အဆုံးစွန်တိုက်ပွဲ(၄)
Vol. 207 Ch. 2946
“ဒွန်ဟောင်”
အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ထာဝရဓားသခင်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားလေတော့သည်။ သူသည် ဓားလမ်းစဉ်နတ်စက်ကွင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် တစ်သားတည်းဖြစ်သွားသည်။ ကောင်းကင်ထက်တွင် သူ၏ဧရာမပုံရိပ်ကြီး ထွက်ပေါ်လာ၏။ ယင်းမှာ မရေမတွက်နိုင်သော ဓားချီများမှ ဖြစ်ပေါ်လာခြင်းပင်။ ထိုဓားချီများသည် မပျက်စီးနိုင်ဘဲ လောကထဲတွင် ထာဝရတည်ရှိနေသည်ဟု ထင်ရသည်။
သူ၏အသံတွင်ပင် လွန်စွာစူးရှိသော အရှိန်အဝါတစ်ခု ပါဝင်ပေသည်။
ရွှစ်..ရွှစ်...
ထိုအသံများသည် စူးရှကာ နားအတွင်းသို့ စူးခနဲ ဝင်သွား၏။ ထာဝရဓားချီမှနေ၍ ကျယ်ပြောသော ဟင်းလင်းပြင် ဖြစ်ပေါ်လာ၏။ ဓားချီတန်းအားလုံးသည် လွန်စွာ စွမ်းအားကြီး၏။ ထိုလောကအသေးစားသည် ဓားလောကဖြစ်သည်။
အရှင်ဒွန်ဟောင်သည် ခေါင်းမော့ကာ ထာဝရဓားသခင်ကို ကြည့်လိုက်၏။ သူသည် လွန်စွာအားကောင်းသော အန္တရာယ်အငွေ့အသက်ကို အာရုံခံမိလိုက်၏။ ထိုလောကအသေးစားတွင် သန်းထောင်ချီသော ဓားချီတန်းများ ပါဝင်ပေသည်။
“ကျုပ်က ဓားလမ်းစဉ်ကို ကျင့်ကြံခဲ့ပြီး လောကကို အုပ်စိုးခဲ့တယ်။ ဒီလောကသစ်မှာ ကျုပ်ရဲ့ ပြိုင်ဘက်နဲ့ တွေ့ရလိမ့်မယ်လို့ ကျုပ်မထင်ခဲ့ဘူး။ ဒီဓားက ထာဝရဓားပဲ။ ခင်ဗျားအဲဒါကို ယူနိုင်ရင် ဒီတိုက်ပွဲက ပြီးသွားလိမ့်မယ်”
ထာဝရဓားသခင်က ပြောလိုက်၏။ သူ၏အသံသည် လွန်စွာ လွှမ်းမိုးအားကြီးပေသည်။
အရှင်ဒွန်ဟောင်ထံမှ ထုတ်ဖော်ခြင်းနတ်စွမ်းအားသည်လည်း ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံသွားသည်။ အဆုံးမဲ့ ဓားချီများသည် ထိုစွမ်းအားအတွင်းသို့ အတားအဆီးမရှိ ကျူးကျော်ဝင်ရောက်သွား၏။ သို့သော် ယင်းတို့သည် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ကြပေ။
ထို့နောက်တွင် အရှင်ဒွန်ဟောင်ထံမှ နတ်စွမ်းအား ထွက်ပေါ်လာ၏။ နတ်အလင်းသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူသည် တောက်ပနေသည်။ သူ့ပတ်ပတ်လည်တွင် အင်ပါယာအလင်း ရစ်သိုင်းနေပြီး လေထဲတွင် ကြီးမားသောအရှိန်အဝါ ပြည့်နေစေလေသည်။ သူ ထာဝရဓားသခင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်၏။
“ကျုပ် ခင်ဗျားကို ရှေးဟောင်းစီနီယာတစ်ယောက်အနေနဲ့ လေးစားတယ်။ အခု ခင်ဗျားလက်လျှော့မယ်ဆိုရင် နောက်မကျသေးပါဘူး”
“ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေတာပဲ”
ထာဝရဓားသခင်က ပြောလိုက်၏။ ထို့နောက် သူသည် ကျယ်လောင်စွာ ပြောလိုက်၏။
“မဟာလမ်းစဉ် (၃၀၀၀)ထဲမှာ ဓားကပဲ ထာဝရ တည်တယ်”
သူ ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဓားအားလုံးသည် ဒြပ်ထည်ဖြစ်တည်လာပြီး သက်ရှိအားလုံးကို ရှင်းပစ်နိုင်လာလေသည်။ ထိုဓားစက်ကွင်းအတွင်းရှိ အရာအားလုံးသည် အမှုန့်ဖြစ်ကာ ဓားများအောက်တွင် သေဆုံးသွားပေတော့မည်။
ကောင်းကင်ထက်တွင် သန်းထောင်ချီသော နတ်ဓားများသည် လောကကို ဖြတ်ကျော်နိုင်သော ထာဝရဓားတစ်ချောင်းအဖြစ် ပေါင်းစည်းသွားသည်။ ၎င်းသည် အောက်ဘက်သို့ ကျဆင်းလာ၏။ ၎င်းသည် အလွန်နှေးသည်ဟု ထင်ရသော်လည်း စက္ကန့်တိုင်းတွင် ကျယ်ပြောသော ဟင်းလင်းပြင်ကို ဖြတ်သန်းနေသည်။ သူတို့နှစ်ယောက်သည် အဝေးမှနေ၍ တိုက်ခိုက်နေကြလေသည်။
****
အရှင်ဒွန်ဟောင်သည် ဓားအရှိန်အဝါကို အာရုံခံမိလိုက်၏။ ၎င်း၏လမ်းကြောင်းအတွင်းရှိ လောကသည် ပြိုပျက်သွားပြီး အာကာပြင်က ကွဲအက်သွားသည်။ ထိုဓားအောက်တွင် အရာအားလုံးသည် အမှုန့်ဖြစ်သွားသည်။ ကောင်းကင်ထက်တွင် ထာဝရဓားသခင်၏ မျက်မှာသည် အကန့်အသတ်မဲ့ ကြီးမားနေသည်။ သူ့ပတ်ပတ်လည်တွင် ဓားအလင်း ရစ်သိုင်းနေပြီး ကောင်းကင်ကို အလင်းပေးနေသည်။ ထိုအခိုက်တွင် ကောင်းကင်ဘုံမှ ကုန်းမြေများပေါ်မှ ကျင့်ကြံသူများသည် ကောင်းကင်ထဲတွင် လွန်စွာတောက်ပသော ဓားအလင်းကွေးကို တွေ့လိုက်ရလေသည်။
ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် ပြိုပျက်၊ ကွဲအက်လာသည်။ ၎င်းသည် ဓားစွမ်းအားကို မခုခံနိုင်တော့ပေ။ ထိုနတ်ဓားသည် အရှင်ဒွန်ဟောင်ထံသို့ ပြင်းထန်စွာ ပျံဝင်လာလေသည်။
ထိုစဉ်တွင် အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်သည် ပုံရိပ်ယောင်အလင်းအဖြစ် ပြောင်းလဲသွား၏။ သူသည် ဒြပ်ထည်မရှိတော့သကဲ့သို့ပင်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်မှာ နတ်အလင်းသည် အစောကထက် ပို၍ တောက်ပလာလေသည်။ သူက လက်နှစ်ဘက်ဖြင့် လက်ဟန်ပြုကာ ရှေ့သို့ လက်ချောင်း ညွှန်လိုက်ကာ နှုတ်မှ ရွတ်လိုက်၏။
“ဗလာဖြစ်...”
သူသည် ထိုသို့ရွတ်ကာ ရှေ့သို့ ပျံသွားလိုက်သည်။ သူ၏လက်ချောင်းသည် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ အထက်သို့ ပျံတက်သွားသည်။ ကြောက်မက်ဖွယ်ထာဝရဓားစွမ်းအားသည် ကောင်းကင်မှ ကျဆင်းလာသော်လည်း ရုတ်ခြည်းအတွင်းပင် ပျက်စီးပျောက်ကွယ်၍ ဗလာဖြစ်သွားသည်။ ထိုမျှသာ မကသေးပေ။ အရှင်ဒွန်ဟောင်၏ လက်ချောင်းလမ်းကြောင်းအောက်ရှိ အရာအားလုံးသည် ပျက်သုဉ်းကာ ဗလာဖြစ်သွားသည်။
ထို့နောက်တွင် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အရာအားလုံးသည်လည်း ဗလာဖြစ်သွားသည်။ မည်သည့် နတ်စွမ်းအားမှ မရှင်သန်နိုင်ခဲ့ပေ။
လောကဇီဝိန်ခြွေ ထာဝရဓားသည် ကောင်းကင်ထက်မှနေ၍ လွန်စွာခက်ထန်သော စွမ်းအားဖြင့် အရှင်ဒွန်ဟောင်ထံ သတ်ဖြတ်ရန် ကျဆင်းလာသည်။ အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်သည် ရုတ်ခြည်း ထိုးစိုက်ခံရကာ ထိုနေရာတွင်ပင် အသတ်ခံရတော့မလိုပင်။
သို့သော် အရှင်ဒွန်ဟောင်သည် လုံးဝနောက်မဆုတ်လိုက်ပေ။ သူသည် ရှေ့သို့ ဆက်တိုးသွားပြီး သူ၏လက်ချောင်းသည် လွန်စွာကြီးမားသော ထာဝရဓားဖြင့် ထိတိုက်သွားသည်။ ယင်းမှာ ပိုးဖလံတစ်ကောင်က သစ်ပင်တစ်ပင်ကို ရွှေ့ရန် ကြိုးစားနေသကဲ့သို့ပင်။
သို့သော် မည်သည့် ပြင်းထန်းသော ပေါက်ကွဲမှုမှ ဖြစ်ပေါ်မလာခဲ့ချေ။ ပျက်သုဉ်းခြင်းနှင့် ဗလာဖြစ်ခြင်းသာ ရှိလေသည်။
ထာဝရဓားသည် အမှန်ပင် အရှင်ဒွန်ဟောင်၏လက်ချောင်း၏ ထိုးဖောက်မှုကို ခံလိုက်ရ၏။ ထို့နောက် ၎င်းသည် တဖြည်းဖြည်း ကျိုးပဲ့ကာ ပျောက်ကွယ်၍ ဗလာဖြစ်သွားလေတော့သည်။ ဧရာမဓားကြီးသည် တစ်ခါမှ မတည်ရှိခဲ့သလို ပျောက်ကွယ်သွားပေသည်။ ထိုမြင်ကွင်းသည် ကောင်းကင်နှင့်တစ်သားတည်းဖြစ်နေသော ထာဝရဓားသခင်ကို မျက်နှာပျက်သွားစေ၏။
အရှင်ဒွန်ဟောင်သည် အထက်သို့ ဆက်ပျံတက်လာသည်။ သူသည် သူ့ရှေ့သို့ လက်ချောင်းညွှန်၍ ထာဝရဓားသခင်၏ ဧရာမမျက်နှာကြီးကို ထိုးလိုက်သည်။ သူသည် ကောင်းကင်ကို လက်ချောင်းတစ်ချောင်းဖြင့် ခွဲဖျက်လိုက်သည်။
ထိုအခိုက်တွင် ကောင်းကင်သည် ကွဲအက်လာကာ ဗလာဟင်းလင်းဖြစ်သွားသည်။ ထာဝရဓားသခင်၏ မျက်နှာကြီးသည်လည်း တွန့်ခေါက်လာသည်။ ဓားချီတန်းအချို့သည် ထွက်ပြေးသွားလိုက်သော်လည်း ထိုဗလာနတ်စွမ်းအားအောက်တွင် မည်သည့်ဓားချီမှ မလွတ်ခဲ့ချေ။ အရာအားလုံးသည် ဗလာဖြစ်သွားသည်။
တဒင်္ဂအတွင်းမှာပင် အရာအားလုံး ကွဲအက်ပျက်စီးသွားသည်။
ထာဝရဓားသခင်၏ မျက်နှာ ပျောက်ကွယ်သွား၏။ ဓားစက်ကွင်းသည်လည်း ကွဲအက်ပျက်စီးကာ ဗလာဖြစ်သွားသည်။ အရှင်ဒွန်ဟောင်သည် ဟင်းလင်းပြင်အထက်တွင် ရပ်လိုက်၏။ သူ့ခန္ဓာကိုယ်သည် ဒြပ်ထည် ပြန်ရှိလာသည်။ သို့သော် သူ၏အရှိန်အဝါသည် အနည်းငယ် အားနည်းနေသည်။ သူသည် ဆေးလုံးတစ်လုံးကို သောက်လိုက်ပြီး တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်ကာ ကျင့်ကြံလိုက်၏။
အခြားတိုက်ပွဲပြင်များ၌ နတ်ဆိုးအင်ပါယာသည် တိုက်ပွဲတွင် ဝင်ပါပြီးနောက် နေရာအနှံ့၌ စတင်တိုက်ခိုက်နေသည်။ အင်ပါယာခြောက်ပါးသည် လောကကြီး၏ ထိပ်သီးပုဂ္ဂိုလ်များဖြစ်သည်။ ရှေးဟောင်းမဟာအင်ပါယာများပင် သူတို့ကို ခက်ခက်ခဲခဲ ပြန်ခုခံနေရသည်။ ထိပ်တန်းမဟာအင်ပါယာများသာ သူတို့ကို ယှဉ်နိုင်ပေသည်။
ထိုအချိန်တွင် နတ်ဆိုးအင်ပါယာနှင့် ယွီထူတို့၏လက်များ၌ ရှေးဟောင်မဟာအင်ပါယာ တစ်ဒါဇင်၏ သွေးများ စွန်းနေပြီဖြစ်သည်။ နတ်ဆိုးအင်ပါယာ၏ ရည်ရွယ်ချက်သည် မှော်နက်အရှင်နှင့် တိုက်ခိုက်နေသော မိစ္ဆာအင်ပါယာထံ သွားရန်ဖြစ်သည်။ အကယ်၍ သူတို့သာ မိစ္ဆာအင်ပါယာကို သတ်နိုင်ခဲ့လျှင် ဤတိုက်ပွဲ၏ ရလဒ် ထွက်ပေါ်လာပေလိမ့်မည်။
ထိုစဉ်တွင် ယွီထူသည် အခြားတိုက်ပွဲပြင်သို့ သွားလိုက်၏။
ရန်သူများထဲတွင် အန္တရာယ်အများဆုံးသူမှာ ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲထားသော လူသားဘိုးဘေး ဖြစ်နေဆဲပင်ဖြစ်သည်။
ရီဖူရှင်းသည် လူသားဘိုးဘေး၏ ကောင်းကင်လမ်းစဉ်အောက်တွင် ရပ်နေပြီး လွန်စွာကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံသွားသည်ကို မြင်လိုက်ရလေသည်။ ထို့နောက်တွင် ရီဖူရှင်းသည် မရေတွက်နိုင်သော လေလှိုင်းများက ထိုကောင်းကင်ဘက်သို့ လျင်မြန်စွာ လာနေသည်ကို အံ့ဩတကြီး သိလိုက်ရ၏။
ထိုအခိုက်တွင် လူသားဘုံတစ်ခွင်လုံး၌ ညည်းတွားသံများ၊ အော်ဟစ်သံများနှင့် ပြည့်နှက်သွားသည်။ လူသားဘုံမှ ကျင့်ကြံသူအားလုံးသည် စိတ်လွတ်သွားပုံပေါ်၏။ သို့သော် ထိုမျှသာ မကသေးပေ။ နေရာအနှံ့တွင် တိုက်ခိုက်နေသူများသည်လည်း ထို့အတူသာဖြစ်သည်။
လူသားဘိုးဘေးသည် လူသားဘုံကို မွမ်းမံခဲ့သည်။ သူသည် လူသားဘုံတစ်ခုလုံး၏ စွမ်းအင်ကို စုပ်ယူနေခြင်းလော။
သူသည် လူသားဘုံမှ ကျင့်ကြံသူအားလုံးကို အသုံးပြုတော့မည်လော။
“အဲဒါက ဘာလဲ”
ရီဖူရှင်းက ကောင်းကင်ထက်သို့ ငေးကြည့်လိုက်၏။ သူသည် မရေမတွက်နိုင်သော ပုံရိပ်ယောင် အရိပ်များကို မြင်လိုက်ရ၏။ ၎င်းတို့သည် အစွဲများ သို့မဟုတ် ခံစားချက်များနှင့် အလိုဆန္ဒများကဲ့သို့ပင်။ အရိပ်များစွာသည် ရုန်းကန်နေ၏။ သို့သော် အချည်းနှီးသာ။ ၎င်းတို့အားလုံးသည် ကောင်းကင်ထက်တွင် ပေါင်းစည်းသွားသည်။
တရားမျှတမှုလော။ ယင်းမှာ လူသားဘိုးဘေး၏ တရားမျှတမှု၊ သူ၏လမ်းစဉ်ဖြစ်သည်။
လူသားဘုံမှ ကျင့်ကြံသူအားလုံးသည် သူ၏ရုပ်သေးရုပ်များလော။
“ငါ သူ့ကို တားရမယ်”
ရီဖူရှင်း၏စိတ်ထဲတွင် ထိုအတွေးဝင်လာသည်။ အန္တရာယ်အကြီးဆုံး လူသားဘိုးဘေးသည် လောကအတွင်းသို့ ရောက်လာတော့မည်ဖြစ်ကြောင်း သူ သိရှိလိုက်သည်။
အတွေးတစ်ချက်ဖြင့် ရီဖူရှင်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်အလင်းထွက်ပေါ်လာကာ ကောင်းကင်ထဲတွင် ပြည့်နှက်သွားသည်။ ထူးဆန်းသော ဖြစ်စဉ်များနှင့် မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများ ထွက်ပေါ်လာ၏။ သူသည် ကောင်းကင်သို့ လက်ချောင်းညွှတ်လိုက်ရာ သန်းထောင်ချီသော နတ်ဓားများသည် ကောင်းကင်ထက်သို့ တစ်ပြိုင်တည်း ပျံတက်သွားကြလေသည်။
ကောင်းကင်ထဲတွင် ဓားလမ်းကြောင်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်လမ်းစဉ်ဆီသို့ ဦးတည်ပျံဝင်သွားကြသည်။ ပေါင်းစည်းနေသော အရိပ်များသည် အဆက်မပြတ် ပျောက်ကွယ်လာသည်။ သို့သော် ရီဖူရှင်းက ကောင်းကင်မှ ထွက်ပေါ်လာသော သရော်သံကို ကြားလိုက်ရလေသည်။
“မင်းက မင်းကိုယ်မင်း တရားမျှတမှုဘက်ကလို့ ပြောတယ်မလား။ ဘာလို့ အခု သတ်ဖြတ်နေရတာလဲ”
ရီဖူရှင်း မျက်မှောင်ကြုတ်သွား၏။ သူ ပျောက်ကွယ်သွားအောင် လုပ်နေသော ပုံရိပ်ယောင်များသည် ကျင့်ကြံသူအစစ်အမှန်များလော။
“ဒါက ခင်ဗျားရဲ့ တရားမျှတမှုလား”
ရီဖူရှင်းက ကောင်းကင်ထဲရှိ ပုံရိပ်ယောင်မျက်နှာကိုကြည့်၍ မေးလိုက်သည်။
“ငါ ကောင်းကင်လမ်းစဉ်ကို ထိန်းချုက်ပြီး နတ်ဘုရားတွေရဲ့ လောကကို ဖန်တီးပြီးသွားရင် အကြွင်းမဲ့တရားမျှတမှု ရှိလာလိမ့်မယ်”
လူသားဘိုးဘေးက ပြန်ပြောလိုက်၏။
“အရင်တုန်းက ကောင်းကင်အင်ပါယာက ငါ့ကို မတားနိုင်ခဲ့ဘူး။ မင်းရဲ့ အမေကလည်း ငါ့ကို မတားနိုင်ခဲ့ဘူး။ ဒီနေ့ မင်းလည်း အတူတူပဲ ဖြစ်မှာပဲ”
ကောင်းကင်တစ်ခွင်လုံးသည် ပုံရိပ်ယောင်မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွား၏။ တိုက်ခိုက်နေသော နတ်ဘုရားအားလုံးသည်လည်း ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ သူတို့ ရင်တုန်သွား၏။ လူသားဘိုးဘေးအစစ်အမှန် ထွက်ပေါ်လာပြီလော။