← Chapters

ကောင်းကင်ဘုံအဆင့် မိစ္ဆာအား ဓားအဖြစ် စုစည်းခြင်း

Vol. 7 Ch. 92

ကောင်းကင်ဘုံအဆင့် မိစ္ဆာအား ဓားအဖြစ် စုစည်းခြင်း

Vol. 7 Ch. 92

‘ငါ မသေချင်သေးဘူး’

၎င်းကား ထူးဆန်းသည်။ ဟန်မူယဲ့က တွေးရင်း လှပသော မျက်နှာလေးအား ကြည့်၏။

သူ၏ခန္ဓာကိုယ်မှာ တောင့်တင်းနေခဲ့ကာ လှုပ်ရှား၍ မရပေ။ သူ၏စိတ်နယ်ပယ်မှာလည်း ပွင့်ထွက်သွားတော့မည့်ဟန်ရှိသည်။

ထူးဆန်းသော စွမ်းအားတစ်ခုသည် သူ့အား အမျိုးသမီး၏မျက်လုံးကို စူးစိုက်ကြည့်နေစေသည်။

တခြားတစ်ဖက်တွင် သူ၏စိတ်သည် အလျင်အမြန် တုန့်ပြန်ကာ သူ၏ချီပင်လယ်မှ ဓားချီများနှင့် ဓားဆန္ဒများကို နိုးထသက်ဝင်စေကာ ပြန်လည်တိုက်ခိုက်ရန် အားယူနေသည်။

ဟန်မူယဲ့ မည်သည့်စကားမှ မဆိုပေ။ အမျိုးသမီး၏အပြုံးက ပို၍ အူမြူးလာဟန်ရသည်။

“ရှင်က အံ့ဖွယ်ကိုးပါးဓားရဲ့ရွေးချယ်မှုကို ခံရတာ မထူးဆန်းတော့ဘူး။ ရှင်က တကယ်ပဲ စွမ်းတာပဲ။ အနည်းဆုံး ဓားစံအိမ်မှာ ဒီလို စိတ်ထားခိုင်မာတဲ့သူ သိပ်မရှိဘူး”

အမျိုးသမီးက လက်မြှောက်ကာ ဟန်မူယဲ့၏ပုခုံးပေါ်ကို တင်လိုက်သည်။ သူမက သူ၏ပါးပြင်ကို ပွတ်သပ်ကာ ခေါင်းပေါ်မှ ကြေးနီဓားငယ်ထံသို့ လှမ်းလိုက်သည်။

ဟူး..

ဓားသည် တုန်ခါသွားကာ အမျိုးသမီး၏လက်ထဲမှ ရှောင်ပြေးသွားသည်။

ပထမဆုံးအကြိမ် အမျိုးသမီး အံ့အားသင့်သွားသည်။

သို့သော်လည်း သူမက ရယ်မောလိုက်၏။

“ကောင်းပြီ ကောင်းပြီ မင်းက ငါ့ထိန်းချုပ်မှုကို မခံချင်ဘူးပေါ့။ ဒါပေမဲ့ ငါ သူ့ကို ထိန်းချုပ်လို့ ရတယ်လေ”

သူမက ပြောပြီးသည်နှင့် သူမ၏လက်ထဲမှ သလင်းကျောက်အလား တောက်ပနေသော ဓားကို မြှောက်ကာ ဟန်မူယဲ့၏နဖူးတည့်တည့်သို့ စိုက်ချလိုက်သည်။

ဓားအလင်းသည် အလင်းကွန်ချာသို့အဖြစ် ပြောင်းလဲသွားကာ ဟန်မူယဲ့အား ဖုံးအုပ်သွားပြီး အမျိုးသမီး၏ခန္ဓာကိုယ်မှာလည်း ကွယ်ပျောက်သွားသည်။

အရှုံးပေးခြင်း…

ဒူးထောက်ခစားလိုသော စိတ်ဆန္ဒတစ်ခုသည် ဟန်မူယဲ့၏စိတ်နှလုံးအား ထိုးဆွလာခဲ့သည်။

အမျိုးသမီးကား အလွန်လှပချောမောသည်။ သူက သူမအား ဘဝဖြင့်ရင်း၍ ကာကွယ်သင့်၏။

ထိုအတွေးသည် သူ၏စိတ်ထဲ ကိန်းအောင်းလာခဲ့ကာ စိတ်နှလုံးမှ ဆာလောင်တောင့်တမှုတစ်ခုကို အဆက်မပြတ် ခံစားရသည်။

“ဝိုး… ရှင်က ဓားအရိုးကိုလည်း လေ့ကျင့်တာပဲ။ ကျွန်မရဲ့ မိစ္ဆာအရိုးဟာလည်း ဓားအရိုးရဲ့ ဓားစုစည်းစနစ်နဲ့ ဆက်နွယ်နေတယ်။ ရှင်က ကံကောင်းတာပဲ”

အမျိုးသမီး၏စကားသည် ဟန်မူယဲ့၏စိတ်ထဲ ဖြစ်ပေါ်လာ၏။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ အရိုးများ ဆွဲနှုတ်ခံရသော ခံစားချက်များ ရလာသည်။ သူ၏စိတ် လှုပ်ယမ်းသွားကာ ဒူးထောက်လိုသော ဆန္ဒ ဖြစ်လာသည်။

ထိုသို့ ဖြစ်လာခြင်းမှာလည်း သူ၏စိတ်ကို ထိန်းချုပ်မှုကြောင့် တုန့်ပြန်မှု ဖြစ်သည်။

သို့သော်လည်း သူ၏တခြားစိတ်တစ်ခုသည် စောင့်ကြည့်ကာ စောင့်ဆိုင်းနေသည်။

အစိမ်းနှင့် အဖြူအငွေ့အသက်များသည် သူ၏ခန္ဓာကိုယ်ထဲကို တိုးဝင်လာကြရာ သူ၏မူလက ကျောက်စိမ်းရောင်အရိုးများမှာ ပိုမိုသော သဘာဝစွမ်းအင်အလင်းများဖြင့် တောက်ပစေသည်။

သဘာဝအလင်းများ တောက်ပသွားလျှင် သူ၏ ကျောရိုးတစ်ခုမှာ ကျောက်စိမ်းဖြူအရောင်သို့ ပြောင်းလဲသွား၏။

အမျိုးသမီး၏ပုံရိပ်သည် သူ၏စိတ်နယ်ပယ်ထဲတွင် ပေါ်လာသည်။

“အရှုံးပေးပြီးတော့ အံ့ဖွယ်ကိုးပါးဓားကို ကျွန်မခန္ဓာကိုယ်ထဲက နှုတ်ပေး”

သူ့စိတ်ထဲတွင် အမျိုးသမီး၏အသံသည် အဆုံးမရှိသော ဆွဲဆောင်ယုယမှုများအား ပေးသည်။

ဟန်မူယဲ့၏စိတ်နှလုံးက အလိုအလျောက် လိုက်လျောလိုသော ဆန္ဒများ ဖြစ်ပေါ်လာသည်။

အခုပဲ…

သူ၏စောင့်ကြည့်နေသော ဝိညာဉ် သက်ဆင်းလာခဲ့သည်။

တောင့်တင်းနေသော ဟန်မူယဲ့သည် ဆတ်ခနဲ တုန်သွားကာ သူ၏ချီပင်လယ်မှ ဓားချီနှင့် ဓားဆန္ဒများ ပေါက်ကွဲထွက်လာခဲ့သည်။

ဟူး…

ထိုအခိုက်တွင် သူ့ပတ်ပတ်လည်၌ ဓားချီများသည် အလင်းအရံအတားအဖြစ် ပြောင်းလဲသွား၏။

ဓားဆန္ဒကို အရံအတားဖြစ် ပြောင်းလဲကာ သူသည် ချီဓာတ်များအားလုံးကို တားဆီးလိုက်သည်။

သူ၏စိတ်နယ်ပယ်ထဲတွင် အမျိုးသမီး၏မျက်လုံးက ပြူးကျယ်သွားသည်။

“ရှင်က ကျွန်မရဲ့ပင်မခန္ဓာကိုယ်နဲ့ ကျွန်မကို အဆက်ဖြတ်လိုက်တာလား”

“ရှင့်ရဲ့ကျင့်ကြံဆင့်နဲ့ ကျွန်မကို ဘယ်နှစ်စက္ကန့်လောက် ထိန်းထားနိုင်မှာလဲ”

အမျိုးသမီးက အူမြူးစွာ ပြောသည်။ သူမက လက်မြှောက်ကာ သူမရှေ့မှ လေထုကို ညွှန်လိုက်သည်။

“ရှင့်ရဲ့ အားနည်းတဲ့ဝိညာဉ်နဲ့ သေကြောင်းကြံနေတာလား”

မူလက ဟန်မူယဲ့၏ချီပင်လယ်တွင် ဓားဆန္ဒ ရှစ်ခု ရှိသည်။

ထို့အတူ ဓားချီအစပေါင်း ၁၀,၀၀၀ ခန့်လည်း ရှိသည်။

ခုနက သူသည် ကျင့်ရှန်းဓားဂိုဏ်းမှ ကမ္ဘာမြေအဆင့် ၂ဦးကို သတ်ဖြတ်ရန် သူသည် ဓားဆန္ဒ ၃ခု ကုန်ဆုံးခဲ့သည်။

ယခု သူ၏လက်ကျန် ဓားဆန္ဒ ငါးခုနှင့် ဓားချီပေါင်းများစွာတို့သည် တပြိုင်နက်တည်း ပေါက်ကွဲထွက်လာကြသည်။

သူ၏စိတ်ဝိညာဉ်သည် ထိုမျှ အင်အားကို မထိန်းချုပ်နိုင်ပေ။

ဓားစုစည်းစနစ်ကို ကျင့်ကြံသော ဓားထိန်းသည် ထိုဓားကို အသက်ရှုကြိမ်တစ်ရာမျှသာ ထိန်းချုပ်နိုင်သကဲ့သို့ ဟန်မူယဲ့သည်လည်း သူ၏ဓားချီနှင့် ဓားဆန္ဒများ၏စွမ်းအားကို စက္ကန့်အနည်းငယ်မျှသာ ထိန်းချုပ်နိုင်သည်။

ဆယ်စက္ကန့်မျှကြာသောအခါ သူသည် ပြိုလဲသွားပေလိမ့်မည်။ သူ မသေဆုံးလျှင်ပင် သူ၏ဝိညာဉ်မှာ ပြိုကွဲသွားနိုင်၏။

“ကောင်းပြီ… ရှင့်စိတ်ဝိညာဉ် ပျက်ပြယ်သွားရင် ရှင့်ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးတော့ ကျွန်မ ပြန်မွေးဖွားရှင်သန်တဲ့အထိ သန့်စင်မယ်”

“အဲဒီအချိန် ကျွန်မရဲ့ပင်မခန္ဓာကိုယ် ပျက်ပြယ်သွားပြီးတော့ ပြန်မွေးဖွားလာတဲ့ စိတ်ဆန္ဒက အံ့ဖွယ်ကိုးပါးဓားကို ထိန်းချုပ်ပြီးတော့ ပြိုင်စံရှားဓားသမားဖြစ်လာမယ်။ စိတ်ဝင်စားစရာပဲ”

အမျိုးသမီးက ပြုံးလျှက် ပြောသည်။

ဟန်မူယဲ့ သူမအား လျစ်လျူရှုထားသည်။

သူ့တွင် အချိန်မရှိပေ။

ယခုပင် ၂စက္ကန့်မျှ ကုန်လွန်သွားပြီ ဖြစ်သည်။

“ဝိညာဉ်ကို ဓားအဖြစ် စုစည်းခြင်း…”

“ဓားကို ဝိညာဉ်ဖြင့် ထိန်းချုပ်ခြင်း…”

ဟန်မူယဲ့၏စိတ်ထဲတွင် အသံတီးတိုး ထွက်ပေါ်လာသည်။

အမျိုးသမီး၏အမူအရာ ပြောင်းလဲသွား၏။

“ရှင်… ရှင်က ရှင့်ဝိညာဉ်ကို ဓားအဖြစ် စုစည်းချင်တာလား။ ရှင်က ဓားစုစည်းစနစ်ကို လေ့ကျင့်မလို့လား”

“ရှင့်ရဲ့အားနည်းတဲ့ဝိညာဉ်နဲ့ ဓားတစ်လက်စုစည်းနိုင်ပါ့မလား”

“ဓားမဖြစ်လာခင် ရှင့်ဝိညာဉ် ပြိုလဲသွားမှာ စိုးရတယ်”

ပထမဆုံးအကြိမ် ဟန်မူယဲ့က အမျိုးသမီးအား ပြန်ပြောသည်။

“ဓားအဖြစ် စုစည်းမှာက ကျုပ်ဝိညာဉ်မဟုတ်ဘူး… ခင်ဗျားရဲ့ဝိညာဉ်ပါ စီနီယာ…”

သူ ပြောပြီးသည်နှင့် မရေမတွက်နိုင်သော ဓားအလင်းများသည် ဟန်မူယဲ့၏စိတ်နယ်ပယ်၌ ဖြတ်သန်းသွားကြသည်။

အမျိုးသမီးက နောက်ဆုတ်လိုသော်လည်း သူမသည် ဓားအလင်းများ၏ဝန်းရံမှုမှ မလွတ်မြောက်ပါ။ ထို့နောက် သူမသည် အပိုင်းပိုင်းအစစ ဖြစ်သွားသည်။

ဤသည်ကား ဟန်မူယဲ့၏ခန္ဓာကိုယ်တွင်း၌ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ သူ၏စိတ်နယ်ပယ်တွင် သူ၏စိတ်ဝိညာဉ် နေထိုင်သည်။ ထိုနေရာတွင် သူသည် ပိုင်ရှင် ဖြစ်သည်။

အမျိုးသမီးမှာ ကောင်းကင်ဘုံအဆင့် မိစ္ဆာကြီး ဖြစ်သည်မှာ မှန်ကန်၏။

သို့သော်လည်း ၎င်းသည် သူမ၏ဝိညာဉ်အပိုင်းအစမျှသာ ဖြစ်သည်။

သူမ၏ပင်မခန္ဓာကိုယ်သည် အံ့ဖွယ်ကိုးပါးဓား၏ဖိနှိပ်မှုကို ခံထားရ၏။

အကယ်၍ ဟန်မူယဲ့သာ အရိုးဖြူဓားကို ဓားစံအိမ်ထဲသို့ မသယ်လာခဲ့ပါက အမျိုးသမီး၏ဝိညာဉ်အပိုင်းအစမှာ အသက်ဝင်လာမည် မဟုတ်ပေ။

ယခုတွင် ဟန်မူယဲ့သည် သူ၏ဓားဆန္ဓကို ထုတ်ဖော်ကာ အရံအတား ဖန်တီးခဲ့သည်။ ဆယ်စက္ကန့်အတွင်း သူသည် ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့၏။

၎င်းသည် အမျိုးသမီး၏ဝိညာဉ်နှင့် ပင်မခန္ဓာကိုယ်ကိုလည်း ပြတ်တောက်စေသည်။

သူ၏စိတ်နယ်ပယ်တွင် ဓားအလင်းတစ်ခု ဖြစ်ပေါ်နေသည်။

ဝိညာဉ်အပိုင်းအစများအားလုံးမှာ ဓားငယ်တစ်လက်အဖြစ် အသွင်ပြောင်းလဲသွားသည်။

ဓားသည် သုံးလက်မရှည်ကာ ရောင်စဉ်များ တောက်ပနေသည်။ ၎င်းသည် ညင်သာစွာ လည်ပတ်နေ၏။

“ဝိညာဉ်လိပ်ပြာဓား”

ဟန်မူယဲ့ တီးတိုးရေရွက်သည်။

သူသည် ဝိညာဉ်ကို ဓားအဖြစ် ဖွဲ့စည်းခဲ့သည်။

သူ၏စိတ်နယ်ပယ်ထဲမှ ဓားငယ်သည် ဝိညာဉ်လိပ်ပြာဓားဖြစ်သည်။

ဟန်မူယဲ့သည် ပုံမှန်အားဖြင့် ထိုသို့သော ဓားကို ဖွဲ့စည်းရန် နှစ် ၆၀ ကြာမြင့်၏။

သို့သော်လည်း ကောင်းကင်ဘုံအဆင့် ဝိညာဉ်သည် သူ၏စိတ်နယ်ပယ်ထဲကို ရောက်လာခဲ့ကာ ဓားဝိညာဉ်အဖြစ် ဖွဲ့စည်းရန် အခွင့်အလမ်း ပေါ်လာခဲ့၏။

ဓားစုစည်းစနစ်သည် ကောင်းကင်ဘုံအဆင့်ဝိညာဉ်အား ဓားအဖြစ် ဖွဲ့စည်းခဲ့ကာ ၎င်းဓားဝိညာဉ်သည် ပုံမှန် ဝိညာဉ်များမှ စုစည်းထားသော ဓားများထက် ပိုမိုအားကောင်းဟန်ရှိနေသည်။

သည်ဓားဖြင့် သူသည် အသက်ရှုကြိမ်တစ်ရာအချိန်မျှ ကောင်းကင်ဘုံအဆင့်ပညာရှင်ဖြင့် တိုက်ခိုက်နိုင်၏။

ဟူး…

ဟန်မူယဲ့ပတ်ပတ်လည်မှ ဓားကွန်ချာ ပျက်ပြယ်သွားသည်။

သူ၏ခန္ဓာကိုယ်ကလည်း တုန်ခါသွားကာ ပျံ့ကျဲသွားသော ဓားချီများကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်စုစည်းလိုက်သည်။

ဓားချီများအားလုံး သူ့ချီပင်လယ်သို့ ရောက်လာသောအခါ သူ့တွင် ဓားဆန္ဒ၂ခုနှင့် ဓားချီအစ ၃,၀၀၀ ခန့်သာ ကျန်တော့သည်။

သူ၏ချီပင်လယ်တွင် အကြီးအကဲတောက်ရင်၏ဓားမှ ရသော မီးတောက်ဓားဆန္ဒနှင့် လေပြေလေညင်းအလား ဓားဆန္ဒတစ်ခုတို့သာ ကျန်ရစ်တော့သည်။

သူ၏ဓားဆန္ဒအများစုမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

၎င်းကား ထိုက်တန်ပေသည်။

ဟန်မူယဲ့ ပြုံးလိုက်၏။

လတ်တလောတွင် သူ၏ခန္ဓာကိုယ်မှာ တုန်ယင်ကာ သူ့ဝိညာဉ်မှာလည်း ပင်ပန်းနွမ်းနယ်နေ၏။

ဟန်မူယဲ့၏မျက်လုံးများ တောက်ပနေသည်။ သူ၏စိတ်နယ်ပယ်မှ ဝိညာဉ်လိပ်ပြာဓားသည် သူ၏ဝိညာဉ်စွမ်းအားကိုလည်း များစွာ အားကောင်းစေသည်။

“ဘယ်လောက် ရက်စက်လိုက်တဲ့ ကောင်လေးလဲ”

ပထမထပ်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။

ဟန်မူယဲ့ နှာခေါင်းရှုံ့လိုက်ကာ သူ၏စိတ်နယ်ပယ်မှ ဓားဝိညာဉ် တုန်ခါသွား၏။

ဟူး…

ဓားစံအိမ်မှ မရေမတွက်နိုင်သော ဓားများ တုန့််ပြန်ကြသည်။

မိစ္ဆာ၏အသံမှာလည်း ပျောက်ကွယ်သွားတော့သည်။

ယခုကား ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးဓားဖြင့် ဖိနှိပ်ထားသော မိစ္ဆာအား မကြောက်ရွံ့တော့ပါ။

“အစ်ကိုဟန်…”

ဓားစံအိမ်အပြင်ဘက်မှ ဟွမ်လောင်လျှို၏စိုးရိမ်ပူပန်သံ ထွက်ပေါ်လာသည်။

ဟန်မူယဲ့ အသံလာရာသို့ လှမ်းသွားလိုက်သည်။ ဟွမ်လောင်လျှိုသည် အပြေးလှမ်းလာကာ ဟန်မူယဲ့၏လက်ကို ဖမ်းဆွဲလိုက်သည်။ ဟန်မူယဲ့၏ပြာနှမ်းကာ အားနည်းသော သွင်ပြင်ကို အသေအချာကြည့်ကာ ဘေးကင်းကြောင်း သေချာတော့မှ သူက သက်ပြင်းချလိုက်သည်။

“ငါ ဂိတ်တံခါးကို ရောက်တော့ ဓားစံအိမ် တိုက်ခိုက်ခံရတာကို ကြားခဲ့တယ်။ လူတစ်ယောက် ဒဏ်ရာရသွားတယ်လို့လည်း ကြားခဲ့တယ်”

ဟန်မူယဲ့ ခေါင်းညိတ်ကာ ပြောသည်။

“အစ်ကိုလုရဲ့ မျက်လုံး ထိခိုက်သွားတယ်”

ဟွမ်လောင်လျှို၏လက် တုန်ယင်သွားသည်။

“ဓားစံအိမ်က သူ့ကို ထောက်ပံ့ရမယ်”

ဟွမ်လောင်လျှိုက လေးနက်စွာ ပြောသည်။

လုကောက မျက်လုံးမမြင်ရတော့သောကြောင့် ဂိုဏ်းတွင် လုပ်စရာမရှိတော့လျှင်ပင် ဓားစံအိမ်က သူ့အား ထောက်ပံ့ပေလိမ့်မည်။

ဟန်မူယဲ့လည်း ခေါင်းညိတ်သည်။ သူက မေးလိုက်သည်။

“ကောင်းမိသားစု အခြေအနေ ဘယ်လိုရှိလဲ”

ကောင်းမိသားစုသည် ဂိုဏ်းအတွက် အတော်လေး အရေးပါသည်။

ဟန်မူယဲ့၏စကားကိုကြားလျှင် ဟွမ်လောင်လျှို၏မျက်နှာက သိပ်မကောင်းပေ။

“ကောင်းမိသားစုခေါင်းဆောင်ဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးတော့ လက်တစ်ဖက် ပြတ်သွားတယ်။ အခုတော့ သတိလစ်နေပြီးတော့ ဘယ်တော့မှ ပြန်သတိလည်လာမယ် မသိရဘူး”

“အကြီးအကဲစုလျန့်က သူနောက်ထပ် ဓားမသွန်းလုပ်နိုင်တော့ဘူးလို့ ပြောတယ်”

လက်တစ်ဖက်တည်းဖြင့် သူသည် ဓားသွန်းလုပ်ရန် ခက်ခဲပေမည်။

“ပြီးတော့ ကောင်းမိသားစုတိုက်ရိုက်မျိုးဆက်တွေဟာလည်း ကျင့်ရှန်းဓားဂိုဏ်းသို့ ဖမ်းခေါ်ခံရတယ်”

“ဒါက ပြဿနာပဲ”

ဟန်မူယဲ့၏အမူအရာက သုန်မှုန်နေသည်။

ကောင်းမိသားစု၏တိုက်ရိုက်မျိုးဆက်များမှာ ကျင့်ရှန်းဓားဂိုဏ်းလက်ထဲတွင် ရှိသည်။ ၎င်းသည် သတင်းကောင်း မဟုတ်ပေ။

“ဟူး… ငါတို့ဓားဂိုဏ်းဟာ ဂိုဏ်းကြီးလေးခုမှာ တတိယအဆင့်ရှိတဲ့ဂိုဏ်းပဲ။ ဘာလို့ ဒီလောက် ဝိုင်းဖိအားပေးနေကြတာလဲ”

ဟွမ်လောင်လျှို၏ခံစားချက်များ ရှုပ်ထွေးနေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်တစ်ဦးအနေဖြင့် သူသည် အင်အားကြီးဂိုဏ်းမှ ဂိုဏ်းသားတစ်ဦးဖြစ်ခြင်းအပေါ် ဂုဏ်ယူသည်။

ယခုကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ကျားအရေခွံမှာ ပွင့်ဟလာခဲ့ကာ ဒဏ်ရာဒဏ်ချက်များစွာကို မြင်နေရသည်။

၎င်းသည်က ဟွမ်လောင်လျှိုအား လက်ခံရန် ခက်ခဲစေသည်။

ဟန်မူယဲ့က အသံတိုးတိုးဖြင့် ရုတ်တရက် ပြောသည်။

“အစ်ကို… ကျုပ် အပြင်ကို သွားဦးမယ်”

All Chapters