လမ်းစဉ်ဖြစ်လာပါ
Vol. 207 Ch. 2949
“အဲဒါက ထိရောက်တယ်”
ရီဖူရှင်းက ကောင်းကင်လမ်းစဉ်ကို မော့ကြည့်လိုက်၏။ ရှေးခေတ်နတ်ဘုရားစစ်ပွဲတွင် ကောင်းကင်လမ်းစဉ် ပြိုပျက်သွားခဲ့သည်။ ထို့ကြောင့် ကောင်းကင်လမ်းစဉ်သည် အနိုင်ယူ၍ မရနိုင်သောအရာ မဟုတ်ပေ။ ထို့ကြောင့် လူသားဘိုးဘေးသည်လည်း အနိုင်ယူ၍ မရနိုင်သူ မဟုတ်။
နတ်ဆိုးအင်ပါယာ၏ အစောမှ တိုက်ခိုက်မှုသည် ထိရောက်ခဲ့သည်။ ထိုတိုက်ခိုက်မှုသည် လူသားဘိုးဘေးကို ဒေါသကြီးလာစေခဲ့သည်။
သို့သော် နတ်ဆိုးအင်ပါယာသည်လည်း တန်ကြေးကြီးကြီး ပေးခဲ့ရ၏။ သူသည် သူ၏စိတ်ဝိညာဉ် လွတ်မြောက်နိုင်ရန်အတွက် အသက်နှစ်သက် ပြန်ပေးခဲ့ရသည်။
“မင်းတို့အကုန်လုံးက သေချင်နေကြတာပဲ”
ကောင်းကင်ထက်မှနေ၍ အေးစက်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ကောင်းကင်မှနေ၍ ကမ္ဘာဖျက်ကောင်းကင်ကပ်ဘေးများ ကျဆင်းလာသည်။ စည်းမျဉ်းအဖျက်နတ်အလင်းတန်းများလည်း ဖြာကျလာကာ ရီဖူရှင်းနှင့် အခြားအင်ပါယာများထံသို့ ဦးတည်သွားသည်။
ထို့နောက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် လက်ခနဲဖြစ်သွားပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ သူ့ခန္ဓာကိုယ်မှနေ၍ လွန်စွာကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းတန်း ထွက်လာပြီး အာကာပြင်ကို ဖြတ်သန်းကာ ကောင်းကင်ကို ထိုးဖောက်လိုက်သည်။ ရုတ်ခြည်းပင် ကောင်းကင်ထဲရှိ အချိန်စီးဆင်းနှုန်းသည် နှေးသွားသည်။ ထို့နောက်တွင် အာကာပြင်သည် တွန့်ခေါက် ပြိုပျက်လာလေသည်။
ရီဖူရှင်း၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အထက်သို့ ဆက်ပျံတက်နေ၏။ အလင်းတန်းသည် အလွန်တောက်ပစွာ ကောင်းကင်ကို ဖြတ်သွားသည်။ သူသည် လှံကိုကိုင်၍ ကောင်းကင်ကို ထိုးစိုက်လိုက်လေသည်။ လှံအလင်းသည် ကောင်းကင်ကို ထွင်းဖောက်သွား၏။ အာကာပြင်သည် ကွဲအက်၊ ပြိုပျက်ကာ အပြင်းအထန် ပျက်စီးနေလေသည်။
ထိုအခိုက်တွင် လူသားဘုံ၏ ကောင်းကင်သည်လည်း အပြင်းအထန် ကွဲအက် ပြိုပျက်လာသည်။ သို့သော် ကြောက်မက်ဖွယ် လူရိပ်တစ်ခုလည်း ထွက်ပေါ်လာလေသည်။ ထိုလူရိပ်က ရီဖူရှင်းကို စိုက်ကြည့်နေ၏။
“ငါတို့ အခု အဆုံးသတ်ကြတာပေါ့”
ထိုလူရိပ်က ပြောလိုက်၏။
သူ ပြောလိုက်ပြီးနောက်တွင် မရေမတွက်နိုင်သော စည်းမျဉ်းနတ်အလင်းတန်းများ ကျဆင်းလာပြီး ရီဖူရှင်း၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်ကို ဖြတ်ကာ သူ၏စိတ်ဝိညာဉ်အတွင်း ထိုးဖောက်နေသော အားကောင်းသည့် စွမ်းအင်ကိုသာ ခံစားနေရသည်။ မည်သူမှ ထိုကြောက်မက်ဖွယ်စွမ်းအင်၏ သက်ရောက်မှုကို မခံနိုင်ပေ။
ရီဖူရှင်း၏ကိုယ်တွင်းရှိ လောကသည် အပြင်းအထန် ပြိုပျက်နေလေသည်။ သူသည် သွေးအန်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် အလွန်ဝေးသောနေရာသို့ လွင့်ပျံထွက်သွားသည်။
သူ၏ရုပ်ခန္ဓာသည် ပြိုကွဲသွားတော့မည်ဖြစ်သည်။ သူ၏စိတ်ဝိညာဉ်သည်လည်း ကွဲအက်ကာ နွမ်းနယ်နေပေပြီ။ သူ၏ ရုပ်ခန္ဓာရော၊ စိတ်ဝိညာဉ်ပါ ပြိုပျက်နေပြီး မကြာခင်တွင် ပျောက်ကွယ်သွားတော့မလိုပင်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ရီဖူရှင်း၏ ခန္ဓာကိုယ်သည် တစ်စစီဖြစ်သွားသည်။ ထိုမြင်ကွင်းသည် အရှင်ဒွန်ဟောင်နှင့် အခြားသူများကို တုန်လှုပ်သွားစေ၏။ သူတို့သည် ရီဖူရှင်းရှိရာသို့ ကြည့်လိုက်ကြ၏။ လူများစွာ၏ မျက်နှာထားသည် မျှော်လင့်ချက်မဲ့သည် မျက်နှာထား ဖြစ်နေကြသည်။
****
ရီဖူရှင်းသည် လူသားဘိုးဘေးကို ရှုံးသွားပြီလော။
“ဟင်း...”
ကောင်းကင်မှနေ၍ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုကောင်းကင်လမ်းစဉ်သည်လည်း ထိခိုက်သွားပေသည်။ သူသည် ရာစုနှစ်များစွာ စောင့်ဆိုင်းပြီးမှ ပြန်လာနိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိခေတ်တွင် သူ့ကို ခြိမ်းခြောက်နိုင်သည့်သူတစ်ယောက် ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။
စည်းမျဉ်းအဖျက်စွမ်းအား ပေါင်းစည်းသွား၏။ သူသည် အာလုံးကို သတ်တော့ပေမည်။
“ဟမ်...”
ထိုအချိန်တွင် လူများစွာသည် ပင့်သက်ရှိုက်လိုက်ကြပြီး ရီဖူရှင်းဘက်သို့ ကြည့်လိုက်ကြသည်။ ရီဖူရှင်း၏ ကွဲပျက်သွားသော စိတ်ဝိညာဉ်သည် ပြန်ပေါင်းစည်းလာသည်ကို သူတို့တွေ့လိုက်ရ၏။ သူ၏ရုပ်ခန္ဓာသည်လည်း ပြန်ပေါင်းစည်းဖြစ်တည်လာသည်။ သူ့တွင် မသေနိုင်သောခန္ဓာကိုယ် ရှိသကဲ့သို့ပင်။
ထို့ကြောင့် လူသားဘိုးဘေးသည် အံ့အားတကြီး အသံပြုလိုက်သည်။ ထို့နောက်တွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တန်းများ စတင်စုဝေးလာ၏။ သူသည် ရီဖူရှင်းကို ထပ်မံ သတ်လိုနေ၏။
အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို ကြည့်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် မျက်စိကျိန်းလောက်ဖွယ် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူ ကောင်းကင်လမ်းစဉ်ဆီသို့ လျင်မြန်စွာ သွားလိုက်၏။ သူ ကောင်းကင်လမ်းစဉ်အတွင်းသို့ ဝင်သွားပြီးနောက်တွင် သူ့တစ်ကိုယ်လုံးသည် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွား၏။ စွမ်းအားကြီး နတ်စွမ်းအားတစ်ခု ပျံ့နှံ့သွား၏။ ယင်းမှာ ဗလာနတ်စွမ်းအားပင်။
“ပြောင်းလဲ”
အရှင်ဒွန်ဟောင် အော်လိုက်၏။ သူ့ခန္ဓာကိုယ်သည် လမ်းစဉ်အဖြစ် ပြောင်းလဲသွားပြီး သူ့ပတ်ပတ်လည်ရှိ အရာအားလုံးသည် ဗလာဖြစ်သွားသည်။ ကောင်းကင်၏ ထိုအပိုင်းသည် အရှင်ဒွန်ဟောင်၏ နတ်စွမ်းအားအောက်တွင် ပျောက်ကွယ်သွားတော့မလိုပင်။
“အဖေ...”
ရီဖူရှင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး အလွန်ရင်နာနေသည်။ သူ့အဖေသည် အမြဲပင် နတ်စွမ်းအား၏ အဆုံးစွန်အဆင့်ကို သိမြင်နားလည်လိုခဲ့သည်။ ဗလာနယ်သည် အမှန်ပင် ထိပ်တန်းနတ်စွမ်းအားများထဲမှ တစ်ခုပင်။ ၎င်းသည် အရာအားလုံးကို ဗလာဖြစ်သွားစေနိုင်သည်။
သို့သော် ရီဖူရှင်းသည် သူ့အဖေက ဗလာလမ်းစဉ်ကို သိမြင်နားလည်ခဲ့သော်လည်း မလုံလောက်သေးဟု ခံစားနေရပေသည်။ သူသည် ကောင်းကင်လမ်းစဉ်ကို ဖျက်ဆီးရန် မသန်မာသေးပေ။ လူသားဘိုးဘေးသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လမ်းစဉ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့၏အစွမ်းကွာခြားမှုသည် ကြီးနေပေသေးသည်။
သူ၏အစောမှ အချိန်လမ်းစဉ်တိုက်ခိုက်မှုသည်လည်း စွမ်းအားကြီးခဲ့သည်။ စွမ်းအားအရဆိုလျှင် ထိုတိုက်ခိုက်မှုသည်လည်း စွမ်းအားကြီးသည်ဟု သူယုံကြည်သည်။ ၎င်းသည် အချိန်နှင့်နေရာကိုပင် ပြိုပျက်သွားစေနိုင်သည်။ သို့သော် ထိုတိုက်ခိုက်မှုသည် လူသားဘိုးဘေးကို မသတ်နိုင်ခဲ့ချေ။
ဟွာဂျီယူသည်လည်း ကောင်းကင်ထက်သို့ ပျံတက်သွား၏။ သူမ၏ဝတ်စုံသည် ဝဲလွင့်နေ၏။ သူမသည် အရောင်မဲ့ဘုံနတ်စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်သည်။ ၎င်းစွမ်းအားသည် ထိုကောင်းကင်နေရာသို့ စိမ့်ဝင်သွားပြီး လူသားဘိုးဘေးကို ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။ မှော်နက်အရှင်သည်လည်း တိုက်ခိုက်လိုက်သည်။ သူမ၏ခန္ဓာကိုယ်မှနေ၍ ကမ္ဘာဖျက်အလင်းထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
အားလုံးသည် ကောင်းကင်လမ်းစဉ်ကို ဖျက်ဆီးရန် သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြသည်။
ထိုကောင်းကင်နေရာသည် အပြင်းအထန် ပြိုပျက်၊ ကွဲအက်လာသည်။ ရင်းမြစ်စည်းမျဉ်း ကျဆင်းလာပြီး အဖျက်လှိုင်းများသည် ကောင်းကင်ထဲတွင် ဗြောင်းဆန်သွားသည်။
“အဲဒါက အလုပ်ဖြစ်မယ်လို့ မင်းတို့ ထင်လို့လား”
ကောင်းကင်မှနေ၍ အေးစက်စက်အသံ ထွက်ပေါ်လာပြီး အားလုံးကို အေးစက်သွားစေသည်။
မရေမတွက်နိုင်သော အဖျက်အလင်းတန်းများသည် အရှင်ဒွန်ဟောင်၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွား၏။ ကြောက်မက်ဖွယ် စွမ်းအင်များအောက်တွင် ဗလာနတ်စွမ်းအားသည်ပင် အသုံးမဝင်တော့ပေ။ အရှင်ဒွန်ဟောင်၏ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။ သူသည် ကောင်းကင်ထက်တွင် သေဆုံးသွားပေပြီ။ ကောင်းကင်လမ်းစဉ်ကို တိုက်ခိုက်လိုက်သော အခြားသူများသည်လည်း လွန်စွာကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ခံလိုက်ရကာ လွင့်ပျံသွားကြပြီး အပြင်းအထန် ဒဏ်ရာရသွားကြသည်။
“သမိုင်းက တစ်ကြော့ပြန်လာမှာ မဟုတ်ဘူး”
ကောင်းကင်မှနေ၍ လွန်စွာအေးစက်သောအသံ ထွက်ပေါ်လာ၏။ ထို့ကြောက်မက်ဖွယ် မျက်နှာကြီးသည် လွန်စွာအေးစက်နေပြီး အတိတ်မှ အတွေ့အကြုံနှစ်ခုကို ပြန်တွေးတောနေသည်။ ဤတစ်ကြိမ်တွင် သူသည် သူသင်ယူခဲ့သော သင်ခန်းစာများကို အသုံးပြုနေပြီး စိတ်လှုပ်ရှားမသွားပေ။ သူသည် ယခင်ကထက် ပို၍သန်မာလာပြီဖြစ်ပြီး ပြစ်ချက်မရှိ ပြီးပြည့်စုံစွာ ပြန်ရှင်သန်လာနိုင်ခဲ့ပြီဖြစ်သည်။ သူသည် ပြီးပြည့်စုံပြီး စစ်မှန်သော ကောင်းကင်လမ်းစဉ် ဖြစ်လာပေပြီ။ သူသည် မသေနိုင်၊ သတ်၍မရနိုင်ပေ။ သူ့ကို မည်သည်မှ ထပ်အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။
သို့ပင်လျှင် သူသည် ပြဿနာအနည်းငယ်နှင့် တွေ့ကြုံနေရသေးသည်။ ယင်းက သူ့ကို ဒေါသထွက်စေသည်။
သို့သော် အရာအားလုံး ပြီးဆုံးသွားတော့မည်ဖြစ်သည်။ သူသည် စွမ်းအားအကြီးဆုံး နတ်ဘုရားပင်။
“အဖေ...”
ရီဖူရှင်းသည် ပျောက်ကွယ်နေသော အရှင်ဒွန်ဟောင်ကို ကြည့်သည်။ သူ့အဖေသည် အဆုံးစွန်ဗလာလမ်းစဉ်ကို သိမြင်နားလည်ပြီးနောက်တွင် လူသားဘိုးဘေးကို ဖျက်ဆီးရန် လမ်းစဉ်အဖြစ်ပြောင်းလဲခဲ့သည်။ သို့သော် သူ ရှုံးနိမ့်သွားဆဲပင်။
“အရှင်အင်ပါယာ...”
တေးသံသာအင်ပါယာ(ရံရွှေတော်ချင်)နှင့် စာအုပ်နတ်(ရံရွှေတော်ရှု)တို့သည်လည်း ပျောက်ကွယ်နေသော အရှင်ဒွန်ဟောင်ကို ကြည့်လိုက်ကြသည်။ သူမတို့၏ မင်းသမီးသေဆုံးပြီးနောက်တွင် အရှင်ဒွန်ဟောင်လည်း သေဆုံးသွားပြီလော။
သို့ဆိုလျှင် လူသားဘိုးဘေးကို မည်သူ တားမည်နည်း။
ကောင်းကင်မှနေ၍ ကမ္ဘာဖျက်အရှိန်အဝါ ဖြာထွက်လာ၏။ လူသားဘိုးဘေးသည် သူတို့ကို ပူဆွေးရန်ပင် အခွင့်အရေးပေမည် မဟုတ်ပေ။ သူသည် သူတို့အားလုံးကို သတ်ပစ်လိုနေသည်။
နတ်အလင်းတန်းများသည် သတ်ဖြတ်ရန် ကျဆင်းလာပြီး ရီဖူရှင်းနှင့် အခြားသူများထံသို့ ဦးတည်သွားလိုက်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ပစ်မှတ်များကို ထိတော့ပေမည်။
သို့သော် ထိုစဉ်တွင် သဏ္ဌာန်မဲ့ မျက်နှာတစ်ခု ဖြတ်သန်းသွားကာ လောကတစ်ခွင်လုံး ရပ်တန့်သွားသည်။ လူသားဘိုးဘေး၏ တိုက်ခိုက်မှုပင် ရပ်တန့်သွားသည်။
ထိုအခိုက်တွင် မမြင်နိုင်သော စွမ်းအားတစ်ခုသည် လောကတစ်ခွင်လုံးကို လွှမ်းခြုံသွားကြောင်း ရီဖူရှင်း ခံစားလိုက်ရ၏။ သူသည် ရွှေရောင်အလင်းကို ခပ်ရေးရေးအာရုံခံနိုင်နေ၏။ သို့သော် ယင်းမှာ ပုံရိပ်ယောင်သာ ဖြစ်ပြီး အစစ်အမှန် မဟုတ်ပေ။
“အဲဒါက အချိန်ပဲ”
ရီဖူရှင်း၏စိတ်ထဲတွင် ထိုအတွေး ဖြတ်သန်းသွားသည်။
“အဲဒါက ဘယ်သူလဲ”
“ဖူရှင်း...”
ထိုအချိန်တွင် အသံတစ်သံက ပြောလိုက်၏။ ရီဖူရှင်းသည် သူ၏အာရုံထဲတွင် လူရိပ်တစ်ခုကို မြင်လိုက်ရ၏။
“ဆရာသခင်”
ရီဖူရှင်း၏အာရုံထံမှ လူသည် သူ၏ဆရာသခင်ဖြစ်သည်။
“လူသားဘိုးဘေးက လမ်းစဉ်ဖြစ်နေပြီ။ သူ့ကို လူသားစွမ်းအားနှင့် အနိုင်မယူနိုင်တော့ဘူး။ မင်းသူ့ကို အနိုင်ယူချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်”
ဆရာသခင်က ရီဖူရှင်းကို ပြောလိုက်၏။
“ကျေးဇူးပြုပြီး ကျုပ်ကို အကြံပေးပါ”
ရီဖူရှင်း ပြောလိုက်၏။
“လမ်းစဉ်ဖြစ်လာပါ”
ဆရာသခင်က ပြန်ပြောလိုက်၏။
“လမ်းစဉ်ဖြစ်လာရမယ်...”
ရီဖူရှင်း ရေရွတ်လိုက်၏။
“ဆရာသခင်... ဆရာသခင်က လမ်းစဉ်ဖြစ်နေပါပြီလား”
“ငါက အမြဲတမ်း အချိန်ထဲမှာ ပိတ်မိနေခဲ့တာပဲ။ မကြာသေးခင်တုန်းက ငါ ဉာဏ်အလင်းပွင့်ခဲ့တယ်။ သူ့ကို ခဏလောက် ချုပ်နှောင်ထားဖို့ ငါ မင်းကို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ဘာလုပ်ရမယ်ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်”