← Chapters

နတ်ဘုရားများကြားမှ စစ်ပွဲ ဖြစ်ပေါ်လာပြီ

Vol. 206 Ch. 2940

နတ်ဘုရားများကြားမှ စစ်ပွဲ ဖြစ်ပေါ်လာပြီ

Vol. 206 Ch. 2940

ရီဖူရှင်းက ကောင်းကင်ဘုံ၏ ဟင်းလင်းပြင်သို့ ပျံသွားပြီး သူ့ပတ်ပတ်လည်တွင် ထွက်ပေါ်လာသော ဘုံအားလုံးတွင် ဖြစ်ပျက်နေသည့် ပုံရိပ်မြင်ကွင်းများကို ကြည့်သည်။

လူသားဘုံမှ ကျင့်ကြံသူများသည် တစ်လောကလုံးကို သိမ်းပိုက်ရန် ချီတက်လာပြီဖြစ်ပြီး အခြားဘုံများမှ လူများကို မဆင်မခြင် သတ်ဖြတ်နေကြသည်။

နေရာအနှံ့တွင် တောင်ပုံရာပုံဖြစ်နေသော အလောင်းများကို မြင်ရလေသည်။ ယင်းမှာ‌ လောကငရဲပင်။

ယင်းအဖြစ်အပျက်အားလုံး၏ ကြောက်စရာအကောင်းဆုံးအပိုင်းမှာ လူသားဘုံမှ ကျင့်ကြံသူများသည် ပူးကပ်ခံထားရသကဲ့သို့ ဖြစ်နေခြင်းပင်။ သူတို့ထဲက မည်သူမှ ပုံမှန်စိတ် ရှိပုံမပေါ်ပေ။ သူတို့သည် သတ်ဖြတ်ရန် မွေးဖွားလာသကဲ့သို့ပင်။ ထို့အပြင် သူတို့၏ အင်အားသည် များစွာတိုးတက်လာသဖြင့် သူတို့သည် တားဆီး၍မရနိုင်သော အသိစိတ်မဲ့သတ်ဖြတ်စက်များကဲ့သို့ ဖြစ်နေစေလေသည်။

“အော်မီထောဖော”

ရီဖူရှင်းဘေးတွင် ရပ်နေသော ကံကြမ္မာဗုဒ္ဓသည် ဗုဒ္ဓသုတ္တန်များ စတင်ရွတ်ဆိုလိုက်သည်။ သူသည် ကြမ်းကြုတ်သော သွေးထွက်သံယိုမြင်ကွင်းများကို မြင်လိုက်ရသောအခါ လက်အုပ်ချီလိုက်လေသည်။

“ကိုယ်တော် ကျုပ်တို့အနာဂတ်ရဲ့ ကံကြမ္မာကို ကြည့်နိုင်လား”

ရီဖူရှင်းက ကံကြမ္မာဗုဒ္ဓကို မေးလိုက်သည်။

“ကိုယ်တော်တောင် အရှင်အင်ပါယာတို့ရဲ့ အနာဂတ်ကံကြမ္မာကို မကြည့်နိုင်ပါဘူး။ ကြိုတင်သတ်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာတာကို တားဆီးနိုင်ဖို့ နည်းလမ်းမရှိဘူး။ ပြီးတော့ ဒီလောကထဲက ထိပ်တန်းကျင့်ကြံသူတွေက ကြီးမားတဲ့ကပ်ဘေးတစ်ခုကို ကျော်ဖြတ်ရလိမ့်မယ်။ ကံဆိုးတာက ကိုယ်တော့်ရဲ့ ကျင့်ကြံခြင်းအကန့်အသတ်ကြောင့် အဲဒီနောက်ပိုင်း ကိုယ်တော်တို့ရဲ့ ကံကြမ္မာက ဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ ကိုယ်တော် မသိနိုင်ဘူး”

ကံကြမ္မာဗုဒ္ဓက လက်အုပ်ချီကာ ဖြေလိုက်သည်။ သူသည် ရီဖူရှင်း၏ကံကြမ္မာကို မကြည့်နိုင်တော့သော်လည်း ရီဖူရှင်းသည် ကြီးမားသော ကပ်ဘေးဖြင့် ရင်ဆိုင်ရမည်ကိုမူ ပြောနိုင်ပေသည်။

“တကယ်ပဲ လူသားဘိုးဘေးကို တားနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား”

ရီဖူရှင်း ‌ရေရွတ်လိုက်၏။ လူသားဘိုးဘေးသည် လောကတစ်ခွင်လုံးကို အုပ်စိုးရန် လူသားဘုံမှ ကျင့်ကြံသူများကို ထိန်းချုပ်ထားသည်။ သို့သော် ရီဖူရှင်းသည် လူသားဘိုးဘေး၏ အကြီးဆုံးရည်မှန်းချက်ကို မသိ‌သေးပေ။

ကံကြမ္မာဗုဒ္ဓသည် နှုတ်ဆိတ်နေ၏။ လူသားဘိုးဘေးသည် ရှေးခေတ်ကတည်းက အဆန်းကြယ်ဆုံးသူ ဖြစ်ခဲ့ပြီး စွမ်းအားကြီးပေသည်။ သူတို့သည် အချိန်စီးဆင်းနှုန်းကို ပြောင်းလဲနိုင်လျှင်ပင် လူသားဘိုးဘေး၏ ကျင့်ကြံခြင်းအဆင့်ကို မီအောင် သူတို့ကြားမှ ကျင့်ကြံခြင်းသက်တမ်းကွာခြားမှုကို အမီမလိုက်နိုင်သေးပေ။

ရီဖူရှင်းက ကောင်းကင်ဘုံတစ်ခွင်လုံးကို သူ၏နတ်အာရုံဖြင့် လွှမ်းခြုံလိုက်၏။ ထို့နောက် သူသည် တပ်သားများစွာက အန္တရာယ်ရှိနေကြောင်း သတိပြုမိသည်။ သူကိုယ်တိုင် လေ့ကျင့်ပေးခဲ့သော တပ်ဖွဲ့နှစ်ဖွဲ့သည် တပ်သားများစွာ ဆုံးရှုံးခဲ့ပေပြီ။ ရှားရှင်းယွန်၊ သောကျောက်နှင့် ကျန်သူများပင် သေရေး၊ ရှင်ရေးအခြေအနေနှင့် ရင်ဆိုင်နေရပေသည်။ သူတို့သည် စွမ်းအားကြီး ကျင့်ကြံသူများဖြစ်သော်လည်း ရက်ပေါင်းများစွာ အဆက်မပြတ် တိုက်ခိုက်ပြီးနောက်တွင် မောပန်းသည့် လက္ခဏာများ ပြလာကြသည်။ လူသားဘုံမှနေ၍ စစ်ကူများ အဆက်မပြတ် ရောက်လာနေသည်။ ထိုစစ်ကူများတွင် ကိုယ်ပိုင်အသိစိတ် ရှိပုံမပေါ်ချေ။

ဤစစ်ပွဲသည် အစကတည်းက မျှတသောစစ်ပွဲ မဟုတ်ခဲ့ပေ။ လူသားဘိုးဘေးသည် လူသားဘုံမှ ကျင့်ကြံသူများ၏ စိတ်ကို ထိန်းချုပ်ကာ စစ်ပွဲကို ကြိုးကိုင်ခဲ့သည်။

ရီဖူရှင်းသည် ပုံရိပ်မြင်ကွင်းများမှနေ၍ စိတ်ထိခိုက်ဖွယ် မြင်ကွင်းများကို ကြည့်ပြီးနောက်တွင် ကိစ္စများကို ဤသို့ ဆက်‌ဖြစ်နေခွင့် မပြုနိုင်တော့ပေ။ အကယ်၍ သူသာ လူသားဘိုးဘေး၏ ကြိုးကိုင်မှုအတိုင်း လိုက်တိုက်ခိုက်နေလျှင် လောကအတွင်းမှ သက်ရှိအားလုံး သေဆုံးသွားပေတော့မည်။ သူတို့သည် ထိုသို့သော မြင်ကွင်းကို လုံးဝမမြင်လိုပေ။

ဝုန်း...

ရီဖူရှင်းသည် ကြောက်မက်ဖွယ် နတ်ဘုရားအရှိန်အဝါတစ်ခုကို ထုတ်လိုက်၏။ ထိုအရှိန်အဝါသည် အတွေးတစ်ချက်စာအတွင်းမှာပင် ကောင်းကင်ဘုံ၏ လေထုတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ချက်ချင်းပင် အားလုံးသည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ လူသားဘုံမှ ကျင့်ကြံသူများသည် မျက်မှောင်ကြုတ်လိုက်ပြီး မောပန်းနွမ်းနယ်နေသော ကောင်းကင်ဘုံမှ တပ်သားများသည် စိတ်သက်သာရာရသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အုပ်စိုးသူ ကောင်းကင်အင်ပါယာသည် စစ်ပွဲအတွင်း၌ စတင်ပါလာသောကြောင့်ဖြစ်သည်။

အကယ်၍ စစ်ပွဲသာ ဆက်ရှည်နေပါက သူတို့အားလုံး အသတ်ခံလိုက်ရမည်ဖြစ်သည်။

“ကောင်းကင်ဘုံကို ကျူးကျော်နေတဲ့သူတွေ နားထောင်ကြ။ လူသားဘိုးဘေးက ကောင်းကင်ဘုံကို သိမ်းပိုက်ပြီး ကောင်းကင်ဘုံက လူတွေကိုသတ်ဖို့ လူသားဘုံကို မွမ်းမံပြီး မင်းတို့တွေကို ထိန်းချုပ်ထားတာ။ ဒါပေမဲ့ အခုကစပြီး ကောင်းကင်ဘုံမှာ ဘာသတ်ဖြတ်မှု၊ ဘာတိုက်ခိုက်မှုမှ မရှိစေရတော့ဘူးလို့ ငါ ဒီနေရာကနေပြီး ကြေညာလိုက်တယ်။ အားလုံးပဲ တိုက်ခိုက်နေတာတွေကို ရပ်ဖို့ အမိန့်ကို လိုက်နာရမယ်။ မလိုက်နာတဲ့သူတွေကို ချက်ချင်း သတ်ပစ်မယ်”

ရီဖူရှင်း၏အသံသည် ကောင်းကင်ဘုံတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ လူသားဘုံမှ ကျင့်ကြံသူများသည် သူ့စကားကို မည်သည့်အခါတွင်မှ နားထောင်မည် မဟုတ်ပေ။ သူတို့သည် လူသားဘိုးဘေး၏ အမိန့်ကိုသာ နားထောင်မည်ဖြစ်ပြီး တရားမျှတမှုအတွက် တိုက်ခိုက်ကာ ဘုံခုနစ်ခုကို စုစည်းမည်ဖြစ်သည်။

သူတို့အမြင်မှ ကြည့်လျှင် ရီဖူရှင်း ထိုသို့ပြောခဲ့ခြင်းမှာ ရှုံးမည်ကို ကြောက်၍ဟုသာ မြင်ပေသည်။ ယခု သူသည် စစ်ပွဲတွင် ရှုံးသည့်ဘက်သို့ ရောက်နေသဖြင့် သူဝင်ပါမှာသာ အခြေအနေကို ပြောင်းလဲနိုင်မည်ဖြစ်သည်။

“သူတို့ကိုသတ်”

ကောင်းကင်အင်ပါယာမြို့တော်အတွင်းရှိ လူသားဘုံမှ ကျင့်ကြံသူအချို့သည် ရီဖူရှင်း၏ သတိပေးချက်ကို အရေးမစိုက်ကြဘဲ မဆင်မခြင် ဆက်သတ်နေကြသည်။ သူတို့သည် သူတို့ခံစားချက်များ၏ ထိန်းချုပ်မှုကို ခံထားရသဖြင့် အကျိုးအကြောင်း ဆီလျော်စွာ မတွေးနိုင်ကြချေ။ သူတို့သည် သူတို့၏ ယုံကြည်မှုထဲတွင် ပိတ်မိနေကြသည်။ အချို့ဆိုလျှင် လူသားဘိုးဘေး၏ စိတ်ထိန်းချုပ်မှုအောက်တွင် လုံးဝအသိစိတ်ပျောက်သွားကြပြီဖြစ်သည်။

ဝုန်း...

ကောင်းကင်မှနေ၍ အဖျက်ကပ်ဘေးအတစ်ခု ကျဆင်းလာပြီး စွမ်းအားကြီး နတ်ဘုရားအရှိန်အဝါတစ်ခုသည် လေထုအတွင်း ပျံ့နှံ့သွားသည်။ ၎င်းနှင့် ထိတွေ့သွားသူတိုင်းသည် လုံးဝ ဖျောက်ဖျက်ခံလိုက်ရလေသည်။

ထိုအခိုက်တွင် ကောင်းကင်မှနေ၍ မရေမတွက်နိုင်သော ကပ်ဘေးအလင်းများ ကျဆင်းလာပြီး လူသားဘုံမှ ကျင့်ကြံသူများစွာကို သတ်ဖြတ်သွားသည်။

“အားလုံးပဲ စစ်မြေပြင်ကနေ ချက်ချင်း ပြန်ဆုတ်ကြပါ”

ရီဖူရှင်းက အမိန့်ပေးလိုက်သည်။ သူသည် ကျင့်ကြံခြင်းလောက၏ ဘုံစည်းမျဉ်းကို ချိုးဖောက်လိုက်ပြီဖြစ်၍ လူသားဘုံမှ ကျင့်ကြံသူများက လက်စားချေမည်ကို စိုးပေသည်။ ထို့ကြောင့် သူသည် ကောင်းကင်ဘုံမှ တပ်သားများကို နောက်ဆုတ်ခိုင်းလိုက်ခြင်းပင်။

ဝုန်း...

လေထုထဲတွင် ကျယ်လောင်သောအသံတစ်သံ ပဲ့တင်ထပ်သွားသည်ကို ကြားနေရ၏။ လူသားဘုံမှနေ၍ ဆက်သွယ်ထားသော အာကာသလမ်းကြောင်းသည် ပို၍ပင် ကြီးမားလာသည်။ ဘုံနှစ်ခုကြားမှ နယ်နမိတ်ကွားခြားမှု ပျောက်ကွယ်သွားသကဲ့သို့ပင်။ ကောင်းကင်ဘုံနှင့် လူသားဘုံဟူ၍ ကွဲကွဲပြားပြား ခွဲခြားမရတော့ပေ။

ရင်းမြစ်လျှပ်စီးဟုလည်း ခေါ်သည့် အဖျက်နတ်လျှပ်စီးသည် လူသားဘုံမှနေ၍ ကောင်းကင်ဘုံသို့ ပစ်လွှတ်ခံလိုက်ရ၏။ ထိုလျှပ်စီး၏ စွမ်းအားပမာဏသည် ကောင်းကင်ဘုံမှ ကျင့်ကြံသူတိုင်းကို သတ်ဖြတ်နိုင်ရန် လုံလောက်ပေသည်။

တစ်ချိန်တည်းမှာပင် ဘုံနှစ်ခုကို ဆက်စပ်ထားသောနေရာတွင် နတ်ဘုရားပုံရိပ်များစွာ ထွက်ပေါ်လာပြီး ကျောစိမ့်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။

ရီဖူရှင်းဘေးတွင်လည်း မဟာအင်ပါယာများစွာ ထွက်ပေါ်လာ၏။ ကောင်းကင်ဘုံမှ မဟာအင်ပါယာအသစ်များနှင့် ရှေးခေတ်မှ နတ်ဘုရားဟောင်းများ၏ တိုက်ပွဲစတော့ပေမည်။

“တက်ကြ...”

လူသားဘုံမှ လူများသည် ကျယ်လောင်စွာ အော်လိုက်သည်။ ရုတ်ခြည်းပင် နတ်ဘုရားများ၏ ပုံရိပ်များသည် မြင်ကွင်းမှပျောက်ကွယ်သွားပြီး သူတို့သည် ကောင်းကင်ဘုံကို ဖြတ်သန်းကာ ရုတ်ခြည်းအတွင်း အခြားတစ်နေရာတွင် ပြန်ပေါ်လာလေသည်။ ရီဖူရှင်းသည် ဘုံစည်မျဉ်းကို ချိုးဖောက်လိုက်ပြီဖြစ်၍ မည်သည့် ကန့်သတ်ချက်မှ ရှိတော့မည် မဟုတ်ပေ။

နောက်ဆက်ဖြစ်လာမည်မှာ လူမျိုးတုံးသတ်ဖြတ်ခြင်းသာ ဖြစ်လိမ့်မည်။

ရှေးဟောင်းနတ်ဘုရားများသည် လျင်မြန်သောအရှိန်ဖြင့် နေရာအနှံ့သို့ သွားနေသည်။ သူတို့သည် လျှပ်စီတန်းများကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေကြသည်။

ရီဖူရှင်းဘေးမှ မဟာအင်ပါယာအုပ်စုသည်လည်း ရှေးဟောင်းနတ်ဘုရားများ၏ခန္ဓာကိုယ်များ တောက်ပလာသည့် အခိုက်ကတည်းက လှုပ်ရှားလိုက်ကြပြီဖြစ်သည်။ သူတို့သည် သူတို့၏ပစ်မှတ်များကို ချိန်ရွယ်၍ တူညီသော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားကြသည်။

သူတို့အားလုံးထဲတွင် ရှေးဟောင်းလေနတ်ဘုရားသည် အမြန်ဆုံးဖြစ်သည်။ သူ လှုပ်ရှားလိုက်တိုင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး သူ၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။ ထို့ကြောင့် သူ ဖြတ်သွားရာတစ်လျှောက်ရှိ အဆောက်အဦတိုင်းသည် အလုံးစုံ ပျက်စီးသွားပြီး ယင်းတို့အတွင်းရှိ ကျင့်ကြံသူအားလုံးလည်း သေဆုံးသွားကြလေသည်။

သူသည် သူ၏အမြန်နှုန်းကို အဆုံးစွန်ထိ မြှင့်လိုက်လိုက်ပြီး မြို့တစ်ခွင်လုံးကို လျှပ်တစ်ပြက်အတွင်း ဖြတ်သန်းသွားကာ အာကာပြင်တွင် အက်ကြောင်းများ ထွက်ပေါ်လာစေလေသည်။

ထို့နောက်တွင် လျှပ်စီးတန်းတစ်ခုသည် သူ့နောက်မှနေ၍ အလွန်လျင်မြန်သောနှုန်းဖြင့် သူ့ထံသို့ ချဉ်းကပ်လာသည်။ အာကာပြင်ကို ဖြတ်သန်းလာသော ထိုလျှပ်စီးတန်းသည် သူ့ကို တိုက်ရိုက် ချိန်ရွယ်ထားသကဲ့သို့ပင်။

“ဟင်...”

လေနတ်ဘုရားသည် တစ်စုံတစ်ယောက်က သူ့နောက်မှ ကပ်လိုက်လာကြောင်း သတိပြုမိလိုက်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အတွေးတစ်ချက်ဖြင့် သူ၏နတ်စွမ်းအားကိုသုံးကာ ကြောက်မက်ဖွယ် လေဓားများ ဖန်တီးလိုက်၏။ ၎င်းတို့သည် လေဆင်နှာမောင်းအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို စုတ်ဖြဲသွားသည်။ ရုတ်ခြည်းပင် ကပ်ဘေးလေဆင်နှာ‌မောင်းသည် ထိုအလင်းထံသို့ လျင်မြန်စွာ ဦးတည်သွားပြီး ၎င်းလမ်းကြောင်းရှိ အရာအားလုံးကို အမှုန့်ဖြစ်သွားစေ၏။

ထိုအလင်းပုံရိပ်သည် ထိုလေဆင်နှာ‌‌မောင်းကို မရှောင်နိုင်သဖြင့် ၎င်းထံသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ထိပ်တိုက်သွားလိုက်သည်။ အရာအားလုံးသည် တဒင်္ဂအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်ပြီး လျှပ်စီးအလျင်ထက်ပင် ပိုမြန်ပေသေးသည်။

ဝှစ်...

ထိုအလင်းပုံရိပ်သည် လေဆင်နှာမောင်းကို ဖြတ်သန်းသွားပြီး အခြားတစ်ဘက်မှ ပြန်ထွက်လာကာ လေနတ်ဘုရားထံ ပျံဝင်သွားသည်။ လေနတ်ဘုရားသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မှုန်သုန်သွားပြီး သူ့ကိုယ်သူ ဒြပ်ထည်မရှိသော လေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ကာ သူ၏အမြန်နှုန်းကို ပို၍တိုးမြှင့်လိုက်သည်။

ထိုစဉ်တွင် စူးရှတောက်ပသော အလင်းသည် အကန့်အသတ်မဲ့ အာကာပြင်၏ နေရာတော်တော်များများကို လွှမ်းခြုံသွားကာ ၎င်းအရှေ့ရှိ လေထုကို အလင်းပေးလိုက်သည်။ အလင်းသည် ၎င်းနှင့်ထိတွေ့သမျှ အရာအားလုံးကို ထွင်း‌ဖောက်သွားသည်။ ခေတ္တကြာပြီးနောက် ညည်းတွားသံတစ်သံကို ကြားလိုက်ရ၏။ အလင်းသည် ၎င်းဘာသာ ထိုအသံထွက်‌ပေါ်လာရာဘက်သို့  ပျံထွက်သွားသည်။

နတ်အလင်းတန်း ပျံထွက်သွားသောဘက်တွင် တစ်စုံတစ်ယောက်သည် နာကျင်စူးရှစွာ အော်လိုက်သည်။ ထို့နောက်တွင် လေနတ်ဘုရား ပြန်ပေါ်လာ၏။ သို့သော် သူ၏ထည်ဝါသောခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အလင်းတန်းများ၏ ဖောက်ထွင်းမှုကို ခံလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သော အလင်းပေါက်များဖြင့် ပြည့်နှက်သွားသည်။

စူးရှသောအလင်းသည် ဝေးကွာသောအကွာအဝေးသို့ ဖြတ်ကာ ဟင်းလင်းပြင်တွင် ၎င်း၏အလင်းဖြင့် ပြည့်နှက်နေစေသည်။ ထို့နောက်တွင် လေနတ်ဘုရား၏ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထိုစဉ် ခန္ဓာမရှိတော့သော ဝိညာဉ်တစ်ကောင်သည် ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် အလင်းပုံရိပ်သည် ယင်းဝိညာဉ်ထံ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြီး ယင်း၏မည်သည့်အကြွင်းအကျန်ကိုမှ ရှင်သန်ခွင့် မပေးလိုက်ပေ။

ခေတ္တကြာပြီးနောက် ထိုနေရာတွင် ချန်ယိ ထွက်ပေါ်လာ၏။ သူသည် အခြားတစ်နေရာသို့ ကြည့်ကာ အခြားဦးတည်ရာသို့ ပျံသန်းသွားသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက သူသည် အလင်းဘုံကျောင်း၏ အမွေအနှစ်ကို ရရှိခဲ့သည်။ ထို့အပြင် သူ၏ ဇွဲလုံ့လရှိရှိ ကျင့်ကြံခဲ့မှုသည် နောက်ဆုံးတွင် သူ့ကို စစ်မှန်သော အလင်းနတ်ဘုရားတစ်ပါး ဖြစ်လာစေခဲ့ပြီဖြစ်သည်။

All Chapters