← Chapters

သေရမည့် လူတစ်ယောက်

Vol. 206 Ch. 2934

သေရမည့် လူတစ်ယောက်

Vol. 206 Ch. 2934

လူသားဘိုးဘေး၏ အုပ်စိုးမှုအောက်တွင် လူသားနတ်ဘုရားနန်းတော်၌ ကွဲပြားသော ဘုရားကျောင်းများမှ ကျင့်ကြံသူများစွာရှိလေသည်။ သူတို့၏ ကျင့်ကြံခြင်းစွမ်းရည်များသည်လည်း ကွဲပြားပေသည်။

ထိုကျင့်ကြံသူအုပ်စုသည် လျှပ်စီးနတ်စွမ်းအားကို အထူးပြု ကျင့်ကြံသူများဖြစ်သည်။ သူတို့၏ နတ်စွမ်းအား ထွက်ပေါ်လာသောအခါ မိုးကြိုးလျှပ်စီးတန်းများသည် သောကျောက်၏ ခန္ဓာကိုယ်ကို ကခုန်နေသောမြွေများကဲ့သို့ လှည့်ပတ်နေလေသည်။ သောကျောက်၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး သူ၏စိတ်ဝိညာဉ်သည်လည်း တိုက်ခိုက်ခံလိုက်ရ၏။

ဝုန်း...ဝုန်း...ဝုန်း...

ကြောက်မက်ဖွယ် မိုးချုန်းသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး ထိုအုပ်စုမှ ကျင့်ကြံသူတိုင်း၏နောက်တွင် ဝိညာဉ်ပုံရိပ်တစ်ခုစီ ထွက်ပေါ်လာလေသည်။ ထိုဝိညာဉ်ပုံရိပ်များသည် မိုးကြိုးလျှပ်စီးများမှ ပြောင်းလဲသွားခြင်းဖြစ်ပြီး မိုးကြိုးနတ်ဘုရားများနှင့် ဆင်တူပေသည်။ ထိုအခိုက်တွင် လူသားများနှင့် နတ်ဘုရားများသည် ပခုံးချင်းယှဉ်ကာ ရပ်နေကြသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုဝိညာဉ်ပုံရိပ်များသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်နေရာ ဟင်းလင်းပြင်ထဲတွင် ခမ်းနားထည်ဝါသော နတ်ဘုရားအစစ်အမှန်တစ်ပါး ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ရပ်နေသကဲ့သို့ ဖြစ်နေခြင်းပင်။ မရေမတွက်နိုင်သော လျှပ်စီးချိန်းကြိုးများသည် သောကျောက်၏ခန္ဓာကိုယ်ကို ဝန်းရံထားပြီး ထိုနတ်ဘုရားများ၏ ဝမ်းဗိုက်မှနေ၍ တလက်လက်တောက်ပသော လျှပ်စီးအလင်း ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းအလင်းသည် သောကျောက်အပေါ် ကျဆင်းသွားပြီး သောကျောက်၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေ၏။ သူ့စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှာ ထွက်လာကာ နတ်ဘုရားအစစ်အမှန်တစ်ပါးနှင့် ရင်ဆိုင်လိုက်ရသည်ဟု ထင်လိုက်ရ၏။ သူသည်လည်း ချိန်းကြိုးများ၏ ချုပ်နှောင်မှုကို ခံထားရသည်။

“ပြေလျော့...”

သောကျောက် အော်လိုက်သောအခါ တိုက်ခိုက်ခြင်းနတ်ဘုရား၏ ဝိညာဉ်စွမ်းအားသည် အကန့်အသတ်အထိ ရောက်သွားပြီး အကန့်အသတ်ကို ကျော်ရန် ကြိုးစားလိုက်သည်။ သူ့နောက်တွင် မြင့်မားသော တိုက်ခိုက်ခြင်းနတ်ဘုရား၏ ဝိညာဉ်ပုံရိပ်ကြီး ထွက်ပေါ်လာပြီး နတ်စွမ်းအားလည်း ပြင်းထန်စွာ မြည်ဟည်းလာသည်။ ဝိညာဉ်ပုံရိပ်သည် ထိုနတ်စွမ်းအား၏ တိုက်စားမှုကို ကာကွယ်ရန် ကြိုးစားနေသည်။ သူသာ ထိုသို့မလုပ်ခဲ့လျှင် သူ၏တိုက်ခိုက်စွမ်းရည်ကို ဆုံးရှုံးရကာ စိတ်မချမ်းမြေ့စရာအကောင်းဆုံး ပုံစံဖြင့် သေဆုံးသွားမည်ဖြစ်သည်။

တိုက်ပွဲမစခင်တွင် သောကျောက်သည် သူ မည်သူနှင့် တိုက်ခိုက်ရသည်ဖြစ်စေ နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် တိုက်ပွဲစပြီး မကြာခင်မှာပင် သူသည် ပြဿနာနှင့် ကြုံတွေ့နေရပေပြီ။ ယခု သူရင်ဆိုင်နေရသော လူသားဘုံမှ ကျင့်ကြံသူများ၏ စွမ်းအားများသည် ယခင်က သူရင်ဆိုင်ခဲ့ဖူးသူများ၏ စွမ်းအားများနှင့် မတူကြောင်း သူ သဘောပေါက်သွားသည်။ ဤစစ်ပွဲမှာ လောက၏ ဤအခြမ်းကို ကျူးကျော်ခြင်းဖြစ်သည်။ ထို့အပြင် ကျူးကျော်သူများဘက်တွင် ထိပ်သီးများစွာ ရှိပေသည်။

ဝုန်း...

သောကျောက်၏ လက်ထဲရှိ ရွှေရောင်နှင်တံရှည်မှနေ၍ အံ့အားသင့်ဖွယ် နတ်စွမ်းအား ထွက်ပေါ်လာပြီး မျက်စိကျိန်းဖွယ် မဟာအင်ပါယာရောင်ဝါ လင်းလက်လာသည်။ တိုက်ခိုက်ခြင်းနတ်ဘုရား၏ ဝိညာဉ်စွမ်းအားသည် ၎င်းနှင့် ဆက်နွယ်နေပြီး ၎င်း၏စွမ်းအားကို အပြင်းအထန် ထုတ်လွှတ်နေသည်။ နတ်နှင်တံ ရိုက်ချလိုက်ပြီး ထိုကောင်းကင်နေရာတစ်ခွင်လုံးကို ရိုက်ခတ်သွားသည်။

နှင်တံရှည် ရိုက်ခတ်လိုက်သည်ပင် အဖျက်လျှပ်စီးချိန်းကြိုးများသည် သူ့ကို ချုပ်နှောင်ထားဆဲဖြစ်ပြီး သူ၏နှင်တံရှည်သည် စွမ်းအားနည်းလာလေသည်။ ထို့နောက် လျှပ်စီးတန်းများ ကျဆင်းလာပြီး ရွှေရောင်နှင်တံရှည်ကို ထိမှန်သွားကာ ၎င်း၏စွမ်းအားကို ပိတ်ဆို့လိုက်ပြီး သောကျောက်ကို သူရှိနေသောနေရာတွင်ပင် ချုပ်ထား၍ သူ ပြန်မတိုက်ခိုက်နိုင်အောင် သူ၏စွမ်းရည်များကို လုံးဝကန့်သတ်ထားလိုက်သည်။

ထိုအချိန်တွင် နဂါးဟိန်းသံ သဲ့သဲ့နှင့်အတူ ခပ်အုပ်အုပ် အသံတစ်သံ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ ယခု လုံချန်း လှုပ်ရှားပေပြီ။ သူသည် သူနှင့်အတူ နဂါးနတ်ဘုရားစွမ်းအား သယ်ဆောင်လာပြီး ရွှေနဂါးလက်သီး ထိုးခွင်းလိုက်သည်။ လက်သီးသည် ခရမ်းရွှေရောင်နဂါးများအဖြစ် ပြောင်းလဲသွားကာ အမျက်တကြီး ဟိန်းလိုက်ကြသည်။ ၎င်းတို့သည် လျှပ်စီးအောက်မှ ကျင့်ကြံသူများကို တိုက်ခိုက်လိုက်ပြီး သောကျောက် သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်ဖို့ အခွင့်အရေးပေးရန် ကြိုးစားလိုက်သည်။

ထိုကျင့်ကြံသူများသည် လုံချန်ကို ကြည့်လိုက်၏။ ရုတ်ခြည်းပင် မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် ခရမ်းရွှေရောင်နဂါးများအပေါ် ကျဆင်းသွားပြီး ၎င်းနဂါးများကို ချုပ်နှောင်လိုက်သည်။ ထို့ကြောင့် နဂါးများ၏ စွမ်းအားသည် သိသိသာသာ လျော့ကျသွားသည်။ ၎င်းတို့၏ နတ်စွမ်းအားသည် တိုက်ရိုက် ထိခိုက်သွား၏။ အခြားသူများ၏ နတ်စွမ်းအားများလည်း ဖြတ်တောက်ခံလိုက်ရ၏။

ရွှီး...

သူတို့ လုံချန်ကို တိုက်ခိုက်လိုက်သည့်အခိုက်တွင် ရွှေရောင်လျှပ်စီးသည် အလွန်လျင်မြန်စွာ ဖြတ်သန်းသွား၏။ လျင်မြန်လွန်းလှသဖြင့် ယင်းမှာ အဘယ်အရာဖြစ်ကြောင်း သူတို့ သေချာမသိလိုက်ကြပေ။ လျှပ်စီးချိန်းကြိုးများ လျင်မြန်စွာ ထွက်လာသော်လည်း ၎င်းတို့၏ ပစ်မှတ်ကို အမီမလိုက်နိုင်ချေ။ မကြာခင်တွင် ရွှေရောင်နတ်အလင်းသည် လျှပ်စီးကို နှစ်ပိုင်း ပိုင်းသွားသည်။

ထိုရွှေရောင်နတ်အလင်းမှာ ရွှေတောင်ပံငှက်၏ နတ်အတောင်ပံများမှ အတောင်မွေးဖြစ်ပေသည်။ တိုက်ခိုက်လိုက်သူမှာ ကျွင်းပင်။ သူသည် လူတစ်ယောက်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။ သူသည် ကျင့်ကြံသူတစ်ယောက်ကို ခေါင်းဖြတ်ပစ်ခဲ့ခြင်းပင်။

သူ၏အမြန်နှုန်းသည် မိုးကြိုးနှင့် လျှပ်စီးထက်ပင် ပိုမြန်နေပေပြီ။ ထို့အပြင် သူသည် ရန်သူ၏ လျှပ်စီးတိုက်ခိုက်မှုအောက်မှာပင် သူ့ရန်သူကို ခေါင်းဖြတ်ခဲ့လေသည်။

ကျွင်းသည် ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး သူ့‌နောက်ကျောမှ အတောင်ပံများသည် မဟာအင်ပါယာရောင်ဝါ တောက်ပနေလေသည်။ ယင်းတို့သည် နတ်လက်နက်များဟုပင် ထင်ရသည်။ အတောင်မွေးတိုင်းသည် လွန်စွာထက်ရှိသော နတ်လက်နက်ကဲ့သို့ပင်။ ၎င်းတို့ ထွက်ပေါ်လာမှုသည် အခြားကျင့်ကြံသူများကို ရုတ်ခြည်း သတိကြီးသွားစေသည်။

ဝုန်း...

ခပ်အုပ်အုပ်အသံ နောက်တစ်သံ ထွက်ပေါ်လာပြီး သူတို့အထက်တွင် နတ်ဆင်ထွက်ပေါ်လာ၏။ ၎င်း ဟင်းလင်းပြင်ထဲသို့ ရောက်လာချင်းချင်းမှာပင် ကြောက်မက်ဖွယ် အတုမဲ့ နတ်စွမ်းအား ကျဆင်းလာကာ ထိုကောင်းကင်နေရာကို ဖိနှိပ်သွားသည်။

“သတ်...”

သောကျောက်သည် အချုပ်အနှောင်မှ လွတ်မြောက်သွားပြီး အော်လိုက်သည်။ သူ့လက်ထဲမှ နှင်တံရှည်သည် အဟုန်ကို အံတု၍ အထက်သို့ ရိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် လုံချန်သည် စွမ်းအားကြီးသော နဂါးနတ်ဘုရားလက်သီး ထိုးသွင်းလိုက်သည်။ ကျွင်းသည်လည်း ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လျှပ်စီးအဖြစ် ပြောင်းလဲသွား၏။ နတ်ဆင်မှာမူ ဟင်းလင်းပြင်ကို နင်းကာ ထိုကောင်းကင်နေရာကို ဖိနှိပ်၍ တိုက်ခိုက်လိုက်သည်။

သူတို့အားလုံးသည် သူတို့၏ကိုယ်ပိုင် ကြောက်မက်ဖွယ်နတ်စွမ်းအားများဖြင့် တောက်ပနေကြသည်။ သူတို့အားလုံးသည် နတ်ဘုရားတစ်ဝက်အဆင့်ရှိသူများဖြစ်သည်။

တပ်ဖွဲ့ခြောက်ဖွဲ့သည် မည်မျှစွမ်းအားကြီးစေကာမူ အရေအတွက် နည်းလွန်းကြောင်း ရီဖူရှင်းသိပေသည်။ အထူးသဖြင့် ထိပ်တန်း တိုက်ခိုက်ရေးသမား နည်းပေသည်။ ထို့ကြောင့် သူသည် လူသားဘုံ အလုံးအရင်းဖြင့် မကျူးကျော်လာခင် အချိန်အတွင်း၌ အဓိကတပ်ဖွဲ့ခြောက်ဖွဲ့ကို အထူးလေ့ကျင့်ရေးများ ပေးခဲ့ခြင်းဖြစ်သည်။ ကောင်းကင်အာဏာစက်ဘုံမှနေ၍ သူ့နောက်သို့ လိုက်ခဲ့သော ကျင့်ကြံသူများကဲ့သို့ အရေးပါသူများသည် ကောင်းကင်လမ်းစဉ်အသေးစား၏ တိုက်ရိုက်သန့်စင်မှုကို ခံခဲ့ရသည်။

ထိုမတိုင်ခင်ကပင် ရီဖူရှင်းသည် သူတို့၏ အရည်အသွေးများကို ပုံသစ်လောင်းနိုင်ရန် သူတို့၏ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များကို နတ်စွမ်းအားဖြင့် သန့်စင်၍ ကူညီပေးခဲ့သည်။ ယခု သူတို့ ကျင့်ကြံနေသော လမ်းစဉ်များမှာ အပြင်လောကမှ လမ်းစဉ်မဟုတ်ပေ။ ရီဖူရှင်းတစ်ယောက်တည်းနှင့်သာ သက်ဆိုင်သော လမ်းစဉ်ဖြစ်သည်။

သူတို့သည် အတိတ်က ကောင်းကင်လမ်းစဉ်ပလ္လင်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့ကဲ့သို့ပင်။ ရီဖူရှင်းသည် လောကအသေးစား၏ ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုသည်။ ထို့အပြင် သူတို့သည် ယင်းကောင်းကင်လမ်းစဉ်မှ တိုက်ရိုက် ဆင်းသက်လာသူများဖြစ်သည်။

ထို့ကြောင့် ထိုလူစု၏ တိုက်ခိုက်စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းလှသည်။ ယင်းမှာ သူတို့ဘက်မှ တစ်ခုတည်းသော အားသာချက်ဖြစ်သည်။ စည်းမျဉ်းနတ်စွမ်းအား၏ တိုက်ရိုက်သန့်စင်မှုသည် ထိုထိပ်သီးကျင့်ကြံသူများ၏ တိုက်ခိုက်စွမ်းရည်များကို များစွာတိုးတက်လာစေလေသည်။ ကောင်းကင်ဘုံမှ စစ်တပ်၏ အရေအတွက်သည် ရန်သူစစ်တပ်၏ အရေအတွက်ထက် နည်းသော်လည်း ထိုထိပ်သီးအုပ်စု၏အစွမ်းသည် ရန်သူဘက်နှင့် အတိုင်းအတာတစ်ခုအထိ ယှဉ်နိုင်ပေသည်။

ဤစစ်မြေပြင်တွင် သူတို့သည် လျင်မြန်စွာ အသာစီးရခဲ့ကာ သူတို့၏ ရန်သူများကို ဖိနှိပ်နိုင်ခဲ့သည်။ ရန်သူဘက်မှ စစ်ကူ ကျင့်ကြံသူများ ရောက်လာသော်လည်း ကျွင်းနှင့် အခြားသူများသည် တစ်ဆက်တည်း လုပ်ဆောင်၍ တစ်ခဏအတွင်းမှာပင် ထိုနေရာရှိ ကျင့်ကြံသူအားလုံးကို သတ်ပစ်နိုင်ခဲ့သည်။

သို့ပင်လျှင် စစ်မြေပြင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူတို့သည် ကျူးကျော်နေသော လူသားဘုံစစ်တပ်ထက် အရေအတွက် နည်းနေကြောင်း သိနိုင်ပေသည်။

ရန်သူဘက်တွင် လူပေါင်းများစွာ ရှိနေပြီး သူတို့၏ ကျင့်ကြံသူအရေအတွက် ကွာခြားမှုသည် အလွန်ကြီးမားပေသည်။ လူသားဘိုးဘေးသည် ကျူးကျော်ရန် လူသားဘုံ၏အင်အားကို အကုန်သုံးခဲ့သည်။ ကျင့်ကြံသူများ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာနေသည်။ ထို့နောက် သူတို့သည် ကောင်းကင်အင်ပါယာမြို့တော်ကို ဖိနှိပ်ကာ မြို့တွင်းရှိ နေရာအနှံ့ကို တိုက်ခိုက်ကြသည်။ သူတို့ ဖြတ်သွားသောနေရာတိုင်းတွင် သွေးစွန်းခဲ့ပြီး သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။ ထိုမြင်ကွင်းသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။

စစ်မြေပြင်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လှပထည်ဝါသူတစ်ယောက် ရှိနေ၏။ သူမသည် အသက်သစ်ပင်ကဲ့သို့ ဖြစ်နေပြီး သူမ၏ခန္ဓာကိုယ်မှနေ၍ မရေမတွက်နိုင်သော အကိုင်းအခက်များ၊ အရွက်များ ဖြာထွက်နေ၏။ သူမသည် လွန်စွာစွမ်းအားကြီးသော အသက်စွမ်းအား ပိုင်ဆိုင်ထားပေသည်။ တစ်စုံတစ်ယောက် ဒဏ်ရာရသွားတိုင်း အသက်စွမ်းအားသည် ထိုဒဏ်ရာရနေသူပေါ် ကျဆင်းသွားကာ ထိုသူ၏ အသက်စွမ်းအင်ကို ပြန်ဖြည့်တင်းပေးနေသည်။ ထို့ကြောင့် အသက်များ ပြန်ရှင်သန်လာပြီး အရိုးများအပေါ်တွင် အသွေးအသားများ ပြန်ပြည့်ဖြိုးလာသည်။ သူတို့သည် ယင်းအသက်စွမ်းအားနှင့် အဆင့်တူသော သို့မဟုတ် ယင်းထက် ပို၍စွမ်းအားကြီးသော နတ်စွမ်းအားကြောင့် ဒဏ်ရာရသွားခြင်းမဟုတ်လျှင် သူတို့ကို ပြန်ကယ်နိုင်မည်ဖြစ်ပြီး သူတို့မသေသေးလျှင် ပြန်ကောင်းမွန်လာနိုင်သည်။

ယင်းမှာ အသက်စွမ်းအား၏ အံ့ချီးဖွယ်ကောင်းမှုဖြစ်သည်။

ထိုဝတ်စုံဖြူနှင့် အမျိုးသမီးမှာ ရှားရှင်းယွန်ဖြစ်သည်။ သူမသည် စစ်မြေပြင်တွင် လှည့်ပတ်သွားကာ ဒဏ်ရာရနေသည့် ကျင့်ကြံသူများကို အဆက်မပြတ် ကယ်တင်၊ ကုသပေးနေသည်။ သို့သော် ယင်းမှာ အသုံးမဝင်ပေ။ သူမတစ်ယောက်တည်းအင်အားဖြင့်ဆိုလျှင် သဲထဲရေသွန်သလိုသာ။ ထို့အပြင် အခြေအနေအများစုတွင် ကျင့်ကြံသူများသည် ချက်ချင်း အသတ်ခံလိုက်ရသဖြင့် သူတို့ကို ကယ်ရန် အခွင့်အရေးမရှိပေ။

တဖြည်းဖြည်းဖြင့် သူမ၏အဝတ်များတွင် သွေးစွန်းလာသည်။ စစ်မြေပြင်ကို ဖြတ်ကာ သွားလာနေသော ရှားရှင်းယွန်သည် အသက်၏ မခိုင်မြဲမှုကို ခံစားလာရပြီး ရင်ထဲတွင်လည်း နက်ရှိုင်းသောဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာလေသည်။

သူမသည်လည်း အင်ပါယာရှား၏ဘုံမှ မင်းသမီးဖြစ်သည်။ ထို့အပြင် သူမသည် တိုက်ပွဲများကို တွေ့ကြုံခဲ့ဖူးသည်။ သို့သော် ဤကဲ့သို့ ပြင်းထန်ရက်စက်သည့် စစ်ပွဲတစ်ပွဲကို ယခုမှ သူမ ပထမဆုံးအကြိမ် တွေ့ကြုံဖူးချင်းပင်။ ဤစစ်ပွဲသည် သန်းချီသောကျင့်ကြံသူများသည် တစ်ဘက်နှင့်တစ်ဘက် ကြောက်မက်ဖွယ် သတ်ဖြတ်ကြသော စစ်ပွဲတစ်ပွဲဖြစ်သည်။ ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ် ကောင်းလွန်း၏။

ရွှီး...

ရွှေလှံတစ်ချောင်းသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး ရှားရှင်းယွန်ကို တိုက်ခိုက်လိုက်သည်။ တစ်စုံတစ်ယောက်သည် ဒဏ်ရာရနေသူများကို ကုသပေးနေပြီး ထိုသူများ၏ တိုက်ခိုက်စွမ်းရည်ကို ရုတ်ခြည်းပြန်ဖြည့်တင်းပေးနေသည့် ရှားရှင်းယွန်ကို သတိပြုမိခဲ့ခြင်းပင်။

ထိုကဲ့သို့သော သူတစ်ယောက်ကို သတ်ပစ်ရပေမည်။

All Chapters