အဟောင်းနှင့်အသစ်ကြားမှ တိုက်ပွဲ
Vol. 206 Ch. 2941
ချန်ယိတစ်ယောက် လှည့်ပတ်သွားကာ ရန်သူများကို ရှင်းပစ်နေစဉ်တွင် ရီဖူရှင်းဘေးမှ မဟာအင်ပါယာများသည် ကောင်းကင်အင်ပါယာမြို့တော်ကို ချိပ်ပိတ်လိုက်လေသည်။ သူတို့သည် နေရာအသီးသီးတွင် ရပ်ကာ လူသားဘုံမှ နတ်ဘုရားများ မဆင်မခြင် သတ်ဖြတ်နေသည်ကို တားဆီးရန် မဟာလမ်းစဉ်နတ်စက်ကွင်းကို ထုတ်လွှတ်လိုက်သည်။
အခြားတစ်နေရာတွင် ရီဝူချင်း၊ ရာရာနှင့် ဓားသခင်လင်ဟန်တို့သည် ဓားဝင်္ကပါတစ်ခုကို အတူတကွ စုပေါင်း ဖန်တီးလိုက်သည်။ ထိုအချိန်တွင် နတ်ဘုရားတစ်ပါးသည် ဓားဝင်္ကပါအတွင်းသို့ ဝင်လာကာ ကြောက်မက်ဖွယ် လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။ ယင်းသည် ဟင်းလင်းပြင်ကို ကွဲအက်သွားစေပြီး ဓားဝိညာဉ်စွမ်းအားကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေ၏။
နောက်တစ်နေရာ၌ ဖန်းစွင်သည် လက်ထဲတွင် ရွှေရောင်နတ်လှံတစ်ချောင်းကို ကိုင်ထားသည်။ ၎င်းသည် စွမ်းအားကြီးသော ရင်းမြစ်မဟာလမ်းစဉ်နတ်စွမ်းအားကို ထုတ်လွှတ်နေသည်။
အရေးပါသော မဟာအင်ပါယာများ၏ လက်ထဲတွင် ကိုင်ထားသည့် နတ်လက်နက်များမှာ ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်လောကထဲတွင် ဖြစ်တည်လာသော ရတနာများပင်။
ဆန့်ကျင်ဘက်တစ်နေရာတွင် တုတ်ခိုင်သော ကိုယ်လုံးကိုယ်ထည်ရှိသည့် နတ်ဘုရားတစ်ပါးသည် လက်ထဲတွင် နတ်စွမ်းအားပြည့်နှက်နေသော အနက်ရောင် မဟာလှံတစ်ချောင်းကို ကိုင်၍ သူ့တို့ထံသို့ လျှောက်လာနေသည်။ သူ၏ခြေလှမ်းတိုင်းတွင် ဟင်းလင်းပြင်သည် တုန်ခါနေ၏။
ဝုန်း...
သူ တိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်လိုက်သောအခါ မဟာလှံသည် အာကာ-အချိန်လွှာကို စုတ်ဖြဲသွားပြီး လေထုကို ထွင်းဖောက်ကာ ဖန်းစွင်ဆီသို့ တိုးဝင်သွားသည်။
ဖန်းစွင်သည် ပြန်တုံ့ပြန်ရန် သူ၏ တိုက်ခိုက်လိုစိတ်ကို မြှင့်တင်လိုက်ပြီး သူ၏နတ်စွမ်းအားကို ရွှေရောင်နတ်လှံအတွင်းသို့ ထည့်သွင်းလိုက်သည်။ သူသည် သူ၏လက်နက်ကို ရှေ့သို့ ထိုးလိုက်သည်။ ၎င်းသည် ခမ်းနားသော ရွှေရောင်လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထုကို ထွင်းဖောက်ကာ ပြိုင်ဘက်ဆီ ဦးတည်သွားသည်။
လှံနှစ်ချောင်း ထိတိုက်သွားသောအခါ မြင်ကွင်းတစ်ခုလုံးသည် ကမ္ဘာပျက်နေသကဲ့သို့ ဖြစ်သွားပြီး အနီးရှိ လေထုထဲမှ အရာအားလုံးကို ဖျက်ဆီးသွားသည်။ ဖန်းစွင်သည် အဟုန်ကြောင့် နောက်သို့ လွင့်ပျံသွား၏။ ထို့နောက် သူသည် နောက်လှည့်ကာ စစ်မြေပြင်နှင့်အဝေးရှိ ကောင်းကင်သို့ ဦးတည်သွားလိုက်သည်။ ဤနေရာသည် မဟာအင်ပါယာများစွာ တစ်ယောက်နှင့်တစ်ယောက် တစ်ချိန်တည်း တိုက်ခိုက်နေသည်ကို ခံနိုင်ရည် မရှိပေ။
သူ၏ပြိုင်ဘက်သည် အချိန်မဖြုန်းဘဲ သူ့နောက်သို့ လိုက်လာကာ ကောင်းကင်ဆီသို့ ဦးတည်လိုက်သည်။
မျက်မမြင်ထျယ်နှင့် ထျယ်ထိုတို့ သားအဖနှစ်ယောက်သည် အခြားတစ်နေရာတွင် အတူတကွ ရှိနေကြသည်။ သူတို့နှစ်ယောက်စလုံးသည် လက်ထဲတွင် ကြောက်မက်ဖွယ် စွမ်းအင်များဖြင့် ပြည့်နေသော နတ်တူများကို ကိုင်ထားပြီး သူတို့၏ ရှိန်လောက်ဖွယ် နတ်စွမ်းအားကို ထုတ်လွှတ်နေကြသည်။ သူတို့သည် ထိုနေရာကို ကာကွယ်နေကြသည်။ သူတို့သည် နတ်ဘုရားတစ်ပါး ချဉ်းကပ်လာသည်ကို သတိပြုမိလိုက်သောအခါ သူတို့၏ နတ်တူများကို လွှဲယမ်းကာ သူတို့၏ရန်သူကို တိုက်ခိုက်လိုက်ကြသည်။
နတ်ဘုရားများကြားမှ စစ်ပွဲတစ်ပွဲသည် နေရာအသီးသီးတွင် တစ်ပြိုင်တည်း ဖြစ်ပွားနေလေသည်။ သူတို့၏ စစ်မြေပြင်သည် လွန်စွာကျယ်ပြော၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် ကောင်းကင်အင်ပါယာမြို့တော်တွင် တိုက်ခိုက်နေရာမှ ကုန်းမြေတစ်ခုလုံးတွင် တိုက်ခိုက်နေပြီဖြစ်သည်။ ကောင်းကင်ဘုံမှ မဟာအင်ပါယာများအနေဖြင့် သူတို့၏ ရန်သူများကို နေရာကျဉ်းတစ်ခုတွင် ချုပ်မထားနိုင်သော်လည်း သူတို့၏ တိုက်ခိုက်မှုများက သာမန်လူများအပေါ် မထိခိုက်စေရန်အတွက် ရန်သူများကို စစ်မြေပြင်မှနေ၍ အဝေးသို့ ခေါ်ထုတ်သွားခြင်းမျိုးကိုမူ လုပ်နိုင်ပေသည်။ ကံအားလျော်စွာ သူတို့၏ရန်သူများသည် အားနည်းသော ကျင့်ကြံသူများကို တမင် မတိုက်ခိုက်ကြပေ။
သူတို့အများစုသည် ရှေးဟောင်းနတ်ဘုရားများ မဟုတ်ပါလား။ ထို့ကြောင့် သူတို့သည် ထိုသို့လုပ်ရန် အနည်းငယ် တွန့်ဆုတ်နေသည်။
နတ်ဘုရားများ၏ စစ်ပွဲတွင် နေရာများစွာတွင် တစ်ပြိုင်တည်း ဖြစ်ပေါ်လာ၏။
ဝုန်း...
ပြင်းထန်သော ပဲ့တင်သံကြီးတစ်ခုက ကျင့်ကြံသူများစွာကို အာရုံစိုက်သွားစေသည်။ သူတို့ ခေါင်းငုံ့ကြည့်လိုက်ရာ ကောင်းကင်အင်ပါယာမြို့တော်က ရွေ့နေသည်ကို တွေ့လိုက်ရ၏။ သူတို့သည် ထိုမြင်ကွင်းကြောင့် မှင်တက်သွားကြသည်။
“မဟုတ်သေးဘူး... ကောင်းကင်အင်ပါယာမြို့တော်ပဲ ရွေ့နေတာမဟုတ်ဘူး... ကုန်းမြေတစ်ခုလုံး ရွေ့နေတာပဲ”
လူတစ်ယောက်သည် ထိုအကြောင်းကို သိလိုက်သောအခါ အံ့အားသင့်သွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်သူများသည် ကြက်သေ,သေကာ ကောင်းကင်အင်ပါယာမြို့တော်က သူတို့နှင့် ပို၍ပို၍ ဝေးသွားသည်ကို ကြည့်နေကြသည်။ မြို့တော်ထဲမှ ကျင့်ကြံသူများသည်လည်း မပျံဝံ့ကြပေ။ ထို့ကြောင့် သူတို့သည် မြို့တစ်ခုလုံးနှင့်အတူ ပါသွားသည်။ မကြာခင်တွင် စစ်မြေပြင်သည် တဖြည်းဖြည်းဖြင့် သူတို့နှင့် ဝေးရာသို့ ရွေ့သွားကြောင်း သတိပြုမိသည်။ တစ်စုံတစ်ယောက်သည် ကုန်းမြေတစ်ခုလုံးကို ဆွဲခေါ်နေသကဲ့သို့ပင်။
တဖြည်းဖြည်းဖြင့် ကောင်းကင်အင်ပါယာမြို့တော်သည် အခြားကျင့်ကြံသူများ၏ မျက်လုံးထဲတွင် သေးငယ်လာလေတော့သည်။ ကုန်းမြေတစ်ခုလုံးသည် စစ်မြေပြင်နှင့် အလွန်ဝေးသောနေရာသို့ ရွေ့သွားပေပြီ။
မကြာခင်တွင် သူတို့သည် ဧရာမ နတ်နဂါးတစ်ကောင်၏ ဝိညာဉ်ပုံရိပ်သည် ကောင်းကင်၏ နေရာတော်တော်များများကို ယူထားကာ ကုန်းမြေတစ်ခုလုံးကို မြင်ကွင်းတွင် သေးငယ်သွားသည်အထိ အဝေးသို့ ဆွဲခေါ်နေသည်ကို တွေ့လိုက်ရလေသည်။ ထို့နောက်တွင် နတ်နဂါး၏ ပုံရိပ်သည် ကောင်းကင်ထဲရှိ စစ်မြေပြင်သို့ တရွေ့ရွေ့ သွားနေသည်။ ခေတ္တကြာပြီးနောက် သူတို့သည် လှပသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရ၏။ သူမမှာ ဒွန်ဟောင်တိယွမ် ဖြစ်ပေသည်။ သူမသည် ကုန်းမြေကို စစ်မြေပြင်မှနေ၍ အဝေးသို့ ဆွဲခေါ်ရန် နဂါးဘိုးဘေးကို ဆင့်ခေါ်ခဲ့သူဖြစ်သည်။
ထို့ကြောင့် စစ်မြေပြင်တွင် နတ်ဘုရားများသာ ကျန်ခဲ့တော့သည်။
အတိုပြောရလျှင် ထိုစစ်မြေပြင်သည် နတ်ဘုရားများ၏ စစ်မြေပြင် ဖြစ်လာပေပြီ။
ဝှစ်...
လူရိပ်တစ်ခုသည် ရှေ့သို့ ခြေတစ်လှမ်းလျှောက်လိုက်ပြီး လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဒွန်ဟောင်တိယွမ်ကို စူးရှသောအကြည့်ဖြင့် ငုံ့ကြည့်သည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ထဲတွင် ဓားမြစ်တစ်စင်း ထွက်ပေါ်လာပြီး လေထုကို ခုတ်ဖြတ်ကာ ဒွန်ဟောင်တိယွမ်ထံသို့ လျှပ်စီးအလျင်ဖြင့် ကျဆင်းသွားသည်။
ဒွန်ဟောင်တိယွမ်သည် မဟာအင်ပါယာအဆင့်သို့ ရောက်နေသည်မှာ နှစ်ပေါင်းကြာခဲ့ပြီဖြစ်သော်လည်း အကယ်၍ ထိုဓားချက်သာ သူမကို ထိသွားလျှင် သူမ ထိခိုက်သွားမည်ဖြစ်သည်။ ထိုသို့ တိုက်ခိုက်လိုက်သူမှာ ရှေးခေတ်မှ မဟာအင်ပါယာတစ်ပါးဖြစ်သည့် ထာဝရဓားသခင် မဟုတ်ပါလား။
ဓားချက်များ ဒွန်ဟောင်တိယွမ်ထံ မရောက်ခင်တွင် လူတစ်ယောက်သည် သူမရှေ့၌ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏လက်ကို ဆန့်တန်းကာ သူ၏လက်ချောင်းဖြင့် ထာဝရဓားများကို ထိလိုက်သည်။ ရုတ်ခြည်းပင် ဓားဝိညာဉ်စွမ်းအားတစ်ခုလုံး ကွဲအက်ပျက်စီးသွားသည်။ ၎င်းသည် တဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွားသည်။
“ခမည်းတော်...”
ဒွန်ဟောင်တိယွမ် ရေရွတ်လိုက်သည်။ သူမအရှေ့တွင် အချိန်မီ ထွက်ပေါ်လာသူမှာ အရှင်ဒွန်ဟောင် ဖြစ်သည်။ သူသည် ထာဝရဓားသခင်ကို ကြည့်ကာ ဝေဖန်လိုက်၏။
“ခင်ဗျားက ရှေးခေတ်ကတည်းက ကျင့်ကြံခြင်းလောကရဲ့ အထွတ်အထိပ်မှာ ရှိခဲ့တဲ့သူတွေထဲက တစ်ယောက်ပဲ။ ခင်းဗျားလို အဆင့်ရှိတဲ့ သူတစ်ယောက်က ဂျူနီယာတစ်ယောက်ကို သတ်ဖို့ကြိုးစားတာလိုမျိုး ဂုဏ်သိက္ခာမဲ့တဲ့အလုပ်မျိုး လုပ်လိမ့်မယ်ဆိုတာ ကျုပ်မယုံနိုင်ဘူး”
“အားလုံးရဲ့ ကျင့်ကြံခြင်းခရီးစတဲ့ အချိန်တွေက မတူကြဘူး။ စစ်မြေပြင်နှာ စီနီယာတွေ၊ ဂျူနီယာတွေ မရှိဘူး”
ထာဝရဓားသခင် ထိုသို့ပြောပြီးနောက်တွင် လေထုတစ်ခုလုံးသည် ထာဝရဓားစက်ကွင်းအဖြစ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ဓားများသည် အရှင်ဒွန်ဟောင်ထံသို့ ပျံဝင်သွားသည်။
“အရင်ဆုံး ဒီနေရာက ထွက်သွားလိုက်”
အရှင်ဒွန်ဟောင်က ဒွန်ဟောင်တိယွမ်ကို တီးတိုးပြောလိုက်၏။ သူမသည် အချိန်ဖြုန်းမနေဘဲ စစ်မြေပြင်မှ ထွက်သွားသည်။ သူမကို ဓားစက်ကွင်းက ထိခိုက်အောင် မလုပ်နိုင်ရန် သူမအား ထုတ်ဖော်ခြင်းနတ်စွမ်းအားက ကာရံထား၏။
ထိုအချိန်တွင် အရှင်ဒွန်ဟောင်၏ ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် ပို၍ပင် စွမ်းအားကြီးလာသည်။ ထုတ်ဖော်ခြင်းနတ်စက်ကွင်းအတွင်း၌ အခြားနတ်စွမ်းအားများကို တည်ရှိခွင့် မပြုပေ။ ထို့ကြောင့် ဓားအများစုသည် ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။
ထုတ်ဖော်ခြင်းပြီးလျှင် ဟင်းလင်းပြင်ဖြစ်ပေမည်။ အရှင်ဒွန်ဟောင်သည် သူ၏ကျင့်ကြံခြင်းကို နောက်တစ်ဆင်သို့ ရောက်အောင် တိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း ပြောရန်ပင် မလိုပေ။
ထန်း...
ဓားများစွာသည် အရှင်ဒွန်ဟောင်၏ အတွေး၏ ထိန်းချုပ်မှုဖြင့် လေထုထဲတွင် လှည့်ပတ်ပျံသန်းနေသည်။ ကောင်းကင်ပြစ်ဒဏ်ပေးဓားဝိညာဉ်စွမ်းအား ထွက်ပေါ်လာသည့်အခိုက်တွင် ဓားအားလုံးသည် ထာဝရဓားသခင်ထံသို့ ပျံဝင်သွားပြီး ၎င်းတို့၏လမ်းကြောင်းများရှိ အရာအားလုံးကို ကွဲအက်ပျက်စီးကာ ပျောက်ကွယ်သွားစေ၏။ သူ၏ ကောင်းကင်ပြစ်ဒဏ်ပေးဓားကို မည်သည့်စွမ်းအားကမှ မယှဉ်နိုင်သကဲ့သို့ပင်။
“ခင်ဗျားက အများကြီး တိုးတက်လာပြီပဲ”
ထာဝရဓားသခင်သည် ထိုဓားဝိညာဉ်စွမ်းအားကို အာရုံခံမိပြီးနောက် မှတ်ချက်ချလိုက်သည်။ ယခင် သူတို့ တိုက်ခိုက်ခဲ့စဉ်ကနှင့် ယှဉ်လျှင် အရှင်ဒွန်ဟောင်၏ နတ်စွမ်းအားသည် ပို၍ပင် တိုးတက်လာပြီဖြစ်သည်။ ယင်းမှာ အမှန်ပင် လျင်မြန်သော တိုးတက်မှုပင်။
“ခင်ဗျားက ရှေးခေတ်တုန်းက နာမည်ကျော်ကြားခဲ့တဲ့ မဟာအင်ပါယာတစ်ပါးမလို့ ကျုပ် ခင်ဗျားကို လေးစားတယ်။ ခင်ဗျားသာ စစ်မြေပြင်က ချက်ချင်း ထွက်သွားမယ်ဆိုရင် ကျုပ် ခင်ဗျားကို ချမ်းသာပေးလိုက်မယ်”
အရှင်ဒွန်ဟောင်သည် ရှေးဟောင်းထိပ်တန်းမဟာအင်ပါယာတစ်ပါးကို ပြောနေရသော်လည်း ယုံကြည်မှုအပြည့်ဖြင့် သတိပေးလိုက်သည်။ သူက လက်ရှိလောကမှ စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်သဖြင့် သူထိုသို့ ပြောလိုက်ခြင်းမှာ သဘာဝကျပေသည်။
“အနာဂတ်မျိုးဆက်တွေက ရှေးဟောင်အင်ပါယာတွေရဲ့ ရွှေခေတ်ကို မသိနိုင်လောက်ပေမယ့် ဒီနေ့ ကျုပ် ထပ်မြင်ခဲ့ရပြီ”
ထာဝရဓားသခင်က တည်ငြိမ်စွာ ပြောလိုက်၏။ သူ၏ဓားဝိညာဉ်စွမ်းအားသည်လည်း တဖြည်းဖြည်း တိုးပွားလာသည်။
“ကိုယ့်ကိုယ်ကို စီနီယာဆိုပြီး မာန်တက်မနေနဲ့”
အရှင်ဒွန်ဟောင်က ခက်မာမာ ပြောလိုက်၏။ ဤတိုက်ပွဲသည် ရှေးခေတ်မှ ထိပ်တန်းမဟာအင်ပါယာနှင့် လက်ရှိခေတ်မှ ထိပ်သီးမဟာအင်ပါယာတို့ကြားမှ တိုက်ပွဲဖြစ်သည်။
ဝုန်း...
ကောင်းကင်မှနေ၍ အဖျက်နတ်စွမ်းအားတစ်ခု ကျဆင်းလာပြီး လူများစွာကို ခေါင်းမော့၍ သူတို့အထက်မှ အခြေအနေကို ကြည့်စေလိုက်သည်။ သို့သော် ကောင်းကင်တွင် အဘိုးအိုတစ်ဦး ရပ်နေသည်ကိုသာ မြင်လိုက်ရ၏။ ထိုအဘိုးအိုသည် စွမ်းအားကြီးအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး ရှေးခေတ်ကတည်းက တည်ရှိခဲ့သည့် နတ်ဘုရားတစ်ပါးဟုထင်ရသည်။ သူသည် အသိစိတ်ရှိသည့် သက်ရှိအားလုံး၏ ဘိုးဘေးဟု ထင်ရပြီး သူ၏အရှိန်အဝါသည် အားလုံးကို သူ့အား ဒူးထောက် အရိုအသေးပေးချင်စိတ်များ ဝင်လာစေလေသည်။
ထိုအဘိုးအိုသည်လည်း ရှေးခေတ်က ကျော်ကြားခဲ့သည့် ထိပ်တန်းမဟာအင်ပါယာတစ်ပါးဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူဖြစ်၍ မဟာအင်ပါယာများ၏ ဘိုးဘေးတစ်ယောက်ဟု သတ်မှတ်ခြင်းခံခဲ့ရသည်။ သူ၏အမည် လူတိုင်း၏ နှုတ်ဖျားတွင် ရေပန်းစားနေစဉ်က လူသားဘိုးဘေးသည် မွေးပင်မွေးလိမ့်ဦးမည် မဟုတ်ပေ။
သူသည် မူလအင်ပါယာဖြစ်ပြီး သူ့ဘဝတစ်လျှောက်တွင် တိုက်ပွဲပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုအဘိုးအိုသည် နတ်ဘုရားခေတ်တွင် တစ်ခါမှ မရှုံးဖူးခဲ့သလို နတ်ဘုရားများ၏ တိုက်ပွဲများတွင်လည်း မရှုံးခဲ့ဖူးပေ။ ကံဆိုးသည်မှာ သူ့ကဲ့သို့ အကျော်ဇေယျတစ်ဦးသည် ကောင်းကင်လမ်းစဉ် ပျိုပျက်ပြီးနောက်တွင် အသက်ဆုံးရှုံးခဲ့ရခြင်းပင်။
ယခုတွင် သူသည် ဤခေတ်မှ ပြန်ရှင်သန်လာပေပြီ။ သူသည် ဂျူနီယာနတ်ဘုရားများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုသူများသည် မျိုးဆက်သစ်မှ မဟာအင်ပါယာများဖြစ်ပြီး ရှေးခေတ်နတ်ဘုရားများ၏ နတ်ဘုရားအာဏာကို စိတ်ခေါ်နေသည်။