ကိုလူချောကိုသဘောကျတဲ့မိန်းမငယ်
Vol. 51 Ch. 714
အခန်း (၇၁၄) ကိုလူချောကိုသဘောကျတဲ့မိန်းမငယ်
ပလ္လင်ထက်မှ အလင်းတန်းများက တောက်ပလိုက် ပြန်လည်မှိန်ဖျော့သွားလိုက် ဖြစ်သည်။
ထို့ပြင် သိပ်သည်းနေသည့်အလင်းမြူခိုးများက လူတစ်ယောက်၏ အမြင်အာရုံကို တားဆီးထားသဖြင့် ရန်ကျောက်ကဲမျက်လုံးများသည်ပင် ထိုနေရာသို့ ထိုးဖောက်ကြည့်မြင်နိုင်ခြင်း မရှိပေ။
သို့သော် ပလ္လင်အောက်ခြေရှိ ရတနာအပုံထဲတွင် တစ်စုံတစ်ယောက်ရှိနေကြောင်း ထင်ရှားစွာ အာရုံခံမိသည့်အခါ ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် တုန်လှုပ်သွားသည်။
ဤသည်က ရန်ကျောက်ကဲခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။
ယိုးမင်ဂူဗိမာန်အပြင်ဘက်ရှိ ရုပ်သေးရုပ်များဝင်ရောက်လာပြီးသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ယခု ဤနေရာတွင်ရှိနေသူက ထိုစဉ်အချိန်ကတည်းက ဘယ်မှမသွားဘဲ ကျန်ရစ်နေခဲ့သည်လား။
ရန်ကျောက်ကဲ လမ်းကြောင်းတစ်လျှောက် စူးစိုက်ကြည့်လိုက်စဉ် တောင်ငယ်တစ်လုံးပမာမြင့်မားသော ရတနာပစ္စည်းပုံကြီး ရုတ်တရက် တုန်ခါသွားသည်ကို တွေ့လိုက်ရသည်။
အောက်ဘက်တစ်နေရာမှ အလွန်တရာတောက်ပသော အလင်းတန်းတစ်ခုကရတနာပစ္စည်းပုံကြီးကို ထိုးခွင်းဖြတ်သန်းထွက်ပေါ်လာသည်။ အပြာရောင်ပုလင်းလေးတစ်လုံးက ရတနာပစ္စည်းများအားလုံးကိုထိုးခွင်းကာ လေထဲသို့ပျံတက်လာခြင်း ဖြစ်၏။
မရေမတွက်နိုင်သောဝိညာဉ်သင်္ကေတများက ပုလင်းမျက်နှာပြင်ထက် ပျံ့နှံ့ထွက်ပေါ်လာပြီး တဖြည်းဖြည်း ပျံ့ကျဲပျောက်ကွယ်သွားသည်။
ထို ဝိညာဉ်သင်္ကေတများကိုအကဲခတ်ရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။
“ဒီ ဝိညာဉ်သင်္ကေတတွေက စည်းတံဆိပ်တစ်ခု ဖြစ်ရမယ် ၊ အခုကြည့်ရတာ ဒီစည်းတံဆိပ်က အလိုလို ကျိုးပျက်သွားတာပဲ ၊ ဒါဆို ပုလင်းထဲမှာ ဘာရှိနိုင်မလဲ”
ရတနာပစ္စည်းများကို စောင့်ရှောက်နေသူက အိပ်ပျော်နေပြီး ၊ ရတနာပစ္စည်းလာရောက်ယူငင်သူများကိုရိုက်နှက်ရန် အခုမှ နိုးထလာခြင်းလား။
ပုလင်းထက်မှ စည်းတံဆိပ်အပြည့်အဝ ပျောက်ကွယ်မသွားခင် ရန်ကျောက်ကဲသည်လည်း တွေးမိတွေးရာများ တွေးနေမိသည်။
ပုလင်းက မြေပြင်ထက်သို့ အသာအယာကျသွားပြီးနောက် အတွင်းမှ ရောင်စဉ်ခုနစ်သွယ် အလင်းတန်းများ ထွက်ပေါ်လာသည်။ အလင်းတန်းများကြားတွင် လူရိပ်တစ်ခု ပေါ်လာ၏။
ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူ့အရှေ့မှလူကို စူးစိုက်အကဲခတ်လိုက်သည်။
“ဒါက မဟုတ်ဘူးပဲ...”
အမှန်တော့ ရန်ကျောက်ကဲအနေဖြင့် ရွှယ်ချူးချင်ကို မှတ်မိခြင်း မရှိတော့ပေ။ သို့သော် လွန်ခဲ့သည့် (၂)နှစ်ခန့်က ဖခင်ဖြစ်သူ ရန်တိထံမှ တွေ့မြင်ခဲ့ရသော အလင်းပုံရိပ်မှတစ်ဆင့် ရွှယ်ချူးချင်အသွင်အပြင်ကို သိရှိခဲ့သည်။
ယခု ပုလင်းထဲမှထွက်လာသူက မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူ၏မိခင် ရွှယ်ချူးချင်တော့ မဟုတ်ပေ။
ထို့ပြင် သူမက အသက်ငယ်ရွယ်သော မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်နေ၏။
သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အိပ်ရေးမဝသည့်အလား မျက်လုံးများက ငိုက်မည်းနေဟန်ရှိသည်။
သူ့အရှေ့တွင်မတ်တတ်ရပ်နေသော ရန်ကျောက်ကဲကိုမြင်တော့ ကောင်မလေးက အနည်းငယ် စိတ်ကြည့်လင်သွားပုံရပြီး မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း မျက်လုံးဝိုင်းကြီးများဖြင့် အကဲခတ်လိုက်သည်။
သူမကို အတန်ကြာစောင့်ကြည့်ပြီးနောက် ရန်ကျောက်ကဲက လက်တစ်ဖက်ဆန့်ထုတ်ရင်း သူမ၏မျက်ခုံးနှစ်ခုကြားသို့ အသာပုတ်လိုက်သည်။
မိန်းကလေးငယ်က ရန်ကျောက်ကဲကို အံ့အားသင့်စွာကြည့်ရင်း သတိလက်လွတ်ဖြစ်နေသည့်တိုင် ချက်ချင်းပင် နောက်သို့ဆုတ်သွားသည်။ သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ရုပ်ခန္ဓာလှုပ်ရှားမှုက စိတ်ထက်ပင် ပိုမိုလျှင်မြန်စွာ တုံ့ပြန်နိုင်သည်။
သူမ လှုပ်ရှားလိုက်သည်နှင့် သူမအသုံးပြုသည့် သိုင်းပညာကို ထုတ်ဖော်လိုက်ရသည်။
ရန်ကျောက်ကဲက သူမ၏ သိုင်းပညာအခြေခံအုတ်မြစ်ကိုသိရှိရန်အတွက် တမင်သက်သက် စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
တစ်ချက်လှုပ်ရှားရုံဖြင့် ရန်ကျောက်ကဲက မိန်းကလေးငယ်၏ လှုပ်ရှားမှုမှတစ်ဆင့် သူမ၏သိုင်းပညာကို ခန့်မှန်းမိသွားသည်။
သူမ၏ သိုင်းပညာက မျောလွင့်ဝိညာဉ်ကမ္ဘာတွင် မိခင်ဖြစ်သူ၏ အစေခံဖြစ်ခဲ့ဖူးသော ကျောက်စိမ်းကြိုးကြာ ‘စူးယွင်’ အလွန်နီးစပ်သည်။ ထို့ပြင် ရန်တိပြောပြဖူးသော ရွယ်ချူးချင်၏ သိုင်းပညာအခြေခံနှင့်လည်း အတော်လေး ဆင်တူ၏။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူ့လက်ချောင်းများကို ပြန်လည်ရုတ်သိမ်းကာ ထပ်မံလှုပ်ရှားခြင်း မပြုတော့ပေ။
ကောင်မလေးက ရန်ကျောက်ကဲကို ပွင့်လင်းစူးစိုက်စွာ လှမ်းကြည့်သည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“မကြောက်နဲ့နော်...”
ရန်ကျာက်ကဲလေသံက နွေးထွေးပြီး အကြောင်းအရာများကို ရှင်းပြရန်ပြင်ဆင်ရင်း သူမကို အနည်းငယ်နှစ်သိမ့်လိုက်သည်။
ရန်ကျောက်ကဲကိုကြည့်ရင်း ကလေးမလေးက ရုတ်တရက် ရေရွတ်လိုက်သည်။
“သခင်လေးက အတော်ချောတာပဲ”
“ဟမ်...”
ရန်ကျောက်ကဲက သူမစကားကို မည်သို့တုံ့ပြန်ရမှန်းမသိ ဖြစ်သွားသည်။ ထိုသို့သောမှတ်ချက်စကားအတွက် ပြန်လည်တုံ့ပြန်ရန် သူ ပြင်ဆင်မထားမိပေ။
မိန်းကလေးငယ်က ငိုက်မျည်းရာမှ အပြည့်အဝနိုးထလာပြီး တက်တက်ကြွကြွ ရှိနေပြီ ဖြစ်သည်။
သို့သော် သူမက ယောကျ်ားလေးများကို စွဲလန်းသူတစ်ယောက်ပမာ ၊ လက်နှစ်ဖက်ကို ရင်ဘတ်ထက်ယှက်ရင်း အလွန်တရာ ချစ်ခင်သောအမူအရာဖြင့် ရန်ကျောက်ကဲကို မျက်တောင်မခတ်တမ်း မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေသည်။
“ရုပ်ကလည်းချော ၊ ဖြောင့်ကလည်းဖြောင့် ၊ အရပ်ကလည်းမြင့်သေးတယ်... ၊ နွေဦးလေပြေလို လန်းဆန်းသန့်ခန့်နေတာပဲ ၊ မျက်ဝန်းတွေကလည်း နတ်ဘုရားတစ်ပါးလိုပဲ စူးရှတောက်ပနေတယ် ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လွှမ်းမိုးနိုင်စွမ်းကလည်း မြင့်မားတယ် ၊ ဘယ်နေရာမှာမှ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံလွန်းတယ်”
ရန်ကျောက်ကဲမှာ ငိုရမလား ရယ်ရမလားမသိ ဖြစ်သွားသည်။
ခဏနေမှ...
“မင်းဆီက အခုလိုချီးကျူးစကားကြားရတာ အရမ်းပျော်ပါတယ် ၊ ဒါပေမဲ့ မင်းက အဲဒီအကြောင်းပဲ စိတ်ဝင်စားတာလား”
ကလေးမလေးက ခေါင်းတွင်တွင်ညိတ်ရင်း...
“သခင်မလေးပုံစံဘယ်လိုလဲဆိုတာ ဒီအစေခံ သိပါတယ် ၊ ပြီးတော့ သခင်ကြီးရဲ့ အလင်းပုံရိပ်ကိုလည်း မြင်ဖူးတယ် ၊ ဒါပေမဲ့ သခင်လေးကျတော့ ငယ်ငယ်တုန်းကပုံလေးပဲ မြင်ခဲ့ဖူးတာ ၊ သခင်လေးက သခင်မလေးနဲ့ သခင်ကြီးရဲ့ ချောပေ့ လှပေ့ဆိုတဲ့အသွင်အပြင်တွေပေါင်းစပ်ပြီး ကြီးပြင်းအရွယ်ရောက်လာခဲ့တာပဲ ၊ ဒီလိုပဲဖြစ်လာဖို့ ကျွန်မလည်း မျှော်လင့်နေခဲ့တာပါ”
ထို့နောက်သူမက ခေါင်းကိုမော့လျှက် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ရင်း...
“သခင်မလေးရေ... သခင်လေးက အရမ်းချောတာပဲ ၊ ရှောင်အိုက် အရမ်းပျော်တာပဲ”
ရန်ကျောက်ကဲမှာမှင်တက်သွားပြီး ဒီမိန်းကလေး၏အတွေးများကိုတော့ လိုက်မမီတော့ဟု ခံစားရသည်။
“ဒါက... မင်းကိုယ်မင်း ရှောင်အိုက်လို့ ပြောလိုက်တာလား”
ရန်ကျောက်ကဲမှာ သူ့အတွေးနှင့်အသူ ပျော်ရွှင်စွာအော်ဟစ်နေသော ကောင်မလေးကိုကြည့်ရင်း ဖြတ်မေးလိုက်သည်။
“စောစောကတိုက်ခိုက်မိတာ ငါ့မှာတခြားရည်ရွယ်ချက် မရှိပါဘူး ၊ မင်းရဲ့သိုင်းပညာကို စမ်းသပ်ကြည့်ချင်လို့ပါ ၊ အခုတော့ အကုန်လုံး ရှင်းသွားပါပြီ”
သူက ဆက်ပြောသည်။
“ငါက ‘ရန်’ မျိုးနွယ်ပါ ၊ နာမည်က ရန်ကျောက်ကဲ ၊ ငါ့အဖေက ရန်တိ ၊ ငါ့အမေက ရွှယ်ချူးချင်”
“မင်းရဲ့သိုင်းပညာက ငါ့အမေရဲ့သိုင်းပညာနဲ့တူနေတယ် ၊ အတုလုပ်ဖို့ခက်ခဲတဲ့ အသေးစိတ်နေရာတွေမှာပါ အတိအကျ တူနေတယ် ၊ မင်း သူ့ဆီမှာ ပညာသင်ခဲ့တာလား”
ရှောင်အိုက်က ခေါင်းတွင်တွင်ညိတ်ရင်း...
“ဟုတ်တယ် သခင်လေး ၊ သခင်မလေးကို အလုပ်အကျွေးပြုရင်း ဒီအစေခံက သခင်မလေးဆီက ပညာသင်ယူခဲ့ပါတယ်”
ရန်ကျောက်ကဲက...
“ဒါဖြင့် မင်းက ငါဘယ်သူဆိုတာကို ဘယ်လိုလုပ်သေသေချာချာ သိနေရတာလဲ ၊ ငါ့ရုပ်သွင်ကြောင့်လား ၊ ဒါပေမဲ့ လောကမှာ သွေးမတော်သားမစပ် ရုပ်ချင်းတူတဲ့သူတွေ တစ်ပုံကြီးပဲလေ”
ရှောင်အိုက်က...
“ဒီအစေခံရဲ့ဒဏ်ရာကိုကုသနိုင်ဖို့အတွက် သခင်မလေးက ဒီ သီးခြားနယ်မြေထဲမှာ ထားရစ်ခဲ့တာပါ ၊ ပင်လယ်လိပ်အသက်ရှူပညာရဲ့ ငိုက်မျည်းတဲ့နည်းလမ်းကိုအသုံးပြုပြီး ဒဏ်ရာပြန်လည်သက်သာစေခဲ့ပါတယ် ၊ တကယ်လို့ ဒီသီးခြားနယ်မြေထဲကို တစယောက်ယောက်က အထူးနည်းလမ်းအသုံးပြုပြိး ဝင်ရောက်လာတဲ့အခါ ဒီ အစေခံလည်း အပြည့်အဝ ပြန်လည်သက်သာနေပြီဆိုရင် ငိုက်မြည်းရာကနိုးထလာပြီး ပုလင်းအပြင်ဘက်က အစီအရင်လည်း အလိုအလျောက် ပျောက်ကွယ်သွားမှာပါ”
“ဒါပေမဲ့ တစ်ယောက်ယောက်က သီးခြားနယ်မြေကို အတင်းအကျပ် ဖောက်ဝင်လာတာဆိုရင်တော့ ဒီအစေခံနိုးထလာမှာ မဟုတ်ပါဘူး ၊ ဒါကြောင့် ဒီအစေခံ နိုးထလာတာနဲ့ သခင်မလေး ပြန်လာတာမဟုတ်ရင် သခင်ကြီးနဲ့ သခင်လေးရောက်လာတာပဲဖြစ်ရမယ်ဆိုတာ သိနေပါတယ်”
သူမက ရန်ကျောက်ကဲကိုကြည့်ကာ ပြုံးလိုက်ရင်း...
“ဒီအစေခံက သခင်ကြီးရဲ့မှတ်တမ်းပုံကို အရင်က မြင်ခဲ့ဖူးပါတယ် ၊ အဲဒီတုန်းက သခင်လေးကတော့ အရမ်းငယ်သေးတယ်”
ရှောင်အိုက်သည် ရန်ကျောက်ကဲကို အကြည့်တစ်ချက်ဖြင့် ဂရုတစိုက်အကဲဖြတ်ရင်း မျက်နှာကိုလက်ဖြင့်အုပ်လျှက် အလွန်တရာ စိတ်လှုပ်ရှားနေဟန် ရှိသည်။
“ပထမတန်းစားပဲ... မဟုတ်ဘူး ပထမတန်းစားထက်တောင် မြင့်မားတယ် ၊ သခင်လေးက သေချာပေါက် ပထမတန်းစားထက်တောင်မြင့်မားတယ်”
ရန်ကျောက်ကဲမှာလည်း ဤ အရူးမလေးကိုကြည့်ကာ ရယ်မောမိရင်း ပြောစရာစကားပင် ခဏတာပျောက်ရှသွားရသည်။
ခဏနေမှ...
“ဒါဖြင့်... ငါ့အမေ... သူ ထွက်သွားပြန်ပြီပေါ့ ၊ သူ ဘယ်ကိုထွက်သွားတာလဲ ၊ အခုဘယ်မှာရှိနေလဲ သိလား”
ရှောင်အိုက်က ခေါင်းခါယမ်းရင်း...
“ဒီအစေခံ မသိပါဘူး”
သူမက တည်ကြည်ဖြောင့်မတ်သောလေသံဖြင့်...
“ဒီကမ္ဘာမှာ သခင်မလေးက လူတွေကိုရှာဖွေဖို့ လွယ်ကူပါတယ် ၊ ဒါပေမဲ့ လူတွေက သခင်မလေးကိုရှာတွေ့ဖို့ကတော့ ခက်ခဲလွန်းပါတယ်”
ရန်ကျောက်ကဲကပြုံးရင်း...
“ဒီစကားလုံးတွေက... ကြားဖူးတယ်လို့ ငါခံစားနေရတယ်”
ရှောင်အိုက်က စိတ်ဓာတ်ကျသွားဟန် ငိုမဲ့မဲ့ဖြစ်သွားပြီး...
“ဒီအစေခံသာ ဒဏ်ရာမရခဲ့ရင် သခင်မလေးလည်း အခက်တွေ့မှာမဟုတ်ဘူး ၊ သခင်မလေးကို တခြားသူတွေလိုက်ဖမ်းနိုင်မှာ မဟုတ်ဘူး ၊ ယိုးမင်ဧကရာဇ်ဂူဗိမာန်အကူအညီကြောင့်သာ အဲဒီလူတွေကို မျက်ခြေဖြတ်နိုင်ခဲ့တာ”
ရန်ကျောက်ကဲမျက်ဝန်းများတည်ကြည်သွားပြီး...
“မင်းတို့နောက်ကို ဘယ်သူတွေလိုက်လာတာလဲ”
ရှောင်အိုက်က အတော်လေး စိတ်ရှုတ်ထွေးသွားဟန်ဖြင့်...
“အဲဒါလည်း ဒီအစေခံမသိပါဘူး ၊ သခင်မလေးပြောတာတော့ ဒီအစေခံ သိတာနည်းလေ အန္တရယ်ကင်းလေပဲတဲ့”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး သူ့အရှေ့မှ ပလ္လင်ကိုကြည့်ပြီးနောက် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။
“ငါ့အမေက မင်းကို ယိုးမင်ဂူဗိမာန်ထဲခေါ်လာတော့... အထဲဝင်လို့ရအောင် ဘယ်သူမှ မကူညီခဲ့ဘူး မဟုတ်လား”
ရှောင်အိုက်က...
“ကျွန်မတို့နှစ်ယောက်တည်းပါပဲ ၊ သခင်မလေးပြောတာတော့... နောက်ကလိုက်လာတဲ့သူတွေက ယိုးမင်ဂူဗိမာန်ရဲ့ အရံအတားကြောင့် ရုပ်သေးရုပ်တွေ ဖြစ်သွားလိမ့်မယ်တဲ့”
ရန်ကျောက်ကဲက အတော်လေး စိတ်ဝင်စားသွားပြီး...
“ငါ မှတ်မိသလောက် အမေက ယိုးမင်ဂမ္ဘီရဂိုဏ်းနဲ့ အဆက်အစပ်မရှိပါဘူး”
ရှောင်အိုက်က...
“ဒီအစေခံလည်း သိပ်တော့မသိပါဘူး ၊ ဒါပေမဲ့ သခင်မလေး အမှတ်မထင် တစ်ခါပြောဖူးတာ ရှိတယ်”
သူမက ဆက်ပြောသည်။
“အဲဒါက သခင်မလေးရဲ့ ဆရာဘိုးဘိုးက ယိုးမင်ဧကရာဇ်နဲ့ အရမ်းခင်တဲ့သူငယ်ချင်းတွေတဲ့”
ထို့နောက် သူမက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရန်ကျောက်ကဲ၏ အင်္ကျီစကိုဆွဲလိုက်ပြီး ပလ္လင်ထက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
“သခင်လေး သခင်လေး... သခင်မလေးပြောဖူးတာ... အဲဒီနေရာမှာ တကယ့်အဖိုးတန်တဲ့အရာတစ်ခု ရှိတယ်တဲ့”