← Chapters

အဆုံးစွန်တိုက်ပွဲ

Vol. 206 Ch. 2943

အဆုံးစွန်တိုက်ပွဲ

Vol. 206 Ch. 2943

မှော်နက်အရှင်‌ ရောက်လာပြီးနောက်တွင် အခြားနတ်အလင်းတန်းတစ်ခု ဆင်းသက်လာသည်။ မိစ္ဆာအင်ပါယာလည်း ရောက်လာပေပြီ။ သူသည် မှော်နက်အရှင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့‌သော်လည်း တစ်ယောက်ကိုတစ်ယောက် အနိုင်မယူနိုင်ခဲ့ချေ။

သို့သော် ယခုတွင် မှော်နက်အရှင်သည် မိစ္ဆာအင်ပါယာကို ကြည့်မနေပေ။ သူမသည် လူသားဘိုးဘေးကိုသာ စိုက်ကြည့်နေသည်။

“ရှင်မလား...”

သူမမေးလိုက်သည်။

လူသားဘိုးဘေးသည်လည်း မှော်နက်အရှင်ကို ကြည့်နေပြီး ပြောလိုက်၏။

“ချီအာ... မင်းက ဘာလို့ ကိုယ့်ဆရာကို မနှုတ်ဆက်တာလဲ”

ဝုန်း...

မှော်နက်အရှင်သည် ထိုသို့ဖြစ်မည်ကို ခန့်မှန်းထားပြီးဖြစ်သော်လည်း အဖြေကို သိလိုက်ရသောအခါ အလွန်ရင်ခုန်သွားပေသေးသည်။ သူမ၏အဖျက်အရှိန်အဝါသည် ထိန်းမနိုင်သိမ်းမရ ထွက်လာသည်။ သူမ၏မျက်လုံးများထဲတွင် အဆုံးမဲ့အမုန်းတရားဖြင့် ပြည့်နှက်နေ၏။ သူမသည် လူသားဘိုးဘေးကို စူးစူးဝါးဝါးကြည့်သည်။

သူတို့ပတ်ဝန်းကျင်ရှိ တိုက်ပွဲများအတွင်းမှ နတ်ဘုရားများသည် ရင်ထဲတွင် အတော်လေး တုန်လှုပ်သွားကြသည်။ လူသားဘိုးဘေးသည် မှော်နက်အရှင်၏ ဆရာလော။

“ဘာလို့လဲ.. ဘာလို့ ကျွန်မက အဲဒါတွေအကုန်လုံးကို လုပ်ခဲ့ရတာလဲ”

မှော်နက်အရှင်သည် အင်ပါယာခြောက်ပါးထဲမှဖြစ်၍ အမြဲ ဆုံးဖြတ်ချက်ပြတ်သားခဲ့ကာ စိတ်တည်ငြိမ်ခဲ့သည်။ သို့သော် ယခုတွင် သူမသည် စိတ်လွတ်သွားကာ လူသားဘိုးဘေးကို ကျယ်လောင်စွာ အော်မေးလိုက်သည်။ ချိပ်ပိတ်ထားသော မှတ်ဉာဏ်များ၊ သူမမြှုပ်နှံ့ထားခဲ့သော မှတ်ဉာဏ်များသည် ယခုတွင် သူမစိတ်ထဲ၌ ပြန်ထွက်ပေါ်လာကာ သူမဦးနှောက်ကို သိမ်းပိုက်သွားပေပြီ။ ယင်းမှာ အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင်။

ယခင်က”အိပ်မက်”သည် ယခုအဖြစ်ကို ကြိုပြသကဲ့သို့ပင်။ သို့မဟုတ် သူမသည် ဤသို့သောနေ့ရောက်လာမည်ကို ခံစားခဲ့ရသည်လော။

“မင်းမှာ သန့်စင်တဲ့နှလုံးသားရှိလို့ ငါ မင်းကို ရွေးချယ်ခဲ့တာပဲ။ သာမန်လူသားတစ်ယောက် အဖြစ်ကနေ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ခဲ့တာ မင်း ကံကောင်းတာပဲ”

လူသားဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်၏။ မှော်နက်အရှင်သည် သူ၏စမ်းသပ်ချက် သို့မဟုတ် နတ်ဘုရားတစ်ပါးကို ဖန်တီးမည့် စီမံချက်ကို လုပ်ခဲ့သည့်ပုံပင်။

“မင်းတင် မဟုတ်ပါဘူး။ သူကလည်း ငါ ရွေးချယ်ထားတဲ့ သူပဲ။ မဟုတ်ရင် မင်းမှာ မင်းရဲ့လမ်းစဉ်ကို သက်သေပြနိုင်ဖို့ အခွင့်အရေးရှိလိမ့်မယ်လို့ မင်း တကယ်ထင်လား”

လူသားဘိုးဘေးက မိစ္ဆာအင်ပါယာကိုကြည့်၍ ပြောလိုက်၏။ ရီဖူရှင်းပင် ရင်တုန်သွားသည်။ လောကထဲရှိ အင်ပါယာခြောက်ပါးထဲမှ တစ်ဝက်ခန့်သည့် သူ ဖန်တီးထားသူများ ဖြစ်နေသည်။

လူသားဘိုးဘေးသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက နတ်ဘုရားများကို ဖန်တီးနေခဲ့သည်။ သူသည် ဤမရေမတွက်နိုင်သောနှစ်များအတွင်းမှ လောကကြီး၏ အခြေအနေကို ထိန်းချုပ်နေခဲ့သည်။

သူ့ထိန်းချုပ်မှုအောက်တွင် မရှိခဲ့သည်မှာ ကောင်းကင်ဘုံသာ ရှိသည်။

ကောင်းကင်ဘုံသည် ပထမဆုံး ကောင်းကင်အင်ပါယာရှိခဲ့သည်။ ထို့နောက်တွင် ကောင်းကင်မင်းသမီး ရှိခဲ့သည်။ သူတို့အားလုံးသည် လူသားဘိုးဘေးအတွက် အလွန်ဒုက္ခများစေခဲ့သည်။ လက်ရှိမျိုးဆက်တွင်မူ ရီဖူရှင်း ရှိနေသည်။

ဗုဒ္ဓလောကနှင့် နတ်ဆိုးလောကတို့သည် လူသားဘိုးဘေးနှင့် မသက်ဆိုင်ပေ။

“ချီအာ... ဆရာ့ဘေးကို ပြန်လာခဲ့ပါ”

လူသားဘိုး‌ဘေးက ပြောလိုက်၏။

“ငါက မင်းကို ဖန်တီးနိုင်ခဲ့တယ်ဆိုတော့ မင်းကို ဖျက်ဆီးလည်း ပစ်နိုင်တယ်။ အတိတ်က အမုန်းတရားနဲ့ ပဋိပက္ခတွေကို အစွဲထားနေစရာ မလိုပါဘူး။ အခု မင်းက လောကရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်နေပြီပဲ။ အခုကစပြီး လောကကြီးကို စီမံအုပ်ချုပ်ဖို့ မင်း ငါ့ကို ကူညီပေးရမယ်။ မင်းက နတ်ဘုရားတွေရဲ့ ခေါင်း‌ဆောင် ဖြစ်လာမှာပါ။ ငါတို့ နတ်ဘုရားတွေရဲ့ လောကတစ်ခုကို အတူ ဖန်တီးကြမယ်”

ဝုန်း...

လူသားဘိုးဘေး၏စကား ဆုံးသွားသောအခါ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ကမ္ဘာဖျက် ကပ်ဘေးတစ်ခု ထွက်ပေါ်လာလေသည်။ အနက်ရောင် ကောင်းကင်ကပ်ဘေးများ ကျဆင်းလာသည်။ လောကတစ်ခွင်လုံးသည် အနက်ရောင်မရဏလောကတစ်ခုအဖြစ် ပြောင်းလဲသွား၏။

လူသားဘိုးဘေးသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျက်မှောင်ကြုတ်လိုက်၏။ သို့သော် သူသည် တဒင်္ဂအတွင်း ပြန်တည်ငြိမ်သွားပြီး မှော်နက်အရှင်ကို ပြောလိုက်၏။

“ဘာလို့ မင်းကိုယ်မင်း ဒီလိုတွေ လုပ်နေရတာလဲ”

သူ မတိုက်ခိုက်လိုက်ပေ။ သို့သော် မိစ္ဆာအင်ပါယာက တိုက်ခိုက်ပြီးနေပြီဖြစ်သည်။ ရွှေရောင် အာကာသနတ်အလင်း တောက်ပသွားပြီး ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံသွားသည်။ ၎င်းသည် မှော်နက်အရှင်၏ နတ်စွမ်းအားဖြင့် ထိတိုက်သွား၏။ ယခုတွင် သူတို့ရှိနေသောနေရာ၌ ကမ္ဘာဖျက်တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။

သို့သော် ထိုစစ်မြေပြင်ရှိ လူအားလုံးက ထိုသို့သော တိုက်ပွဲများနှင့် အသားကျနေသကဲ့သို့ အံ့အားသင့်မသွားကြချေ။ အာကာပြင်၏ နေရာအနှံ့တွင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲများ ရှိနေသည်။ တိုက်ပွဲတိုင်းသည် ကမ္ဘာဖျက်တိုက်ပွဲများပင်ဖြစ်သည်။

ရီဖူရှင်းသည် ရှုပ်ထွေးနေသော ထိုစစ်မြေပြင်ကို ကြည့်လိုက်၏။ ထို့နောက် သူသည် လူသားဘိုးဘေးကို ကြည့်သည်။ သူသည် အစောက ရပ်သွားခဲ့‌သော်လည်း ယခု ထပ်မံ လျှောက်လိုက်လေသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နဂါးကိုးကောင်နတ်အလင်း တောက်ပနေပြီး ကောင်းကင်ကို အလင်းပေးကာ သဘာဝဖြစ်စဉ်တစ်ခုကို ဖန်တီးနေသည်။ ရီဖူရှင်း၏လက်ထဲ၌ လှံရှည်တစ်ချောင်း ထွက်ပေါ်လာ၏။ ယင်းလှံရှည်သည် အဖျက်နတ်အလင်းဖြင့် တောက်ပနေလေသည်။

လူသားဘိုးဘေးက ရီဖူရှင်းကို ကြည့်လိုက်၏။ သူ၏မျက်လုံးများသည်လည်း စူးရှတောက်လောင်နေသည်။ ထို့နောက် လူသားဘုံ၏ ကောင်းကင်ထက်တွင် တိမ်တိုက်များ တောက်ပလာပြီး မရေမတွက်နိုင်သော အလင်းတန်းများသည် လူသားဘိုးဘေး၏ ခန္ဓာကိုယ်အထက်သို့ ကျဆင်းလာလေသည်။ သူသည် ထိုနတ်အလင်းတန်းများအောက်တွင် ရပ်နေလေသည်။ ထို့နောက် လူသားဘိုးဘေး၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားလာသည်။ သူသည် ကျယ်ပြောသော အာကာပြင်ကို ဖြတ်ကာ ကောင်းကင်တစ်စိတ်တစ်ပိုင်းကို ကွယ်သွားသည်။ ယခုတွင် သူ့ခန္ဓာကိုယ်သည် ကြယ်တာရာများကို ကွယ်နိုင်သည်အထိ ကြီးမားနေပေပြီ။ သူ၏လက်ချောင်းတစ်ချောင်းသည်ပင် ကုန်းမြေတစ်ခုကို ဖျက်ဆီးပစ်နိုင်သည်ဟု ထင်ရသည်။

လက်ရှိ”လူသားဘိုးဘေး”သည် ဖန်ဆင်းရှင်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူသည် လူများကို ကြည့်လိုက်ပြီး သေးငယ်နေသော ရီဖူရှင်းကိုလည်း စူးစမ်းလိုက်သည်။

သူ့အရှေ့တွင် ရီဖူရှင်းသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။

လူသားဘိုးဘေး၏ မျက်လုံးများက ရီဖူရှင်းကို ကြည့်နေ၏။ သူ၏မျက်လုံးများမှနေ၍ နတ်အလင်းထွက်လာပြီး ယင်းနတ်အလင်းသည် ရင်းမြစ်နတ်လျှပ်စီးအဖြစ် ပြောင်းလဲသွား၏။ ထိုရင်းမြစ်နတ်လျှပ်စီးမှနေ၍ မရေမတွက်နိုင်သော နတ်ဓားများ ထွက်ပေါ်လာကာ ရီဖူရှင်း၏ခန္ဓာကိုယ်ထံသို့ ပျံဝင်သွားကြသည်။ သူသည် လူတစ်ယောက်ကို အကြည့်တစ်ချက်ဖြင့် သတ်ဖြတ်၊ ဖျက်ဆီးပစ်နိုင်သကဲ့သို့ပင်။

သူသည် ကောင်းကင်လမ်းစဉ်ထံမှနေ၍ စွမ်းအားငှားယူစရာ မလိုတော့ပေ။ သူသည် ကောင်းကင်လမ်းစဉ်နှင့် ယှဉ်နိုင်သူတစ်ယောက် ဖြစ်နေပေပြီ။ သူ၏မျက်လုံးများက ဆင့်ခေါ်လိုက်သော လျှပ်စီးသည် ရင်းမြစ်နတ်လျှပ်စီးဖြစ်သည်။ ဤလောကထဲတွင် သူ၏စွမ်းအားသည် မူလအကျဆုံး စွမ်းအားဖြစ်သည်။

ရီဖူရှင်းရှိနေသော အာကာပြင်သည် ဓားများ၏ တိုက်ခိုက်မှုကို ခံရတော့ပေမည်။ ရင်းမြစ်လျှပ်စီး၏ တိုက်ခိုက်မှု ဝင်ရောက်လာပြီဖြစ်ပြီး သူသည် ထိုတိုက်ခိုက်မှုနှင့် ယှဉ်လျှင် သေးငယ်လွန်းနေသည်။ သာမန်လူတစ်ယောက်သည် ကောင်းကင်ထဲတွင် ရပ်ကာ ကောင်းကင်မှ မိုးကြိုးလျှပ်စီးများကို ရင်ဆိုင်နေသကဲ့သို့ပင်။ သူသည် ရုတ်ခြည်းအတွင် ထိုတိုက်ခိုက်မှုအောက်တွင် နစ်မြုပ်သွားနိုင်ပေသည်။

ထိုနေရာတွင် သူမဟုတ်ဘဲ အခြားမဟာအင်ပါယာများသာ ဖြစ်ပါက သူတို့သည် ထိုကဲ့သို့သော ကြောက်မက်ဖွယ်တိုက်ခိုက်မှုတစ်ခုကို လုံးဝ ခုခံနိုင်မည် မဟုတ်ချေ။

အခြားနတ်ဘုရားများသည် အဘယ်ကြောင့် လူသားဘိုးဘေး၏ အမိန့်များကို နာခံရကြောင်း ရီဖူရှင်း နားလည်သွားသည်။ လူသားဘိုးဘေးသည် အပြည့်အဝပြန်ကောင်းလာပြီးနောက် အလွန်စွမ်းအားကြီးသော နတ်စွမ်းအားကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ မဟာအင်ပါယာများသည်ပင် သူ၏လေးစားမှုကို ခံရရန် မလုံလောက်ပေရာ သာမန်လူများဆိုလျှင် ဆိုဖွယ်မရှိတော့ပေ။

ပြင်းထန်သော ရင်းမြစ်နတ်လျှပ်စီးသည် လောကကြီးကို လွှမ်းခြုံကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ထံသို့ ထကြွနေသော လှိုင်းတံပိုးကဲ့သို့ ဦးတည်လာနေလေသည်။ သူသည် ရင်းမြစ်နတ်လျှပ်စီး၏အလင်းအောက်တွင် ရှိနေ၏။ သူသည် လူသားဘိုးဘေး၏ အလွန်စွမ်းအားကြီးသော တိုက်ခိုက်မှုကို အမှန်ပင် လျစ်လျူရှုနေလေသည်။

ရီဖူရှင်း၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းနေပြီး နတ်အလင်းနှင့် တလက်လက်တောက်ပနေသည်။ သူသည် တစ်ဘက်မှ အလွန်ကြီးမားသော ဧရာမနတ်ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်နေ၏။ သူသည် သေးငယ်သော်လည်း ကိုယ်ပိုင်ကောင်းကင်လမ်းစဉ်ကို ဖန်တီးခဲ့သူဖြစ်သည်။ သူတွင် လောကကြီးမှ အမှီအခိုကင်းသည့် လမ်းစဉ်တစ်ခုရှိသည်။ လက်ရှိတွင် သူ၏ ကောင်းကင်လမ်းစဉ်သည် ပြီးပြည့်စုံနေပြီဖြစ်သည်။ သူ့ကို အနိုင်ယူရန် လွယ်ကူမည် မဟုတ်ပေ။

လူသားဘိုးဘေးသည်လည်း အံ့အားသင့်မသွားပေ။ အမြင်တစ်ခုမှကြည့်လျှင် ရီဖူရှင်းသည် သူနှင့် အတူဆုံးသူဖြစ်သည်။ ရီဖူရှင်းသည် သူ၏သေမျိုးခန္ဓာဖြင့် ကောင်းကင်လမ်းစဉ်အသေးစားကို ဖန်တီးခဲ့ကာ သူ၏လောကကို တည်ထောင်၍ အမှီအခိုကင်းသော အချိန်နှင့်နေရာစည်းမျဉ်းကို ဖန်တီးခဲ့သည်။

ယခုတွင် ရီဖူရှင်းသည် ဖန်ဆင်းရှင်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီဖြစ်သည်။

ဤလောကထဲတွင် ထိုသို့သော အောင်မြင်မှုကို ရခဲ့သူမှာ နှစ်ယောက်သာ ရှိပေသည်။

ဝုန်း...

လူသားဘိုးဘေးသည် လက်သီးမြှောက်ကာ ရီဖူရှင်းထံသို့ ထိုးလိုက်သည်။ လက်သီးချက် ကျဆင်းသွားသောအခါ ကောင်းကင်ဘုံ၏ အာကာပြင်သည် အပြင်းအထန် စတင် ပြိုပျက်လာသည်။ မဟာလမ်းစဉ်စည်းမျဉ်းအားလုံးသည် သူ၏လက်သီးချက်အောက်တွင် ပျက်စီးသွားသည်။

ထိုလက်သီးချက်တွင် နတ်စွမ်းအားအလင်း မပါဟုထင်ရသော်လည်း လောက၏ အားအကြီးဆုံး စွမ်းအားပါသည်ဟုလည်း ထင်ရသည်။

လူသားဘိုးဘေးသည် မူလအခြေခံသို့ ပြန်ရောက်သွားပြီဖြစ်သည်။ သူ၏လှုပ်ရှားမှုတိုင်း၊ ပြုမူမှုတိုင်းသည် လမ်းစဉ်ရင်းမြစ်မှ ထွက်ပေါ်လာခြင်းပင်။ သူ၏မျက်လုံးများထဲမှ ထွက်လာသော နတ်အလင်းသည် ရင်းမြစ်စွမ်းအားဖြစ်သည်။ သူ့လက်သီးချက်၏စွမ်းအားသည်လည်း လောကတစ်ခုကို ဖျက်ဆီးပစ်နိုင်လေသည်။

ထိုစဉ် လေမုန်တိုင်းတစ်ခု ရိုက်ခတ်သွားပြီး ဟင်းလင်းပြင်ကို ကွဲအက်သွားစေ၏။ ရီဖူရှင်း၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အာကာပြင်သည် လျင်မြန်စွာ စတင် ပြိုပျက်လာလေသည်။ သူ၏ဝတ်ရုံသည်လည်း တဖျပ်ဖျပ်ခတ်လာပြီး သူ၏ငွေဖြူရောင်ဆံပင်သည် ဝဲလွင့်နေသည်။

ရီဖူရှင်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တက်ကာ သူ၏လှံရှည်ကို ရှေ့သို့ ထိုးချလိုက်သည်။ သူ ထိုးချလိုက်သည့်အခိုက်တွင် သူ့လက်ထဲရှိ လှံသည် လျင်မြန်စွာ ကြီးမားလာလေသည်။ ၎င်းသည် မဟာနတ်အလင်းဖြင့် တောက်ပနေပြီး အာကာပြင်ကို တစ်ချက်တည်းဖြင့် ထိုးဖောက်သွားကာ ဝင်ရောက်လာသော လူသားဘိုးဘေး၏ လက်သီးချက်ဖြင့် ထိတိုက်သွားသည်။

ယင်းတို့ ထိတိုက်သွားသည့်အခိုက်တွင် ကျယ်ပြောသောလောကမှနေ၍ နက်ရှိုင်းသော ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုနေရာရှိ လူအားလုံးသည်လည်း ကြောက်မက်ဖွယ် တုန်ခါမှုကို ခံစားလိုက်ရလေသည်။

All Chapters