လမ်းစဉ်ဖြစ်လာခြင်း
Vol. 207 Ch. 2951
နတ်ဆိုးလောက၏ နတ်ဆိုးအင်ပါယာနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အထက်တွင် ရပ်နေသော ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လိုက်ပြီး ရင်ထဲတွင် ကြီးစွာသောနာကျင်မှုကို ခံစားလိုက်ကြရသည်။
“အရှင်အင်ပါယာ...”
သူတို့ ခေါ်လိုက်ကြ၏။ နတ်ဆိုးအင်ပါယာက ပြန်ပြောလိုက်၏။
“ဒီနေ့ကစပြီး ယူချင်းက နတ်ဆိုးလောကရဲ့ နတ်ဆိုးအင်ပါယာရာထူးကို ဆက်ခံလိမ့်မယ်။ နတ်ဆိုးလောက,က စွမ်းအားကြီးပုဂ္ဂိုလ်တွေအားလုံး အင်ပါယာအသစ်ရဲ့ အမိန့်တွေကို နာခံရမယ်”
တည်ငြိမ်သောအသံသည် ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ နတ်ဆိုးလောကမှ နတ်ဆိုးကျင့်ကြံသူအားလုံးသည် မြေပြင်တွင် ဒူးထောက်ကာ ကျယ်လောင်စွာ အော်ခေါ်လိုက်ကြ၏။
“အရှင်နတ်ဆိုးအင်ပါယာ...”
နတ်ဆိုးအင်ပါယာသည် ထိုသူအားလုံးကို ကြည့်လိုက်၏။ ထို့နောက် သူသည် နောက်လှည့်ကာ နတ်ဆိုးချောက်ကမ်းပါးဆီသို့ လျှောက်သွားလိုက်သည်။ သူ၏နောက်ကျောပြင်သည် ခါးသီးမှုဖြင့် ပြည့်နှက်နေလေသည်။
သူသည် နတ်ဆိုးချောက်ကမ်းပါးအတွင်းသို့ ဝင်သွားပြီးနောက်တွင် နတ်ဆိုးချောက်ကမ်းပါး၏ အလယ်သို့ တည့်တည့်မတ်မတ်သွားလိုက်သည်။ သူသည် ဤနှစ်များအတွင်း၌ နတ်ဆိုးချောက်ကမ်းပါး၏ တာဝန်ကို ပခုံးထမ်းထားခဲ့သည်။ ယနေ့တွင် သူ လွတ်မြောက်တော့မည်ဖြစ်သည်။
သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွား၏။ သို့သော် ၎င်းသည် ကြီးမားပြန့်ကား၍လည်းလာပြီး ပို၍ပို၍ ကြီးလာသည်။ အကန့်အသတ်မဲ့ ဧရာမခန္ဓာကိုယ်ကြီးသည် နတ်ဆိုးချောက်ကမ်းပါးအတွင်း ပျော်ဝင်သွားကာ နတ်ဆိုးချောက်ကမ်းပါး၏ ကပ်ဘေးများနှင့် တစ်သားတည်းဖြစ်သွားသည်။
လက်ရှိတွင် နတ်ဆိုးချောက်ကမ်းပါးအတွင်း၌ ကျင့်ကြံနေသော ယူချင်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။ သူ၏မျက်ဝန်းနက်များ ပွင့်လာသည်။ ထို့နောက်တွင် ယူချင်းသည် နတ်ဆိုးချောက်ကမ်းပါးတစ်ခုလုံးက မျက်နှာတစ်ခုအဖြစ် ပြောင်းလဲလာသည်ကို မြင်လိုက်ရ၏။ ထိုမျက်နှာမှာ နတ်ဆိုးအင်ပါယာ၏မျက်နှာပင်။
“ယူချင်း...”
နတ်ဆိုးအင်ပါယာ၏ အသံသည် သူ့စိတ်အတွင်းသို့ ဝင်လာလေသည်။
“အရင်တုန်းက နတ်ဆိုးချောက်ကမ်းပါးက ကောင်းကင်လမ်းစဉ်နဲ့ ယှဉ်နိုင်တဲ့ အရာတစ်ခုဖြစ်ခဲ့တယ်။ နတ်ဆိုးချောက်ကမ်းပါးမှာလည်း ကောင်းကင်လမ်းစဉ်လို အသိစိတ်ရှိခဲ့တယ်။ ဒါပေမဲ့ နတ်ဆိုးချောက်ကမ်းပါးက ကောင်းကင်လမ်းစဉ်နဲ့ ယှဉ်ပြိုင်ပြီးတဲ့နောက်မှာ အကျဉ်းထောင်တစ်ခုအဖြစ် အဆင့်လျှော့ချခံခဲ့ရတယ်။ နတ်ဆိုးချောက်ကမ်းပါးက နတ်ဆိုးအရှင်ကို ပျိုးထောင်ပေးပြီး သူ့ကို ကောင်းကင်လမ်းစဉ်နဲ့ တိုက်ခိုက်နိုင်ဖို့ ကူညီပေးခဲ့တယ်။ အဲဒီကတည်းကဆို နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ပြီဆိုပေမယ့် ငါ နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားကို မထိန်းချုပ်နိုင်သေးဘူး။ မင်းက နတ်ဆိုးအရှင်ရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူခဲ့လို့ နတ်ဆိုးချောက်ကမ်းပါးနဲ့ ဆက်နွယ်နိုင်နေပြီ။ ဒီနေ့ ငါ မင်းကို ကူညီပေးမယ်။ ငါက နတ်ဆိုးချောက်ကမ်းပါးထဲကို ပျော်ဝင်ပြီးသွားတဲ့နောက်မှာ နတ်ဆိုးချောက်ကမ်းပါးရဲ့ အသိစိတ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီ။ မင်းလည်း နတ်ဆိုးအရှင်လို နတ်ဆိုးချောက်ကမ်းပါးကို ထိန်းချုပ်နိုင်ပြီး နတ်ဆိုးချောက်ကမ်းပါးရဲ့ ကပ်ဘေးတွေကို ခံနေရတာကို ရပ်တန့်ဖို့ နတ်ဆိုးလောက,ကသူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
ယူချင်းသည် နတ်ဆိုးအင်ပါယာ၏ စကားများကို ကြားသောအခါ ရုတ်တရက် မျက်နှာပျက်သွားသည်။
“အရှင်အင်ပါယာရဲ့ အကူအညီမပါလည်း ကျုပ် နတ်ဆိုးချောက်ကမ်းပါးကို ထိန်းချုပ်နိုင်ပါတယ်”
သူ ပြောလိုက်၏။
“အချိန်မရှိတော့ဘူး...”
နတ်ဆိုးအင်ပါယာက ပြောလိုက်၏။ သူ စကားပြောနေရင်း သူ၏ခန္ဓာကိုယ်သည် ပို၍ပို၍ ဝေဝါးလာသည်။ သူသည် အချိန်မရွေး ပျောက်ကွယ်သွားတော့မလိုပေ။
“ဦးရီးတော်...”
ယူချင်း ထရပ်ကာ အော်ခေါ်လိုက်၏။
“ကျုပ် သဘောမတူဘူး”
*****
သူ ထိုသို့ပြောလိုက်ချိန်တွင် နတ်ဆိုးချောက်ကမ်းပါးတစ်ခုလုံး တုန်ခါလာပြီး သူ၏အသံသည် ပဲ့တင်ထပ်သွားသည်။
“ဒါက ငါ့ရဲ့ ကံကြမ္မာပါ။ ငါက နှစ်ပေါင်းမရေမတွက်နိုင်အောင် နတ်ဆိုးချောက်ကမ်ပါးရဲ့ နာကျင်မှုကို တောင့်ခံခဲ့ရတယ်။ အခု ငါ လွတ်လပ်ဖို့ အချိန်ကျပြီ”
နတ်ဆိုးအင်ပါယာ ပြောလိုက်၏။
“ယူချင်း... ငါ့ဘဝတစ်လျှောက်မှာ ငါ ဘယ်သူ့ကိုမှ မတောင်းဆိုခဲ့ဖူးဘူး။ ဒါပေမဲ့ ငါ မင်းဆီက တစ်ခုတော့ တောင်းဆိုရမယ်”
ယူချင်းသည် ထိုမျက်နှာကိုကြည့်၍ ရင်နာနေသည်။
“နှစ်ပေါင်းမရေမတွက်နိုင်အောင် နတ်ဆိုးလောက,က ကျင့်ကြံသူတွေက အကျဉ်းသားတွေဆိုတဲ့ ရှက်စရာကောင်းတဲ့ဂုဏ်ပုဒ်ကြီးကို သယ်ဆောင်ခဲ့ရတယ်။ ဒါပေမဲ့ နတ်ဆိုးလောက,ကသူအများစုက သန်မာပြီး ဖြောင့်မတ်တဲ့သူတွေပဲ။ မင်းရဲ့ အဖေမှာ သူရဲ့ကိုယ်ပိုင်ယုံကြည်ချက်တွေ ရှိတယ်။ သူ့ရဲ့ ရွေးချယ်မှုအတွက် ငါ သူ့ကို အပြစ်မတင်ပါဘူး။ ဒါပေမဲ့ သူက တခြားသူတွေကို ခါးကုန်းဦးညွှတ်ခဲ့တာကတော့ သူ့အမှားပဲ”
နတ်ဆိုးအင်ပါယာ ဆက်ပြောလိုက်၏။
“မကြာသေးခင်တုန်းက လူသားဘိုးဘေးက ငါ့ကို စစ်ပွဲထဲ ဝင်ပါလာအောင် ခြိမ်းခြောက်ဖို့ နတ်ဆိုးလောကကို အသုံးချခဲ့တယ်။ ငါက စစ်ပွဲထဲ ဝင်ပါဖို့ ဖိအားပေးခံခဲ့ရတယ်။ ဒါပေမဲ့ နတ်ဆိုးလောက,က ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။ အဲဒါကြောင့် ငါ လူသားဘိုးဘေးကို ပြန်တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာပဲ။ ငါ အဲဒါကို နောင်တမရဘူး။ ငါအဲဒီလိုလုပ်တာ လောကထဲက လူတွေအတွက်မဟုတ်ဘူး... လောကကြီးက ငါနဲ့ ဘာမှမဆိုင်ဘူး။ အဲဒါက မင်းအဖေနဲ့ တခြားသူတွေအတွက်လည်း မဟုတ်ဘူး။ နတ်ဆိုးလောကအတွက်ပဲ။ မကြာခင် လူသားဘိုးဘေးနဲ့ ရီဖူရှင်းတို့ အဆုံးသတ်တိုက်ပွဲ တိုက်ကြလိမ့်မယ်။ တကယ်လို့ မင်းသာ နတ်ဆိုးချောက်ကမ်းပါးကို ထိန်းချုပ်နိုင်သွားရင် မင်းလည်း အဲဒီတိုက်ပွဲမှာ ဝင်ပါသင့်တယ်။ တကယ်လို့ မင်းရှုံးသွားရင်လည်း မင်းက တိုက်ပွဲမှာ သေသွားမှာပေါ့။ မင်း အောင်မြင်သွားရင်တော့ နတ်ဆိုးလောက,က သူတို့နဲ့ တန်းတူဖြစ်သွားပြီး လောကအသစ်တစ်ခုကို အတူတကွ ဖန်တီးနိုင်လိမ့်မယ်။ ငါ မင်းကို တောင်းဆိုချင်တာကတော့ ဘယ်သူ့ဆီမှာမှ လက်အောက်မခံပါနဲ့။ မင်းက နတ်ဆိုးလောက,ကသူပဲ”
ယူချင်း၏မျက်လုံးများ နီရဲလာသည်။ သူသည် ယောက်ျားတစ်ယောက်ဖြစ်သော်လည်း မျက်ရည်များဝဲလာပေသည်။ နတ်ဆိုးအင်ပါယာသည် သူ့ဘဝတစ်လျှောက်တွင် မည်သူ့ကိုမှ မတောင်းဆိုခဲ့ဖူးချေ။ သို့သော် သူသည် သူ့ကို နတ်ဆိုးလောက၏ ဘုရင်ဖြစ်လာရန် တောင်းဆိုနေသည်။ သူသည် တိုက်ပွဲတွင် သေနိုင်သည်။ သို့သော် မည်သည့်ထံမှ လက်အောက်ခံ၍ မရပေ။
နတ်ဆိုးလောကသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အကျဉ်းထောင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ နတ်ဆိုးအင်ပါယာသည် အနာဂတ်တွင် နတ်ဆိုးလောကကို အဆင့်နိမ့်လောကတစ်ခုအဖြစ် ဆက်ရှိမနေစေလိုပေ။ အခြားသူများထံ လက်အောက်ခံမည်ကိုလည်း မလိုချင်ပေ။ အကယ်၍ နတ်ဆိုးလောက၏ ဘုရင်ကသာ ဦးညွှတ်ခဲ့လျှင် နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် ခေါင်းမော့နိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် နတ်ဆိုးအင်ပါယာသည် လူသားဘိုးဘေးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယူချင်းအား လူသားဘိုးဘေးကို တိုက်ခိုက်ရန် တောင်းဆိုခဲ့ခြင်းပင်။ သူသည် နတ်ဆိုးလောကကို ဖြောင့်ဖြောင့်မတ်မတ်ရပ်တည်ကာ လောကကြီးထဲတွင် ဝင်ဆံ့စေလိုပေသည်။ အကယ်၍ သူတို့သာ လောကအသစ်တစ်ခုကို ဖန်တီးမည်ဆိုလျှင် နတ်ဆိုးလောကကို အခြားလောကများနှင့် တန်းတူဖြစ်စေလိုပေသည်။
ယူချင်းသည် နတ်ဆိုးအင်ပါယာက ရီဖူရှင်းအကြောင်းကို ပြောနေကြောင်း နားလည်ပေသည်။
နတ်ဆိုးအင်ပါယာသည် သူ့ကို ထိုသို့တောင်းဆိုခဲ့ခြင်းမှာ သူနှင့်ရီဖူရှင်းတို့၏ ဆက်ဆံရေးအကြောင်းကို ကောင်းကောင်းသိထား၍ပင်။
“ကျုပ် ကတိပေးပါတယ်”
ယူချင်းသည် ညိုးငယ်စွာ ပြောလိုက်၏။ နတ်ဆိုးအင်ပါယာသည် သူ့အား ရီဖူရှင်းဘက်က တိုက်ခိုက်မည်ကို မတားခဲ့ပေ။ သူသည် တစ်ခုသာ တောင်းဆိုခဲ့သည်။ နတ်ဆိုးလောက၏ ဘုရင်သည် မည်သည့်အခါတွင်မှ အခြားသူတစ်ယောက်ထံတွင် လက်အောက်ခံ၍ မရပေ။
“အခု နတ်ဆိုးလောက,က မင်းအပိုင်ဖြစ်သွားပြီ”
နတ်ဆိုးအင်ပါယာသည် ထိုသို့ ပြောပြီးနောက် တဖြည်းဖြည်းပျောက်ကွယ်သွားကာ နတ်ဆိုးချောက်ကမ်းပါးအတွင်းသို့ လုံးဝပျော်ဝင်သွားလေတော့သည်။ နတ်ဆိုးချောက်ကမ်းပါးထဲတွင် ကြောက်မက်ဖွယ် နတ်ဆိုးကပ်ဘေးများ ဗြောင်းဆန်နေသည်။ နတ်ဆိုးအင်ပါယာ၏ အရိပ်အယောင် မရှိတော့ပေ။
သို့သော် ယူချင်းသည် နတ်ဆိုးအင်ပါယာက ဤနေရာတွင် ရှိနေသေးကာ နတ်ဆိုးချောက်ကမ်းပါးဖြင့် သူနှင့်နတ်ဆိုးလောကကို ကာကွယ်ပေးနေသေးကြောင်း ခံစားနိုင်လေသည်။
******
မူလဘုံ၏ ဟင်းလင်းပြင်ထဲတွင် ရီဖူရှင်း ထွက်ပေါ်လာ၏။
လက်ရှိတွင် သူသည် မူလဘုံက ပြီးပြည့်စုံသောလောကတစ်ခု မဟုတ်ကြောင်း သူ ရှင်းလင်းစွာ အာရုံခံနိုင်နေသည်။ အတိတ်တွင် ကောင်းကင်လမ်းစဉ် ပြိုပျက်သွားပြီးနောက်၌ ၎င်းသည် ဗလာဘုံတစ်ခု ဖြစ်လာခဲ့သည်။
ယခုတွင် သူသည် ဤဘုံသို့ ပြန်လာခဲ့ပေပြီ။
ရီဖူရှင်းအတွက် မူလဘုံသည် သူ၏မွေးရပ်မြေဖြစ်သည်။
သူ လမ်းစဉ်ဖြစ်လာမည်ဆိုလျှင် သူသည် သူ၏မွေးရပ်မြေကို ရွေးချယ်မည်ဖြစ်သည်။
အာကာပြင်သည် ဗလာဖြစ်နေပြီး ဟင်းလင်းပြင်သည် အဆုံးမဲ့နေသည်။ ထိုနေရာတွင် သူတစ်ယောက်သာ ရှိသည်။ ရီဖူရှင်းသည် အမှောင်ထုထဲတွင် ပို၍ပင် အထီးကျန်ဆန်နေသည်ဟု ထင်ရသည်။
“ကျုပ် တောင်းပန်ပါတယ်”
ရီဖူရှင်း၏ စိတ်ထဲတွင် လူများစွာ ထွက်ပေါ်လာ၏။ ထို့နောက် သူသည် သူ၏မျက်လုံးများကို မှိတ်လိုက်၏။ သူ၏ကိုယ်တွင်းမှ လောကအသေးစားသည် လျင်မြန်စွာ စတင်ပြိုပျက်လာပြီး ပရမ်းပတာလောကတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ရီဖူရှင်း၏အာရုံသည် ထိုလောကအတွင်းသို့ ဝင်သွားပြီး ပရမ်းပတာလောကနှင့် ပေါင်းစည်းလိုက်သည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ သူ၏ရုပ်ခန္ဓာသည် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။ အဆုံးမဲ့အမှောင်ထုထဲတွင် အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာ၏။ ထိုမရေမတွက်နိုင်သော အလင်းတန်းများသည် လျင်မြန်စွာ ဖြာထွက်ကာ အမှောင်ထုကို လွှမ်းခြုံသွားသည်။ ရုတ်ခြည်းအတွင်းမှာပင် အလင်းသည် အမှောင်ထုတစ်ခွင်လုံးကို အလင်းပေးကာ စကြဝဠာတစ်ခွင်လုံးသို့ ဖြာထွက်သွားသည်။
မူလဘုံရှိ ကုန်းမြေများနှင့် ကြယ်ကောင်းကင်များမှ ကျင့်ကြံသူများအားလုံးသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့သည် အလင်းတန်းတစ်ခုကို တွေ့လိုက်၏။ အဝေးရှိ မိုးကုပ်စက်ဝိုင်းတွင် ထိုအလင်းတန်းသည် ကောင်းကင်ကို အလင်းပေးနေ၏။ ထို့ကြောင့် ကျင့်ကြံသူအားလုံး အံ့အားသင့်သွားကြသည်။ မည်သည့်ကိစ္စ ဖြစ်ပျက်နေခြင်းနည်း။
ကုန်းမြေများအားလုံးပေါ်မှ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး သူတို့၏အခန်းများအတွင်းမှ ထွက်လာလေသည်။ လူပေါင်းများစွာသည် လေထဲမှ ဖြတ်၍ ပျံသန်းကာ ကောင်းကင်ထက်သို့ ငေးကြည့်လိုက်ကြသည်။ သူတို့သည် အလင်းလွှမ်းခြုံထားသော စကြဝဠာထဲတွင် သစ်ပင်တစ်ပင် လျင်မြန်စွာ ကြီးထွားလာသည်ကို မြင်လိုက်ရလေသည်။ ထိုသစ်ပင်သည် စကြဝဠာသစ်ပင်၊ လောကသစ်ပင် ဖြစ်ပုံပေါ်ပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် ကြီးထွားနေသည်။
ကုန်းမြေများပေါ်မှ ကျင့်ကြံသူများသည် ရုတ်တရက် မျက်စိကျိန်းသွားကြ၏။ သူတို့သည် သူတို့၏လက်များကို မြှောက်၍ သူတို့၏မျက်လုံးများကို ကာလိုက်ကြသည်။ သဏ္ဌာန်မဲ့ အလင်းတန်းတစ်ခုသည် သူတို့၏ခန္ဓာကိုယ်များကို ဖြတ်ကျော်သွားသကဲ့သို့ပင်။ သူတို့သည် လောကအရှိန်အဝါကို အာရုံခံမိလိုက်ပြီး အရာအားလုံး ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရ၏။ သို့သော် မည်သည့်အရာက ကွဲပြားသွားခြင်းဖြစ်ကြောင်း သူတို့ ထောက်မပြနိုင်ကြပေ။
စကြဝဠာအတွင်းရှိ သစ်ပင်သည် တဖြည်းဖြည်း ပုံရိပ်ယောင် ဖြစ်လာ၏။ ၎င်းသည် လောကကြီးနှင့် ပေါင်းစည်းကာ စကြဝဠာ၏တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
နတ်ဘုရားကုန်းမြေဟောင်းသည် တောက်ပကာ အသက်ဓာတ်ဖြင့် ပြည့်နှက်နေလေသည်။ ထိုနေရာတွင် ရန်ဟောင်အဆင့် ကျင့်ကြံသူများစွာ ရှိ၏။ သူတို့သည် လောကကြီး၏ ပြောင်းလဲမှုများကို အာရုံခံမိလိုက်သောအခါ အပြင်းအထန် ရင်တုန်သွားကြလေသည်။ ထိုအခိုက်တွင် သူတို့အားလုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ ဦးညွှတ်လိုက်ကြသည်။
ယင်းမှာ ဆန်းကြယ်မှုတစ်ခုလော။
နတ်ဘုရားတစ်ပါးဖြစ်စေ သို့မဟုတ် မဟာအင်ပါယာအဆင့်ရှိသူတစ်ယောက်ဖြစ်စေ ထိုသို့ လုပ်နိုင်မည်မဟုတ်သည် မဟုတ်ပါလော။
လက်ရှိမူလဘုံ၏ လမ်းစဉ်ကို ပြီးမြောက်ခဲ့ကာ ယခုတွင် ပြီးပြည့်စုံသော မဟာလမ်းစဉ်စည်းမျဉ်းကို ပိုင်ဆိုင်ထားသည့် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး မဟုတ်လျှင် ထိုသို့ လုပ်နိုင်မည် မဟုတ်ပေ။
ထိုအရာအားလုံးကို လုပ်နေသူမှာ မည်သူနည်း။