထက်ပင်သေးငယ်သွားပြီး ပလ္လင်ဆီသို့ ရောက်ရှိသွားသည်။

ထိုအခါ အလင်းမှုံငယ်က ကျယ်ပြန့်လာပြီး တဖြည်းဖြည်း အလင်းစက်ဝန်းတစ်ခု ဖြစ်တည်လာသည်။ အလင်းစက်ဝန်းမှ အသံမဲ့တံခါးတစ်ချပ် ပွင့်ဟလာသည်။

ရန်ကျောက်ကဲ အံ့အားသင့်စွာဖြင့်ပင် တက်တစ်ချက်ခေါက်လိုက်မိ၏။

ယခင်တစ်ချိန်က ဤ ယိုးမင်ဂူဗိမာန်အတွင်းဝင်ရောက်ခဲ့သူမှာ မိခင်ဖြစ်သူ ရွှယ်ချူးချင် ဖြစ်နိုင်ပါသလား။

သူမ မည်သို့ဝင်ရောက်ခဲ့ပါသနည်း။

သူမ၏ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းကြည့်မည်ဆိုလျှင် အလွန်လျှင်မြန်စွာတိုးတက်လာလျှင်တောင်မှ အထက်ဘုံကမ္ဘာထက် အချိန်ပိုမိုမြန်ဆန်သောကမ္ဘာတစ်ခုတွင် နေထိုင်ကျင့်ကြံခြင်းမရှိပါက ဤသို့ပြုလုပ်ရန် ဖြစ်နိုင်ခြေ နည်းပါးလှသည်။

သို့မဟုတ် သူမတွင် အထူးပြုလုပ်ထားသည့် နည်းလမ်းတစ်ခု ရှိကောင်းရှိနိုင်သည်။ သို့တိုင် ယခုအချိန်ထိ ရွှယ်ချူးချင်သည် ယိုးမင်ဂိုဏ်းနှင့် ဆက်စပ်မှုရှိကြောင်း သက်သေပြနိုင်သောအရာ တစ်စုံတစ်ခုမှ မရှိခဲ့ပေ။

ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲ အလင်းစက်ဝန်းထဲသို့ လှမ်းဝင်လိုက်သည်။

အလင်းစက်ဝန်းအလယ်ဗဟိုတွင် ကြီးကျယ်ခမ်းနားသော ရောင်ဝါများထွက်ပေါ်နေသည့် ပလ္လင်တစ်ခု ရှိနေသည်။ ထို‌ရောင်ဝါများက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားသည်။

အလင်းတန်းများက ပလ္လင်ထက်တွင် တောက်ပလိုက် မှိန်သွားလိုက်ဖြစ်နေပြီး အဆက်မပြတ် ပြောင်းလဲနေ၏။ ပလ္လင်ခြေရင်းမှာတော့ များပြားလှစွာသော ရတနာပစ္စည်းများ စုပုံနေသည်။

ထိုပစ္စည်းများကိုမြင်တော့ ရန်ကျောက်ကဲ အံ့အားသင့်သွားပြီး...

“ကောင်လေးရေ... ဒီတစ်ခါတော့ ငါတို့ချမ်းသာပြီပဲ”

အဖိုးတန်ရင်းမြစ်ပစ္စည်းများနှင့် ရှားပါးရတနာမျိုးစုံက ပလ္လင်ခြေရင်းတွင် တောင်တစ်လုံးပမာစုပုံနေသည်ကို ရန်ကျောက်ကဲ ငေးကြည့်နေမိသည်။ ယိုးမင်ဂိုဏ်းသည် ကြီးမားသောအခြေခံအုတ်မြစ်ကိုပိုင်ဆိုင်ထားပြီး တစ်ခေတ်တစ်ခါက အလွန်တရာထွန်းကားခဲ့သည်မှာ ငြင်းမရသည့်ကိစ္စပင်။

အရေးကြီးဆုံးဖြစ်သော ယိုးမင်တစ္ဆေမီးအိမ် ဤနေရာတွင် မရှိသော်လည်း ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ နှင့်အတူ မြှုပ်နှံထားသော ရတနာပစ္စည်းများက လူအများကို ရင်သပ်ရှုမောစေရန် လုံလောက်နေပြီ ဖြစ်၏။

သို့တိုင် ရန်ကျောက်ကဲက ပလ္လင်ထက်မှအရာကိုသာ ပို၍ စိတ်ဝင်စားနေသည်။

ပြီးတော့...

ဤနေရာတွင် လူတစ်ယောက် ရှိနေလေသည်။

All Chapters