လူသားဘိုးဘေး၏ ကြောက်မက်ဖွယ်ကောင်းမှု
Vol. 206 Ch. 2937
မှော်နက်လောကတွင် လူသားဘုံနှင့် ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခု ရှိပေသည်။
ကောင်းကင်လမ်းစဉ် ပြိုပျက်သွားပြီးနောက်တွင် လူသားဘုံသည် ပြီးပြည့်စုံမှုအရှိဆုံးဘုံဟု လူသိများသည်။ လူသားဘိုးဘေး၏ အုပ်စိုးမှုအောက်တွင် လူသားဘုံသည် ငြိမ်းချမ်း၊ တည်ငြိမ်ခဲ့သည်။ လူသားဘုံမှ ကျင့်ကြံသူများသည်လည်း စွမ်းအားကြီးကြသည်။
သို့သော် ယခုတွင် လူသားဘုံမှ ကျင့်ကြံသူများသည် ကောင်းကင်ဘုံသို့ သွားကာ ကျူးကျော်စစ် ဆင်နွှဲနေကြသည်။
ထိုအချိန်တွင် လူသားဘုံရှိ မြို့တစ်မြို့တွင် လှပသောအမျိုးသမီးတစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုအမျိုးသမီးသည် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ခေါင်းအစ၊ ခြေအဆုံး တောက်ပနေသည်။ သူမသည် မှော်နက်လောကမှ အမျိုးသမီးဖြစ်ပေသည်။
ကံကြမ္မာဗုဒ္ဓသည် သူမ အမြဲသိလိုနေခဲ့သည့် အဖြေကို အရိပ်အမြွက်ပြောပြသွားခဲ့သည်။ ထို့ကြောင့် သူမသည် လူသားဘုံသို့ ရောက်လာခြင်းပင်။
သူမ၏အာရုံ လှုပ်ရှားသွားသောအခါ အောက်ဘက် မြို့အတွင်းမှ ပုံရိပ်များသည် သူမစိတ်အတွင်းသို့ ရောက်လာလေသည်။ လူသားဘုံသည် ကောင်းကင်ဘုံသို့ ကျူးကျော်ကာ ကောင်းကင်ဘုံတွင် စစ်မီးမွှေးခဲ့သည်။ သို့သော် လူသားဘုံမှ ဤမြို့တွင်မူ အေးချမ်းတိတ်ဆိတ်နေပြီး အပြင်ဘက်မှ ပရမ်းပတာအခြေအနေနှင့် သီးခြားဖြစ်နေစေလေသည်။
ကလန်တစ်ခုအတွင်းတွင် လူအနည်းငယ်သည် စကားပြောနေကြသည်။ မိန်းမပျိုလေးတစ်ယောက်က မေးလိုက်၏။
“ဆရာ.. အပြင်က စစ်ပွဲက ဘယ်လိုအခြေအနေရှိနေပြီလဲ။ ကျွန်မတို့ ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသကို သိမ်းပိုက်နိုင်ခဲ့ပြီလား”
“လူသားဘိုးဘေးက လူသားဘုံတစ်ခုလုံးရဲ့ အင်အားကို ဦးဆောင်ပြီး ဘုံခုနစ်ခုကို တိုက်ခိုက်ခဲ့တာပဲ။ ငါတို့ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ ငါတို့အတွက် ဒီစစ်ပွဲရဲ့ ရလဒ်က အောင်ပွဲပဲရှိတယ်”
သူမ၏ဆရာက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။ လူသားဘိုးဘေး အလိုရှိသည့်အရာမှန်သမျှ အမှန်ဖြစ်လာလိမ့်မည်ဟု ဆိုနေသကဲ့သို့ပင်။
“အင်း...”
မိန်းမပျိုလေးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သို့သော် သူမသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဆက်ပြောလိုက်၏။
“လူသားဘုံ စခဲ့တဲ့ ဒီစစ်ပွဲကြီးကြောင့် ကျင့်ကြံသူတွေ အများကြီး သေသွားနိုင်တယ်မလား။ ဒီစစ်ပွဲကြောင့် ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသက အပြစ်မရှိတဲ့သူတွေရော သေသွားမှာလား”
“အရူးမလေး...”
သူမ၏ဆရာသည် ရယ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“လူသားဘိုးဘေးက လောကကြီးရဲ့ တရားမျှတမှုအတွက် တိုက်ခိုက်နေတာပဲ။ အဲဒီတော့ အထိအခိုက်ကတော့ ရှိမှာပေါ့။ ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသကိုသာ သိမ်းပိုက်ပြီးရင် ဘုံခုနစ်ခုက စည်းလုံးသွားမှာ။ အဲဒီကျရင် လောကကြီးက လူသားဘိုးဘေးရဲ့ အုပ်ချုပ်မှုအောက်မှာ စည်ပင်တိုးတက်လာမှာပေါ့။ အဲဒီကျမှ လောကကြီးကို အတိတ်ကလို စည်ပင်ဝပြောလာအောင် ဦးဆောင်ပေးခဲ့တဲ့ လူသားဘိုးဘေးကို သူတို့တွေအကုန်လုံး ကျေးဇူးတင်ကြလိမ့်မယ်။ အဲဒါက မဟာလမ်းစဉ်ပဲ”
မိန်းမပျိုလေးသည် ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ ပြုံးကာ ပြောလိုက်၏။
“လူသားဘိုးဘေးက ဘုံခုနစ်ခုလုံးက သက်ရှိအကုန်လုံးကို ကယ်တင်ဖို့ တိုက်ခိုက်နေတာပဲ။ ဘုံခုနစ်ခုသာ စည်းလုံးသွားရင် လောကကြီးထဲက လူအကုန်လုံးက လူသားဘိုးဘေးကို ယုံကြည်လာလိမ့်မယ်။ ကံဆိုတာက ကျွန်မရဲ့ ကျင့်ကြံခြင်းက အဆင့်မမြင့်သေးလို့... မဟုတ်ရင် ကျွန်မလည်း စစ်တပ်နဲ့အတူ လူသားဘုံကိုသွားပြီး တိုက်ခိုက်မှာပဲ”
သူမတို့ သူမတို့ဘာသာ စကားပြောနေစဉ်တွင် သူတို့ဘေး၌ နောက်ထပ်လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူမတို့နှစ်ယောက်သည် အံ့အားသင့်သွားပြီး ရုတ်တရက်ကြီး ထွက်ပေါ်လာသော အမျိုးသမီးကို ကြည့်လိုက်ကြသည်။
အမျိုးသမီးသည် နားမလည်နိုင်သောမျက်နှာထားဖြင့် အနည်းငယ် မျက်မှောင်ကြုတ်ကာ စကားစမြည်ပြောနေသော သူမတို့ဆရာတပည့်ကို ကြည့်နေသည်ကို သူမတို့ မြင်လိုက်ရ၏။
“ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသမှာ ထုတ်ပြန်ထားတဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိနေပြီသားပဲ... ကောင်းကင်ဒေသက စည်းမျဉ်းတွေဆို ပိုတောင်အခြေခိုင်နေပြီ။ ကောင်းကင်ဒေသက အရှင်ဒွန်ဟောင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ငြိမ်းချမ်းပြီး စည်ပင်ဝပြောတယ်... လောကထဲက လူတွေ လမ်းစဉ်နဲ့ ကျင့်စဉ်တွေကို သွားရှာရတဲ့ နေရာတစ်ခုပဲ။ ဘာလို့ အဲဒီလိုနေရာတစ်ခုက ကယ်တင်ခံရဖို့ လိုမှာလဲ”
အလင်းလမ်းစဉ်မှ အမျိုးသမီးက ဆရာတပည့်နှစ်ယောက်ကို ကြည့်ကာ ဆက်ပြောလိုက်၏။
“သူတို့မှာ သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိနေပြီ။ လူသားဘုံရဲ့ ကျူးကျော်စစ်က အသက်တွေအများကြီး ဆုံးရှုံးစေတယ်... အဲဒါက ဘယ်လိုလုပ် တရားမျှတမှု ဖြစ်မှာလဲ”
“မင်းက ဘယ်သူလဲ”
အဘိုးအိုသည် အမျိုးသမီး၏မေးခွန်းကို ချက်ချင်းမဖြေဘဲ သူမကို သတိကြီးကြီးဖြင့် စိုက်ကြည့်၍ မေးလိုက်သည်။
“ကျွန်မရဲ့ မေးခွန်းကိုဖြေပါ”
အမျိုးသမီးက အေးစက်စက် ပြောလိုက်၏။ ထို့နောက် မမြင်နိုင်သော ဖိအားတစ်ခုထွက်ပေါ်လာပြီး ဆရာတပည့်နှစ်ယောက်ကို လွှမ်းခြုံသွားကာ သူတို့နှစ်ယောက်စလုံးကို မွန်းကျပ်သွားစေ၏။ မိန်းမပျိုက ပြန်ပြောလိုက်၏။
“ကောင်းကင်ဘုံက ရီဖူရှင်းနဲ့ ကောင်းကင်ဒေသက အရှင်ဒွန်ဟောင်တို့က ကိစ္စတစ်ခုကို လျှို့ဝှက်ကြံစည်နေတာ။ အဲဒီကိစ္စက လောကကြီးကို ဘေးအန္တရာယ်ဖြစ်စေမယ့်ကိစ္စ ဖြစ်မှာပေါ့။ လူသားဘိုးဘေးက တရားမျှတမှုရဖို့နဲ့ လောကကြီးရဲ့ စည်းမျဉ်းကို ပြန်ထိန်းသိမ်းဖို့ လုပ်ရတာပဲ။ အဲဒါကြောင့် အဲဒါက လောကကြီးရဲ့ တရားမျှတမှုပဲပေါ့”
အမျိုးသမီးသည် ထိုအဖြေကို ကြားလိုက်သောအခါ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ မိန်းမပျိုသည် မသိနားမလည်သည့် အရွယ်လည်း မဟုတ်တော့သလို ကျင့်ကြံခြင်းတွေလည်း မနူးမနပ်အဆင့် မဟုတ်ပေ။ သို့သော် သူမသည် အဘယ်သို့ ထိုမျှ အကြောင်းအကျိုးမဆီလျော်သည့် စကားမျိုးကို ပြောနိုင်ရသနည်း။
“ဒီတော့ လူသားဘိုးဘေးက အမှန်တရားဘက်မှာ ဖြစ်မှာပေါ့.. ဟုတ်တယ်မလား”
အမျိုးသမီး မေးလိုက်သည်။
“လူသားဘိုးဘေးက အမှန်တရားဘက်မှာပဲ”
မိန်းမပျိုက ပြန်ဖြေလိုက်သည်။
“မင်းက လူသားဘိုးဘေးကို စော်ကားနေတာလား”
အဘိုးအို၏ မျက်လုံးများ စူးရှလာသည်။ အမျိုးသမီးသည် ထိုဆရာတပည့်နှစ်ယောက်၏ တုံ့ပြန်မှုကို မြင်လိုက်သောအခါ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး ထွက်သွားသည်။ အမျိုးသမီးသည် သူတို့နှင့်ဆက်ပြောနေလျှင်လည်း အသုံးဝင်မည်မဟုတ်ဟု တွေးခဲ့ပုံပင်။ သူတို့သည် သူတို့၏ယုံကြည်မှုထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေကြသည်။ သူတို့ကို သူတို့၏ယုံကြည်မှုမှာ မှားနေကြောင်း ဖျောင်းဖျ၍လည်း ရမည်မဟုတ်ပေ။
မြို့ထဲရှိ အဓိကကလန်တစ်ခုထဲတွင် ကျင့်ကြံသူများစွာသည် ရိုးရာဓလေ့ပွဲတစ်ခုတွင် ပါဝင်နေကြသည်။
သူတို့၏ ကလန်ခေါင်းဆောင်သည် ကောင်းကင်ဘုံမှ တိုက်ပွဲတွင် သေဆုံးခဲ့သည်။
ကလန်တစ်ခုလုံး ပူဆွေးနေကြသည်။
“ကျုပ်တို့ရဲ့ ကလန်ခေါင်းဆောင်က လောကစည်းမျဉ်းအတွက်၊ ဘုံခုနစ်ကို စည်းလုံးစေဖို့အတွက်နဲ့ တရားမျှတမှုအတွက် တိုက်ခိုက်ဖို့ လူသားဘိုးဘေးရဲ့ ဆင့်ခေါ်ချက်ကို နာခံခဲ့တယ်။ အခု သူမရှိတော့ဘူး ဆိုပေမယ့် သူ့ရဲ့ စိတ်ဓာတ်ကတော့ ထာဝရ ရှင်သန်နေမှာပါ”
ထိုဝမ်းနည်းဖွယ် ကြေညာချက်သည် လူအုပ်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ အားလုံးသည် လေးနက်စွာ ကြည့်လိုက်ကြပြီး ဒူးထောက်၍ သေဆုံးသူကို နောက်ဆုံးအရိုအသေပေးလိုက်ကြသည်။
သူတို့သည် တိုက်ပွဲတွင် သေဆုံးသွားသူ၏ မျိုးဆက်များဖြစ်သည်။
သို့သော် သူတို့ ဂုဏ်ယူနေ၏။ ထိုကဲ့သို့သော အကြောင်းများအတွက် တိုက်ခိုက်ရင်း သေဆုံးသွားသော ထိုသူအတွက် သူတို့ ဂုဏ်ယူနေသကဲ့သို့ပင်။
“ကျုပ်လည်း ကောင်းကင်ဘုံကို သွားပြီး စစ်ထဲမှာ တိုက်ခိုက်ချင်တယ်”
တစ်စုံတစ်ယောက်က ပြောလိုက်၏။ အားလုံးက ထိုသို့ပြောလိုက်သူကို ကြည့်လိုက်ကြ၏။ လူတစ်ယောက်က မေးလိုက်သည်။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်သေးဘူး။ မင်းမသွားခင် နည်းနည်းလောက်ထပ်ပြီး မကျင့်ကြံချင်ဘူးလား”
“ကျုပ် ဒီစစ်ပွဲနဲ့ မလွဲချင်ဘူး။ နောက်ကျရင် ဒီလိုအခွင့်အရေးမျိုး မရတော့မှာ ကျုပ်စိုးမိတယ်”
ထိုသူက ပြန်ဖြေလိုက်သည်။ သူ၏အသံသည် တက်ကြွနေသည်။
အမျိုးသမီး၏ စိတ်ထဲတွင် ထိုပုံရိပ်အားလုံး ပေါ်နေသည်။ သူမ၏ နတ်အာရုံသည် တစ်မြို့လုံးကို လွှမ်းခြုံထားရာ မြို့အနှံ့တွင် ထိုကဲ့သို့သော အဖြစ်အပျက်များ ဖြစ်ပေါ်နေကြောင်း သူမ သိလိုက်ရ၏။ အချို့အဖြစ်အပျက်များသည် အထက်ပါအဖြစ်အပျက်ထက် ထူးဆန်းနေသည်။
လူသားဘုံမှ ကျင့်ကြံသူများတွင် နက်ရှိုင်းစွာအမြစ်တွယ်နေသော ယုံကြည်မှုရှိကြ၏။ ထိုယုံကြည်မှုမှာ သူတို့သည် လောကကြီး၏ တရားမျှတမှုနှင့် လောကစည်းမျဉ်းကို ပြန်ထိန်းသိမ်းရန်အတွက် တိုက်ခိုက်နေခြင်းဖြစ်သည်ဟူသော ယုံကြည်မှုပင်။ သူတို့သည် လူသားဘိုးဘေးကို အကြွင်းမဲ့ယုံကြည်ကြ၏။ ထိုယုံကြည်မှုကို ယိမ်းယိုင်သွားအောင် မလုပ်နိုင်ပေ။ တိုက်ပွဲတွင် သူတို့၏ ချစ်ခင်ရသူများ သေသွားလျှင်ပင် သူတို့၏အမုန်းတရားများသည် ကောင်းကင်ဘုံထံသို့ပင် ပုံကျသွားမည်ဖြစ်သည်။ ထို့အပြင် သူတို့သည် ဝမ်းနည်းမှုကိုလည်း သိပ်မခံစားရပေ။
အမျိုးသမီး၏ မျက်နှာထား ပြောင်းလဲသွား၏။ အစောက သူမထံတွင် ရှိနေခဲ့သော တည်ငြိမ်အေးဆေးမှုများ ပျောက်ကွယ်သွားပေပြီ။ ထိုအခိုက်တွင် သူမ၏စိတ်ထဲ၌ မရေမတွက်နိုင်သော ပုံရိပ်များထွက်ပေါ်လာပြီး အတိတ်သည် သူမ၏မျက်လုံးရှေ့တွင် ထင်ထင်ရှားရှား ပြန်အသက်ဝင်လာပေသည်။
သူမသည်လည်း ငယ်ရွယ်စဉ်က သူမ၏ကျင့်ကြံခြင်းခရီးတွင် လမ်းလွဲခဲ့ကာ အမှောင်ထုထဲတွင် နစ်မြုပ်သွားခဲ့သည်ကို သူမ ပြန်အမှတ်ရသွားသည်။ သူမသည် အရာအားလုံးကို စွန့်ပယ်ကာ မကောင်းမှုထဲတွင် ပိတ်မိနေခဲ့သည်။ ကျင့်ကြံခြင်းအတွက်ဟူသော အကြောင်းပြချက်အောက်တွင် သူမ၏ လူသားဆန်မှုကို ဆုံးရှုံးခဲ့သည်။ သူမ၏မိဘများ သူမ၏လက်ချက်ဖြင့် သေဆုံးခဲ့စဉ်က သူတို့၏ မျက်နှာထားများကို သူမ မည်သည့်အခါမှ မေ့မည်မဟုတ်ပေ။
သို့သော် ထိုစဉ်က သူမသည် ပူးကပ်ခံနေရသကဲ့သို့ပင်။ သူမသည် အမှောင်ထုထဲ ပို၍ နက်နက်ရှိုင်းရှိုင်းဝင်သွားပြီး မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမသည် လောကထဲရှိ အမှောင်ထုအားလုံးကို မြင်ခဲ့ပြီးကာ လောကငရဲကို တွေ့ကြုံခဲ့စားခဲ့ရပြီးဖြစ်သည်။
သို့ဖြင့် တစ်နေ့တွင် သူမသည် အမှောင်ထု၏ ဆရာသခင် ဖြစ်လာခဲ့လေသည်။
ယခု လူသားဘုံမှ ထိုအဖြစ်အပျက်အားလုံးသည် သူမ၏အဖြစ်အပျက်နှင့် ဆင်တူနေသည်ဟု သူမ ခံစားနေရသည်။ သို့သော် ထိုကျင့်ကြံသူများသည် တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် မဟုတ်ကြောင်း သူမ သိပေသည်။
သူမသည် ထိုနေရာမှ ပျောက်ကွယ်သွားကာ လူသားဘုံရှိ အခြားနေရာများသို့ ဆက်သွားလိုက်သည်။ အဖြစ်အပျက်များသည် နေရာတိုင်းတွင် အတူတူပင်ဖြစ်ကြောင်း သူမ သိလိုက်ရ၏။ သူမသည် ပို၍ပင် ပြင်းထန်သည့် အဖြစ်အပျက်များကို မြင်ခဲ့ရသည်။ တရားမျှတမှုကို ယုံကြည်သော လူသားဘုံမှ ထိုကျင့်ကြံသူများသည် ကျူးကျော်ခြင်းနှင့် သတ်ဖြတ်ခြင်းမှာ မှန်ကန်သောအရာများဖြစ်သည်ဟု ယူဆကာ ယင်းတို့သည် သူတို့၏ ဘဝတာဝန်ဖြစ်သည်ဟု မှတ်ယူနေကြသည်။
“လူသားဘိုးဘေး...”
ထိုအချိန်တွင် အမျိုးသမီးသည် ဟင်းလင်းပြင်ထဲတွင် ရပ်နေ၏။ သူမသည် သူမတစ်ကိုယ်လုံး အလွန်အေးစက်နေသည်ကိုသာ ခံစားနေရသည်။ ယခုတွင် သူမ၏ တည်ငြိမ်သော မျက်လုံးများထဲ၌ အမှောင်ထုနှင့် လွန်စွာထင်ရှားသည့် သတ်ဖြတ်လိုသည့်အရိပ်အယောင်သာ ရှိနေလေသည်။
သူမသည် လူသားဘိုးဘေးကို မည်သည့်အခါကမှ သဘောမကျခဲ့ပေ။ လူသားဘိုးဘေးသည် သူတော်ကောင်းယောင်ဆောင်နေသူတစ်ယောက် ဖြစ်သည်ဟု သူမတွေးခဲ့သည်။ သူမသည် လူသားဘိုးဘေးမှနေ၍ သူမဆရာ၏ အရိပ်ကို မြင်နိုင်ပေသည်။
ထိုအခိုက်တွင် သူမ မှန်နိုင်ကြောင်း သူမ ခံစားလိုက်ရ၏။ လူသားဘိုးဘေးသည် သူမ၏ဆရာနှင့် တူသူမဟုတ်ဘဲ အမှန်ပင် သူမ၏ဆရာ ဖြစ်နေနိုင်ပေသည်။
သူမကို အမှောင်ထုထဲသို့ ခေါ်ဆောင်သွားခဲ့သူမှာ လူသားဘိုးဘေး၏ ကိုယ်ပွားတစ်ယောက် ဖြစ်နိုင်လေသည်။
လူသားဘိုးဘေးတွင်သာ ထိုသို့သော စွမ်းရည်များ ရှိပေသည်။
ဂျွတ်...
သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူမထံမှနေ၍ ကြောက်မက်ဖွယ် အဖျက်ဝိညာဉ်စွမ်းအားတစ်ခု ထွက်လာသည်။ သို့သော် သူမသည် ယင်းစွမ်းအားကို ပြန်ဖိနှိပ်လိုက်သည်။ ယခု သူမခံစားနေရသည်မှာ မေ့မရနိုင်သည့် အမုန်းတရားတစ်ခုပင်။
လူသားဘိုးဘေးသည် လူသားဘုံတစ်ခွင်လုံးရှိ ကျင့်ကြံသူအားလုံး၏ အတွေးများနှင့် ခံစားချက်များအပေါ် လွှမ်းမိုးနိုင်ပေသည်။ သူသည် လွန်စွာကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ လူသားဘုံတစ်ခုလုံးသည် လုံးဝ သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်နေပေပြီ။