အဆုံးစွန်တိုက်ပွဲ(၅)
Vol. 207 Ch. 2947
လူသားဘုံ၏ ကုန်းမြေများစွာတွင် သစ်ပင်များ ညိုးခြောက်လာပြီး မြစ်များနှင့် ကန်များ ခမ်းခြောက်လာသည်။ လောကအတွင်းရှိ အရာအားလုံး ဖျက်ဆီးခံနေရသည်။ လူသားဘုံမှ လူအားလုံးသည် လုံးဝ မျှော်လင့်ချက်ကင်းမဲ့သွားကြ၏။ သူတို့သည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ယင်းမှာ သူတို့၏ လောကကယ်တင်ရှင်လော။
အဘယ်ကြောင့် သူသည် ယခုတွင် လူသားဘုံကို ပျက်စီးစေနေသနည်း။
လူသားဘိုးဘေးသည် လူသားဘုံ၏ စွမ်းအင်အားလုံးကို စုပ်ယူနေသည်။ ယင်နှင့်ယန်၊ ဓာတ်ကြီးငါးပါးနှင့် အခြားအရာအားလုံးသည် ကောင်းကင်လမ်းစဉ်အတွင်းသို့ ပျော်ဝင်နေသည်။
စစ်မြေပြင်တွင် ရီဖူရှင်းနှင့် အခြားသူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။ သူတို့သည် ကမ္ဘာဖျက်အရှိန်အဝါကို ခံစားလိုက်ကြရသည်။ ထိုကောင်းကင်လမ်းစဉ်အတွင်းရှိ စွမ်းအင်သည် မဟာအင်ပါယာတစ်ပါး၏ စွမ်းအင်ထက်ပင် သာလွန်နေပြီဖြစ်သည်။ သူသည် လောကတစ်ခုလုံးကို မွမ်းမံနေခြင်းပင်။
လူများစွာသည် တိုက်ခိုက်နေမှု ရပ်သွားကြသည်။ မိစ္ဆာအင်ပါယာသည်ပင် သူ၏တိုက်ပွဲကို ရပ်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်သည်။
သူတို့အားလုံးသည် သူတို့၏အရိုးများအတွင်း၌ နက်ရှိုင်းသောအေးစက်မှုကို ခံစားလိုက်ရ၏။ လူသားဘိုးဘေး၏ လူသားဆန်မှုသည် ပျောက်ကွယ်သွားခဲ့ပေပြီ။ သို့တည်းမဟုတ် တစ်နည်းဆိုရလျှင် သူသည်”လူသား”မဟုတ်တော့ပေ။ သူသည် သူ့ကိုယ်သူ ဖန်ဆင်းရှင်နတ်ဘုရားအဖြစ် မြင်နေပေပြီ။
“နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံပြီးတော့ ငါက အဆုံးစွန်လမ်းစဉ်ကို သဘောပေါက်သွားခဲ့တယ်။ လောကထဲက အရာအားလုံးက ထိန်းသိမ်းမှုစည်းမျဉ်းကို လိုက်နာကြတာပဲ။ အဲဒါကြောင့်လည်း အတိတ်တုန်းက ကောင်းကင်လမ်းစဉ် ပြိုပျက်သွားခဲ့တာ။ တကယ်လို့ နတ်ဘုရားတွေက လောကကို ကြီးစိုးချင်တယ်ဆို ကောင်းကင်လမ်းစဉ်ကို ဖျက်ဆီးမှ ရမယ်”
ကောင်းကင်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာ၏။
“ဒါပေမဲ့ နောက်ဆုံးကျတော့ သူတို့တွေ ရှုံးသွားခဲ့တယ်။ အောင်မြင်ဖို့က မဖြစ်နိုင်ဘူး။ အခုခေတ်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပရမ်းပတာဖြစ်နေခဲ့တဲ့ လောကကြီးက ပြန်ပြီး စည်းစနစ်ကျလာလိမ့်မယ်။ အရာအားလုံးက လမ်းမှန်အပေါ် ပြန်ရောက်သွားလိမ့်မယ်”
“လမ်းမှန်ပေါ်ပြန်ရောက်ဖို့ နည်းလမ်းက သတ်ဖြတ်တဲ့ နည်းလမ်းလား”
မိစ္ဆာအင်ပါယာက ကောင်းကင်ကို ကြည့်၍ မေးလိုက်သည်။ သူသည် သူမြင်လိုက်ရသော လူသားဘိုးဘေး၏ လုပ်ရပ်များအားလုံးကြောင့် အံ့အားသင့်နေသည်။ ယင်းတို့အားလုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလွန်း၏။ ထိုသို့သာ ဆက်ဖြစ်နေလျှင် လောကကြီးသည် မည်သို့ ပြောင်းလဲသွားမည်ကို သူ တွေးပင် တွေးမကြည့်နိုင်ပေ။
“လောကကြီးက ထိန်းသိမ်းမှုစည်းမျဉ်းကို လိုက်နာမှတော့ နတ်ဘုရားတွေရဲ့ ခေတ်ကို ဖန်တီးမယ်ဆို လူသားတွေ အများကြီး ရှိနေလို့မရဘူးလေ”
ကောင်းကင်ထဲတွင် မိစ္ဆာအင်ပါယာကို ကြည့်နေသော မျက်လုံးတစ်စုံရှိနေသည်ဟု ထင်ရ၏။
“ဘာလဲ... မင်းက ငါ့ကို သစ္စာဖောက်ချင်တာလား”
“ခင်ဗျား လုပ်နေတာတွေ အကုန်လုံးက နားမလည်နိုင်တဲ့ဟာတွေပဲ”
မိစ္ဆာအင်ပါယာက ပြောလိုက်၏။ သူသည် အင်အားကြီးသည့်ဘက်တွင် နေလိုခဲ့သည်။ ထို့ကြောင့် သူသည် လူသားဘိုးဘေးဘက်သို့ ပူးပေါင်းခဲ့ခြင်းပင်။ အရာအားလုံးကို ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်သော်လည်း ယခုအခိုက်တွင် သူသည် အချိန်နှောင်းသော အကြောက်တရားကို စတင်ခံစားလာရလေသည်။ အကယ်၍ လူသားဘိုးဘေးသာ သူ၏”စံပြ”လောကကို ရရှိသွားပါက ထိုလောကသည် မည်သို့ဖြစ်လာမည်နည်း။
*****
“ငါတောင် အဆုံးစွန် ‘လမ်းစဉ်’ကို နားလည်သဘောပေါက်ဖို့ နှစ်ပေါင်းမရေမတွက်နိုင်အောင် လေ့လာခဲ့ရတာ။ မင်း နားမလည်နိုင်တာ ပုံမှန်ပါပဲ။ မင်း နားလည်ဖို့လဲ မလိုပါဘူး”
လူသားဘိုးဘေးက ပြောလိုက်၏။
“ငါ့ကို လူသားဘိုးဘေးလို့ သိကြတယ်။ အဲဒါကြောင့် ငါဒီနေ့ လောကကြီးရဲ့ စည်းမျဉ်းကို ပုံပြန်သွင်းမယ်”
လူသားဘိုးဘေးသည် လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သည်။ သူ လောကစည်းမျဉ်းကို ပုံပြန်သွင်းပြီးနောက်တွင် သူသည် လောကအသစ်မှ လူသားများ၏ ပထမဆုံးဘိုးဘေး ဖြစ်လာပေလိမ့်မည်။ ထို့နောက်တွင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အဆုံးမရှိ ရှိလာမည်ဖြစ်သည်။
ဝုန်း...
နတ်အလင်းတန်းများ ကျဆင်းလာပြီး အားလုံး၏ ခန္ဓာကိုယ်များအပေါ်သို့ ကျသွားသည်။ ထိုအခိုက်တွင် ကျင့်ကြံသူအားလုံးသည် သူတို့၏ အသိစိတ်များသည် ရှုပ်ထွေးလာသည်ကို ခံစားလိုက်ရ၏။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် သူတို့စိတ်အတွင်းသို့ ကျူးကျော်ကာ သူတို့၏ခန္ဓာကိုယ်များကို တိုက်ရိုက်သိမ်းပိုက်နိုင်ရန် ကြိုးစားနေသကဲ့သို့ပင်။
ရီဖူရှင်းသည်ပင် ထိုကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်ရ၏။ သူသည် သူ၏စိတ်ထဲတွင် အကန့်အသတ်မဲ့၍ လွှမ်းမိုးအားကြီးသော မျက်နှာတစ်ခုသည် ကောင်းကင်လမ်းစဉ်အရှိန်အဝါဖြင့် ကျူးကျော်နေသည်ကို တွေ့လိုက်ရလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကြောက်မက်ဖွယ် နတ်စွမ်းအားတန်းများ ထွက်ပေါ်လာ၏။ လူသားဘိုးဘေး ပြန်ရှင်သန်စေခဲ့သော ရှေးဟောင်းပုဂ္ဂိုလ်များ ခန္ဓာကိုယ်များနေ၍ နတ်စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာ၏။ သူတို့၏မျက်လုံးများသည် လွန်စွာခက်ထန်နေ၏။ သူတို့သည် သူတို့စိတ်နှင့်သူတို့ကိုယ် မဟုတ်တော့သလိုပင်။ သူတို့သည် နတ်စွမ်းအားများကို အပြင်းအထန် ထုတ်လွှတ်ကာ တပ်သားများကို တိုက်ခိုက်လိုက်သည်။
“ပြန်ရှင်လာတဲ့ ရှေးဟောင်းအင်ပါယာတွေကလည်း အတုတွေပဲကိုး။ သူတို့အားလုံးက လူသားဘိုးဘေး ထိန်းချုပ်တာကို ခံနေရတဲ့ ရုပ်သေးရုပ်တွေပဲ”
အားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နားလည်သွားကြသည်။
ရီဖူရှင်းသည် ထိုအခြေအနေမှ ရုန်းထွက်လိုက်ပြီး အော်လိုက်၏။
“သတိထားကြ”
ထိုအသံသည် အားလုံး၏ နားစည်ထဲတွင် ခေါင်းလောင်းမြည်သံကဲ့သို့ ပဲ့တင်ထပ်သွားသည်။ ထိုအသံက အားလုံးကို သူတို့စိတ်၏ ကြည်လင်မှုကို ဆက်ထိန်းထားနိုင်ရန် ကူညီပေးလိုက်၏။ သို့သော် သူတို့ပတ်ပတ်လည်မှ မဟာအင်ပါယာများသည် ရုတ်တရက် တိုက်ခိုက်မှုကို ခံလိုက်ရပေသေးသည်။
ထိုအချိန်တွင် အားကောင်းသော နတ်စွမ်းအားသည် ကျယ်ပြောသော အာကာပြင်ကို ဖုံးလွှမ်းကာ ကျင့်ကြံသူအားလုံးကို လွှမ်းခြုံသွားသည်။ ယင်းမှာ ဟွာဂျီယူ၏ အရောင်မဲ့ဘုံနတ်စွမ်းအားပင်။ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးသည် အရောင်မဲ့နတ်စွမ်းအားအောက်သို့ ရောက်သွားပြီး ကျူးကျော်လာသော နတ်စွမ်းအားကို ပိတ်ဆို့ကာရံနေကြသည်။
ရွှစ်...
ထိုစဉ်တွင် စူးရှသောအသံတစ်သံကို ကြားလိုက်ရ၏။ ရီဖူရှင်းသည် ထိုအသံထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်ရာ ထိုနေရာရှိ မိစ္ဆာအင်ပါယာ၏မျက်လုံးများထဲတွင် အံ့အားသင့်သည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။ သူ၏ခန္ဓာကိုယ်တွင် ရွှေရောင်လှံတစ်ချောင်း စိုက်နေသည်။ ကြောက်မက်ဖွယ် အာကာသနတ်စွမ်းအားသည် အာကာပြင်ကို တွန့်ခေါက်နေစေသည်။
“ဒါက သစ္စာဖောက်တာရဲ့ အကျိုးဆက်ပဲ”
လူရိပ်မှနေ၍ အသံထွက်ပေါ်လာ၏။ ထို့နောက်တွင် အာကာပြင်သည် တွန့်ခေါက်ကာ အပြင်းအထန် ကွဲအက်ပျက်စီးသွားသည်။ မိစ္ဆာအင်ပါယာ၏ခန္ဓာကိုယ်သည်လည်း တိုက်ရိုက်ပေါက်ကွဲသွားပြီး အစိတ်စိတ်အမွှာမွှာဖြစ်ကာ ထိုတွန့်ခေါက်နေသော အာကာပြင်ထဲတွင် ပျောက်ကွယ်သွားသည်။ သူသည် တိုက်ရိုက် အသတ်ခံလိုက်ရပေပြီ။
“လူသားဘိုးဘေး...”
အားလုံး ရင်တုန်သွားကြသည်။ နတ်ဆိုးအင်ပါယာနှင့် မှော်နက်အရှင်တို့သည် မိစ္ဆာအင်ပါယာကို သတ်လိုက်သူအား လှမ်းကြည့်လိုက်ကြသည်။ ထိုသူမှာ ရှေးဟောင်းအင်ပါယာတစ်ပါးဖြစ်၏။ သို့သော် ယခုတွင် သူသည် လူသားဘိုးဘေး၏ ကိုယ်ပွားဖြစ်နေပေပြီ။ သူသည် ရုပ်သေးရုပ်တစ်ရုပ်ပင်။
လူသားဘိုးဘေးသည် သူတို့ကိုအသုံးပြု၍ လောကအတွင်းသို့ လာနိုင်ပေသည်။
ထိုအချက်ကို သက်သေပြခဲ့ပြီးဖြစ်သည်။ အစောက ရီဖူရှင်းသတ်ခဲ့သော လူသားဘိုးဘေးသည် ထိုသို့ရုပ်သေးရုပ် ဖြစ်ပေသည်။
သို့သော် ရုပ်သေးရုပ်ကို အသုံးပြု၍ ဤလောကသို့ လာနိုင်သည်ဆိုသောအချက်က လူသားဘိုးဘေးကို ပို၍ပင် ကြောက်မက်ဖွယ်ကောင်းစေလေသည်။
အင်ပါယာခြောက်ပါးထဲမှ တစ်ပါးဖြစ်သော မိစ္ဆာအင်ပါယာသည် စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် သူသည် တိုက်ရိုက် အသတ်ခံလိုက်ရပေပြီ။ ထို့အပြင် သူသည် သူကျွမ်းကျင်သော အာကာသစွမ်းအားဖြင့် ပြန်အသတ်ခံလိုက်ရခြင်းပင်။ လူသားဘိုးဘေးသည် အားလုံး၏ ရင်းမြစ်များကို အမှန်ပင် ထိတွေ့နိုင်ခဲ့ပြီဖြစ်သည်။ သူ ပြောခဲ့သလိုပင် သူသည် ဖန်ဆင်းရှင်နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။ သူသည် စည်းမျဉ်းကို ကိုယ်စားပြုသဖြင့် နတ်စွမ်းအားကို မလိုတော့ပေ။
ရီဖူရှင်းသည် ထိုဘက်သို့ ကြည့်လိုက်၏။ လွန်စွာစွမ်းအားကြီးသော နတ်စွမ်းအား ရုတ်ခြည်းကျဆင်းလာပြီး ထိုသူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ မိစ္ဆာအင်ပါယာသည် အဆုံးသတ်ကို သဘောပေါက်သွားပြီး အင်ပါယာခြောက်ပါးထဲမှ တစ်ပါးအဖြစ် တာဝန်သိတတ်မှုကို ပြခဲ့သည်။ သို့သော် သူသည် ထိုအတွက်ကြောင့် အလွန်လျင်မြန်စွာ အသတ်ခံလိုက်ရလေသည်။
ထိုသူသည် ရီဖူရှင်းကို အထင်သေးသော သရော်တော်တော်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ဝုန်း...
ရီဖူရှင်း၏ခန္ဓာကိုယ်သည် နေရာမှ ပျောက်ကွယ်သွားသည်။ သူသည် သူ၏လှံကို မတုံ့မဆိုင်း ထိုးလိုက်၏။ အချိန် ရပ်သွားသည်။ ထိုသူသည် မလှုပ်ရှားတော့ပေ။ လှံသည် ထိုသူ၏ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်သွားသည်။ သူသည် ရုတ်ခြည်းအသတ်ခံရကာ ရုတ်ခြည်း ရှင်းပစ်ခံလိုက်ရပေပြီ။
သို့သော် ရီဖူရှင်းသည် စိတ်မအေးနိုင်သေးပေ။ ထိုသူမှာ ကိုယ်ပွားတစ်ယောက်သာ ဖြစ်သည်။ လူသားဘိုးဘေးသည် သူသဘောရှိသည့်အတိုင်း ဆင်းသက်လာနိုင်ပြီး မည်သည့်နေရာတွင်မဆို ထွက်ပေါ်လာနိုင်ပေသည်။ ထိုရှေးဟောင်းအင်ပါယာများအားလုံးသည် သူ၏ရုပ်သေးရုပ်များ ဖြစ်သဖြင့် သူ၏ကိုယ်ပွားများ ဖြစ်လာနိုင်သည်။
ထိုအချက်က ရီဖူရှင်းကိုပင် ကြောက်ရွံ့စေပေသည်။ သူမှလွဲ၍ မည်သူသည် လူသားဘိုးဘေးကို ရပ်တန့်နိုင်မည်နည်း။
အကယ်၍ လူသားဘိုးဘေး၏ ကိုယ်ပွားများကသာ အခြားသူများကို သတ်လျှင် မည်သူက သူ့ကို ရပ်တန့်နိုင်ပါမည်နည်း။
ရီဖူရှင်း ထိုသို့ တွေးမိသောအခါ သူ၏နတ်စွမ်းအားသည် ရုတ်ခြည်းပင် ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံကာ သူ၏နတ်အာရုံသည် စစ်မြေပြင်တစ်ခွင်လုံးကို ဖုံးလွှမ်သွားသည်။ သူသည် တစ်နေရာတွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို အာရုံခံမိလိုက်၏။ သူ တုန်လှုပ်ကာ မျက်နှာပျက်သွားသည်။ သူသည် အတွေးတစ်ချက်ဖြင့် သူ၏ နတ်စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်သည်။ အရာအားလုံး ရပ်တန့်သွားသည်ဟု ထင်ရ၏။ သို့သော် ကြောက်မက်ဖွယ်ပုဂ္ဂိုလ်တစ်ယောက်သည် ဟွာဂျီယူနောက်သို့ လိုက်နေဆဲပင်။
ဟွာဂျီယူသည် အရောင်မဲ့ဘုံနတ်စွမ်းအားကို ထုတ်လွှတ်လိုက်သဖြင့် လူသားဘိုးဘေး၏ အာရုံစိုက်မှုကို ရသွားခြင်းပင်။ ထို့ကြောင့် သူမသည် လူသားဘိုးဘေး အသတ်လိုဆုံး ပစ်မှတ်ဖြစ်လာလေသည်။
ဝုန်း...
ထိုအာကာပြင်တွင် ရီဖူရှင်း၏အမြန်နှုန်းသည် သူ၏ အဆုံးစွန်အကန့်အသတ်သို့ ရောက်သွားပြီး ကြယ်ကြွေတစ်ခုကဲ့သို့ ပျံသန်းသွားသည်။
ဝှစ်...
တိုက်ခိုက်မှုသည် လွဲသွား၏။ ၎င်းသည် ဟွာဂျီယူ ရပ်နေခဲ့သော နေရာကို ထိုးမိသွားသော်လည်း ဟွာဂျီယူ၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူမသည် အခြားတစ်နေရာတွင် ရီဖူရှင်းနှင့်အတူ ရပ်နေလေသည်။
ရီဖူရှင်းသည် စိတ်လှုပ်ရှား ရင်ခုန်နေဆဲပင်။ သူသည် အောက်ဘက်ကောင်းကင်ရှိ ထိုစွမ်းအားကြီးပုဂ္ဂိုလ်ကို ကြည့်လိုက်၏။ အကယ်၍ သူသာ အနည်းငယ် နောက်ကျသွားလျှင် ဟွာဂျီယူသည် လူသားဘိုးဘေး၏လက်ချက်ဖြင့် သေသွားမည်ဖြစ်သည်။ ယခုတွင်ပင် အားလုံး အန္တရာယ်ရှိနေဆဲဖြစ်ပေသည်။