နတ်ဘုရားများ၏လောက
Vol. 206 Ch. 2938
လူသားနတ်ဘုရားနန်းတော်ထဲတွင် လက်တလော ငြိမ်းချမ်းနေသည်။ မည်သည့်ပဋိပက္ခ၊ မည်သည့် အနှောင့်အယှက်မှ ရှိမနေချေ။ အရာအားလုံးသည် အလွန် အေးချမ်းနေပြီး ဤလောကအပြင်မှ နေရာတစ်ခုကဲ့သို့ ထင်ရသည်။
နန်းတော်တစ်ခု၏အရှေ့တွင် လူသားဘိုးဘေးသည် ကလေးတစ်ယောက်နှင့် စကားပြောနေသည်။ ထိုမြင်ကွင်းသည် အေးချမ်းလှ၏။ လက်ရှိ ဘုံခုနစ်ခုတွင် ဖြစ်နေသော စစ်ပွဲဖြင့် ဆန့်ကျင်ဘက်ပင်။
ထိုအချိန်တွင် ကောင်းကင်မှနေ၍ အားကောင်းသော လှိုင်းတစ်ခု ကျဆင်းလာသည်။ လူသားဘိုးဘေးသည် ခေါင်းမော့၍ ကြည့်လိုက်ရာ လူသားနတ်ဘုရားနန်းတော်ထက်သို့ ကျဆင်းလာသော နတ်အလင်းတစ်ခုကို မြင်လိုက်ရ၏။ တစ်စုံတစ်ယောက်သည် သူ့ရှေ့သို့ တိုက်ရိုက်ဆင်းသက်လာလေသည်။
ရုတ်ခြည်းပင် လူသားဘိုးဘေးသည် ဘေးသို့ တိုးလိုက်ပြီး ရိုရိုသေသေ ဦးညွှတ်လိုက်၏။
နတ်အလင်း ကျလာရာနေရာတွင် ခံ့ညား၍ ထူးကဲသော လူငယ်တစ်ဦး ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း အကောင်အထည် ပေါ်လာပြီး မှုန်ဝါးဝါးအရိပ်မှနေ၍ သူထွက်လာလေသည်။ သူသည် အသွေးအသားခန္ဓာကိုယ်ရှိသည်ဟု မထင်ရပေ။
ကလေးသည် လူငယ်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပြီး အနည်းငယ် နားမလည်နိုင်ဟန်ဖြစ်နေသည်။ သူသည် လူသားဘိုးဘေးကို ဆက်ကြည့်လိုက်ပြီး အဘယ်ကြောင့် လူသားဘိုးဘေးက ထိုလူငယ်ကို တလေးတစား ဆက်ဆံနေရသနည်းဟု တွေးလိုက်သည်။ လူသားဘိုးဘေးသည် လူသားဘုံ၏ ဆရာသခင် မဟုတ်လော။
“ဆရာ...”
လူသားဘိုးဘေးက ဦးညွှတ်ကာ ခေါ်လိုက်သည်။ သူသည် လွန်စွာ ရိုရိုသေသေ ပြုမူနေ၏။ ထိုလူငယ်သည် လူသားဘုံ၏ ကိစ္စများနောက်ကွယ်မှ ဆရာသခင်အစစ်အမှန် ဖြစ်ပုံပေါ်သည်။
“ဆရာက ဘယ်သူပါလဲ”
ကလေးသည် လူငယ်ကိုကြည့်ကာ မေးလိုက်၏။
လူငယ်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဒြပ်ထည်ရှိလာပြီး သူသည် ကလေးကို သိမ်မွေ့စွာပြုံး၍ ကြည့်သည်။ သူ ပြောလိုက်၏။
“ငါက လူသားဘိုးဘေးပါ”
“လူသားဘိုးဘေး...”
ကလေးသည် လူငယ်ကို ကြည့်လိုက်ပြီးနောက် သူ့ဘေးရှိ အခြားလူသားဘိုးဘေးကို ဆက်ကြည့်ကာ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
“အဲဒါဆို သူက ဘယ်သူလဲ”
“သူကလည်း လူသားဘိုးဘေးပါပဲ”
လူငယ်က ပြန်ပြောလိုက်၏။
“လူသားဘိုးဘေးဆိုတာ တစ်ယောက်တည်း မဟုတ်ဘူး။ လူသားဘိုးဘေးတွေ အများကြီးရှိတယ်။ အဲဒါကြောင့်လည်း ငါတို့ကို လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေလို့ သတ်မှတ်ထားတာပဲ”
ကလေးက သူ၏ခေါင်းကို ကုတ်လိုက်ပြီး နားမလည်နိုင်ဖြစ်နေသေးသည်။ လူငယ်ပြောနေသော စကားများကို သူ လုံးဝနားမလည်နိုင်ပေ။
လူငယ်သည် ကလေးဆီလျှောက်သွားလိုက်ပြီး သူ၏ခေါင်းကို ပွတ်ပေးလိုက်သည်။ သူ ကိုယ်ကိုကိုင်းလိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“ငါ ငယ်ငယ်တုန်းက မင်းလိုပဲ... အနိုင်ကျင့်ခံခဲ့ရတဲ့ သာမန်လူတစ်ယောက်ပေါ့။ အဲဒီခေတ်က နတ်စွမ်းအားက အုပ်စိုးခဲ့တဲ့ခေတ်.. နတ်ဘုရားတွေက လောကစည်းမျဉ်းကို ထိန်းချုပ်ခဲ့တဲ့ ခေတ်ပဲ။ သေမျိုးတွေက ပိုးကောင်တွေလိုပဲ.. သူတို့က နတ်ဘုရားတွေကို မော်ကြည့်ရုံပဲ တတ်နိုင်ခဲ့တယ်...”
“နတ်ဘုရားခေတ်မှာ နတ်ဘုရားတွေကပဲ အထွတ်အထိပ်အာဏာကို ကိုင်ထားတယ်။ နတ်ဘုရားတွေ တိုက်ခိုက်ရင် ကောင်းကင်တောင် ပျက်စီးရပြီး လူတွေအများကြီး သေဆုံးရတယ်။ ငါရဲ့ မိဘတွေ၊ ဇနီးနဲ့ ကလေးတွေအကုန်လုံး ကံမကောင်းတဲ့ထဲပါပြီး သေသွားခဲ့တယ်။ ဒါပေမဲ့ သူတို့ သေသွားတာတောင် သနားမခံခဲ့ရဘူး။ ဘာလို့ဆို နတ်ဘုရားတွေက သေမျိုးတွေ သေတာကို ဂရုမစိုက်လို့ပဲ။ နတ်ဘုရားတွေရှေ့မှာ သေမျိုးတွေက မြေပေါ်က ပုရွက်ဆိတ်တွေလိုပဲ။ ဘယ်သူကမှ ပုရွက်ဆိတ်တွေကို တောင်းပန်မှာမဟုတ်သလို သူတို့ ပုရွက်ဆိတ်တွေကို လုပ်ခဲ့တာတွေအတွက် တန်ကြေးလည်း ပြန်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကံကောင်းတာက ကမ္ဘာဖျက်ကပ်ဘေးက နတ်ဘုရားတွေအကုန်လုံးကို ဖျက်ဆီးခဲ့တုန်းက နတ်ဘုရားတွေ သေသွားခဲ့တယ်။ စွမ်းအားကြီးတဲ့ နတ်ဘုရားတွေတောင် သေနိုင်တယ်...”
“အဲဒီခေတ်က အကြောက်တရားတွေ၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ခေတ်ပဲ။ အဲဒါက အဆိုးဆုံးခေတ်ပဲ။ ဒါပေမဲ့ အကောင်းဆုံးခေတ်လည်း ဖြစ်တယ်။ နတ်ဘုရားတွေအကုန်လုံး သေသွားရင် လောကထဲက အရာအားလုံး အသစ်ပြန်ဖြစ်တည်လာလိမ့်မယ်။ နတ်ဘုရားတွေမရှိရင် လောကကြီးက သေမျိုးတွေကို အာရုံစိုက်လာလိမ့်မယ်”
လူငယ်က တည်ငြိမ်စွာ ပြောလိုက်၏။ သူသည် ရှေးခေတ်မှ ဇာတ်ကြောင်းတစ်ခုကို ပြန်ပြောနေသကဲ့သို့ပင်။
နတ်ဘုရားတွေက ဘာမှ မဟုတ်ဘူး။ သူတို့က စွမ်းအားကြီးတဲ့ အင်အားစုတွေကို ထိန်းချုပ်တဲ့ သေမျိုးတွေပဲ။ သူတို့လည်း သေနိုင်တယ်။ သူတို့က တခြားသူတွေလိုပဲ ခံစားချက်တွေရှိတယ်။ သူတို့က သေမျိုးတွေလိုပဲ တွေးတယ်။ ဒီတော့ သေမျိုးတွေက နတ်ဘုရားတွေပဲ.. လူတိုင်း နတ်ဘုရား ဖြစ်နိုင်တယ်”
“ကျုပ်ရော အဲဒီလိုလုပ်နိုင်မှာလား”
ကလေးက အပြစ်ကင်းစွာ မေးလိုက်သည်။ သူသည် လူငယ်ကို မျှော်လင့်ချက်မျက်ဝန်းများဖြင့် ကြည့်နေသည်။
“ဒါပေါ့”
လူငယ်က ခေါင်းညိတ်လိုက်သည်။
“နတ်ဘုရားတွေနဲ့ လူသားတွေ၊ နတ်ဘုရားတွေနဲ့ သေမျိုးတွေက အတူတူပဲ”
သူသည် ထိုသို့ ပြောပြီးနောက် လက်ကိုဆန့်တန်းလိုက်၏။ သူ၏လက်ဖဝါးပေါ်တွင် ရေတစ်စက် ရှိနေသည်။ သူမေးလိုက်၏။
“ဒါကဘာလဲ”
“ရေတစ်စက်ပါ”
ကလေးက ပြန်ဖြေလိုက်သည်။
ရေစက်သည် လေထဲသို့ ပျံတက်သွား၏။ ထိုရေစက်လေးထဲတွင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ဖြစ်ပေါ်လာပြီး ရေစက်သည် စတင် လည်ပတ်လာသည်။ ထို့နောက် ၎င်းသည် လေထုကို ဖြတ်ကာ ပျံသန်းသွားပြီး အဝေးသို့ ရောက်သွားကာ ရုတ်ခြည်း ကွဲအက်ပျက်စီးသွားပြီး အမှုန့်ဖြစ်သွားသည်။
“ကြည့်လိုက်... ရေစက်တစ်စက်မှာတောင် မယုံနိုင်လောက်တဲ့ စွမ်းအား ရှိတယ်။ ဒါပေမဲ့ အဲဒါရဲ့ အနှစ်သာရက ရေပဲ ဖြစ်နေတုန်းပဲ”
လူငယ်သည် ကလေးကို ကြည့်၍ ဆက်ပြောလိုက်၏။
“လူတွေမှာလည်း အတူတူပဲ။ သေမျိုးတွေနဲ့ နတ်ဘုရားတွေကြားမှာ ကွဲပြားချက် မရှိဘူး။ သူတို့တွေက အတူတူပဲ။ မင်း နားလည်လား”
ကလေးက ခေါင်းခါလိုက်သည်။
လူငယ်သည် ပြုံးလိုက်ပြီး ကလေး၏ခေါင်းကို ထပ်မံပွတ်သပ်ပေးလိုက်သည်။ သူ ပြန်မတ်မတ်ရပ်လိုက်ပြီး ဆက်ပြောလိုက်၏။
“မင်း နားမလည်လည်း ကိစ္စမရှိပါဘူး။ လောကထဲက လူတိုင်းက တုံးအပြီး အသိဉာဏ်မဲ့ကြတယ်။ ဘာလို့ဆို သူတို့ကို သူတို့ရဲ့ ခံစားချက်တွေနဲ့ အလိုဆန္ဒတွေက ထိန်းချုပ်ထားလို့ပဲ။ သူတို့က သူတို့ရဲ့ အနှောင်အဖွဲ့တွေကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီလောကကြီးကို ပြန်ပြုပြင်ဖို့ လိုနေတာပဲ”
“ဒါပေမဲ့ ဘယ်လို ပြန်ပြုပြင်မှာလဲ”
ကလေးက လူငယ်ကို စိုက်ကြည့်၍ မေးလိုက်သည်။ သူ၏မျက်လုံးများသည် အပြစ်ကင်းပေသည်။
လူငယ်သည် ကလေးကို ပြုံး၍ ငုံ့ကြည့်ကာ ပြောလိုက်၏။
“နတ်ဘုရားတွေရဲ့ လောကတစ်ခုကို ဖန်တီးမှာ”
“နတ်ဘုရားတွေရဲ့ လောက...”
ကလေးက ရေရွတ်လိုက်သည်။ နတ်ဘုရားများ၏ လောကသည် မည်သို့သော လောကတစ်ခုဖြစ်မည်နည်း။
သို့သော် ထို့နောက်တွင် သူ အတွေးကို ရပ်လိုက်သည်။ လူငယ်၏ခန္ဓာကိုယ်သည် တောက်ပသော အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ဝင်သွားသည်။ ကလေး၏မျက်လုံးများထဲတွင် နာကျင်သည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး သူ၏မျက်နှာ ရှုံ့တွသွားသည်။ သူသည် သူ့အရှေ့ရှိ ဝေဝေဝါးဝါး ပုံရိပ်ကိုကြည့်လိုက်ပြီး တစ်စုံတစ်ခုကို အော်ပြောရန် ကြိုးစားနေသည်။ သူ၏မျက်လုံးများထဲတွင် အကြောက်တရားရှိနေပြီး မျက်ရည်များ စီးကျလာသည်။ သူသည် တုန်ယင်နေသော လက်ကို ရှေ့သို့ဆန့်၍ တစ်စုံတစ်ခုကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ မလုပ်နိုင်ခဲ့ပေ။
မကြာခင်မှာပင် နတ်အလင်းသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ကလေး၏မျက်လုံးအကြည့်များ ပြောင်းလဲသွား၏။ ထိုအကြည့်သည် အေးစက်နေပြီး အရာအားလုံးကို အထင်သေးသည့် အငွေ့အသက်တစ်ခုလည်း ပါနေသည်။ သူ၏မျက်လုံးများထဲတွင် မည်သည့်ခံစားချက်မှ မရှိပေ။
ထို့နောက်တွင် သူသည် သူ့လက်ကို အနည်းငယ် လှုပ်ယမ်းကာ ကြည့်သည်။ သူသည် ကျေနပ်နေပုံပေါ်၏။
“အဆင်ပြေတယ်”
သူသည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ဂုဏ်ပြုပါတယ် ဆရာ”
သူ့ဘေးမှ လူသားဘိုးဘေးက ပြောလိုက်၏။
“ငါက မင်းနဲ့အတူတူပါပဲ”
ကလေးက ပြောလိုက်၏။ လူသားဘိုးဘေးသည် သူ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။
****
ထိုအခိုက်တွင် လူသားနတ်ဘုရားနန်းတော်သည် ငြိမ်းချမ်းကာ လိုက်လျောညီထွေ ရှိနေသော်လည်း ဘုံခုနစ်ခုတွင် ဖြစ်ပွားနေသော စစ်ပွဲသည် ပို၍ပင် ပြင်းထန်လာသည်။ ထိုစစ်ပွဲသည် ဘုံခုနစ်ခုလုံးကို မယုံနိုင်ဖွယ် အလျင်ဖြင့် ပျံ့နှံ့သွားသည်။ လက်ရှိတွင် စစ်ပွဲတွင် ပါဝင်ရန် ကုန်းမြေများကို ဖြတ်၍ သွားနေကြသော ကျင့်ကြံသူတန်းကြီး ရှိနေပေသေးသည်။
အနောက်ဘက်ကောင်းကင်၏ ဗုဒ္ဓလောကတွင် မယုံနိုင်လောက်အောင် တိုက်ပွဲများ ပြင်းထန်နေသည်။ မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့၏ ပူးပေါင်းအင်အားစုများသည် ဗုဒ္ဓလောကတစ်ခွင်တွင် တိုက်ခိုက်နေကြသည်။ ထိုတိုက်ပွဲများသည် လွန်စွာတန်ကြေးကြီးပြီး ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများ၏ သန့်စင်သောနယ်မြေကို သွေးစွန်းစေနေသည်။ ကုန်းမြေနေရာအနှံ့တွင် ဗုဒ္ဓကျမ်းစာ ရွတ်ဆိုသံများကို ကြားနေရသည်။ သူတို့သည် သေဆုံးသွားသူများကို ဒုက္ခမှလွတ်အောင် ကြိုးစားပေးနေသကဲ့သို့ပင်။
သို့သော် စစ်ပွဲ အပြင်းထန်ဆုံးအချိန်သို့ ရောက်လာသောအခါ တုန်လှုပ်ဖွယ် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။ ဗုဒ္ဓလောကသို့ ကျူးကျော်နေသော မှော်နက်လောကမှ စစ်တပ်သည် ရုတ်တရက် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများကို တိုက်ခိုက်ခြင်း ရပ်လိုက်သည်။ ယခုတွင် သူတို့သည် ဗလာနတ္တိဘုံမှ ကျင့်ကြံသူများကို တိုက်ခိုက်လိုက်ကြသည်။ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ထိုကျင့်ကြံသူများသည် အလစ်အငိုက် မိသွားကြသည်။ သူတို့သည် သူတို့ဘာဖြစ်သွားကြောင်းကိုပင် မသိလိုက်ရချေ။
ဗုဒ္ဓလောကမှ ကျင့်ကြံသူများသည်လည်း အံ့အားသင့်သွားကြပြီး မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ဖြစ်သွားကြသည်။ အဘယ်ကြောင့် မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့သည် ရုတ်တရက် အချင်းချင်း ပြန်တိုက်ခိုက်ရသနည်း။
ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူများသည် တဒင်္ဂမျှ မှင်တက်ကာ မတုံ့ပြန်နိုင်ဖြစ်သွားကြသည်။ သူတို့သည် ဘေးမှရပ်ကာ ကြည့်နေကြပြီး ရန်သူများ အချင်းချင်း ပြန်တိုက်ခွင့် ပြုထားလိုက်သည်။
မကြာခင်မှာပင် အနောက်ဘက် ဗုဒ္ဓလောက၏ စစ်မြေပြင်တွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်လာလေသည်။ မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့ အချင်းချင်း ပြန်တိုက်ခိုက်မှုကြောင့် ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူများသည် ထိုလောကနှစ်ခု၏ အင်အားကို စတင်လျှော့ချလာနိုင်ခဲ့သည်။ ထို့ကြောင့် ယခုတွင် စစ်ပွဲသည် သုံးဘက်ကွဲနေသော ပရမ်းပတာစစ်ပွဲအဖြစ် ပြောင်းလဲသွား၏။
သို့သော် ဗုဒ္ဓလောက၏ အဓိကစစ်မြေပြင်တွင်မူ အနောက်ဘက်ဗုဒ္ဓလောကသည် အကြွင်းမဲ့ အသာစီးရထားဆဲဖြစ်ပြီး အခြားလောကနှစ်ခုမှ ကျင့်ကြံသူများကို မပြတ် ရှုံးနိမ့်နေစေကာ ပြန်ဆုတ်သွားအောင် ဖိအားပေးနိုင်နေသည်။ အခြေအနေများသာ ဤသို့ဆက်သွားနေပါက မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့သည် စစ်မြေပြင်တွင် လုံးဝ ရှုံးနိမ့်သွားတော့မည်ဖြစ်သည်။
ထို့ကြောင့် မိစ္ဆာအင်ပါယာကိုယ်တိုင် မှော်နက်တောင်ကုန်းသို့ သွားခဲ့လေသည်။