စစ်ပွဲစတင်ပြီ
Vol. 206 Ch. 2932
ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ အငွေ့အသက်များသည် အလွန် မှိုင်းညို့ကာ စိတ်ဓာတ်ကျဖွယ် ကောင်းနေသည်။
လူသားဘိုးဘေးသည် ကောင်းကင်အင်ပါယာမြို့တော်အထက်တွင် အာကာသလမ်းကြောင်း ဖွင့်ခဲ့သည်။ သူသည် ကောင်းကင်အင်ပါယာမြို့တော်ကို ကျူးကျော်ကာ တိုက်ရိုက် စစ်ကြေညာမည်ဖြစ်သည်။
ဝုန်း...
ကြောက်မက်ဖွယ် အသံကြီးတစ်သံကို ကြားလိုက်ရ၏။ အာကာသလမ်းကြောင်း ပြန့်ကားလာပြီး ကောင်းကင်တစ်ခွင်လုံးသည် အာကာသတံခါးဖြစ်လာသည်။ ၎င်းအတွင်းမှနေ၍ ကြောက်မက်ဖွယ် နတ်စွမ်းအား ထွက်ပေါ်လာပြီး နေလုံးကို ကွယ်သွားသည်။ မြို့အထက်တွင် တိမ်မည်းများ ရစ်သိုင်းနေလေသည်။
“သူတို့လာနေပြီ”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ လူအားလုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် လောကအဆုံးသတ်ကဲ့သို့ပင် ထင်နေရလေသည်။ အားလုံးသည် အပြင်းအထန် ရင်တုန်နေကြသည်။ ကျင့်ကြံသူအချို့၏ ခန္ဓာကိုယ်များပတ်ပတ်လည်တွင် စွမ်းအားကြီးသော တိုက်ပွဲအငွေ့အသက်များ လည်ပတ်နေသည်။
ဤကျူးကျော်မှုသည် ယခင်တစ်ခေါက်ကနှင့် မတူပေ။ ဤတစ်ကြိမ်တွင် လူသားဘိုးဘေးသည် လူသားဘုံမှ ကျင့်ကြံသူအားလုံးကို စုစည်းကာ ကောင်းကင်ဘုံကို ကျူးကျော်ခဲ့ခြင်းပင်။ သူသည် ဘုံခုနစ်ခုကို စုစည်းလိုနေသည်။
အထက်ကောင်းကင်ရှိ အာကာသတံခါးမှနေ၍ နတ်ရောင်ဝါတန်းများသည် ကောင်းကင်လှေကားများကဲ့သို့ ကျဆင်းလာသည်။ ထို့နောက်တွင် ကြီးမားသော စစ်တပ်ကြီးသည် အာကာသတံခါးအတွင်းမှ ထွက်လာပြီး လူအုပ်၏အထက်ရှိ ကောင်းကင်တွင် ထွက်ပေါ်လာလေသည်။
လူသားဘုံမှ စစ်တပ် ဆင်းသက်လာပေပြီ။
ရုတ်ခြည်းအတွင်းမှာပင် စစ်တပ်ကြီးသည် ကောင်းကင်အင်ပါယာမြို့တော်အထက်တွင် ထွက်ပေါ်လာပြီး ကောင်းကင်ကို ကွယ်သွားသည်။ သန်းဆယ်ချီသော တပ်သားများသည် ကောင်းကင်ဘုံကို ကျူးကျော်လာပြီဖြစ်သည်။
“သူတို့ ရောက်လာပြီ”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
ကောင်းကင်နန်းတော်တပ်ဖွဲ့နှင့် ကောင်းကင်အာဏာစက်တပ်ဖွဲ့တို့သည် တိုက်ကွက်ဖော်ထားပြီး ဖြစ်သည်။ သူတို့သည် အဖွဲ့အသေးလေးများ ခွဲ၍ ဤအခိုက်ကို စောင့်နေကြခြင်းပင်။
ထိုစဉ် လေးသည်တော်အဖွဲ့မှနေ၍ အလင်းများ အဆက်မပြတ် တောက်ပလာသည်။ အလင်းသည် ကောင်းကင်ကို လင်းလက်နေစေ၏။
ဟောင်ကျူဂီ၏နောက်တွင် အတုမဲ့နတ်လေးတစ်လက် ထွက်ပေါ်လာ၏။ ထိုလေးကို ကြိုးကုန်တင်လိုက်သောအခါ နေနတ်အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ ပျံတက်သွားသည်။ မြား၏ နတ်စွမ်းအားသည် အာကာပြင်ကို ချစ်ချစ်တောက် ပူပြင်းသွားစေသည်။
သူသည် ရီဖူရှင်းနောက်သို့ လိုက်ခဲ့သည့် အစောဆုံးသူများထဲတွင် ပါသဖြင့် ရီဖူရှင်းက သူ့ကို အရေးမထား လုပ်မည်မဟုတ်ပေ။ ရီဖူရှင်းသည် ဟောင်ကျူဂီကို သူ၏စည်းမျဉ်းနတ်စွမ်းအားနှင့် တိုက်ရိုက်သန့်စင်ပေးခဲ့ပြီး ဟွမ်းကျိုးကဲ၏မွေးရာပါ,ပါရမီကို ပြီးပြည့်စုံစေခဲ့သည်။ ထို့ကြောင့် ဟောင်ကျူဂီသည် နေမင်းနတ်စွမ်းအားကို ကျင့်ကြံနိုင်ခဲ့သည်။ ယခုတွင် ဟောင်ကျူဂီသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး မဟာအင်ပါယာများအောက်မှ ထိပ်သီးတစ်ဦးဖြစ်နေပြီဖြစ်သည်။
ရီဖူရှင်းမှာလည်း သူ့အတွက် သူရိယလေးဟုခေါ်သော နတ်လေးတစ်ခုကို ကိုယ်တိုင် ပြုလုပ်ပေးခဲ့သည်။ ယင်းမှာ နေမင်းနတ်စွမ်းအား ပါဝင်သော မဟာအင်ပါယာအဆင့်လက်နက်တစ်ခု ဖြစ်သည်။ ထိုအခိုက်တွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ကောင်းကင်သို့ ရောက်ရှိသွားသည်။ ဟောင်ကျူဂီ၏ ပတ်ပတ်လည်မှ အခြားလေးသည်တော်များသည်လည်း သူတို့၏ လေးများကို ကြိုးတင်လိုက်ကြသည်။
ရွှစ်...
နေမင်းနတ်စွမ်းအားမှနေ၍ မြားများဖြစ်ပေါ်လာပြီး ယင်းမြားများသည် ကောင်းကင်ကို ထွင်းဖောက်ကာ လင်းလက်သွားစေသည်။ ၎င်းတို့သည် အမှောင်ကို ထွင်းဖောက်၍ အရုဏ်အလင်းဆောင်ကျဉ်းပေးလာသည်။
“သတိထားကြ...”
ကောင်းကင်ထဲတွင် ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။
နေမင်းနတ်မြားများသည် လျှပ်တစ်ပြက်အတွင်း ပျံတက်သွားကြ၏။ ကျင့်ကြံသူစစ်တပ်ကြီးသည် ယခုမှ ရောက်လာခါစရှိသေး၏။ သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နေမင်းနတ်မြားများကြောင့် သေဆုံးကာ ရုတ်ခြည်း အမှုန့်ဖြစ်သွားကြလေသည်။
ဝမ်ယန်ပင်းရှိနေသည့် အဖွဲ့မှနေ၍လည်း စူးရှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ သူဦးဆောင်လာသော ကျင့်ကြံသူများသည် သောင်းချီသော နတ်လက်နက်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ တစ်ပြိုင်တည်း ပျံတက်သွားကြသည်။ သူတို့ မဖျက်ဆီးနိုင်သည့်အရာ၊ မဆန့်ကျင်နိုင်သည့်အရာ မရှိပေ။
သူတို့သည် ကောင်းကင်ထဲသို့ ပျံတက်သွားကြပြီး ကျင့်ကြံသူများစွာကို သတ်ဖြတ်လိုက်ကြသည်။
အခြားကျင့်ကြံသူများသည်လည်း အဝေးမှနေ၍ တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်ကြကာ ရန်သူများစွာကို သတ်ဖြတ်လိုက်သည်။ သူတို့သည် ရောက်ရှိလာစ ကျင့်ကြံသူများကို ဖရိုဖရဲဖြစ်သွားစေသည်။ ထို့ကြောင့် စစ်တပ်ကြီးသည် ပရမ်းပတာ ဖြစ်သွားသည်။
ဟောင်ကျူဂီသည် မြားများကို ဆက်၍ ပစ်လွှတ်နေသည်။ နေမင်းနတ်မြားများသည် တစ်ချောင်းပြီးတစ်ချောင်း ပျံတက်သွားပြီး ထောင်သောင်းချီသော ကျင့်ကြံသူများကို သတ်ဖြတ်ပစ်လိုက်သည်။ သို့သော် အာကာသတံခါးမှ ထွက်လာသည့် ရန်သူများသည် အဆုံးမရှိသကဲ့သို့ပင်။ သူတို့ ထပ်မံရောက်ရှိလာသောအခါ ကောင်းကင်အင်ပါယာမြို့အထက်ရှိ ကောင်းကင်တွင် ကျင့်ကြံသူများ ဖုံးလွှမ်းသွားသည်။
ဝုန်း...
ကျယ်လောင်သော ထစ်ချုန်းသံတစ်သံနှင့်အတူ နေမင်းနတ်မြားများသည် အတားအဆီးများနှင့် ကြုံလိုက်ရ၏။ ထို့နောက်တွင် ဥက္ကာပျံဓားများ၊ ကြောက်မက်ဖွယ်ဥက္ကာခဲများနှင့် အဖျက်မိုးကြိုးလျှပ်စီးများ ကျဆင်းလာလေသည်။ အာကာသတံခါးမှ ထွက်လာကြသော ထိပ်သီးများသည် ပြန်လည်တိုက်ခိုက်လိုက်ကြခြင်းပင်။
အထက်ကောင်းကင်မှ ကျင့်ကြံသူများသည် အောက်ဘက်သို့ ပျံဆင်းလာကာ သူတို့ကို ဖိနှိပ်ထားသည်။ သူတို့အားလုံးသည် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး သူတို့၏ ပထမဆုံး အဖျက်တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြသည်။
ကောင်းကင်အင်ပါယာမြို့တော်အထက်ရှိ ကောင်းကင်တွင် ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ ထိတိုက်သွားသည်။ ယင်းမြင်ကွင်းသည် ကောင်းကင်နှင့်မြေပြင် ပြိုပျက်သည့် လောကအဆုံးသတ်မြင်ကွင်း ကဲ့သို့ပင်။
“တိုက်ကြ...”
တစ်ဘက်က အော်လိုက်သည်။
“တိုက်ကြ...”
ကျန်တစ်ဘက်ကလည်း တုံ့ပြန်လိုက်သည်။
အာကာပြင်တစ်ခွင်လုံးတွင် သတ်ဖြတ်သံများ ပဲ့တင်ထပ်နေသည်။ ဤစစ်ပွဲသည် စစ်ပွဲအားလုံးကို အဆုံးသတ်ပေးမည့် စစ်ပွဲတစ်ပွဲပင်။ ယခင်တစ်ခေါက်မှ စစ်ပွဲသည် ကြီးကျယ်မှုအရဖြစ်စေ၊ ရက်စက်မှုအရဖြစ်စေ ဤစစ်ပွဲကို မယှဉ်နိုင်ချေ။
လောကအသေးစား အပြင်ဘက်တွင် ရီဖူရှင်းသည် တိုက်ပွဲပြင်ကို ကြည့်ကာ ရပ်နေသည်။ သူ့ဘေးတွင် အင်ပါယာများ ရှိလေသည်။ သူတို့အားလုံးသည် တိုက်ပွဲထဲတွင် ဝင်မပါကြပေ။ လူသားဘုံမှ မဟာအင်ပါယာများ ယခုအထိ မရောက်လာသေးပေ။ အင်ပါယာအဆင့်အောက်မှ ကျင့်ကြံသူများက ပထမဆုံး စတင်တိုက်ခိုက်ကြခြင်းပင်။
“ဒီစစ်ပွဲမှာ ဘယ်နှစ်ယောက်လောက် ရှင်ကျန်မလဲ”
ရီဖူရှင်းဘေးမှ ကျူးကော့မင်းယွီက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သူမ၏လေသံသည် ညှိုးငယ်နေ၏။ သူမသည် အမြဲ အကောင်းမြင်တတ်သူတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် ဤတစ်ခေါက်တွင် သူမ တွေးကြောက်နေမိသည်။
ဤစစ်ပွဲသည် လောကကို ဖျက်ဆီးနိုင်သော စစ်ပွဲတစ်ပွဲပင်။ သန်းချီသော တပ်သားများပါသည့် စစ်တပ်တစ်တပ်သည် ကောင်းကင်အင်ပါယာမြို့တော်သို့ ဆင်းသက်လာကြပြီး သူတို့ထံသို့ ဦးတည်လာနေသည်။ ဤစစ်ပွဲသည် ဘုံခုနစ်ခု၏ သမိုင်းတစ်လျှောက် အကြီးဆုံး ကပ်ဘေးအန္တရာယ်ကြီး ဖြစ်ပေလိမ့်မည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်ဘုံအတွက် အာဇာနည်များ ဖြစ်လာမည်ဖြစ်သည်။
ဤစစ်ပွဲမှ အသက်ရှင်ကျန်ခဲ့သူသည် အလွန်ကံကောင်းသူသာဖြစ်မည်။
ရီဖူရှင်းသည် တိုက်ပွဲပြင်ကို ကြည့်ကာ ရင်လေးနေသည်။ လူသားဘုံမှ စစ်တပ်သည် ကောင်းကင်ဘုံမှ တပ်ဖွဲ့များနှင့် တိုက်ခိုက်နေပေပြီ။ ပြင်းထန်သော တိုက်ပွဲပြင်တွင် လူများစွာသည် စက္ကန့်နှင့်အမျှ သေဆုံးနေလေသည်။ ယင်းမှာ အလွန်ဝမ်းနည်းဖွယ်ပင်။
“အစ်ကိုကြီး အဆင်မှပြေပါ့မလား”
ကျူးကော့မင်းယွီက ရီဖူရှင်းကို မေးလိုက်သည်။ သူမတို့၏ အစ်ကိုကြီးသည်လည်း ဤတိုက်ပွဲတွင် ဝင်တိုက်ခိုက်နေသည်။
အစ်ကိုကြီးသည် မဟာအင်ပါယာ ဖြစ်လာနိုင်မည့် အခွင့်အရေး ရှိခဲ့သော်လည်း ထိုအဆင့်သို့ မတက်လှမ်းခဲ့ချေ။ သူသည် ဤစစ်ပွဲအတွက်သာ ပြင်ဆင်နေခဲ့ပေသည်။
“သူ အဆင်ပြေမှာပါ”
ရီဖူရှင်းသည် တိုက်ပွဲပြင်တစ်နေရာသို့ ကြည့်ကာ ပြောလိုက်၏။ ထိုနေရာတွင် ဓားသူတော်စင်သည် အဖျက်နတ်ဆိုးဓားတစ်ချောင်းကို ဆွဲကိုင်ထားသည်။ သူသည် တစ်ချက်ပြီးတစ်ချက် ခုတ်နေသည်။ ခုတ်ချက်တိုင်းသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေပြီး ကောင်းကင်ကို စုတ်ဖြဲသွားသည်။ သူသည် လူသားဘုံ၏ အစိမ်းရောင်ဝတ်ရုံဝတ် စစ်တပ်ကို တစ်ကိုယ်တော် သတ်ဖြတ်ကာ ရှေ့တိုးနေသည်။ ခုတ်ချနေသော နတ်ဆိုးဓားသည် နတ်ဆိုးလောက၏ ဓားအတတ်တစ်ခုဖြစ်သည်။ သူ့အား ယင်းအတတ်ကို ယွီထူကိုယ်တိုင် သင်ပေးထားခြင်းပင်။
ဝုန်း...
ထိုစဉ်တွင် ကြောက်မက်ဖွယ် လူသားနတ်ဘုရားဓားသည် ဓားသူတော်စင်၏ နတ်ဆိုးဓားနှင့် ထိခတ်သွားသည်။ ထိခတ်မှုက သူ့ဓား၏အလင်းကို ပျောက်ကွယ်သွားစေ၏။ ဓားသူတော်စင်သည် နောက်သို့ အနည်းငယ် လွင့်သွားသည်။ သူသည် ကောင်းကင်ထက်ရှိ အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်ကို မော့ကြည့်သည်။ ထိုကျင့်ကြံသူသည် ထူးကဲသော ဟန်ပန်အရှိန်အဝါရှိပြီး လွန်စွာငယ်ရွယ်ပုံပေါ်လေသည်။
“လူသားနတ်ဘုရားဓား”
ဓားသူတော်စင်သည် ထိုကျင့်ကြံသူကို ကြည့်၍ ရေရွတ်လိုက်၏။ ထိုသူသည် လူသားဘိုးဘေး၏ တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်ပေလိမ့်မည်။
ထိုကျင့်ကြံသူသည် လူသားနတ်ဘုရားနန်းတော်မှ ဖြစ်သည်။ သူသည် လူသားဘိုးဘေး၏ တပည့်များထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏စွမ်းရည်သည် လွန်စွာ စွမ်းအားကြီးသည်။ သူသည် ဓားသူတော်စင်က သူ၏တပ်သားများကို သတ်ဖြတ်နေသည်ကို မြင်၍ ဤနေရာသို့ ရောက်လာခြင်းပင်။
ဝုန်း...
ကြောက်မက်ဖွယ် နတ်ဆိုးဝိညာဉ်စွမ်းအား လည်ပတ်မြည်ဟိန်းလာသည်။ ဓားသူတော်စင်၏ခန္ဓာကိုယ်မှနေ၍ စွမ်းအားကြီး နတ်ဆိုးဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။ ယင်းဝိညာဉ်စွမ်းအားသည် လွန်စွာ လွှမ်းမိုးအားကြီးပေသည်။ သူ ကောင်းကင်ထက်သို့ ပျံတက်လိုက်၏။ သူသည် သူ့လက်ထဲမှ နတ်ဆိုးဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ဓား၏ အနက်ရောင်အလင်းသည် ကောင်းကင်ကို ခုတ်ပိုင်းသွားပြီး အာကာပြင်ထဲတွင် အက်ကြောင်းတစ်ခု ထွက်ပေါ်လာစေလေသည်။
အခြားတစ်နေရာတွင် သောကျောက်သည် ဧရာမ ရွှေရောင်နှင်တံတစ်ချောင်းကို ဆွဲကိုင်ကာ တိုက်ခိုက်နေ၏။ သူသည် တိုက်ခိုက်ခြင်းနတ်ဘုရား၏ ဝိညာဉ်စွမ်းအား၏ အင်အားအကြီးဆုံး ပုံစံကို ထုတ်လွှတ်လိုက်သည်။ သူသည် စစ်နတ်ဘုရားတစ်ပါး ဖြစ်လာသကဲ့သို့ပင်။ သူ့လက်ထဲမှ နှင်တံသည် ဝေ့ယမ်းလည်ပတ်နေပြီး ယင်းနှင့် ထိခိုက်သွားသော လူများသည် သေဆုံးကာ ဝိညာဉ်များ အစိတ်စိတ်အမွှာမွှာဖြစ်သွားကြသည်။
သောကျောက်အနီးတွင် ပျက်သုဉ်းခြင်းနတ်ဓားကို ဆွဲကိုင်ထားသော အမျိုးသမီးတစ်ယောက် ရှိနေ၏။ သူမဖြတ်သန်းသွားသောနေရာတိုင်းတွင် သွေးများသည် မိုးရွာသကဲ့သို့ ပန်းဖြာထွက်သွားကြသည်။ နတ်ဓားကျရောက်သွားသောနေရာတိုင်းတွင် မည်သူမှ မရှင်သန်နိုင်ခဲ့ချေ။ ဓားကိုင်ထားသော အမျိုးသမီး၏ ရုပ်သွင်သည် အလွန်ချောမောပေသည်။
ထိုအမျိုးသမီးသည် အင်ပါယာနန်၏ သမီးတော် နန်လော့ရှန်းဖြစ်သည်။ သူမသည် သောကျောက်နှင့် ရှောင်မုယွီတို့နှင့် မျိုးဆက်အတူတူပင်။ ကောင်းကင်အာဏာစက်ဘုံတွင် ရှိခဲ့စဉ်က သူမသည် အလွန် ထူးချွန်သူတစ်ယောက် ဖြစ်ခဲ့သည်။
ယခုတွင် သူမတို့လူစုသည် တပ်ဖွဲ့များ၏ အဓိကအင်အားများ ဖြစ်လာပေပြီ။