နောက်ဆုံးစစ်ပွဲ၏ အကြို
Vol. 206 Ch. 2931
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေသည်။ ရီဖူရှင်း၏ လောကအသေးစားထဲတွင် ကျင့်ကြံသူနေသူများသည် စက္ကန့်တိုင်းကို အသုံးပြု၍ သူတို့၏ ကျင့်ကြံခြင်းကို တိုးမြှင့်ကာ နောက်တစ်ဆင့်သို့ တက်နိုင်ရန် ကြိုးစားနေကြသည်။ သို့သော် သူတို့ထဲမှ အချို့သည် လုပ်နိုင်သည့် အရည်အချင်းရှိသော်လည်း မဟာအင်ပါယာအဆင့်သို့ မတက်လှမ်းသေးရန် ရွေးချယ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မဟာအင်ပါယာအဆင့်အောက်မှ ကျင့်ကြံသူများကဲ့သို့ တိုက်ပွဲပြင်တွင် ကူညီပေးလို၍ဖြစ်သည်။
အပြင်လောကတွင် လူသားဘုံနှင့် သူတို့၏မဟာမိတ်များ စစ်ပွဲအတွက် ပြင်ဆင်ပြီးသွားချိန်၌ ရီဖူရှင်း၏ လောကအသေးစားထဲတွင် ဆယ်စုနှစ်အနည်းငယ် ကုန်ဆုံးသွားပြီဖြစ်သည်။
ဤနေ့တွင် ရီဖူရှင်းနှင့် ကျင့်ကြံသူအနည်းငယ်သည် ကောင်းကင်နန်းတော်ထဲတွင် စုဝေးနေကြသည်။
ဝူထျန်းဗုဒ္ဓအရှင်က ရီဖူရှင်းကို ပြောလိုက်၏။
“အနောက်ဘက်ကောင်းကင်ကို မှော်နက်လောကနဲ့ ဗလာနတ္တိဘုံတို့ရဲ့ စစ်တပ်တွေက ကျူးကျော်ခဲ့တယ်။ ကိုယ်တော် အဲဒီကို ကိုယ်တော်ရဲ့တပ်နဲ့ အမြန်ပြန်သွားရမယ်”
ဗုဒ္ဓဂိုဏ်းများသည် လောကအသေးစားထဲတွင် ကျင့်ကြံရန် အချိန်ပို၍ခဲ့သည်။ ထို့ကြောင့် ရဟန်းတပ်ဖွဲ့သည် ပို၍ အင်အားကြီးလာခဲ့ပေသည်။ ယခုတွင် သူတို့သည် အနောက်ဘက်ကောင်းကင်သို့ ပြန်၍ စစ်ပွဲတွင် ဝင်ပါရမည့်အချိန်ကျပေပြီ။
“ဟုတ်ကဲ့ပါ ဗုဒ္ဓအရှင်... ရဟန်းတပ်ဖွဲ့ကို ဦးဆောင်ပြီး အနောက်ဘက်ကောင်းကင်က စစ်ပွဲမှာ သွားတိုက်ခိုက်ပါ။ ပြီးတော့ လေးမျက်နှာတပ်ဖွဲ့ကို ကိုယ်တော်နဲ့အတူ လိုက်သွားဖို့ ကျုပ် တာဝန်ပေးလိုက်ပါမယ်။ သူတို့ကို ကိုယ်တော် သင့်တော်သလို အမိန့်ပေးနိုင်ပါတယ်”
ရီဖူရှင်းက ပြန်ပြောလိုက်၏။ အနောက်ဘက်ကောင်းကင်အနေဖြင့် အဓိကလောကနှစ်ခုဖြစ်သော မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့၏ ကျူးကျော်မှုကို တစ်ကိုယ်တော် ရင်ဆိုင်ရန် မလွယ်ကူပေ။
လေးမျက်နှာအဖွဲ့၏ ခေါင်းဆောင်များမှာ ရီဖူရှင်း၏ တပည့်လေးယောက်ဖြစ်ပေသည်။ သူတို့ထဲတွင် ဖန်းစွင်နှင့် ထျယ်ထိုတို့ ပါ၏။
“ဖန်းစွင်...”
ရီဖူရှင်း ခေါ်လိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ”
ယခုတွင် ဖန်းစွင်သည် ဆံပင်ရှည်များနှင့် ဖြစ်နေပြီဖြစ်ရာ ပို၍ပင် ဆွဲဆောင်မှု ရှိနေသည်။ သို့သော် သူ၏ဟန်ပန်အရှိန်အဝါမှာမူ တည်ငြိမ်နေသည်။ သူသည် ယခင်ကကဲ့သို့ အတွေ့အကြုံမရင့်ကျက်သူတစ်ဦး မဟုတ်တော့ပေ။ အပြင်လောကတွင် အချိန်များစွာ မကုန်ဆုံးသေးသော်လည်း သူနှင့် သူ့သူငယ်ချင်းများသည် လောကအသေးစားထဲတွင် နှစ်(၁၀၀)ကျော် ကျင့်ကြံခဲ့ပြီးပြီဖြစ်သည်။ သူသည် နှစ်(၁၀၀)ကျော် ကျင့်ကြံကာ သူ့ကိုယ်သူ တိုးတက်အောင် လုပ်ခဲ့ပေပြီ။
ရီဖူရှင်းက အမိန့်ပေးလိုက်သည်။
“မင်းတို့လေးယောက်က လေးမျက်နှာတပ်ဖွဲ့ကို ဦးဆောင်... ပြီးတော့ စစ်ပွဲမှာ မင်းတို့အမိန့်အောက်က တပ်သားတွေက ဗုဒ္ဓဂိုဏ်းတွေကို ကူညီရမယ်။ ဗုဒ္ဓဂိုဏ်းတွေရဲ့ အမိန့်တွေကို နာခံပါ”
“ဟုတ်ကဲ့ပါ ဆရာ”
ဖန်းစွင်သည် ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ ထို့နောက် သူသည် ဝူထျန်းဗုဒ္ဓအရှင်ကို ဦးညွှတ်ကာ ပြောလိုက်၏။
“ကျုပ် ဗုဒ္ဓအရှင်ရဲ့ အမိန့်တွေကို သေချာပေါက် နာခံပါမယ်”
“အော်မီထောဖော”
ဝူထျန်းဗုဒ္ဓအရှင်သည် လက်အုပ်ချီ၍ ကျေးဇူးတင်ဟန် ပြလိုက်လေသည်။
“မင်းတို့လေးယောက် ဗုဒ္ဓအရှင်နဲ့ လိုက်သွားပါ”
ရီဖူရှင်းက အမိန့်ပေးလိုက်၏။ ရုတ်ခြည်းပင် သူတို့လေးယောက်သည် သူတို့၏ တပ်သားများကို ဆင့်ခေါ်ရန် ထွက်သွားသည်။ ဗုဒ္ဓလောကမှ ကျင့်ကြံသူများသည်လည်း လောကအသေးစားထဲမှနေ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ အနောက်ကောင်းကင်မှ စစ်ပွဲကို ကူညီရန် တပ်ဖွဲ့နှစ်ဖွဲ့ကို စေလွှတ်လိုက်ပေပြီ။
“အဖေ... တိယွမ် ခေါင်းဆောင်တဲ့ ထုတ်ဖော်ခြင်းတပ်ဖွဲ့နဲ့ အင်ပါယာချန် ခေါင်းဆောင်တဲ့ စီဝေ့တပ်ဖွဲ့ကို ကောင်းကင်ဒေသက စစ်ပွဲမှာ ကူညီစေလိုက်ပါ”
ရီဖူရှင်းသည် အရှင်ဒွန်ဟောင်ကိုကြည့်ကာ ပြောလိုက်၏။ မကြာသေးခင်က နတ်ဆိုးလောကမှ တပ်ဖွဲ့များသည် သူတို့၏လောကနှင့် ကောင်းကင်ဒေသကို ဆက်သွယ်ထားသော အာကာသလမ်းကြောင်းအတွင်းသို့ ဝင်ခဲ့ကြသည်။ ယခုတွင် သူတို့သည် မြောက်ဘက်ကမ်းပါးဒေသတွင် တပ်စွဲထားကြသည်။
နတ်ဆိုးလောကနှင့် ကောင်းကင်ဒေသတို့သည် ထိစပ်နေ၏။ ထို့ကြောင့် နတ်ဆိုးလောကမှ တပ်ဖွဲ့များသည် ကောင်းကင်ဒေသကို သိမ်းပိုက်ရန် တာဝန်ယူရခြင်းဖြစ်သည်။
ရီဖူရှင်းသည် နတ်ဆိုးလောကမှ တပ်ဖွဲ့များနှင့် မတိုက်ခိုက်လိုပေ။
သို့သော် ကိစ္စများသည် သူမျှော်လင့်သလို မဖြစ်ခဲ့ချေ။ နတ်ဆိုးလောကမှ တပ်ဖွဲ့များသည် ဘုံခုနစ်ခု၏ စစ်ပွဲတွင် ဝင်ပါခဲ့ပြီး ကောင်းကင်ဒေသကို တိုက်ခိုက်တော့မည်ဖြစ်သည်။
“အင်း...”
အရှင်ဒွန်ဟောင်သည် သဘောတူကြောင်း ခေါင်းညိတ်ကာ ပြောခဲ့သည်။
“နတ်ဆိုးလောက,က တပ်ဖွဲ့တွေက စွမ်းအားကြီးတယ်။ အဲဒီစစ်ပွဲကတော့ ပြင်းထန်မှာပဲ။ ကြည့်ရတာတော့ သူတို့နဲ့ တိုက်ခိုက်ဖို့ကို မရှောင်နိုင်တော့ဘူး”
အရှင်ဒွန်ဟောင်သည်လည်း နတ်ဆိုးလောကနှင့် စစ်မတိုက်လိုပေ။ သူသည် နတ်ဆိုးအင်ပါယာကို များစွာလေးစားပေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် သူတို့၏ ကွဲပြားသော ရပ်တည်ချက်များကြောင့် ရန်သူများဖြစ်ရန် ကံကြမ္မာပါလာပေသည်။
အကယ်၍ အရှင်ဒွန်ဟောင်တွင်သာ ရွေးချယ်ခွင့်ရှိခဲ့လျှင် သူသည် နတ်ဆိုးအင်ပါယာနှင့် မိတ်ဆွေဖြစ်ရန် ရွေးချယ်မည်ဖြစ်သည်။ နတ်ဆိုးအင်ပါယာ ဒွန်ဟောင်အင်ပါယာနန်းတော်ကို ရောက်လာစဉ်ကကဲ့သို့ သူတို့နှစ်ယောက် စကားစမြည်ပြောရင်း အေးအေးချမ်းချမ်းဖြင့် ဝေချီကစားနိုင်ရန် သူ မျှော်လင့်ပေသည်။
နတ်ဆိုးအင်ပါယာသည် နတ်ဆိုးချောက်ကမ်ပါး၏ ကပ်ဘေးများကို သူ့ဘာသာ တောင့်ခံနေရသည့် အုပ်စိုးသူတစ်ပါးဖြစ်သည်။ သူသည် နတ်ဆိုးလောကတစ်ခွင်လုံး ပခုံးထမ်းထားရသည်။
ဤတစ်ကြိမ်တွင် လူသားဘိုးဘေးသည် နတ်ဆိုးလောကမှ လူများ၏ အကျိုးကို အသုံးချ၍ နတ်ဆိုးအင်ပါယာကို ခြိမ်းခြောက်ခဲ့သည်။ နတ်ဆိုးအင်ပါယာသည် သူ့လူများ အသက် မဆုံးရှုံးစေရေးအတွက် ကောင်းကင်ဒေသကို စစ်ကြေညာရန် ဖိအားပေးခံခဲ့ရသည်။
လူသားဘိုးဘေးသာ ထိုသို့ မခြိမ်းခြောက်ခဲ့လျှင် ရီဖူရှင်းသည် နတ်ဆိုးလောကကို သူ့ဘက်ပါလာအောင် စည်းရုံးနိုင်လောက်သည်။ ယူချင်း နတ်ဆိုးလောကကို ထိန်းချုပ်နိုင်သည့် အချိန်အထိ စစ်ပွဲကို ရွှေ့ဆိုင်းထားနိုင်လျှင်လည်း အခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်သည်။ ယွီထူသည်လည်း ထိုသို့ မျှော်လင့်ခဲ့ခြင်းပင်။ တစ်နေ့တွင် နတ်ဆိုးလောကနှင့် ကောင်းကင်ဒေသမှ အင်အားစုများကို ရီဖူရှင်းက အသုံးချနိုင်ရန်အတွက် သူ ကြံစည်လုပ်ဆောင်ခဲ့သည်။
“တိယွမ်...”
အရှင်ဒွန်ဟောင်က ခေါ်လိုက်၏။
“ထုတ်ဖော်ခြင်းတပ်ဖွဲ့ကို ဦးဆောင်ပြီး ကောင်းကင်ဒေသကို ပြန်သွားပါ”
“ဟုတ်ကဲ့ပါ ခမည်းတော်”
ဒွန်ဟောင်တိယွမ်သည် ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ သူမသည် အင်ပါယာရီချင်၏ မျိုးဆက်ဖြစ်သော်လည်း မွေးကတည်းက အရှင်ဒွန်ဟောင်၏ ပျိုးထောင်မှုကို ခံခဲ့ရသည်။ အရှင်ဒွန်ဟောင်သည် သူမကို သူ၏ သမီးအရင်းကဲ့သို့ ဆက်ဆံခဲ့သည်။ ယခုအထိ သူမ၏ မျိုးရိုးအမည်သည် ဒွန်ဟောင် ဖြစ်နေဆဲပင်။ ထို့ကြောင့် သူမသည် အရှင်ဒွန်ဟောင်ကို ခမည်းတော်ဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ သူမ၏မျက်လုံးထဲတွင် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့ နှစ်ယောက်စလုံးသည် သူမ၏အဖေများဖြစ်ကြသည်။ အရှင်ဒွန်ဟောင်သည် သူမ၏ မွေးစားအဖေဖြစ်ပြီး အင်ပါယာရီချင်သည် သူမ၏ အဖေအရင်းဖြစ်သည်။
ဒွန်ဟောင်တိယွမ်သည် နန်းတော်မှ ထွက်ခွာသွား၏။ ထို့နောက် ရီဖူရှင်းသည် ယခင်က သခင်ချန်ဟု အမည်တွင်ခဲ့သည့် အင်ပါယာချန်အား စီဝေ့တပ်ဖွဲကို ဦးဆောင်ကာ ဒွန်ဟောင်တိယွမ်နှင့် လိုက်သွားရန် အမိန့်ပေးလိုက်လေသည်။
တပ်ဖွဲ့လေးဖွဲ့က အနောက်ဘက်ကောင်းကင်နှင့် ကောင်းကင်ဒေသသို့ ထွက်သွားပြီးနောက် တပ်ဖွဲ့နှစ်ဖွဲ့သာ ကျန်ခဲ့လေသည်။ ထိုတပ်ဖွဲ့နှစ်ဖွဲ့မှာ ကောင်းကင်နန်းတော်တပ်ဖွဲ့နှင့် ကောင်းကင်အာဏာစက်တပ်ဖွဲ့တို့ဖြစ်သည်။ ကောင်းကင်နန်းတော်တပ်ဖွဲ့တွင် မူလ ကောင်းကင်ဘုံမှ အင်အားစုများ ပါဝင်ပြီး ကောင်းကင်အာဏာစက်တပ်ဖွဲ့ကိုမူ အစကတည်းက ရီဖူရှင်းနောက်သို့ လိုက်ခဲ့သည့် ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားခြင်းပင်။
ရီဖူရှင်းသည် တပ်ဖွဲ့ခြောက်ဖွဲ့ကို မတူသော စစ်မြေပြင်များသို့ သွားရန် အမိန့်ပေးခဲ့ခြင်းမှာ ဤတစ်ခေါက်တွင် သူတို့၏ ရန်သူများသည် တစ်ဖွဲ့တည်း မဟုတ်တော့၍ ဖြစ်သည်။ သူတို့သည် သူတို့၏စစ်တပ်များကို ဖြန့်ခွဲခဲ့သည်။ ယခုတွင် အာကာသလမ်းကြောင်းအားလုံး ပွင့်နေပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် လူသားဘုံနှင့် အခြားဘုံလေးခု၏ မဟာမိတ်အင်အားစုများသည် တစ်ပြိုင်တည်း တိုက်ခိုက်ဖို့ များလေသည်။
ထို့ကြောင့် ကောင်းကင်ဘုံ၊ ကောင်းကင်ဒေသနှင့် အနောက်ဘက်ကောင်းကင်တို့သည် စစ်ပွဲနှင့် တစ်ပြိုင်တည်း ရင်ဆိုင်ရပေလိမ့်မည်။ သို့ဖြစ်၍ ရီဖူရှင်းသည် ရွေးစရာမရှိတော့ဘဲ တပ်ဖွဲ့ခြောက်ဖွဲ့ကို လောကသုံးခုအကြား အညီအမျှ ဖြန့်ခွဲခဲ့ရခြင်းဖြစ်သည်။
****
ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် အာကာသလမ်းကြောင်း၏ အခြားတစ်ဘက်တွင် လူသားဘုံမှ တပ်ဖွဲ့များ စုဝေးနေသည်ကို တွေ့နေရ၏။ လူသားဘုံမှ တပ်ဖွဲ့အားလုံးသည် အစိမ်းရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့သည် သူတို့ဘက်မှလူများကို ခွဲခြားနိုင်ရန် ထိုနည်းကိုသုံးခဲ့ခြင်းပင်။ စစ်ပွဲစတင်လာသည်နှင့် လောကကြီးသည် ပရမ်းပတာဖြစ်သွားမည်ဖြစ်သည်။ အကယ်၍ သူတို့သာ သူတို့၏ဝတ်စုံများကို သီးသီးသန့်သန့် မသတ်မှတ်ထားလျှင် ကိုယ့်လူကိုယ် ခွဲနိုင်မည် မဟုတ်ပေ။
ကောင်းကင်အင်ပါယာမြို့တော်ထဲတွင် ကောင်းကင်နန်းတော်တပ်ဖွဲ့နှင့် ကောင်းကင်အာဏာစက်တပ်ဖွဲ့တို့သည် စီတန်းရပ်နေကြသည်။ သူတို့အားလုံးသည် အာကာသလမ်းကြောင်းကို စိုက်ကြည့်နေကြပြီး စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေသည်။
ကောင်းကင်အင်ပါယာမြို့တော်မှ ကျင့်ကြံသူအားလုံးသည်လည်း ကောင်းကင်သို့ မော့ကြည့်နေကြသည်။ ယခုတွင် မြို့တော်ထဲ၌ လူအနည်းငယ်သာ ကျန်ခဲ့သည်။ သူတို့အများစုသည် မြို့မှ ထွက်ခွာသွားကြပြီဖြစ်သည်။
ထိုစဉ်တွင် ကျင့်ကြံသူတစ်ယောက်သည် သူ၏အစွမ်းရောင်ဝတ်ရုံကို ချွတ်လိုက်ကာ လေထဲသို့ ပစ်မြှောက်လိုက်၏။ မီးတောက်များက အစိမ်းရောင်ဝတ်ရုံကို လောင်မြိုက်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မြို့တော်၏ အခြားနေရာများမှ အခြားသူများသည်လည်း သူတို့၏ အစိမ်းရောင်ဝတ်ရုံများကို ချွတ်ကာ လေထဲသို့ ပစ်မြှောက်လိုက်ပြီး မီးရှို့ပစ်လိုက်ကြသည်။ ရုတ်ခြည်းအတွင်းမှာပင် မြို့အထက်ရှိကောင်းကင်ထဲတွင် မီးလောင်နေသော ဝတ်ရုံများဖြင့် ဟုန်းဟုန်းတောက်သွားသည်။
အကယ်၍ သူတို့သာ အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားလျှင် ရန်သူများအကြား ရောနှောဝင်ကာ အသက်ရှင်လျက် ထွက်သွားနိုင်မည့် အခွင့်အရေးရနိုင်သည်။ သူတို့သည် ကောင်းကင်ဘုံကို သစ္စာဖောက်ကာ လူသားဘုံနှင့်ပင် ပူးပေါင်းနိုင်သည်။ ထိုသို့ သေချာပေါက် ဖြစ်လာမည်ဖြစ်ပြီး လူများစွာသည် သေချာပေါက် ထိုသို့ လုပ်ကြမည်ဖြစ်သည်။
သို့သော် လူများစွာသည် သူတို့၏ ဝတ်ရုံများကို လူရှေ့သူရှေ့မှာပင် မီးရှို့ပစ်လိုက်ကြသည်။ ယင်းမှာ စကားလုံးများမပါသော သစ္စာဆိုမှုပင်။ သူတို့သည် သူတို့၏ ဝတ်ရုံများကို မီးရှို့ပစ်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
“သူတို့လာနေပြီ”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
ထိုစဉ်တွင် ကောင်းကင်ရှိ အာကာသလမ်းကြောင်းသည် တသိမ့်သိမ့်တုန်သွားသည်။ လမ်းကြောင်း၏ အခြားတစ်ဘက်တွင် ကြီးမားသော စစ်တပ်ကြီး ထွက်ပေါ်လာ၏။ သူတို့သည် အာကာသတံခါးအတွင်း ဝင်ကာ ကောင်းကင်ဘုံကို ကျူးကျော်ရန် ဟန်ပြင်နေကြသည်။
အာကာသလမ်းကြောင်း အောက်ဘက်တွင် တပ်ဖွဲ့နှစ်ဖွဲ့သည် လေးနက်သောမျက်နှာထားများဖြင့် စောင့်နေကြသည်။
သူတို့၏ အဓိကတပ်ဖွဲ့များဖြစ်သော တပ်ဖွဲ့ခြောက်ဖွဲ့နှင် သူတို့လေ့ကျင့်ပေးထားသော တပ်သားများသည် လွန်စွာ စွမ်းအားကြီးပေသည်။ တပ်ဖွဲ့တစ်ဖွဲ့စီတွင် ကျင့်ကြံသူ (၁၀၀,၀၀၀)ကျော် ပါ၏။
ထိုအရေအတွက်သည် ကြောက်မက်ဖွယ် အရေအတွက်ဖြစ်သော်လည်း လက်ရှိ စစ်မြေပြင်တွင်မူ သေးငယ်နေသည်။ သူတို့၏ အရေအတွက်သည် နည်းလွန်းနေသေးသည်။ ကျင့်ကြံသူအရေအတွက်(၁၀၀,၀၀၀)သည် လောကတစ်ခုကို ကာကွယ်ရန် အလွန်နည်းလွန်းလှသည်။ ကောင်းကင်အင်ပါယာမြို့တော်တစ်ခုတည်းကို ကာကွယ်ရန်ပင် ထိုအရေအတွက်သည် လုံလောက်သည်ဟု မဆိုသာပေ။
ယနေ့ခေတ်လောကထဲတွင် အချို့အင်အားစုကြီးများသည် ထိုကျင့်ကြံသူအရေအတွက် ရှိနေပြီဖြစ်သည်။
သို့သော် သူတို့တွင် ရွေးချယ်စရာမရှိသဖြင့် ဤအရေအတွက်ဖြင့်ပင် တိုက်ခိုက်ရမည်ဖြစ်သည်။
အာကာသလမ်းကြောင်းအောက်တွင် တပ်ဖွဲ့များသည် တိုက်ပွဲပုံစံဖော်နေကြသည်။ တပ်ဖွဲ့များသည် သီးခြားစီဖြစ်သည်။ ယခုတွင် တပ်ဖွဲ့တစ်ဖွဲ့မှနေ၍ စူးရှသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ သူတို့သည် လေးနှင့်မြားများ ကိုင်ဆောင်ထားကြသည်။ သူတို့၏ ခေါင်းဆောင်သည် အရှိန်အဝါကြီးကာ ခံ့ညားပေသည်။ သူ့နောက်ကျောတွင် သူ့အတွက် ရီဖူရှင်းကိုယ်တိုင် ပြုလုပ်ပေးထားသည့် နတ်လေးတစ်ခုကို လွယ်ထားပေသည်။