← Chapters

ကောင်းကင်ဘုံအဆင့် မိစ္ဆာ

Vol. 7 Ch. 91

ကောင်းကင်ဘုံအဆင့် မိစ္ဆာ

Vol. 7 Ch. 91

“အစ်ကိုလု… စိတ်မပူနဲ့ … အခု အဆင်ပြေသွားပြီ”

ဟန်မူယဲ့က လုကော၏လက်ကို တွဲကာ တီးတိုးပြောသည်။

“အခု ဘေးကင်းသွားပြီလား”

လုကောက ပါးစပ်ကို ဟသည်။ သူ့မျက်နှာတွင် သွေးများ ယိုစီးကျနေဆဲ ဖြစ်သည်။

“ဟုတ်တယ်… အခု ကာကွယ်ပြီးသား ဖြစ်သွားပြီ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

လုကော၏ခန္ဓာကိုယ် ပျော့ခွေသွားကာ သတိလစ်သွားခဲ့သည်။

ဟန်မူယဲ့က သူ့အား သယ်ကာ ကျောက်တုံးလှေကားထစ်အောက်တွင် ရပ်နေသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လူများကို ကြည့်သည်။

“သူက ဓားစံအိမ်ကို ကာကွယ်ရင်း ဒဏ်ရာရခဲ့တာ။ ဂိုဏ်းက သူ့ကို ဂရုတစိုက် ကုသပေးဖို့ မျှော်လင့်ပါတယ်”

ထို့သို့ပြောလျှင် အစိမ်းရောင်ဝတ်အကြီးအကဲတစ်ဦးသည် ရှေ့ကို တက်လာကာ ခေါင်းညိတ်လျှက် လက်ဝှေ့ယမ်းသည်။

“သူ့ကို ဆေးကုသဆောင်သို့ ပို့လိုက်”

အတွင်းစည်းဂိုဏ်းသားနှစ်ဦးသည် ရှေ့ကို တက်လာကာ လုကောအား သယ်လျှက် ဆေးကုသဆောင်သို့ ပို့ဆောင်ကြသည်။

ဟန်မူယဲ့၏မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။ အကယ်၍ သူသည်သာ ဓားစံအိမ်ပထမထပ်၌ ရှိခဲ့ပါက လုကော၏မျက်လုံး ထိခိုက်ခဲ့မည် မဟုတ်ပေ။

“ကျုပ်တို့မျိုးဆက်က ကျင့်ကြံသူတွေက သေခြင်းရှင်ခြင်းကို အရင်ကတည်းက မြင်တွေ့ဖူးပြီးသားဖြစ်တယ်။ သိပ်ဝမ်းနည်းစရာတော့ မလိုဘူး”

“ဂိုဏ်းဟာ ကဒ်ဘေးကြီးနဲ့ ကြုံတွေ့တဲ့အချိန် ဂိုဏ်းသားတွေဟာလည်း အတတ်နိုင်ဆုံး တိုက်ခိုက်ကြရမယ်”

အစိမ်းရောင်ဝတ်အကြီးအကဲက ဟန်မူယဲ့အား ကြည့်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးသည်။

အတွင်းစည်းဂိုဏ်းသားတချို့သည် ချင်ယွမ်ဟယ်နှင့် နောက်တစ်ယောက်အား စစ်ဆေးကာ အချင်းချင်း တီးတိုးပြောကြသည်။

အဖိုးအို၏မျက်လုံး အရောင်လက်သွားသည်။ သူက အသက်မသေသေးသော ချင်ယွမ်ဟယ်နှင့် သေဆုံးသွားပြီ ဖြစ်သော အနက်ရောင်ဝတ်လူတို့အား သယ်ဆောင်သွားရန် အချက်ပြသည်။

“တူလေးဟန်… သူတို့က ကျင့်ရှန်းဓားဂိုဏ်းက ကမ္ဘာမြေအဆင့်ပညာရှင်တွေပဲ”

အစိမ်းရောင်ဝတ်အဖိုးအိုက ပြောသည်။

“သူတို့ကို မင်း တိုက်ခိုက်ခဲ့တာလား”

ကမ္ဘာမြေအဆင့်ပညာရှင်များ…

တစ်ယောက် သေသွားကာ နောက်တစ်ယောက်မှာ ဒဏ်ရာရသွားသည်။

သူတို့၏ဒဏ်ရာများမှာ သပ်ရပ်ကာ တိကျပြတ်သား၏။

ကမ္ဘာမြေအဆင့်ဖြစ်သည့်တိုင် အဖိုးအိုသည် ထိုသို့ စွမ်းဆောင်နိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က ဘာမှ မပြောပေ။ သူက ကြေးနီရောင်ဓားငယ်လေးအား ထုတ်ကာ သူ၏ခေါင်းဆံထုံး၌ ထိုးစိုက်လိုက်သည်။

အစိမ်းရောင်ဝတ်အဖိုးအို အံ့ဩမှင်တက်သွားသည်။ ထို့နောက် သူက ရွှေဝါရောင်သန်းနေသော ဓားစံအိမ်အား လှမ်းကြည့်သည်။

ဓားစံအိမ်၏တရားဝင်တပည့်တစ်ဦးအနေဖြင့် သူသည် ဓားစံအိမ်၏ကာကွယ်ရေးအစီအရင်ကို အသုံးပြုနိုင်၏။

ဓားစံအိမ်၏ပေတစ်ထောင်ပတ်လည်တွင် သူသည် အမြုတေဖွဲ့စည်းခြင်းပညာရှင်ကိုပင် ယှဉ်နိုင်သည်။

အကြီးအကဲကောင်းသည် သူ မထွက်သွားခင် အားလုံးကို စီစဉ်သွားဟန်ရသည်။

“ကျုပ်နာမည် ပေါင်ရှုပါ။ အံ့ဖွယ်ကိုးပါးတောင်ကုန်းရဲ့ ကာကွယ်ရေးအတွက် ဦးစီးတဲ့ စီမံခန့်ခွဲရေးမှူးတစ်ယောက်ပဲ”

“နောက်ပိုင်း တစ်ခုခုလိုအပ်ရင် တူလေးအနေနဲ့ ကာကွယ်ရေးခန်းမက တပည့်တွေကို တိုက်ရိုက်အမိန့်ပေးနိုင်ပါတယ်”

အဖိုးအိုက ဟန်မူယဲ့အား လက်နှစ်ဖက်ဆုပ်ကာ မြေပြင်ပေါ်တွင် ကျနေသော အရိုးဓားအား ကောက်ယူသည်။

သူက ထိုဓားကို လေ့လာကာ မျက်မှောင်ကြုတ်သည်။

“ဒီဓားသွန်းလုပ်စနစ်က ထူးခြားတယ်။ ဓားမှာ ဘာမှ ထူးခြားစွမ်းအင်တွေမှ ရှိမနေဘူး။ ဒါက မာကြောတာပဲရှိတယ်”

ထိုသို့ပြောကာ သူက ဓားကို ဟန်မူယဲ့အား ကမ်းပေးသည်။

“တူလေးဟန်… ဒီဓားကို ဓားစံအိမ်ကပဲ သိမ်းထားလိုက်ပါ။ အခြေအနေတွေ တည်ငြိမ်သွားရင် ရန်သူကို ခုခံတဲ့အတွက် မင်းကို ဆုကြေးတွေ ပေးပါ့မယ်”

ဟန်မူယဲ့သည် ကျင့်ရှန်းဓားဂိုဏ်းမှ ကမ္ဘာမြေအဆင့်ပညာရှင်နှစ်ဦးအား အနိုင်ယူခဲ့သည်။ ထို့ကြောင့် သူ၏အကျိုးဆောင်မှုအတွက် ဆုကြေးပေးရန် လိုသည်။

ဤသည်ကား ဂိုဏ်း၏စည်းမျဉ်းဖြစ်သည်။

ဟန်မူယဲ့က အရိုးဓားကို ယူလိုက်ကာ ခေါင်းညိတ်သည်။

“အကြီးအကဲ… အစ်ကိုလုရဲ့ဒဏ်ရာကို သေချာလေး ကုပေးပါ”

ပေါင်ရှု ခေါင်ညိတ်သည်။ သူက ဟန်မူယဲ့နောက်မှ ဓားစံအိမ်ကို ကြည့်ကာ သူ့တပည့်များနှင့် ထွက်သွားသည်။

ကောင်းကင်တွင် ရွှေရောင်ကာကွယ်ရေးအစီအရင်မှာလည်း ပျက်ပြယ်သွားခဲ့သည်။

အံ့ဖွယ်ကိုးပါးတောင်ထိပ်မှ ဓားအလင်းမှာကား ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

လက်ထဲမှ အရိုးဓားကို ဟန်မူယဲ့ ကြည့်သည်။

ဓားပေါ်တွင် အစိမ်းနှင့် မီးခိုးရောင်အစင်းကြောင်းများ ရှိနေသည်။

၎င်းသည်ကား မှော်အင်းကွက်များ မဟုတ်ပေ။ မိစ္ဆာများသာ စီရင်သော အင်းကွက်များနှင့် သဏ္ဍာန်တူသည်။

ဤသည်ကား မိစ္ဆာသားရိုင်းများ၏အရိုးဖြင့် စီရင်ထားသော ဓားဖြစ်သည်။

ဓားစံအိမ်တွင် သတ္တုဖြင့် သွန်းလုပ်ထားခြင်း မရှိသော ဤသို့သော အမျိုးအစားဓားများ ရှိကြသည်။ တချို့ဓားများသည် ဝါးများဖြင့် ပြုလုပ်ထားကြ၏။

ဤသို့သော အရိုးဓားများလည်း ရှိတတ်သေးသည်။

ပေါက်ရှုပြောသလို သည်ဓားမှာ ထူးခြားသည့်စွမ်းရည်မရှိပေ။

သို့သော်လည်း သည်ဓားသည် ဟန်မူယဲ့၏ဓားပျံနှင့် ဓားဆန္ဒကို တားဆီးခဲ့သည်။

ဓားမှာ သာမန်မဟုတ်ချေ။

သူက ဓားလက်ကိုင်ကို တင်းတင်းဆုပ်လိုက်သည်။

ဓားချီအငွေ့အသက်များ သူ့ခန္ဓာကိုယ်ထဲကို ဝင်လာသည်။

ဓားချီမှာ သိပ်သည်းခြင်းမရှိချေ။ ၎င်းသည်ကား ဝိညာဉ်အဆင့်လက်နက်တစ်ခုတွင် ရှိသင့်သော ဓားချီ မဟုတ်ချေ။

သူ့စိတ်ထဲတွင် ပုံရိပ်များ ပေါ်လာသည်။

အဖြူရောင်ဝတ်အဖိုးအိုတစ်ဦးသည် အရိုးဖြူတစ်ချောင်းအား တစ်စုံတစ်ခု ရေရွက်ကာ အဆက်မပြတ် သွေးနေသည်။

နောက်ဆုံး ဓားဖြစ်လာသည်။ လူတစ်ယောက်က ထိုဓားကို ဂူကြီးတစ်လုံးထဲသို့ ထည့်သွင်းထား၏။

ချင်ယွမ်ဟယ်သည် ထိုဓားကို ရသောအခါ သေသေချာချာ ထုပ်ပိုးကာ အသုံးပြုခြင်း မရှိခဲ့ပေ။

ဓားပြုလုပ်ခြင်းနှင့် ချင်ယွမ်ဟယ်၏လက်ထဲသို့ ရောက်သည်အထိ မည်သည့်ထူခြားဖြစ်စဉ်ကိုမှ မတွေ့ရပေ။

ဓားမှာ အမှန်တကယ် မည်သည့် ထူးခြားချက်မှ မရှိပေဘူးလား။

ဓားကို ကိုင်ထားရင်း ဟန်မူယဲ့ ဓားစံအိမ်ထဲသို့ ဝင်လာသည်။

သူသည် ဓားကို ဓားစင်ပေါ်သို့ တင်လိုက်ရင်း သူ၏ဓားချီကို ဓားထဲသို့ ပို့လွှတ်လိုက်သည်။

ဓားချီတစ်စ…

ဓားချီဆယ်စ…

ဓားချီအစ ၁၀၀

ဓားချီအစ ၁,၀၀၀

ဓားချီအစ ၁၀,၀၀၀

ဟန်မူယဲ့ အံ့အားသင့်သွားသည်။

ဓားချီအစ ၁၀,၀၀၀ ခန့်သည် ဓားထဲကို ဝင်သွားသော်လည်း မည်သည့်အပြောင်းအလဲမှ မရှိချေ။

ဓားကား သာမန်မဟုတ်သည်မှာ သေချာ၏။

ဓား၏နာမည်မှာ မြေခွေးအရိုးဖြစ်သည်။

၎င်းသည် မြေခွေးမိစ္ဆာ၏အရိုးမှ ပြုလုပ်ထားခြင်းပေလော။

‘မြေခွေးတစ်ကောင်’

တတိယထပ်မှ မိစ္ဆာဓားသည် မြေခွေးဖြူတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။

ဟန်မူယဲ့ အတွေးများ ရှုပ်ထွေးလာသည်။

လော့ထျန်း၏ဓားသည် မြေခွေးဖြူတစ်ကောင်ကို သတ်ဖြတ်ခဲ့၏။

သူ၏မျက်လုံးက လက်ထဲမှ အရိုးဓားထံသို့ ရောက်လာ၏။

မည်သည့်ဂိုဏ်းက ဓားစံအိမ်အကြီးအကဲကို တိုက်ခိုက်ရန် ဖိအားပေးခဲ့သနည်း။

ကောင်းမိသားစု အဘယ်ကြောင့် တိုက်ခိုက်ခံခဲ့ရသနည်း။

အသေခံစစ်သားများသည် အဘယ်ကြောင့် မိမိကိုယ်ကို အသေခံကာ စွမ်းအင်နယ်မြေထဲကို ဝင်ကြသနည်း။

ချင်ယွမ်ဟယ်နှင့်သူ့အဖော်သည် အဘယ်ကြောင့် ဓားစံအိမ်သို့ ရောက်လာသနည်း။

ချင်ယွမ်ဟယ် ဓားကို ရရှိသည်နှင့် အဘယ်ကြောင့် သန့်စင်ခြင်း မပြုခဲ့သနည်း။

ဟန်မူယဲ့က ဓားထဲသို့ ဝင်သွားသော ဓားချီများအား ပြန်ရုတ်သိမ်းရန် ကြိုးစားသော်လည်း ၎င်းမှ ဗလာဟင်းလင်းခံစားမှုကိုသာ ရသည်။

ဓားချီမှာ ပျောက်ကွယ်သွားခဲ့သည်။

ဟန်မူယဲ့ ဓားကို ကိုင်ထားရင်း ကျောတစ်လျှောက် ချမ်းစိမ့်လာသည်။

သည်အရာများအားလုံးမှာ လှည့်ကွက်ကြီးတစ်ခု ဖြစ်သည်။

ကျင့်ရှန်းဓားဂိုဏ်းသည် သူတို့၏အကြီးအကဲချုပ်၊ ကမ္ဘာမြေအဆင့်ပညာရှင်များနှင့် မရေမတွက်နိုင်သော ဂိုဏ်းသားများ၏အသက်ကို စတေးကာ ဤထောင်ချောက်ကို စီစဉ်ခဲ့သည်။

ချင်သုံးပါးဓားဂိုဏ်းသည်လည်း ထောင်ချောက်ဖြစ်သည်။

ချင်ယွမ်ဟယ်သည် နောက်ကွယ်မှ ကြိုးကိုင်သူတစ်ဦးဖြစ်သည်။

ပစ်မှတ်ကား ဓားစံအိမ် ဖြစ်သည်။

ဓားစံအိမ်အောက်တွင် ဖိနှိပ်ထားသော မိစ္ဆာ…

ကျင့်ရှန်းဓားဂိုဏ်းသည် ထိုမိစ္ဆာကို စေလွှတ်ကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား ဖျက်ဆီးပစ်လိုသည်။

“သခင်လေး… ဘာ‌တွေ တွေးနေတာလဲ”

ညင်သာသောအသံတစ်ခု ဟန်မူယဲ့နောက်မှ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က နောက်လှည့်ကာ သစ်သားစင်ကို ကျောမှီလျှက် ရပ်နေသော အဖြူရောင်ဝတ်အမျိုးသမီးကျင့်ကြံသူအား ကြည့်သည်။

ဟန်မူယဲ့ သူမအား သိသည်။

ဓားစံအိမ်သို့ ရောက်သည့် ပထမဆုံးညက သူတို့သည် တူနှစ်ကိုယ်ကျင့်ကြံလုနီးပါး ဖြစ်ခဲ့သည်။

သူမ၏အနက်ရောင်ဆံကေသာများမှာ ရေတံခွန်အလား ရှည်လျားကာ သူမ၏မျက်လုံးများမှာ ဆွဲဆောင်အားပြင်းသည်။

“သခင်လေး… ဘာလို့ ကျွန်မကို ဒီလို ကြည့်နေတာလဲ။ ဓားစံအိမ်မှာ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ပဲရှိတယ်။ ရှင်က ရှင်က…”

အမျိုးသမီးကျင့်ကြံသူက ပြုံးလိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

သူမ ပြန်ပေါ်လာသောအခါ ဟန်မူယဲ့နောက်သို့ ရောက်နေပြီ ဖြစ်သည်။ သူမသည် သူ၏နားအနီးသို့ ကပ်၍ ညင်သာစွာ လေဖြင့် မှုတ်လိုက်သည်။ {p.s.သေသေချာချာ ရေးထားတယ်နော် လေနဲ့ … }

သူမ၏အာငွေ့မှာ နွေးထွေးသည်။

သို့သော်လည်း ဟန်မူယဲ့မှာ အေးစက်မှုကိုသာ ခံစားရ၏။

သူသည် အမျိုးသမီး ကျင့်ကြံသူ, သူ့နောက်သို့ မည်သို့ ရောက်လာသည်ကို မသိလိုက်ပေ။

သူ့တွင် ဓားဆန္ဒရှိလျှင်ပင် မည်သို့ တိုက်ခိုက်ရမည်နည်း။

ကောင်းကင်အဆင့်သားရဲမိစ္ဆာ။

သူမကား ဓားစံအိမ်အောက်တွင် ဖိနှိပ်ထားသော မိစ္ဆာကြီးဖြစ်သည်။

ထိုသို့သောသူကို ဟန်မူယဲ့ ရင်ဆိုင်နိုင်စွမ်း မရှိပါ။

ဟန်မူယဲ့ ဓားစံအိမ်အပြင်သို့ ပြေးထွက်လိုသည်။

သို့သော် သူ လှုပ်ရှားမည်ပြုသော် သူ့ခန္ဓာကိုယ်က အမိန့်မနာခံတော့ချေ။

သူ တောင့်တင်းနေသည်။

၎င်းသည် နှလုံးသားကို ဖိနှိပ်ထိန်းချုပ်ထားခြင်း ဖြစ်သည်။

၎င်းသည် ကောင်းကင်ဘုံအဆင့်၏စွမ်းအားလား။

ဖြူသွယ်သော လက်ကလေးသည် ဟန်မူယဲ့၏ပုခုံးထက်ကို ရောက်လာသည်။

“သခင်လေး… ရှင် ကျွန်မကို အရင် ရန်စတာနော်။ အခုမှ ထွက်သွားချင်လို့လား”

အမျိုးသမီးက လက်မြှောက်ကာ ဟန်မူယဲ့ကိုင်ဆောင်ထားသော အရိုးဓားထံသို့ လှမ်းလိုက်သည်။

“ရှင့်ကြောင့်သာ မဟုတ်ရင် အရင်တုန်းက ကျွန်မဆီက ဖြတ်သွားတဲ့ အမြီးရိုးကို ဘယ်လိုလုပ် ပြန်ရမှာလဲ”

အမျိုးသမီးသည် ဟန်မူယဲ့ရှေ့၌ ပြန်ပေါ်လာသည်။ သူ၏လက်မှ အရိုးဖြူဓားသည် ပျော့ပြောင်းသွားကာ အဖြူရောင်မြေခွေးအမြီးအဖြစ် ပြောင်းလဲသွား၏။

မြေခွေးအမြီးကို ကိုင်ကာ ထိုအမျိုးသမီး၏မျက်နှာတွင် စိတ်ခံစားချက်မျိုးစုံဖြစ်ပေါ်လာပြီး မုန်တီးသော ရူးသွပ်သော အမူအရာများဖြစ်ပေါ်လာသည်။

“ဟဟ… မိန်းမလှဆိုတာ တိုင်းပြည်အတွက် ကံဆိုးမိုးမှောင်ကျခြင်းပဲ မဟုတ်လား”

“ကျွန်မက ကျွန်မရဲ့အမြီးနဲ့ သွေးကြောတွေကို ဖြတ်တောက်ပေးခဲ့ပေမဲ့ ရှင်ကတော့ အံ့ဖွယ်ကိုးပါးဓားနဲ့ ကျွန်မကို ထာဝရ ဖိနှိပ်ထားခဲ့တာပဲလေ”

“ကောင်းပြီ… ဒါဆိုလည်း ကျွန်မ မိစ္ဆာပဲ ဖြစ်လိုက်တော့မယ်”

“ရှင်က ဒီလောကကြီးကို ငြိမ်းချမ်းမှု ပေးချင်ရင် ကျွန်မက ဒါကို ခွင့်ပြုမယ်ထင်လား”

အမျိုးသမီး၏လက်ထဲတွင် မြေခွေးအမြီးသည် အရိုးဖြူဓားအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ ၎င်းသည် သလင်းကျောက်အလား သုံးလက်မခန့်ရှည်သော ဓားငယ်တစ်လက် ဖြစ်သွား၏။

သူမ၏မျက်လုံးတွင် အရောင်တစ်ချက် လက်သွားသည်။ သူမက ရှေ့ကို တိုးလာလျှင် ဟန်မူယဲ့၏မျက်နှာနှင့် တစ်လက်မခန့်သာ ဝေးတော့သည်။

“သခင်လေး… ကျွန်မ လှရဲ့လား”

All Chapters