အဆုံးစွန်တိုက်ပွဲ(၆)
Vol. 207 Ch. 2948
“အားလုံး ပြန်လာခဲ့ကြ”
ရီဖူရှင်း ကျယ်လောင်စွာ ပြောလိုက်ပြီး တပ်သားအားလုံးကို သူ့ဘေးသို့ ပြန်လာရန် ခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏နတ်စွမ်းအားသည် ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံသွားပြီး လူသားဘိုးဘေးနှင့်တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။
“အဲဒါက အလကားပဲ”
ကောင်းကင်ထက်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်လမ်းစဉ်ထဲတွင် မျက်နှာတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက်တွင် အကန့်အသတ်မဲ့ နတ်အလင်း ဖြာကျလာလေသည်။ ၎င်းသည် တစ်နေရာတွင် ပေါင်းစည်းသွားသည်။ ထိုနေရာတွင် လူသားပုံစံတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာ၏။ ထိုသူသည် အစစ်ဟု မထင်ရပေ။ သူသည် မယုံနိုင်လောက်အောင် ပြီးပြည့်စုံသူပင်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် ဖောက်မြင်နေရ၏။ သူသည် ကောင်းကင်လမ်းစဉ်မှ ဖြစ်ပေါ်လာခြင်းဖြစ်၍ မည်သည့် ပြစ်ချက်မှ မရှိချေ။
“ငါ မင်းကို အခွင့်အရေးအကုန်ပေးခဲ့တယ်။ ဒါပေမဲ့ မင်းက အဲဒါတွေကို တန်ဖိုးမထားတော့ အခု မင်း ပျောက်ကွယ်ရတော့မယ်။ လောကရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တော့မယ်”
လူသားဘိုးဘေက ပြောလိုက်၏။ သူသည် နတ်ဘုရားများကို မယုံကြည်သလို မည်သည့်လူကိုမှလည်း မယုံကြည်ပေ။ သူသည် သူ့ကိုယ်သူသာ ယုံကြည်ပေသည်။
အရာအားလုံးသည် သူ၏လက်ခုပ်အတွင်းတွင် ရှိနေမှသာ အကြွင်းမဲ့ယုံကြည်နိုင်ဖြစ်သည်။ သူသည် နတ်ဘုရားများ၏ လောကတစ်ခုကို ဖန်တီးခဲ့လျှင်ပင် နတ်ဘုရားများအားလုံးကို ထိန်းချုပ်လိုပေသေးသည်။ လောကအတွင်းရှိ အရာအားလုံးသည် သူ၏သဘောအောက်တွင်သာ တည်ပတ်ရပေမည်။
ထွက်ပေါ်လာသော ပြီးပြည့်စုံသူသည် ကောင်းကင်လမ်းစဉ်၏ နတ်အလင်းအောက်တွင် ရပ်နေသည်။ သူသည် ခေါင်းငုံ့ကာ ရီဖူရှင်းကို ကြည့်သည်။ သူ၏မျက်လုံးများသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်း၏။ သူသည် အကြည့်တစ်ချက်ဖြင့်ပင် ရီဖူရှင်း၏အတွေးအတွင်း ဝင်ကာ သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သကဲ့သို့ပင်။
ထိုသူ၏ပုံရိပ်သည် ရီဖူရှင်း၏စိတ်ထဲသို့ ရောက်၏။ သူသည် ကောင်းကင်နှင့် သက်ရှိအားလုံးကို မြင်နိုင်သကဲ့သို့ပင်။ ယင်းမှာ လူသားဘုံတစ်ခုလုံးဖြစ်သည်။
လူသားဘိုးဘေးသည်”လူသား”ကျင့်ကြံသူ စစ်စစ် မဟုတ်တော့ပေ။ သူသည် ကွဲပြားသောမျိုးစိတ်တစ်ခု ဖြစ်နေပေပြီ။
“အရှုံးပေးလိုက်”
လူသားဘိုးဘေးက ပြောလိုက်၏။ သူ၏အသံသည် လောကကို တုန်ခါသွားစေ၏။ ရီဖူရှင်းသည် ခေါင်းငုံ့ကာ လူသားဘိုးဘေးကို ဦးညွှတ်မည့်လက္ခဏာများ ပြလာသည်။ ယင်းမှာ မဟာစွမ်းအားတစ်ခုဖြစ်သော ကောင်းကင်လမ်းစဉ်စွမ်းအားကြောင့်ပင်။
‘ဒါက ငါ့လောကပဲ’
ရီဖူရှင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ သူသည် လူသားဘိုးဘေး၏ စွမ်းအားကို သူ၏လောကထဲတွင် ချုပ်နှောင်ကာ ဖျက်ဆီးပစ်နိုင်ပေသည်။ သို့သော် တစ်ချိန်တည်းမှာပင် လွန်စွာ အန္တရာယ်ကြီးသော အရှိန်အဝါတစ်ခု ကျဆင်းလာလေသည်။ လူသားဘိုးဘေးသည် စည်းမျဉ်းဓားကို ကိုင်ကာ တိုက်ခိုက်လိုက်သည်။ ၎င်းတွင် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအား ပါဝင်ပြီး လောကကြီးအတွင်းမှ အရာအားလုံးသည် ဖျက်ဆီးခံရတော့ပေမည်။
ရီဖူရှင်းသည် လူသားဘိုးဘေးကို မော့ကြည့်လိုက်၏။ ပတ်ဝန်းကျင်မှ အရာအားလုံးသည် ရပ်တန့်သွားသည်။ နတ်စွမ်းအား အားလုံးလည်း စီးဆင်းမှု ရပ်တန့်သွားသည်။
****
သို့သော် သူသည် လူသားဘိုးဘေး၏ လှုပ်ရှာမှုများကို မရပ်တန့်နိုင်ခဲ့ချေ။ လူသားဘိုးဘေး၏ ခန္ဓာကိုယ်သည် ကျဆင်းလာဆဲပင်။ အချိန်စည်းမျဉ်းပင် သူ၏ဓားကို မတားဆီးနိုင်ပေ။ သူ၏စည်းမျဉ်းဓားသည် အချိန်ကို ဖိနှိပ်ကာ အချိန်နှင့်နေရာကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်ပေသည်။ အချိန်နတ်စွမ်းအားတွင် ပုံသဏ္ဌာန်မရှိသော်လည်း ရီဖူရှင်းသည် အချိန် ပြိုပျက်နေကြောင်း ခံစားနေရလေသည်။
ရီဖူရှင်းသည် လှံကို တင်းတင်းဆုပ်လိုက်၏။ သူနှင့် လူသားဘိုးဘေးတို့လို အဆင့်သို့ ရောက်သွားလျှင် အရာအားလုံးသည် ရင်းမြစ်သို့ ပြန်ရောက်သွားပေသည်။ ထိုစွမ်းအားကြီးနတ်အတတ်အားလုံးသည် အဓိပ္ပာယ်ကင်းမဲ့သွားသည်။ ယခုတိုက်ခိုက်မှုမှာ မူလအကျဆုံးစွမ်းအားများ၏ တိုက်ခိုက်မှုဖြစ်ပေသည်။
ဝုန်း....
သူ့ခန္ဓာကိုယ်သည် လမ်းစဉ်အဖြစ် ပြောင်းလဲကာ အထက်သို့ တက်သွားသည်။ သူ၏လှံသည် လေထုကို ထိုးဖောက်သွားသည်။ ထိုလှံပေါ်တွင် စကြဝဠာစွမ်းအား စုစည်းနေသကဲ့သို့ပင်။ ၎င်းသည် စကြဝဠာအတွင်းရှိ ရုပ်ဝတ္ထုအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။ ၎င်းသာ လောကတစ်ခုကို ထိမှန်သွားလျှင် ထိုလောကသည် တိုက်ရိုက်ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။
ထိုအခိုက်တွင် ထိုလှံရှေ့တွင် တစ်ယောက်သာ ရှိနေသည်။
အလင်းတန်းနှစ်ခု ပျံထွက်သွားသည့်အခိုက်တွင် ပတ်ဝန်းကျင်မှအရာအားလုံး ရပ်တန့်သွားသည်။ တိုက်ခိုက်မှုနှစ်ခုသည် ရိုးရှင်းသော တိုက်ခိုက်မှုများဟု ထင်ရသော်လည်း အားလုံးသည် ထိုတိုက်ခိုက်မှုတစ်ချင်းစီသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားလိုက်ရ၏။ အချိန်သည် သဏ္ဌာန်မဲ့အကန့်အသတ်များကို ခံနေရပုံပေါ်ပြီး သူတို့သည် လှုပ်ရှား၍ မရပေ။ လူသားဘိုးဘေးနှင့် ရီဖူရှင်းတို့သည် သူတို့အားလုံးထက် အဆင့်မြင့်ပေသည်။
နောက်ဆုံးတွင် တိုက်ခိုက်မှုနှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိတိုက်သွားသည်။ ၎င်းတို့ မထိတိုက်ခင် အချိန်များစွာ ကုန်ဆုံးသွားသည်ဟု ထင်ရသည်။
မည်သည့် ပြင်းထန်သည့် ပေါက်ကွဲမှုမှ ဖြစ်ပေါ်မလာချေ။ ထိုထိတိုက်မှုသည် အချိန်စည်းမျဉ်းထက် သာလွန်နေပြီဖြစ်ပြီး အသံကိုလည်း ဖိနှိပ်ထားပေသည်။
အားလုံးသည် အကြွင်းမဲ့ငြိမ်သက်မှုကို ခံစားလိုက်ရ၏။ သူတို့သည် သူတို့၏ ရင်ခုန်သံများကိုပင် ကြားနိုင်နေလေသည်။
ထို့နောက်တွင် ထိုနေရာရှိ အာကာပြင်တစ်ခုလုံးသည် ပြိုပျက်၊ ကွဲအက်သွားသည်။ ထိုတဒင်္ဂအတွင်းမှာပင် ၎င်းသည် ဗလာနယ်ဖြစ်သွားသည်။ မည်သည့်အရာမှ တည်ရှိမနေတော့ချေ။
အနီးမှ မဟာအင်ပါယာအဆင့်ရှိသည့် စွမ်းအားကြီး ပုဂ္ဂိုလ်အားလုံးသည် လျင်မြန်စွာ ပြန်ဆုတ်သွားကြပြီး ထိုအဖျက်စွမ်းအား၏ တိုက်စားမှုကို တွန်းလှန်ရန် သူတို့၏ နတ်စွမ်းအားများကို အသည်းအသန် ထုတ်လွှတ်လိုက်ကြသည်။ သို့သော် ထိုသို့လုပ်လိုက်သည်ပင် လူအချို့သည် အပြင်းအထန် ဒဏ်ရာရသွားသေးသည်။
ရီဖူရှင်းသည် တိုက်ပွဲပြင်အလယ်တွင် ရှိနေသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ လောကသည် ပြိုပျက်၊ ကွဲအက်နေသည်ကို သူ ခံစားလိုက်ရ၏။ သူ၏ ကောင်းကင်လမ်းစဉ်အသေးစားလောကအတွင်းရှိ အဆောက်အဦများစွာ ပြိုပျက်နေပြီး တောင်ကုန်းများတွင် အက်ကြောင်းများပေါ်လာကာ ပင်လယ်သည် မြည်ဟည်းနေသည်။ ထိုလောကသည် ကပ်ဘေးတစ်ခုကို ခံနေရသကဲ့သို့ပင်။
သူ၏ခန္ဓာကိုယ်သည် အလွန်ဝေးသောနေရာအထိ လွင့်ပျံသွားပြီး သူသည် နှုတ်ခမ်းများမှနေ၍ ခပ်အုပ်အုပ် ညည်းတွားလိုက်သည်။ သူ့ပတ်ပတ်လည်မှ အာကာပြင်သည် ပြိုပျက်နေပြီဖြစ်ပြီး ဗလာနယ်ဖြစ်သွားပြီဖြစ်သည်။
လူသားဘိုးဘေး ဖန်တီးထားသော ပြီးပြည့်စုံသောခန္ဓာကိုယ်သည်လည်း ကွဲအက်ပျက်စီးသွားကာ ပုံရိပ်ယောင်ဖြစ်သွားသည်။ သို့သော် ကောင်းကင်မှ နတ်အလင်း ဖြာကျလာပြီး ထိုကွဲအက်သွားသောခန္ဓာကိုယ်သည် ပြန်ဖြစ်တည်ကာ ပြန်မွေးဖွားလာလေသည်။ ၎င်းသည် မသေနိုင်သည့်ပုံပင်။
ဝုန်း...
ထိုစဉ်တွင် လွန်စွာ ခက်ထန်သော ဓားအလင်းတန်းတစ်ခု ကျဆင်းလာပြီး လောကကြီးကို အက်ကွဲသွားစေသည်။ ၎င်းသည် ကောင်းကင်လမ်းစဉ်ကို ခုတ်ဖြတ်သွား၏။ ဓားအလင်းနှင့်အတူ သန်းထောင်ချီသော နတ်ဆိုးကပ်ဘေးများ ထွက်ပေါ်လာပြီး ဖြစ်တည်မှုအားလုံးကို စုတ်ဖြဲသွားသည်။ ၎င်းတို့သည် ထိုကောင်းကင်နေရာကို စုတ်ဖြဲ၊ ဖျက်ဆီးတော့မည်ဖြစ်သည်။
ထိုသို့ တိုက်ခိုက်လိုက်သူမှာ နတ်ဆိုးအင်ပါယာဖြစ်သည်။ ရှေးခေတ်တွင် ကောင်းကင်လမ်းစဉ်သည် လောကစည်းမျဉ်းကို စီမံခဲ့ကာ အသိစိတ် ရှိခဲ့သည်။ လူသားဘိုးဘေးသည် ရှေးခေတ်တွင် ကျင့်ကြံခဲ့သူဖြစ်ပြီး ယခုတွင် သူသည် ကောင်းကင်လမ်းစဉ် ဖြစ်လာပြီဖြစ်သည်။ ထို့ကြောင့် သူ၏ကိုယ်ပွားများကို သတ်ခြင်းသည် အချည်းနှီးသာ။ သူတို့သည် ရှေးခေတ်ကလို ကောင်းကင်ကို ဖျက်ဆီးပစ်၍သာ လူသားဘိုးဘေးကို သတ်နိုင်ပေသည်။
လူသားဘိုးဘေးသည် နတ်ဆိုးအင်ပါယာကို လှည့်ကြည့်သည်။ သူ၏မျက်လုံးများထဲတွင် မကျေနပ်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ရုတ်တရက် ကောင်းကင်လမ်းစဉ်မှနေ၍ မရေမတွက်နိုင်သော ကပ်ဘေးအလင်းတန်းများ ကျဆင်းလာပြီး နတ်ဆိုးအင်ပါယာထံ သတ်ဖြတ်ရန် ဦးတည်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဧရာမမျက်နှာကြီးသည် နတ်ဆိုးအင်ပါယာကို စိုက်ကြည့်ကာ နတ်ဆိုးအင်ပါယာ၏ စိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်။
နတ်ဆိုးအင်ပါယာ၏ ခန္ဓာကိုယ်သည် နေရာတွင် ရပ်တန့်သွား၏။ သို့သော် သူ၏မျက်လုံးများသည် ကြောက်မက်ဖွယ် နတ်ဆိုးအလင်းကို ဆက်၍ ထုတ်လွှတ်နေဆဲပင်။ သူ၏ခန္ဓာကိုယ်သည် ကပ်ဘေးပုံစံ ပြောင်းလဲသွားပြီး သူသည် နတ်ဆိုးအသံများပြုလိုက်၏။ ထိုအသံများသည် ကောင်းကင်ထဲတွင် လှည့်ပတ်သွားသည်။ သန်းထောင်ချီသော နတ်ဆိုးကပ်ဘေးအလင်းတန်းများသည် ကောင်းကင်လမ်းစဉ်ကို ဖြတ်တောက်ရန် ကောင်းကင်သို့ ပြင်းထန်စွာ ပျံတက်သွားကြ၏။ ထိုအခိုက်တွင် အောက်ဘက်ကောင်းကင်မှ ကျင့်ကြံသူများသည် အကန့်အသတ်မဲ့ ကပ်ဘေးအလင်းသည် ကောင်းကင်ကို ဖြတ်သွားကာ ကောင်းကင်ထဲတွင် ဗြောင်းဆန်နေသည်ကို တွေ့လိုက်ရလေသည်။
“ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
လူသားဘိုးဘေး၏ ပြီးပြည့်စုံသော ကိုယ်ပွားက ပြောလိုက်၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။ စည်းမျဉ်းဓားတစ်ချောင်းသည် နတ်ဆိုးအင်ပါယာ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ ကပ်ဘေးအလင်းများ၏ စွမ်းအားသည် ရုတ်ခြည်း လျော့ကျသွားပြီး နတ်ဆိုးအင်ပါယာ၏ ခမ်းနားသောခန္ဓာကိုယ်သည် စတင် ကွဲပျက်လာလေသည်။
ဝုန်း...
နတ်ဆိုးအင်ပါယာ၏ခန္ဓာကိုယ်သည် ဗလာအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ လွင့်ထွက်သွားသည်။ လူသားဘိုးဘေးသည် ထိုဘက်သို့ အေးစက်စွာ ကြည့်လိုက်၏။ သို့သော် ခေတ္တကြာပြီးနောက်တွင် နတ်ဆိုးအင်ပါယာ၏ခန္ဓာကိုယ် ပြန်ဖြစ်တည်လာသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်အလင်းတန်းတစ်ခု ရစ်သိုင်းနေသဖြင့် သူ မသေနိုင်ပေ။
“သွား...”
ရီဖူရှင်း အော်လိုက်သည်။ လူသားဘိုးဘေးသည် သူ့ကို အလွှတ်ပေးရန် အစီအစဉ်မရှိပေ။ ကောင်းကင်မှနေ၍ လောကဇီဝိန်ခြွေ အလင်းတန်းတစ်ခု ထပ်မံကျဆင်းလာပြီး အဖျက်လှံတစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် မှော်နက်အရှင်၏စွမ်းရည်ကဲ့သို့ပင်။ ၎င်းလှံသည် အင်ပါယာကို တိုက်ရိုက်ထွင်းဖောက်နိုင်စွမ်းရှိပြီး နတ်ဆိုးအင်ပါယာ၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။
သို့သော် တစ်ချိန်တည်းမှာပင် လူရိပ်တစ်ခုသည် လွတ်မြောက် ထွက်ခွာသွားသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး နတ်ဆိုးအင်ပါယာ၏ရုပ်ခန္ဓာသည် ကွဲအက်သွားသည်။ သို့သော် သူ၏နတ်ဝိညာဉ်သည် မပျောက်ပျက်သွားချေ။ ၎င်းသည် လွတ်မြောက်နိုင်၏။
လူသားဘိုးဘေးသည် ဆက်၍ သတ်ဖြတ်လိုသော်လည်း ရီဖူရှင်းက သူ့ကို တားဆီးလိုက်သည်။ သူက လက်ဝါးတစ်ဘက်ကို မြှောက်လိုက်၏။ သူ့ပတ်ပတ်လည်တွင် ရွှေရောင်အလင်း ရစ်သိုင်းသွားပြီး ကောင်းကင်ထက်သို့ တွန်းတင်ကာ တိုက်ခိုက်မှုကို တားဆီးလိုက်လေသည်။
အားလုံးသည် အနည်းငယ် မျှော်လင့်ချက်မဲ့နေကြသည်။ လူသားဘိုးဘေးသည် လမ်းစဉ်အဖြစ် ပြန်လာခဲ့ပေပြီ။ သူသည် မသေနိုင်သဖြင့် သူ့ကို သတ်ရန် မဖြစ်နိုင်ချေ။
အဝေးတစ်နေရာတွင် ရံရွှေတော်ချင်နှင့် ရံရွှေတော်ရှုတို့သည် အရှင်ဒွန်ဟောင်ကို ကြည့်လိုက်ကြ၏။ သို့သော် အရှင်ဒွန်ဟောင်သည် သူမတို့ကို ခေါင်းခါပြလိုက်လေသည်။