← Chapters

ရူးသွပ်မှု

Vol. 206 Ch. 2939

ရူးသွပ်မှု

Vol. 206 Ch. 2939

မိစ္ဆာအင်ပါယာသည် မှော်နက်အရှင်နှင့်တွေ့ရန် မှော်နက်နန်းတော်သို့ လာခဲ့သည်။

“ဘာလို့ ကျုပ်ကို သစ္စာဖောက်ရတာလဲ”

မိစ္ဆာအင်ပါယာက မှော်နက်အရှင်ကို ဗြုန်းစားကြီး မေးလိုက်သည်။

“မိစ္ဆာအင်ပါယာ.. ခင်ဗျား လူသားဘိုးဘေးရဲ့ အကြောင်းအမှန်ကို သိလား”

မှော်နက်အရှင်က မေးလိုက်၏။

“အဲဒါက အရေးမကြီးဘူး”

မိစ္ဆာအင်ပါယာက မေးခွန်းကို အမှုမထားသလို လုပ်လိုက်သည်။

“မဟုတ်ဘူး... အဲဒါက အရေးကြီးတယ်”

မှော်နက်အရှင်သည် မိစ္ဆာအင်ပါယာကို ကြည့်လိုက်ပြီး သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ခံစားချက်ကင်းမဲ့နေသော မျက်နှာကို ထုတ်ပြလိုက်သည်။ မိစ္ဆာအင်ပါယာသည် အံ့အားသင့်သွားပုံ မပေါ်ပေ။ သူသည် မျက်နှာထားသည် ယခင်ကကဲ့သို့ပင် ဆက်ရှိနေသည်။

“ကျွန်မက ဘယ်လိုမျိုး အမှောင်ထုရဲ့ အရှင်သခင် ဖြစ်လာလည်းဆိုတာ ရှင်သိလား”

မှော်နက်အရှင်က မိစ္ဆာအင်ပါယာကိုကြည့်၍ ဆက်ပြောလိုက်၏။

“တစ်ချိန်တုန်းက ကျွန်မကလည်း တခြား ရိုးအတဲ့သူတွေလို သာမန်ပဲ။ ဒါပေမဲ့ လူတစ်ယောက် ထွက်ပေါ်လာပြီးတဲ့နောက် အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ သူက ကျွန်မကို ကျင့်ကြံခြင်းသင်ပေးခဲ့ပြီး အမှောင်ထုလမ်းစဉ်အပေါ် ‌ဦးဆောင်ခေါ်သွားခဲ့တယ်။ သူက ကျွန်မကို ဒီလောကရဲ့ အရက်စက်ဆုံး၊ အမှောင်မိုက်ဆုံးအပိုင်းနဲ့ ရင်ဆိုင်စေခဲ့တယ်။ အဲဒီလို တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီး ကျွန်မက လက်ရှိမှော်နက်လောကရဲ့ ဆရာသခင်ဖြစ်လာခဲ့တာပဲ”

“အဲဒါက မင်းက တစ်လောကလုံးက မကောင်းဘူးလို့တွေးပြီး ပျက်သုဉ်းခြင်းကို လိုချင်ခဲ့တာလား”

မိစ္ဆာအင်ပါယာက ပြောလိုက်၏။

“ဟုတ်တယ်”

မှော်နက်အရှင် ခေါင်းညိတ်လိုက်သည်။

“ဒီ ညစ်ညမ်းနေတဲ့အမှောင်လောကထဲမှာ အရာအားလုံး ပျက်သုဉ်းပြီးသွားမှ အရုဏ်အလင်း ထွက်ပေါ်လာမှာပဲ”

“မင်းရဲ့အတွေးကို နားလည်ပေးနိုင်ပါတယ်”

မိစ္ဆာအင်ပါယာက ခေါင်းညိတ်လိုက်သည်။

“နဂါးသတ်သမားတစ်ယောက်က တဖြည်းဖြည်းနဲ့ မိစ္ဆာနဂါးတစ်ကောင် ဖြစ်လာမှာပဲ။ မင်းကို သင်ပေးခဲ့တဲ့ဆရာကလည်း အတူတူပဲ ထင်တယ်။ သူကလည်း အမှောင်ထုကို တွေ့ကြုံခဲ့ရလို့ လောကကြီးကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပြီး မင်းကို အမှောင်ထုဆီ တွန်းပို့ခဲ့တာပဲ”

“သူက လူသားဘိုးဘေး ဖြစ်နိုင်ချေ များတယ်”

မှော်နက်အရှင်က မိစ္ဆာအင်ပါယာကို ပြောလိုက်၏။ မိစ္ဆာအင်ပါယာသည် ထိုစကားများကို ကြားသောအခါ ခေတ္တမျှ နှုတ်ဆိတ်သွားသည်။ သို့သော် မကြာခင်မှာပင် သူပြောလိုက်၏။

“လောကထဲက အရာအားလုံးက ဖြည်းဖြည်းချင်း အခြေတည်သွားပြီး ပြောင်းလဲလို့ ရမှာမဟုတ်ဘူး။ အခု သူကလည်း မင်းရဲ့ လောကကြီးထဲကို အမှောင်ထု ဆောင်ကျဉ်းလာချင်တဲ့ ဆန္ဒကို သိသွားလောက်ပြီ”

“မဟုတ်ဘူး... အဲဒါက ကျွန်မလိုချင်တာ မဟုတ်ဘူး”

“အဲဒါဆို မင်းလိုချင်တာက ဘာလဲ”

မိစ္ဆာအင်ပါယာက သူမကို မေးလိုက်၏။ မှော်နက်အရှင်သည် ထိုမေးခွန်းကြောင့် တွေဝေသွားသည်။ သူမ အလိုရှိသည်မှာ အဘယ်နည်း။

ဤမတိုင်ခင်က သူမ၏ရည်မှန်းချက်သည် လောကကြီးကို အမှောင်ထဲဖြင့် ဖုံးလွှမ်းရန်ဟူ၍ ရှင်းရှင်းလင်းလင်း၊ ခိုင်ခိုင်မာမာ ရှိခဲ့သည်။

သို့သော် ယခုအတွင် အဘယ်ကြောင့် သူမ မသေချာနိုင် ဖြစ်နေရသနည်း။

“မင်းက လက်စားချေချင်တာလား”

မိစ္ဆာအင်ပါယာက သူမကို ကြည့်လိုက်၏။

“မင်းက အမှန်တရားကို သိသွားလို့ နှစ်ပေါင်းများစွာ မင်းကိုင်ဆွဲလာခဲ့တဲ့ ယုံကြည်ချက်က စပြီးယိမ်းယိုင်လာတာပဲ။ အဲဒီအခါကျ  မင်း ဘာလိုချင်တယ်ဆိုတာတောင် မင်းသိတော့မှာ မဟုတ်ဘူး။ တကယ်လို့ မင်းသာ မင်းရဲ့အရင်က ဆန္ဒအတိုင်း ဆက်လုပ်မယ်ဆို မင်းရန်သူရဲ့ ဆန္ဒအတိုင်း လိုက်လုပ်သလို ဖြစ်နေမယ်။ ဒီ‌တော့ အခု မင်းက မရေမရာဖြစ်ပြီး ရင်ထဲမှာ လွန်ဆွဲနေရတာ”

မှော်နက်အရှင်သည် မိစ္ဆာအင်ပါယာ၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။ ထိုမိစ္ဆာမျက်လုံးများသည် အမှန်တရားကို ဖောက်မြင်ရသကဲ့သို့ပင်။ ထို့နောက် သူမ ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဟုတ်တယ်”

အမှန်ပင် သူမ မဝေခွဲနိုင် ဖြစ်နေသည်။

“အရမ်းနောက်ကျသွားပြီ”

မိစ္ဆာအင်ပါယာက မှော်နက်အရှင်ကို ကြည့်ကာ ပြောလိုက်၏။

“အရာအားလုံး အခြေတည်သွားပြီ... လောကထဲက အရာအားလုံးက ကြိုတင်သတ်မှတ်ထားတဲ့ဟာတွေပဲ။ အဲဒါကို မပြောင်းလဲနိုင်မှတော့ ဘာလို့ မျှောလိုက်မသွားဘဲနေမှာလဲ”

“ရှင်က ဗလာနတ္တိဘုံရဲ့ မိစ္ဆာအင်ပါယာမှ ဟုတ်သေးရဲ့လား”

မှော်နက်အရှင်က မိစ္ဆာအင်ပါယာကိုကြည့်၍ ‌မေးလိုက်သည်။

“မင်းကရော လောကကြီးကို ဖျက်ဆီးချင်တဲ့ အမှောင်ထုရဲ့ အရှင်သခင် ဟုတ်သေးရဲ့လား”

မိစ္ဆာအင်ပါယာက ပြန်တုံ့ပြန်လိုက်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး မမြင်နိုင်သော ဖိအားတစ်ခုက လောကကို လွှမ်းခြုံသွားသည်။ မှော်နက်နန်းတော်တစ်ခွင်လုံးရှိ ကျင့်ကြံသူအားလုံးသည် မွန်းကျပ်ဖွယ်ဖိအားကို ခံစားလိုက်ရ၏။

“ကောင်းကင်လမ်းစဉ် ပြိုပျက်သွားတဲ့ခေတ်တုန်းက နတ်ဘုရားတွေ သေဆုံးသွားခဲ့တယ်။ လောကထဲက လူတွေအများကြီးလည်း သေဆုံးသွားတယ်။ အခု ခေတ်က သူ့ဘာသာ တကျော့ပြန်လာတဲ့ပုံပဲ။ ဒါပေမဲ့ အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ မှော်နက်လောက,က ကျင့်ကြံသူတွေဖြစ်ဖြစ်၊ ဗလာနတ္တိဘုံက ကျင့်ကြံသူတွေဖြစ်ဖြစ် ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ မင်းပဲဖြစ်ဖြစ်၊ ငါပဲဖြစ်ဖြစ် ငါတို့အားလုံးမှာ အသက်ရှင်နိုင်တဲ့ အခွင့်အရေးရှိတယ်”

မိစ္ဆာအင်ပါယာသည် မှော်နက်အရှင်ကို ဆက်၍ အာရုံစိုက်ထားသည်။

သူ၏အတွေးသည် ရိုးရှင်းပေသည်။ သူသည် ဤအန္တရာယ်များသောခေတ်တွင် ဆက်၍ အသက်ရှင်လိုပေသည်။ သူသည် ဗလာနတ္တိဘုံမှ ကျင့်ကြံသူများ အသက်ရှင်သည်ကိုလည်း မြင်ချင်သည်။ မျှခြေသည် ပျက်စီးသွားခဲ့ပြီဖြစ်ပြီး စစ်ပွဲကို ရှောင်လွှဲ၍ မရတော့ပေ။ ထို့ကြောင့် သူသည် ခေတ်ရေစီးအတိုင်း မျှောလိုက်သွားရမည်ဖြစ်သည်။

အသက်ဆက်ရှင်သန်နေမှ ပို၍မြင့်သောအဆင့်သို့ ရောက်နိုင်ရန် အခွင့်အရေးရှိမည်ဖြစ်ပြီး လူသားဘိုးဘေးကိုပင် ခြိမ်းခြောက်နိုင်သည်အထိ အင်အားကြီးလာမည်ဖြစ်သည်။

သို့သော် လက်ရှိတွင် သူသည် ပြန်မတိုက်ခိုက်နိုင်သေးချေ။

သူသည် အင်ပါယာခြောက်ပါးထဲမှ တစ်ပါးဖြစ်သဖြင့် ထိပ်တွင် ရပ်တည်နိုင်သူတစ်ယောက် ဖြစ်သော်လည်း အမှန်တရားကို အရှိအတိုင်း ရင်ဆိုင်ရမည်ဖြစ်သည်။ နတ်ဘုရားများ ပြန်ရှင်သန်လာသောအခါ အင်ပါယာခြောက်ပါးခေတ်သည် သမိုင်းတစ်ခုဖြစ်သွားပြီဖြစ်ကြောင်း သူသိခဲ့သည်။

“ဒီတော့...”

မှော်နက်အရှင်က မိစ္ဆာအင်ပါယာကိုကြည့်ကာ မေးလိုက်သည်။

“မင်းရဲ့အမိန့်က ဗလာနတ္တိဘုံက ကျင့်ကြံသူတွေကို အသက်ဆုံးရှုံးစေခဲ့တယ်။ ဒီနေ့တိုက်ပွဲမှာ ငါ ဘယ်သူ့ရဲ့အသက်ကိုမှ ထပ်ရင်းမှာ မဟုတ်ဘူး”

မိစ္ဆာအင်ပါယာက ပြောလိုက်၏။ သူသည် သူရှိနေသောနေရာမှ ပျောက်ကွယ်သွားသည်။

မှော်နက်အရှင်သည် အထက်သို့ မော့ကြည့်လိုက်ပြီး အပြင်သို့ထွက်ကာ ဟင်းလင်းပြင်ဆီသို့ ဦးတည်သွားလိုက်သည်။

ခေတ္တကြာပြီးနောက် မှော်နက်နန်းတော်အထက်ရှိ ကောင်းကင်သည် မြည်ဟည်းလာပြီး ဟင်းလင်းပြင်သည် ကွဲပျက်သွားသည်ဟု ထင်လိုက်ရလေသည်။ ကြောက်မက်ဖွယ် နတ်စွမ်းအားတစ်ခုသည် မှော်နက်လောကကို တုန်ခါသွားစေပြီး မြေအောက်လောက၏ ပင်လယ်ကို မြည်ဟည်းလာစေသည်။

****

လူသားဘုံရှိ ကုန်းမြေအားလုံးပေါ်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ခေါင်းမော့လိုက်ကြသည်။

ကောင်းကင်ထက်တွင် ဧရာမမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်ကို သူတို့ မြင်လိုက်ရ၏။ ထိုမျက်နှာသည် လူသားဘိုးဘေး၏ မျက်နှာပင်။

“အရှင် လူသားဘိုးဘေး”

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူ့ကို ဦးညွှတ် အရိုအသေပြုလိုက်ကြပြီး စိတ်အားထက်သန်သော ယုံကြည်မှုကို ပြသလိုက်သည်။

လူသားဘိုးဘေး၏ မျက်နှာသည် လောကအတွင်းမှ လူများကို ကြည့်လိုက်ပြီး ပြောလိုက်၏။

“ကျုပ် ဒီနေ့ကို စောင့်နေခဲ့တာ ကြာခဲ့ပြီ။ ဒါပေမဲ့ တခြားသူတွေက ကျုပ်ကို တားခဲ့ကြတယ်။ အခု နောက်ဆုံးတော့ ကျုပ်ပြန်လာခဲ့ပြီ။ ဒီမတိုင်ခင်ကတည်းက လူသားဘုံက လူတွေက ဘုံခုနစ်ခုကို သွားခဲ့ကြပြီ.. သူတို့က တရားမျှတမှုအတွက် တိုက်ပွဲကို ဦး‌ဆောင်ပြီး ဘုံခုနစ်ခုကို စုစည်းဖို့ တိုက်ခိုက်နေကြတယ်။ အခု မင်းတို့အလှည့်ကျပြီ”

သူ၏အသံ ထွက်ပေါ်လာသောအခါ ကောင်းကင်မှနေ၍ နတ်အလင်း ကျဆင်းလာ၏။ မရေမတွက်နိုင်သော နတ်အလင်းတန်းများသည် လူများ‌‌ပေါ်သို့ ကျလာသည်။ ထိုအခိုက်တွင် လူသားဘုံမှ ကျင့်ကြံသူအားလုံးသည် ထိုနတ်အလင်းအောက်တွင် ရှိနေကြသည်။ သူတို့၏ မျက်လုံးများသည် ပို၍ပင် သွေးရူးသွေးတန်းဖြစ်လာကြပြီး မဖော်ပြနိုင်လောက်သော ရိုသေကျိုးနွံမှု ရှိနေလေသည်။

ပို၍ အရေးကြီးသည်မှာ သူတို့သည် စွမ်းအားကို ခံစားလိုက်ရပြီး သူတို့ပိုင်ဆိုင်ထားပြီးသော စွမ်းရည်များ တိုးပွားလာသည်ကို ခံစားနေရခြင်းပင်။ ကျဆင်းလာသော နတ်အလင်းသည် သူတို့ကို အင်အားပေးနေသည်။

“ဒီခေတ်က ခေတ်သစ်တစ်ခေတ်ဖြစ်လိမ့်မယ်... နတ်ဘုရားတွေရဲ့ ခေတ်ပဲ။ ဘုံခုနစ်ခုကို စုစည်းပြီးရင် ကျုပ်က လောကကို ကောင်းချီးပေးပြီး ကျုပ်ရဲ့လူတွေကို နတ်ဘုရားတွေ ဖြစ်လာနိုင်မယ့် အခွင့်အရေးပေးမယ်။ အဲဒီအခါကျရင် မင်းတို့က သေမျိုးတွေ ဖြစ်နေရင်တောင် နတ်ဘုရားတွေနဲ့ ပခုံးချင်း ယှဉ်နိုင်လာမှာပဲ”

လူသားဘိုးဘေးက ဆက်ပြောလိုက်၏။ ထိုအခိုက်တွင် မည်သူမှ သူ၏စကားများကို သံသယမဖြစ်ပေ။ သူတို့၏ ယုံကြည်မှုသည် ခိုင်မာနေသည်။ သူတို့အားလုံးသည် အော်ဟစ် အားပေးလိုက်ကြသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအားတစ်ခုသည် လူများအပေါ် ကျဆင်းလာလေသည်။ ရုတ်တရက် သူတို့သည် သူတို့မှာ နတ်ဘုရားများ၏ ကိုယ်ပွားများဖြစ်သည်ဟု ခံစားလိုက်ကြရသည်။ လူသားဘိုးဘေးပြောသကဲ့သို့ပင် သူတို့သည် သေမျိုးများဖြစ်လျှင်ပင် နတ်ဘုရားများနှင့် ပခုံးချင်းယှဉ်နိုင်ပေလိမ့်မည်။

ကွဲပြားသော နေရာများသို့ ဦးတည်သော အာကာသလမ်းကြောင်းများစွာ ထွက်ပေါ်လာ၏။

“သွားကြ.... ဘုံခုနစ်ခုနဲ့ မူလဘုံက ကျုပ်တို့ရဲ့ အပိုင်ဖြစ်လာမှာပဲ။ အခုက အကောင်းဆုံးအချိန်ပဲ”

လူသားဘိုးဘေး၏ အသံသည် လောကတစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေပြီး စိတ်အားထက်သန်သော ယုံကြည်မှုနှင့် ပြည့်နှက်နေလေသည်။ လူသားဘုံမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏တာဝန်များကို ထမ်းဆောင်ရန် အာကာသလမ်းကြောင်းများကို ဖြတ်ကာ အခြားလောကများသို့ သွားနေကြသည်။

နတ်ဆိုးလောကတွင် နတ်ဆိုးအင်ပါယာသည် နတ်ဆိုးအင်ပါယာနန်းတော်အထက်တွင် ရပ်နေသည်။ သူ၏မျက်လုံးများသည် ဟင်းလင်းပြင်ကို ဖောက်ကာ လူသားဘုံတွင် ဖြစ်ပျက်နေသည့်အရာအားလုံးကို မြင်နေရသကဲ့သို့ပင်။

သူ မြင်ခဲ့ရသည်မှာ အလွန် ပြင်းထန်၍ ကြောက်မက်ဖွယ်ကောင်းသဖြင့် နတ်ဆိုးအင်ပါယာသည် ရင်တုန်နေလေသည်။

“ဒါက ရူးသွပ်မှုပဲ”

နတ်ဆိုးအင်ပါယာ ပြောလိုက်၏။ လူသားဘိုးဘေးသည် လောကအတွင်းမှ လူများကို တိုက်ရိုက်ထိန်းချုပ်ခဲ့သည်။ သူသည် လောကစည်းမျဉ်းကို ပြုပြင်ရန် ထိုလူများကို အသုံးချနေသည်။ ထို့နောက် သူသည် ထိုလူများအား လောကကို အုပ်စိုးခိုင်းမည်ဖြစ်၍ တစ်လောကလုံးသည် သူ့သဘောအတိုင်း လည်ပတ်ရမည်သာ။

ကောင်းကင်ဒေသရှိ ဒွန်ဟောင်အင်ပါယာနန်းတော်တွင် အရှင်ဒွန်ဟောင်သည်လည်း လူသားဘုံတွင် ဖြစ်ပျက်ခဲ့သည်များကို မြင်ခဲ့ရသည်။ သူသည်လည်း တုန်လှုပ်နေသည်။ သူလည်း ရေရွတ်လိုက်၏။

“လူသားဘိုးဘေးက ရူးသွားပြီပဲ”

ဗုဒ္ဓလောကရှိ အဆုံးမဲ့ဗလာနယ်ထဲတွင် ဗုဒ္ဓအသံတော်တစ်သံကို ကြားလိုက်ရ၏။ ထိုအသံမှာ အကြွင်းမဲ့ဗုဒ္ဓ၏အသံပင်။

လူသားဘိုးဘေးသည် ကောင်းကင်လမ်းစဉ်ကို အစားထိုးရန်သာ ကြိုးစားနေခြင်း မဟုတ်တော့ပေ။

All Chapters