← Chapters

ကံကြမ္မာ

Vol. 207 Ch. 2950

ကံကြမ္မာ

Vol. 207 Ch. 2950

“ခင်ဗျားက ဘယ်သူလဲ”

ကောင်းကင်ထက်မှနေ၍ အေးစက်စက်အသံ တစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် မယုံနိုင်လောက်သော အဖျက်စွမ်းအား ပေါက်ကွဲထွက်ပေါ်လာ၏။ သို့သော် ၎င်းတွင် ပစ်မှတ်မရှိပေ။ အရာအားလုံးသည် သဏ္ဌာန်မဲ့သော အခြေအနေတွင် ရှိနေသည်။

လူသားဘိုးဘေးသည် လောကကို မွမ်းမံ၍ သူ့ခန္ဓာကိုယ်ကို ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲခဲ့သည်။ သူသည် ရုပ်ဝတ္ထုစွမ်းအင်အားလုံးကို ထိန်းချုပ်ကာ မူလရင်းမြစ်စွမ်းအားကို လေ့လာခဲ့သည်။ သူသည် စည်းမျဉ်းကို ကိုယ်စားပြုပြီး မသေနိုင်သော၊ သတ်၍မရနိုင်သော သူတစ်ယောက်ဖြစ်သည်။ သို့သော် ထိုအခိုက်တွင် သူသည် ပုံသဏ္ဌာန်မဲ့မှုထဲတွင် ပိတ်မိနေလေသည်။

“ကျုပ်ကလည်း ခင်ဗျားလိုပဲ အဲဒီခေတ်က လာခဲ့တာ”

အသံက ပြန်ပြောလိုက်၏။

“အချိန်...”

လူသားဘိုးဘေးသည် လေးမျက်နှာကျေးရွာမှ ဆရာသခင်ကို တစ်ခါမှ အရေးမစိုက်ခဲ့ချေ။ သူ့အတွက် ထိုဆရာသခင်သည် ရှေးဟောင်းအင်ပါယာတစ်ပါးသာ ဖြစ်သည်။ ထို့အပြင် ဆရာသခင်တွင် ပြီးပြည့်စုံသော ခန္ဓာကိုယ်တစ်ခုပင် မရှိချေ။ သူသည် ဆရာသခင်ကဲ့သို့သော ရှေးဟောင်းအင်ပါယာများစွာကို စုဆောင်းခဲ့ပေသည်။ ထို့ကြောင့် အရှင်ဒွန်ဟောင်ကလည်း ရှေးဟောင်းအင်ပါယာတစ်ပါးကို တွေ့ခဲ့ခြင်းမှာ အံ့ဩစရာမရှိပေ။ သူသည် ထိုအကြောင်းကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူသည် လူသားဘိုးဘေးအဖြစ် လောက၏ အထွတ်အထိပ်တွင် ရပ်ကာ လမ်းစဉ် ဖြစ်လာပြီဖြစ်သည်။ အမှန်လည်း သူ ဂရုစိုက်စရာ မလိုခဲ့ပေ။ သို့သော် သူ လျစ်လျူရှုခဲ့သူက ယခုတွင် သူ့ကို ချုပ်နှောင်ထားလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးချေ။

“ခင်ဗျားက အချိန်ခရီးသွား မူဖုန်းပဲ”

လူသားဘိုးဘေး၏အသံတွင် အံ့အားသင့်မှုနှင့် ပြည့်နှက်နေသည်။

“ကြည့်ရတာ ခင်ဗျားက ရှေးဟောင်းမဟာအင်ပါယာတွေအကြောင်းကို တော်တော်သိတဲ့ပုံပဲ”

ဆရာသခင်က ပြန်ပြောလိုက်၏။

“အရင်တုန်းက ကောင်းကင်လမ်းစဉ် ပြိုပျက်သွားမှုက လောကကြီးကို ကပ်ဘေးအများကြီး ကြုံတွေစေခဲ့တယ်။ ခင်ဗျားကလည်း နစ်နာသူတစ်ယောက်ဆိုတာ ကျုပ်သိတယ်။ ခင်ဗျားက ဒီကျင့်ကြံခြင်းအဆင့်ကိုတောင် ရောက်နေမှတော့ ဘာလို့ အတိတ်ကလို ထပ်လုပ်နေရသေးတာလဲ”

လူသားဘိုးဘေး ပြန်မဖြေလိုက်ပေ။ ထိုအစား သူပြောလိုက်၏။

“ခင်ဗျားက ဘာလို့ သေမသွားတာလဲ”

ကောင်းကင်လမ်းစဉ်အောက်တွင် နတ်ဘုရာအားလုံး သေသွားခဲ့သည်။ အချိန်ခရီးသွားသည် ထိပ်တန်းမဟာအင်ပါယာတစ်ပါး ဖြစ်ခဲ့သည်။ အဘယ်ကြောင့် သူသည် မသေသေးဘဲ ယနေ့ခေတ်လောကအထိ ရှင်သန်နိုင်ခဲ့သနည်း။

“ကျုပ်က အချိန်ထဲမှာ ပိတ်မိနေခဲ့လို့ ကံကောင်းပြီး ရှင်သန်ခဲ့တာပဲ”

ဆရာသခင်က ပြောလိုက်၏။

“ခင်ဗျားကလည်း လမ်းစဉ်ဖြစ်လာပြီး ဒီနေ့မှာ ပြန်ရောက်လာပြီဆိုတော့ ဘာလို့ အခြားတစ်ဘက်ကို ရွေးရတာလဲ”

လူသားဘိုးဘေး၏အသံသည် အေးစက်ကာ ခြိမ်းခြောက်သည့်အငွေ့အသက် ပါနေလေသည်။

****

“ကောင်းကင်လမ်းစဉ် ပြိုပျက်သွားပြီးတဲ့နောက်မှာ လောကကြီးက ကမ္ဘာဖျက်ကပ်ဘေးတွေကို တွေ့ကြုံခဲ့ရတယ်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးတဲ့နောက် ခေတ်သစ်တစ်ခေတ် အစပြုဖို့ အချိန်ကြပြီ... အဲဒီခေတ်က ခင်ဗျား လိုချင်တဲ့ခေတ် မဟုတ်ဘူး”

ဆရာသခင်က ဆက်ပြောလိုက်၏။ အားလုံးသည် သူတို့ပြောနေသည့် စကားများကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပေသည်။ သူတို့သည် လူသားဘိုးဘေး ထုတ်လွှတ်လိုက်သော အဖျက်လေမုန်တိုင်းကိုပင် ခံစားနိုင်ကြသည်။ သို့သော် ၎င်းသည် သူတို့ကို မခြိမ်းခြောက်နိုင်ပေ။ ထိုစွမ်းအားသည် သူတို့ရှိနေသော အာကာပြင်နှင့် ကွဲပြားသော အာကာအလွှာတွင် ရှိနေသကဲ့သို့ဖြစ်သည်။

“ဆရာသခင်က အချိန်ကို ငါ့ထက် ပိုနားလည်တယ်”

ရီဖူရှင်း တွေးလိုက်၏။ အကယ်၍ သူသာ လူသားဘိုးဘေးကို အနိုင်ယူလိုလျှင် သူ လမ်းစဉ်ဖြစ်လာရန် လိုပေသည်။ သူ၏အဖေသည် ဗလာလမ်းစဉ်ဖြစ်သွားခဲ့သော်လည်း လူသားဘိုးဘေးကို မသတ်နိုင်ခဲ့ချေ။ ဆရာသခင်သည်လည်း ယခုတွင် လမ်းစဉ် ဖြစ်လာသည့်ပုံပင်။

သို့ဆိုလျှင် သူ မည်သို့ လမ်းစဉ် ဖြစ်လာရမည်နည်း။

“သခင်လေး...”

အသံတစ်သံက ပြောလိုက်၏။ တေးသံသာအင်ပါယာ(ရံရွှေတော်ချင်)က ရီဖူရှင်းထံ လျှောက်လာလေသည်။

“ရံရွှေ‌တော်ချင်၊ ရံရွှေတော်ရှု”

ရီဖူရှင်းသည် သူမတို့နှစ်ယောက်ကို ကြည့်လိုက်၏။ တေးသံသာအင်ပါယာသည် သူ့အား တစ်စုံတစ်ခု ပြောချင်နေပုံပင်။

“တကယ်တော့ သခင်လေးရဲ့ အမေက အရင်ကတည်းက သူသာ လူသားဘိုးဘေးကို သတ်ချင်ရင် လူသားဘိုးဘေးလို ဖြစ်လာမှရမယ်ဆိုတာ သိခဲ့တယ်။ ဒါပေမဲ့ သခင်လေးသာ လမ်းစဉ်ဖြစ်သွားရင် သခင်လေးက သခင်လေး ဟုတ်တော့မှာ မဟုတ်ပါဘူး။ သခင်လေးက လမ်းစဉ်ပဲ ဖြစ်သွားပါလိမ့်မယ်”

ရံရွှေတော်ချင်က ရီဖူရှင်းကိုကြည့်၍ ပြောလိုက်၏။ သူမသည် ထိုသို့ပြောရသည်ကို ရင်နာနေသည့်ပုံပေါ်သည်။

ရီဖူရှင်း ရုတ်ခြည်း နားလည်သွားသည်။ ယခင်က ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့သည် လောကစည်းမျဉ်းကို ထိန်းချုပ်ခဲ့သည်။ သို့သော် ကောင်းကင်လမ်းစဉ်သည် စည်းမျဉ်းသာဖြစ်သည်။ ၎င်းတွင် စစ်မှန်သော ပုံသဏ္ဌာန်မရှိပေ။ လူသားဘိုးဘေးသည်လည်း ထို့အတူပင်။ သူ လမ်းစဉ်ဖြစ်သွားပြီးနောက်တွင် သူသည် အစစ်အမှန် မတည်ရှိတော့ပေ။ သူ၏ အသိစိတ်သာ တည်ရှိနေသည်။

သူ၏အမေ ကောင်းကင်လမ်းစဉ် ဖြစ်သွားပြီးနောက်တွင်လည်း သူမသည် ပျောက်ကွယ်ကာ ဆက်မတည်ရှိတော့ပေ။

သို့ဆိုလျှင် အကယ်၍ သူသာ လမ်းစဉ်ဖြစ်လာပါက...

“သခင်လေး... သခင်လေးရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆို လမ်းစဉ်အဖြစ် မပြောင်းရင်တောင် အထွတ်အထိပ်အဆင့်ကို ရောက်နိုင်ပြီး လူသားဘိုးဘေးကို အနိုင်ယူနိုင်မှာပါ”

တေးသံသာအင်ပါယာက ဆက်ပြောလိုက်၏။

“သခင်လေးက ကောင်းကင်လမ်းစဉ်လောကကို ဖန်တီးခဲ့ပြီးပါပြီ။ အဲဒီတော့ သခင်လေးက မသေနိုင်တဲ့ အင်မော်တယ်တစ်ယောက်ပါပဲ။ သခင်လေးက စကြဝဠာတွေကို ဖြတ်သန်းသွားလာနိုင်တယ်။ ဒီနေရာက ထွက်သွားပြီး တခြားလောကမှာ သွားကျင့်ကြံပါ။ နောက်ကျမှ သခင်လေး ပြန်လာပြီး လူသားဘိုးဘေးကိုသတ်လို့ရပါတယ်”

ရီဖူရှင်းသည် သူမ၏စကားများမှနေ၍ တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်ပြီး မေးလိုက်သည်။

“အဖေကရော အဲဒီအကြောင်းကို သိလား”

တေးသံသာအင်ပါယာ၏မျက်လုံးများ မှိုင်းညို့သွား၏။ ထို့နောက် သူမ ခေါင်းညိတ်လိုက်သည်။

“သခင်လေးရဲ့ အဖေကလည်း သခင်လေးရဲ့ အမေလိုပါပဲ”

တေးသံသာအင်ပါယာက ပြောလိုက်၏။

“သူတို့နှစ်ယောက်စလုံးက ယုံကြည်ချက်ပြတ်သားကြတယ်။ သူတို့က ‌လောကကြီးကို ရှေးခေတ်ကလို ပြန်ပြီး ဂုဏ်ရောင်ပြောင်လာစေပြီး အားလုံးကို အကန့်အသတ်မရှိတဲ့ ကျင့်ကြံခြင်းလောက ရစေချင်တာ။ သူတို့က အဲဒါအတွက် ကြိုးစားလုပ်ဆောင်ခဲ့ကြတယ်... ဒါပေမဲ့ သခင်လေးရဲ့အဖေက သခင်လေးရဲ့အမေကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် သူ့မှာ သခင်လေးတစ်ယောက်ပဲ ရှိတော့တယ်။ အဲဒါကြောင့် သူက သခင်လေးအပေါ် အကြွေးတင်နေတယ်လို့ အမြဲခံစားခဲ့ရတာပဲ။ မျှော်လင့်ချက်တစ်ခုသာ ရှိနေသေးရင် သူက သခင်လေးကို အဲဒီယုံကြည်ချက်အတွက် ကိုယ့်ကိုယ်ကို စတေးစေမှာ မဟုတ်ဘူး”

“ဒီတော့ သူက သူ့ကိုယ်သူသုံးပြီး လောင်းကြေးထပ်သွားတာပေါ့”

ရီဖူရှင်းက ကောင်းကင်ထက်သို့ မော့ကြည့်ကာ ပြောလိုက်၏။

“ကျုပ်ကြောင့် သူ့ရဲ့ အကြွင်းမဲ့ယုံကြည်မှုက စပြီးယိမ်းယိုင်လာရတာပဲ”

“သူက ဒီတစ်ကြိမ်ပဲ ယိမ်းယိုင်ခဲ့တာ ဖြစ်မှာပါ”

တေးသံသာအင်ပါယာက ပြောလိုက်၏။

“သူက သခင်လေးကို အသက်ဆက်ရှင်သန်စေချင်တာပါ”

ရီဖူရှင်းသည် သူ့အဖေ၏ စိတ်ကို နားလည်ပေသည်။ အကယ်၍ သူသာ ယနေ့တိုက်ပွဲတွင် အရှုံးနှင့် ထွက်ခွာသွားပါက လောကကြီးသည် ကပ်ဘေးများကို ကြုံရပြီး ကမ္ဘာဖျက်ဘေးဒုက္ခများကို ခံစားရမည်ဖြစ်သည်။ သို့ပင်လျှင် အရှင်ဒွန်ဟောင်သည် သူ့ကို အစတေးမခံဘဲ ထိုအကြောင်းကို သူ့ထံမှ လျှို့ဝှက်ထားလေသည်။

ယင်းမှာ အရှင်ဒွန်ဟောင်၏ ဖခင်တစ်ယောက်အနေဖြင့် တစ်ကိုယ်ကောင်းဆန်မှုဖြစ်နိုင်သည်။

ရီဖူရှင်းသည် ခေါင်းငုံ့ကာ ငုံ့ကြည့်လိုက်၏။ သူ၏မျက်လုံးများသည် ကျယ်ပြောသော လောကကြီးကို ‌ဖောက်ထွင်းသွားပုံပေါ်၏။ သူသည် လူသားဘုံနှင့် ကောင်းကင်ဘုံတို့၏ ကပ်ဘေးများကို မြင်လိုက်သည်။ ဘုံခုနစ်ခုလုံးသည် ကပ်ဘေးများကို ခံနေသည်။

ထို့အပြင် ယင်းမှာ အစသာဖြစ်သည်။ အကယ်၍ လူသားဘိုးဘေးသာ လောကကြီးကို အုပ်စိုးနိုင်သွားလျှင် သူသည် အရာအားလုံးကို ဖျက်ဆီးပစ်ကာ ပြောင်းပြန်လှန်ပစ်မည်ဖြစ်သည်။ သူသည် နတ်ဘုရားများ၏ လောကတစ်ခုကို ဖန်တီးလို၏။ သို့သော် ထိုနတ်ဘုရားများသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေရမည်ဖြစ်သည်။ သူသည် အကြွင်းမဲ့အုပ်စိုးသူ ဖြစ်လာလိုခြင်းပင်။

“အခု ကျုပ် ဘာလုပ်ရမလဲ သိပါပြီ”

ရီဖူရှင်း ပြောလိုက်၏။ သူသည် ခေါင်းမော့ကာ လူသားဘိုးဘေးကို အလွန်ပြတ်သားသော မျက်လုံးများဖြင့် ကြည့်သည်။ ဤတိုက်ပွဲသည် လူအများအတွက် မဟုတ်လျှင်ပင် သူတစ်ခါမှ မတွေ့ခဲ့ရသည့် သူ၏အဖိုး၊ သူ့ကို မွေးဖွားရန်အတွက် သေသွားခဲ့ရသော သူ၏အမေ၊ သူ့အဖေ အရှင်ဒွန်ဟောင်၊ နတ်ဆိုးအင်ပါယာနှင့် အခြားသူများအတွက် ဖြစ်ပေလိမ့်မည်။ သူသည် လူသားဘိုးဘေးကို ဤလောကထဲ၌ ဆက်ရှိနေခွင့် မပြုနိုင်ပေ။

သူသည် သူ့ပတ်ပတ်လည်မှ လူများကို ခေါ်၍ လွတ်လွတ်လပ်လပ် ထွက်ပြေးကာ ဤလောကမှ ထွက်သွားနိုင်သည်။ သို့သော် ဤအရာအားလုံးအတွက် မည်သူက လက်စားချေပေးမည်နည်း။

တပ်ဖွဲ့ခြောက်ဖွဲ့မှ မရေမတွက်နိုင်သော လူများသည် ဤစစ်ပွဲတွင် သေခဲ့ရသည်။ ထိုထဲတွင် စီဝေ့အင်ပါယာနန်းတော်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်လက်အောက်မှ လူများလည်း ပါပေသည်။ သူတို့၏အသက်များအတွက် မည်သူက လက်စားချေပေးမည်နည်း။

ထိုလူများသည် သူတို့၏ယုံကြည်မှုအတွက် တိုက်ခိုက်ခဲ့သည်။ အချို့ဆိုလျှင် သူ့အတွက် တိုက်ခိုက်ခဲ့ခြင်းပင်။ သူသည် သူတို့၏ ယုံကြည်မှုဖြစ်သည်။

မရေမတွက်နိုင်သော မျက်လုံးများသည် ရီဖူရှင်းပေါ်သို့ ကျလာသည်။ ဟွာဂျီယူ၊ ဂူတုံးလျှို၊ ရီဝူချင်း... သူတို့အားလုံးသည် ရင်းနှီးသည့်မျက်နှာများပင်။

သူတို့သည် အစောမှ စကားများကို ကြားခဲ့သဖြင့် မည်သည့်ကိစ္စဖြစ်လာ‌တော့မည်ကို သိသည်။ သို့သော် မည်သူမှ စကားမပြောလိုက်ကြပေ။

မည်သူမှ ရီဖူရှင်းအတွက် ဆုံးဖြတ်ပေးရန် အရည်အချင်းမမီပေ။

ဤမှာ သူ၏ ကံကြမ္မာဖြစ်သည်။

ရီဖူရှင်းသည် နောက်လှည့်ကာ ထိုမျက်လုံးများနှင့် အကြည့်လွှဲလိုက်သည်။ သူသည် သူတုံ့ဆိုင်းသွားမည်ကို စိုးရိမ်နေသည်။ အတွေးတစ်ချက်ဖြင့်ပင် သူ့ခန္ဓာကိုယ်သည် နေရာမှ ပျောက်ကွယ်သွားပြီး ထိုနေရာမှ ထွက်ခွာသွားသည်။

သူ ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ထိုကောင်းကင်နေရာသည် လုံးဝတိတ်ဆိတ်သွားသည်။

“ကျုပ် လမ်းစဉ်ဖြစ်သွားရင်တောင် ဆက်တည်ရှိနေဦးမှာပါ.. ဟုတ်တယ်မလား”

အသံတစ်သံ ထွက်ပေါ်လာပြီး အားလုံး၏ နားအတွင်းသို့ ဝင်သွားသည်။ ထိုအသံသည် သူတို့အားလုံးကို နှစ်သိမ့်ပေးနေသည်။ ထိုအသံသည် သူ့တို့၏နှလုံးသားအတွင်းသို့ ဖောက်သွား၏။ လူများစွာ၏ မျက်လုံးများထဲတွင် မျက်ရည်စများ ထွက်ပေါ်လာ၏။

ဒွန်ဟောင်တိယွမ်သည် ဘေးတွင် ရပ်ကာ ပျောက်ကွယ်သွားသူဘက်သို့ ကြည့်သည်။ သူမ၏လှပသော မျက်လုံးလေးများထဲတွင် မျက်ရည်စများ တွဲခိုနေသည်။ သူမ၏ ဒုတိယအဖေသည်လည်း တိုက်ပွဲတွင် သေဆုံးသွားခဲ့ပြီဖြစ်သည်။

သူမသည် ငယ်ရွယ်စဉ်ကတည်းက ရီဖူရှင်းအကြောင်းကို သိခဲ့သည်။ သူမသည် (၁၆)နှစ်အရွယ်တွင် ရီဖူရှင်းနှင့် တွေ့ဆုံခဲ့သည်။ ရီဖူရှင်းသည် သူမအကြောင်းကို မသိသော်လည်း သူမ၏ဘဝထဲတွင် သူ အမြဲရှိနေခဲ့သည်။

သူမဘဝထဲမှ လူအားလုံးသည် သူမကို စွန့်ခွာသွားတော့မည်လော။

“တိယွမ်...”

တေးသံသာအင်ပါယာနှင့် စာအုပ်နတ်(ရံရွှေတော်ရှု)တို့သည် ဒွန်ဟောင်တိယွမ်ဘေးသို့ လျှောက်သွားကြပြီး သူမကို နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။ သူမတို့အတွက် ဒွန်ဟောင်တိယွမ်သည်လည်း ရီဖူရှင်းကဲ့သို့ပင် သူမတို့၏ ကလေးဖြစ်ပေသည်။

All Chapters