အဆုံးစွန်တိုက်ပွဲ(၂)
Vol. 207 Ch. 2944
ရီဖူရှင်း၏ခန္ဓာကိုယ်သည် နောက်သို့ လွင့်သွားသည်။ ထိုကြောက်မက်ဖွယ် လက်သီးစွမ်းအားလည်း ပျက်စီးသွားသည်။ ပတ်ဝန်းကျင်အာကာပြင် ပြိုပျက်၊ အက်ကွဲလာပြီး ကြောက်မက်ဖွယ် အာကာသလှိုင်းများ ထိန်းမနိုင်သိမ်းမရ ထန်လာသည်။
သို့သော် ရီဖူရှင်းရော လူသားဘိုးဘေးပါ ယင်းတို့ကို ဂရုမစိုက်ပေ။ သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်များတွင် သူတို့သည် အာကာပြင်မုန်တိုင်းကြီးကို လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်ပေသည်။
“လောကနတ်စွမ်းအားလား”
ရီဖူရှင်းက လူသားဘိုးဘေးကို ကြည့်ကာ မေးလိုက်သည်။
“နတ်စွမ်းအားဆိုတာ စည်းမျဉ်း၊ စည်းကမ်းတစ်ခုပဲ။ အခု ငါက ကောင်းကင်လမ်းစဉ်ရဲ့ စည်းမျဉ်းကို ကိုယ်စားပြုတယ်။ ဒီတော့ ငါက ဘာလို့ နတ်စွမ်းအားကို ဂရုစိုက်ရမှာလဲ”
လူသားဘိုးဘေး ပြောလိုက်၏။ သူ၏အသံသည် ကျယ်ပြော၍ အကန့်အသတ်မဲ့သော ဟင်းလင်းပြင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားပြီး ကျင့်ကြံသူများစွာကို နားစည်တုန်ခါသွားစေသည်။
သူသည် ကောင်းကင်ဖြစ်ပြီး ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုသည်။ သူ၏ သာမန်လှုပ်ရှားမှုတိုင်းသည်ပင် စည်းမျဉ်းဖြစ်သည်။ သူသည် စည်းမျဉ်း၏ ပြယုဂ်ပင်။
ရီဖူရှင်းသည် လူသားဘိုးဘေးပြောသည်ကို ကြားသောအခါ လက်ခံလိုက်၏။ သူ ကောင်းကင်လမ်းစဉ်လောကကို ဖန်တီးပြီးသွားနောက်တွင် သူ၏မျက်လုံးနှစ်လုံးသည် လနှင့်နေအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် သူ့လက်များကို မြှောက်ရုံဖြင့် မိုးကြိုး၊ လျှပ်စီးများကို ဖန်တီးနိုင်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံးသည် စည်းမျဉ်းများ၏ ပြယုဂ်များပင်။
နတ်စွမ်းအားမှာ အရေးမကြီးတော့ပေ။
လူသားဘိုးဘေး၏ လက်သီးတစ်ချက်သည် လောကတစ်ခု၏စွမ်းအား ကျဆင်းလာသကဲ့သို့ပင်။ သူသည် မည်မျှ စွမ်းအားကြီးကြောင်း တွေးကြည့်နိုင်ပေသည်။
ရောင်ဝါများသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံလာ၏။ သူသည် ရောင်ဝါအောက်တွင် ရှိနေပြီး သဘာဝဖြစ်စဉ် ဖြစ်ပေါ်လာ၏။ လ၊ နေနှင့် ကြယ်တာရာများသည် သူ့ကို လှည့်ပတ်လာကြသည်။ သူ့ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော အလင်းတန်းများ စီးဆင်းနေပြီး အချိန်နှင့်နေရာသည် ပြောင်းလဲနေသကဲ့သို့ ထင်ရသည်။ သူ့လက်ထဲရှိ လှံသည် အစစ်အမှန်ဟု မထင်ရသော်လည်း မယုံနိုင်လောက်သော အရှိန်အဝါတစ်ခုဖြင့် တောက်ပနေသည်။
အတွေးတစ်ချက်ဖြင့်ပင် ရီဖူရှင်း၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။
ဝုန်း...
သူ၏ခန္ဓာကိုယ်သည် လှံရှည်ကို သယ်ဆောင်၍ လူသားဘိုးဘေး၏ ဧရာမခန္ဓာကိုယ်ကြီးကို ထိုးစိုက်လိုက်ရာ ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာ၏။ လူသားဘိုးဘေး၏ ဧရာမခန္ဓာကိုယ်ကြီးသည် ဖောက်ထွင်းခံလိုက်ရပြီး ရီဖူရှင်းသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်နေလေသည်။ သို့သော် သူသည် အာကာပြင်ကိုပင် အေးခဲသွားစေနိုင်သော ဆီးနှင်းများဖုံးလွှမ်းနေသော လောကတစ်ခုအတွင်းသို့ ရောက်သွားကြောင်း သူ တွေ့လိုက်ရ၏။ လူသားဘိုးဘေး၏ ရုပ်ခန္ဓာသည် လောကတစ်ခုဖြစ်သည်။ ထိုလောကအတွင်းသို့ အတင်းဝင်သွားခြင်းသည် အဓိပ္ပာယ်မရှိပေ။
ဝုန်း...
ရီဖူရှင်း၏ခန္ဓာကိုယ်သည် အခြားတစ်ဘက်မှ ပြန်ထွက်လာသည်။ လူသားဘိုးဘေး၏ ပေါက်သွားသော ခန္ဓာကိုယ်သည် ရုတ်ခြည်း ပြန်ကောင်းလာပြီး မူလအတိုင်း ပြန်ဖြစ်သွားသည်ကို သူတွေ့လိုက်ရ၏။ ၎င်းသည် ဒဏ်ရာရသွားခဲ့သည်ဟုပင် မထင်ရချေ။ ရီဖူရှင်း၏တိုက်ခိုက်မှုသည် အချည်းနှီးဖြစ်ကာ လုံးဝအဓိပ္ပာယ်မရှိဟု ထင်ရသည်။
“ငါက ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲပြီး အင်မော်တယ်ခန္ဓာကိုယ်တစ်ခု ရှိနေပြီ။ ငါ့ကို ဘယ်သူ သတ်နိုင်မှာလဲ”
လူသားဘိုးဘေး၏ အသံသည် လွန်စွာ ဩဇာအာဏာကြီးပေသည်။ သူသည် နောက်ဆုံးတွင် သာမန်သေမျိုးတစ်ယောက်အဖြစ်မှနေ၍ မသေနိုင်သော နတ်ဘုရားတစ်ပါးဖြစ်လာကာ အလွန်စွမ်းအားကြီးသူတစ်ယောက် ဖြစ်နေပေပြီ။
ယခုတွင် သူ မသေနိုင်တော့ပေ။ ဤလောကထဲက မည်သူမှ သူ့ကို မသတ်နိုင်ချေ။
“မမှားတဲ့သူဆိုတာ မရှိဘူး”
ရီဖူရှင်းက ပြန်ပြောလိုက်၏။ သူတို့သည် လူသားများဖြစ်၍ အကြွင်းမဲ့အင်မော်တယ်များ မဖြစ်နိုင်ပေ။
သူ့ခန္ဓာကိုယ်သည် နေရာမှ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။ ကြောက်မက်ဖွယ် လှံရှည်သည် လူသားဘိုးဘေး၏ခန္ဓာကိုယ်ပေါ်မှ တစ်နေရာကို တိုက်ခိုက်လိုက်သည်။ လူသားဘိုးဘေး၏ခန္ဓာကိုယ်ပေါ်တွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာ၏။ သို့သော် ထိုအပေါက်မှနေ၍ အာကာသနတ်အလင်းထွက်ပေါ်လာကာ ရီဖူရှင်းကို ထိုနေရာတွင် ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။
သို့သော် ရီဖူရှင်း၏ခန္ဓာကိုယ်သည် ရုတ်ခြည်းပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ထွက်ပေါ်လာလေသည်။
သူသည် အလင်းတန်းများ၊ အရိပ်တန်းများအဖြစ် ပြောင်းလဲကာ လူသားဘိုးဘေး၏ခန္ဓာကိုယ်ပေါ်သို့ ထပ်ခါ၊ ထပ်ခါ တိုက်ခိုက်နေသည်။ လူသားဘိုးဘေး၏ ကြယ်တာရာကဲ့သို့ ခန္ဓာကိုယ်သည် အဆက်မပြတ် ကွဲအက်၊ ပြိုပျက်နေသည်။ နေရာအနှံ့တွင် အက်ကြောင်းများ ရှိနေ၏။ သို့သော် သူပြောခဲ့သလိုပင် သူ့တွင် အင်မော်တယ်ခန္ဓာကိုယ် ရှိပေသည်။ ထို့အပြင် ယင်းမှာ သူ၏ခန္ဓာကိုယ်အစစ်ပင် မဟုတ်ချေ။ ယင်းမှာ ကိုယ်ပွားတစ်ယောက်သာဖြစ်သည်။ လူသားဘုံမှ နတ်အလင်းသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ဆက်လက်ကျဆင်းနေသည်။ သူ၏ကွဲအက်နေသော ခန္ဓာကိုယ်သည် မရေတွက်နိုင်သော အဖျက်ကပ်ဘေးအလင်းတန်းများကို ဖြာချကာ ကျယ်ပြောသော ဟင်းလင်းပြင်ကို လွှမ်းခြုံထားသည်။ ၎င်းတွင် ရင်းမြစ်လျှပ်စီး၊ အဖျက်ကပ်ဘေးများနှင့် ဖြတ်တောက်ဓားများ ပါဝင်ပေသည်။
ရီဖူရှင်းသည် လေထဲမှနေ၍ ထိုမြင်ကွင်းကို မြင်လိုက်ရ၏။ သူသည် ကျယ်ပြောသော အာကာပြင်ကို ဝေ့ဝဲကြည့်သည်။ ရုတ်ခြည်းအတွင်းမှာပင် သူ့အမြင်ကို စက်ကွင်းတစ်ခုက လွှမ်းခြုံသွားသည်။ သူ့ထံသို့ အရပ်မျက်နှာအသီးသီးမှ သတ်ဖြတ်ရန် လာနေသော တိုက်ခိုက်မှုများသည် ရုတ်တရက် နှေးကွေးသွားပြီးနောက် ရပ်တန့်သွားကြသည်။
လူသားဘိုးဘေးက ရီဖူရှင်းကို ကြည့်လိုက်၏။ သူနှင့် ရီဖူရှင်းတို့ မျက်လုံးချင်းဆုံသွားသောအခါ သူ၏အကြည့်သည်လည်း အေးခဲသွားပြီး ရပ်တန့်သွားသည်။ ရီဖူရှင်း၏ မျက်လုံးများကို”မျက်လုံးများ”ဟု ခေါ်၍ မရတော့ပေ။ ၎င်းတို့သည် အချိန်နှင့်နေရာကို ကိုယ်စားပြုပေသည်။
လူသားဘိုးဘေး ပြောခဲ့သကဲ့သို့ပင် သူတို့သည် လောကတစ်ခုကို ဖန်တီးကာ ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူတို့သည် ရုပ်ခန္ဓာ၏ အကန့်အသတ်များကို ကျော်လွန်သွားပြီဖြစ်သည်။ သူတို့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသည် လမ်းစဉ်များ ဖြစ်ကြသည်။
ရီဖူရှင်းသည် ရပ်တန့်နေသော လူသားဘိုးဘေးကို ကြည့်လိုက်၏။ သူ၏မျက်လုံးနှစ်လုံးသည် လမ်းစဉ်များအဖြစ် ပြောင်းလဲသွားပြီး လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေသည်။ သူ ရင်းမြစ်လျှပ်စီး၊ အဖျက်ကပ်ဘေးများနှင့် ဖြတ်တောက်ဓားများကို ကြည့်လိုက်ရာ ယင်းတို့အားလုံး ဖျက်ဆီးခံလိုက်ရလေသည်။ ယင်းတို့သည် အမှုန့်ဖြစ်သွားကာ တိုက်ရိုက် ဖျက်ဆီးခံလိုက်ရ၏။
ရီဖူရှင်းသည် အမြဲပင် ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ လျှောက်လှမ်းခဲ့သည်။ မည်သည်က အထွတ်အထိပ်နည်း။
ကျင့်ကြံသူတစ်ယောက်သည် အထွတ်အထိပ်သို့ မည်သို့ ရောက်နိုင်သနည်း။
သူသည် ယင်းကို ယခုအထိ မသိသေးပေ။ သို့သော် ပြီးခဲ့သောနှစ်များအတွင်း၌ သူသည် ထိုလမ်းပေါ်တွင် ခြေလှမ်းအနည်းငယ် ထပ်လှမ်းနိုင်၏။ သူ၏ကောင်းကင်လမ်းစဉ်လောက ပြီးပြည့်စုံသွားသောအခါ သူသည် အချိန်နှင့်နေရာ နတ်စက်ကွင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ထိုနတ်စက်ကွင်းထဲတွင် သူသည် အချိန်စီးဆင်းနှုန်းကို ပြောင်းလဲနိုင်ပေသည်။ အဆုံးစွန်အခြေအနေတွင် သူသည် အချိန်စီးဆင်းနှုန်းကို (၈၁)ဆ လျှော့ချနိုင်သည်။ (၈၁)ဆကွာခြားမှုသည် ရပ်တန့်သွားလုနီးပါး ဖြစ်သည်။
သို့သော် ထိုမျှဖြင့် မလုံလောက်သေးပေ။ သူ၏အဖေ အရှင်ဒွန်ဟောင်သည် ထုတ်ဖော်ခြင်းနတ်စွမ်းအားကို ကျင့်ကြံခဲ့သည်။ ထုတ်ဖော်ခြင်း၏ အထွတ်အထိပ်သည် ဗလာနယ်ဖြစ်သည်။ ဗလာနယ်သည် ကျင့်ကြံခြင်း၏ နောက်ဆုံးအဆင့်များထဲမှ တစ်ခုဖြစ်သည်ဟု သူယုံကြည်သည်။
ဗုဒ္ဓလမ်းစဉ်၏ အထွတ်အထိပ်မှာ အနတ္တဖြစ်သည်။ အရာအားလုံး ကင်းမဲ့ခြင်း၊ မမြဲခြင်းပင်။ ဗလာနယ်နှင့် အနတ္တသည် ဆင်တူသလော။
ထိုအချက်များမှနေ၍ ရီဖူရှင်းသည် အဆုံးစွန်ပျက်သုဉ်းခြင်းလမ်းစဉ်နှင့် အချိန်နှင့်နေရာလမ်းစဉ်၏ ဆင့်ကဲပြောင်းလဲမှုကို သိမြင်နားလည်ခဲ့သည်။
အချိန်နှင့်နေရာ ပြိုပျက်...
သူ အဝေးသို့ ကြည့်လိုက်၏။ ထိုအာကာပြင်အတွင်းရှိ အရာအားလုံး ပြိုပျက်၊ ကွဲအက်သွားကြပြီး ဖျက်ဆီးခံလိုက်ရကာ ပျောက်ကွယ်သွားကြသည်။ ရင်းမြစ်လျှပ်စီးနှင့် အဖျက်ကပ်ဘေးများသည်လည်း ယင်းသို့ပင် ပျောက်ကွယ်သွားကြလေသည်။ ရီဖူရှင်းသည် လူသားဘိုးဘေး၏ ဧရာမခန္ဓာကိုယ်ကြီးကို ကြည့်လိုက်၏။ ထိုကြောက်မက်ဖွယ် နတ်ခန္ဓာသည်လည်း ပြိုပျက်၊ ကွဲအက်နေသည်။ ရုပ်ဝတ္ထုအားလုံးသည် ဖျက်ဆီးခံရကာ ပျောက်ကွယ်သွားတော့ပေမည်။
ရီဖူရှင်း၏လက်ထဲရှိ လှံရှည်သည် မဟာနတ်စွမ်းအားဖြင့် တောက်ပလာသည်။ သူ၏ခန္ဓာကိုယ် ဖျတ်ခနဲလက်သွားပြီး သူသည် လှံကို ရှေ့သို့ ထိုးလိုက်၏။ လှံသည် လူသားဘိုးဘေး၏ ကြီးကျယ်သောဧရာမခန္ဓာကိုယ်ကြီးကို ထိသွားသည်။ ရုတ်ခြည်းအတွင်းမှာပင် အချိန်နှင့်နေရာတစ်ခုလုံးသည် လျင်မြန်စွာ ကျုံ့သွားပြီး ပြိုပျက်သွားကာ ကြောက်မက်ဖွယ် အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ အရာအားလုံးသည် ပျက်စီးနစ်မြုပ်သွားပေတော့မည်။
လူသားဘိုးဘေး၏ ဧရာမခန္ဓာကိုယ်သည်လည်း လျင်မြန်စွာ ကျုံ့လာသည်။ ၎င်းသည် တဒင်္ဂအတွင်းမှာပင် ပြိုပျက်၊ ကွဲအက်သွားကာ ပျောက်ကွယ်သွားသည်။ ၎င်းကို အာကာသတွင်းနက်ကြီးက ဝါးမျိုသွားပေပြီ။ ယင်းမှာ လက်စဖျောက်လှံအတတ်၏ ဆင့်ကဲတိုးတက်မှုတစ်ခုဖြစ်သည်။ ထိုလှံအတတ်သည် ပြိုင်ဘက်ကင်း လှံအတတ်တစ်ခုပင်။
မကြာခင်တွင် ကျယ်ပြောသော ဟင်းလင်းပြင်တွင် ရပ်နေခဲ့သော ဧရာမခန္ဓာကိုယ်ကြီးသည် ဖျက်ဆီးခံလိုက်ရကာ ပျောက်ကွယ်သွားလေတော့သည်။ ၎င်းသည် ထိုလှံ၏ နှစ်မြှုပ်မှုကို ခံလိုက်ရသကဲ့သို့ပင်။ သို့သော် ရီဖူရှင်းသည် မရပ်သေးပေ။ သူ၏မျက်လုံးများသည် ရှေ့သို့ ဆက်၍စိုက်ကြည့်နေသည်။ ဤတိုက်ပွဲသည် သက်ရှိအားလုံး၏ ကံကြမ္မာများကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲတစ်ပွဲဖြစ်သည်။ သူသည် သူ ကျင့်ကြံခြင်း၏ အဆုံးစွန်အမှန်တရားကို သိမြင်နားလည်သွားသည်အထိ စောင့်လိုခဲ့၏။ အကယ်၍ ဘုံခုနစ်ခု၏ သေရေး၊ ရှင်ရေးနှင့်ဆိုင်သော ဘေးအန္တရာယ်ကြောင့်သာ မဟုတ်ပါက သူသည် မည်သည့်အခါတွင်မှ စတင် တိုက်ခိုက်မည်မဟုတ်ချေ။
ပတ်ဝန်းကျင်မှ လူများသည် အစောတွင် လူသားဘိုးဘေးရှိခဲ့သည့် တိုက်ပွဲနေရာသို့ ကြည့်နေကြသည်။
လူသားဘိုးဘေး၏ ဧရာမခန္ဓာကိုယ်ကြီးသည် အသတ်ခံလိုက်ရပေပြီ။ ရီဖူရှင်းက သတ်ခဲ့ခြင်းပင်။ မဟာအင်ပါယာများစွာသည် အလွန်အံ့အားသင့်ကာ ရင်တုန်သွားကြသည်။
လက်ရှိတွင် အင်ပါယာခြောက်ပါးသည် ရီဖူရှင်း၏ ပြိုင်ဘက် မဟုတ်နိုင်တော့ပေ။ သာမန်မဟာအင်ပါယာများဆိုလျှင် ရီဖူရှင်း၏လှံ၏ ပြိုင်ဘက်ပင် မဖြစ်နိုင်ချေ။
လူသားဘိုးဘေး သေသွားပြီလော။
အချို့မဟာအင်ပါယာများ၏ တိုက်ပွဲများပင် ရပ်တန့်သွားသည်။ သူတို့သည် ရီဖူရှင်း၏ တိုက်ပွဲပြင်ကို ငေးကြည့်နေကြသည်။ အကယ်၍ လူသားဘိုးဘေးသာ အသတ်ခံလိုက်ရလျှင် ဤစစ်ပွဲသည် ပြီးဆုံးသွားပေပြီ။
သို့သော် လူသားဘိုးဘေးသည် ဤမျှ လွယ်လွယ်ကူကူ သေပါမည်လော။
ယင်းမှာ လူသားဘိုးဘေး၏ ကိုယ်ပွားသာ ဖြစ်သည်။
ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည် လူသားဘုံအထက်ရှိ ကောင်းကင်ကို လှည့်ပတ်နေပြီး အကန့်အသတ်မဲ့ နတ်အလင်း ဖြာကျနေသည်။ မယုံနိုင်လောက်သော အတုနဲ့နတ်အလင်း ဖြာထွက်လာပြီး စွမ်းအားကြီးကျင့်ကြံသူများစွာကို ရင်တုန်သွားစေသည်။ မျှော်လင့်ထားသလိုပင် လူသားဘိုးဘေးသည် မသေသေးပေ။ ရီဖူရှင်းသည် လူသားဘိုးဘေး၏ ကိုယ်ပွားကိုသာ သတ်ခဲ့ခြင်းဖြစ်သည်။ ထိုကိုယ်ပွားသည် လူသားဘုံတွင် လူသားဘိုးဘေးကို ကိုယ်စားပြုရသူသာဖြစ်သည်။
လူသာဘိုးဘေးအစစ်သည် ယခုအထိ ထွက်မလာသေးချေ။