ငါ သစ်ပင်တစ်ပင် ဖြစ်လာချင်ပါတယ်
Vol. 207 Ch. 2954
ချင်းကျူကျောင်းတော်ဘေးတွင် ရိုးရှင်းသော နေအိမ်လေးတစ်လုံး ရှိပေသည်။ ၎င်းဘေးတွင် သဘာဝပေါက်ပင်များ ထူထပ်စွာရှိနေသည်။ ထိုထဲမှ သစ်ပင်တစ်ပင်သည် အခြားအပင်များထက် ထူးခြားပေသည်။
ကျောင်းတော်မှ လူများ၏ပြောပြချက်အရ ယခင်က ထိုသစ်ပင်ကို မည်သူမှ သတိမပြုမိခဲ့ကြဟု သိရသည်။ ၎င်းသည် ယခင်က မသိသာခဲ့သော်လည်း တစ်နေ့တွင် ရုတ်တရက်ကြီး မိုးထိမြင့်သော သစ်ပင်တစ်ပင်အဖြစ် ကြီးထွားလာခဲ့သည်။ ၎င်းသည် လွန်စွာ သစ်ရွက်ထူထဲပြီး လေညင်းတစ်ချက် တိုက်ခတ်သွားလျှင် သစ်ကိုင်းများနှင့် သစ်ရွက်များသည် အသက်ရှိနေသည့်အလား လှုပ်ခတ်သွားကြသည်။
ထိုအခိုက်တွင် သစ်ပင်အောက်မှနေ၍ သာယာသော ဂီတသံတစ်သံ ထွက်ပေါ်နေသည်။ ထိုဂီတသံသည် နားဝင်ပီယံချိုပြီး ခံစားချက်များနှင့် ပြည့်နှက်နေသည်။ တူရိယာတီခတ်နေသော အမျိုးသမီးသည် ပြီးပြည့်စုံကာ ပြစ်မျိုးမှဲ့မထင်ပေ။ သူမသည် နတ်မိမယ်တစ်ပါးဟု ထင်ရပြီး ကောင်းကင်အပျိုတော်ကိုးပါးထဲမှ တစ်ပါးကဲ့သို့ပင်။ သူမသည် သာမန်မဟုတ်ပေ။
ထိုစဉ်တွင် အခြားအမျိုးသမီးတစ်ယောက်သည် ကျောင်းတော်အတွင်းမှ ထွက်လာပြီး သူမဘေးသို့ လျှောက်လာသည်။ ထိုအမျိုးသမီးမှာ ဟွာနန်းယွီဖြစ်သည်။
သူမသည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်လိုက်ပြီး လက်နှစ်ဘက်ဖြင့် သူမ၏ မေးစေ့ကို ထောက်လိုက်လေသည်။ သူမသည် ဂီတသံကို တိတ်ဆိတ်စွာ နားထောင်နေသည်။ သူမသည် လှပကာ အနုပညာဆန်သော စိတ်ကူးယဉ်ကမ္ဘာအတွင်းသို့ ရောက်သွားသကဲ့သို့ သူမ၏စိတ်ထဲတွင် လှပသော ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ထိုပုံရိပ်ထဲတွင် ငြိမ်းချမ်းသော မြို့လေးတစ်မြို့၊ လှပသောရေကန်လေးတစ်ကန်နှင့် ရေကန်ပေါ်တွင် မျောနေသည့် လှေကလေးတစ်စီး ရှိလေသည်။ လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်သည် လှေပေါ်တွင် တစ်ယောက်ကိုတစ်ယောက် ဖက်နေကြသည်။ လအလင်းဖြာကျနေပြီး သူတို့၏ခန္ဓာကိုယ်များကို အလင်းပေးနေသည်။ ထိုမြင်ကွင်းသည် လှပသော ပန်းချီကားတစ်ကားကဲ့သို့ပင်။
အတော်ကြာပြီးနောက်တွင် ဂီတသံသည် တဖြည်းဖြည်း ရပ်တန့်သွားသည်။ တူရိယာတီးခတ်နေသော ဟွာဂျီယူ၏ မျက်ဝန်းထဲတွင် အပြုံးသဲ့သဲ့ ရှိနေသည်။ သူမ၏အပြုံးသည် အလွန်တောက်ပ၏။ သူမသည် သူမကိုယ်သူမ အနုပညာစိတ်ကူးထဲတွင် နှစ်မြှုပ်ထားသကဲ့သို့ပင်။
လွန်ခဲ့သည့်တစ်နှစ်က တေးသံသာအင်ပါယာသည် သူမအား ကောင်းကင်နန်းတော်ကို အုပ်ချုပ်စေလိုခဲ့သည်။ သို့သော် ဟွာဂျီယူ ထွက်လာခဲ့သည်။ သူမသည် သူမ၏မွေးရပ်မြေ ချင်းကျူမြို့သို့ ပြန်ခဲ့သည်။ သူမတို့၏ အလှပဆုံးအမှတ်တရများသည် ထိုမြို့တွင် ရှိပေသည်။ ဟွာဂျီယူသည် ချင်းကျူမြို့သို့ ရောက်ပြီးနောက်တွင် ထိုသစ်ပင်ကြီးကို တွေ့ခဲ့သည်။ သူမသည် ထိုသစ်ပင်မှနေ၍ ရီဖူရှင်း၏ အရှိန်အဝါကို အာရုံခံနိုင်၏။
ရီဖူရှင်းမှာလည်း ဤသို့ ပြန်လာခဲ့ရမည်ဖြစ်ကြောင်း သူမသိပေသည်။
ထိုကတည်းက ဟွာဂျီယူသည် ဤနေရာတွင် ခြံဝန်းလေးတစ်ခု တည်ဆောက်ကာ နေ့စဉ် သစ်ပင်အောက်တွင် ကု့ချင်းတီး၍ အေးချမ်းတည်ငြိမ်သော ဘဝတစ်ခုကို နေထိုင်နေခဲ့သည်။
“မမ...”
ဟွာနန်းယွီက ပြုံး၍ ခေါ်လိုက်သည်။
“ခဲအိုက မမ တီးတာကို ကြားနိုင်မယ်ထင်လား”
“သူ ကြားနိုင်တာပေါ့”
ဟွာဂျီယူက လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။
“အဲဒါဆို သူလည်း မမက သူ့အကြောင်း နေ့တိုင်းတွေးနေတယ်ဆိုတာ သိရတော့ တော်တော် ပျော်မှာပဲ”
ဟွာနန်းယွီက ရယ်မောကာ ပြောလိုက်၏။
ဟွာဂျီယူလည်း ရယ်၍ ပြန်ပြောလိုက်၏။
“နန်းယွီ... မင်း မမဆီ နေ့တိုင်း အလည်လာဖို့ မလိုပါဘူး။ မမက ဒီနေရာမှာ ငြိမ်းချမ်းပါတယ်... ပြီးတော့ မမ ရောင့်ရဲပါတယ်”
သူမသည် ဤနေရာတွင် နေ့စဉ် တူရိယာတီးခတ်နေသည်ကို အထီးကျန်သည်ဟု မခံစားရပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ဤနေရာတွင် ရီဖူရှင်းရှိနေကြောင်း သိရပေ။
“အင်း... ညီမ သိပါပြီ”
ဟွာနန်းယွီက ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်၏။ သူမ နေ့တိုင်း အလည်လာခြင်းမှာ ဟွာဂျီယူ အထီးကျန်နေမည် သို့မဟုတ် ဝမ်းနည်းနေမည်ကို စိုး၍ပင်။ သူမသည်လည်း ဝမ်းနည်းနေသော်လည်း သူမ၏အစ်မအရှေ့တွင် တစ်ခါမှ မဖော်ပြခဲ့ဖူးပေ။ သူမ၏အစ်မ ပျော်ရွှင်နိုင်ရန် သူမမျှော်လင့်ပေသည်။
ဟွာနန်းယွီ ထွက်သွားသောအခါ ဟွာဂျီယူသည် သူမ၏ဂီတကို ဆက်၍ တီးခတ်လိုက်သည်။ သာယာသော ဂီတသံများသည် ကောင်းကင်မှ တေးသွားများကဲ့သို့ပင်။ ၎င်းတို့သည် သစ်ပင်အတွင်းသို့ စီးဝင်သွားကြသည်။ သစ်ပင်ပေါ်မှ သစ်ရွက်များ လှုပ်ရှားလာ၏။ ယင်းသစ်ရွက်များသည် ဂီတသံအလိုက် ကနေသကဲ့သို့ပင်။
သို့သော် ထိုစဉ်တွင် ဂီတသံသည် ရုတ်တရက်ကြီး ရပ်တန့်သွား၏။
ဟွာဂျီယူသည် အရှေ့သို့ ကြည့်လိုက်ရာ သူမရှေ့၌ ပုံရိပ်တစ်ခု ပျံလာသည်ကို မြင်လိုက်ရလေသည်။ ယင်းမှာ လှပသော အမျိုးသမီးတစ်ယောက်ပင်။ သူမသည် နူးညံ့စွာ ဆင်းသက်လိုက်၏။ သူမ၏မျက်လုံးများသည် သစ်ပင်ကို ငေးကြည့်နေသည်။ သူမသည် ဖြည်းဖြည်းချင်း လျှောက်လာပြီး သစ်ပင်ဆီသို့ တစ်လှမ်းချင်းသွားနေလေသည်။
သူမ သစ်ပင်အောက်တွင် ရပ်လိုက်ချိန်၌ သူမ၏မျက်လုံးထောင့်စွန်းများတွင် ကြည်လင်သောမျက်ရည်စက်လေးများ တွဲခိုနေပြီဖြစ်သည်။
အမျိုးသမီးသည် လက်ဆန့်ကာ သစ်ပင် ပင်စည်ကို ထိလိုက်သည်။
“ဒီသစ်ပင်က နင်လား”
သူမ မေးလိုက်သည်။ သူမ၏အသံသည် တုန်ယင်နေသည်။
ဟွာဂျီယူသည် ထိုအရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေ၏။ သူမသည် ရောက်ရှိလာသော အမျိုးသမီးကို ကြည့်ရင်း သူမ၏ရင်ထဲတွင် ဝမ်းနည်မှု ပျို့တက်လာသည်။
“ချင်းယွမ်... အဲဒါ သူပဲ”
သူမ တီးတိုးပြောလိုက်၏။
သူမသည် ရှားရှင်းယွန်၏ ရီဖူရှင်းအပေါ်ထားသော ခံစားချက်ကို သိပေသည်။ ယခုတွင် ရှားရှင်းယွန်၏ ခံစားချက်များသည် သူမ၏ခံစားချက်များနှင့် တူကြောင်း သူမသိ၏။
ဟွာဂျီယူ၏အသံကို ကြားသောအခါ ရှားရှင်းယွန်၏ မျက်ရည်စများသည် ထိန်းမနိုင်သိမ်းမရ စီးကျလာလေတော့သည်။ သူမ၏ လက်များသည် အနည်းငယ် တုန်ခါနေ၏။ သူမသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို ထိကိုင်နေသကဲ့သို့ပင်။ ရှားရှင်းယွန်သည် သူမ၏ ခံစားချက်များကို လျှို့ဝှက်ထားခဲ့ပြီး ယခင်က ရီဖူရှင်းအရှေ့တွင် သူမ၏ခံစားချက်များကို တစ်ခါမှ ထုတ်မပြခဲ့ပေ။ သူမသည် သူ့ကို အမြဲ ပြောမပြနိုင်လောက်အောင် ချစ်မြတ်နိုးခဲ့သည်။ သို့သော် ထိုခံစားချက်ကို သူမ၏ရင်ထဲတွင်သာ သိမ်းထားခဲ့လေသည်။
သူမသည် ထိုအရာအားလုံးကို လက်ခံနိုင်ခဲ့၏။ အရာအားလုံး ပြီးဆုံးသွားလျှင် သူမသည် အင်ပါယာရှား၏ဘုံသို့ ပြန်မည်ဟု တွေးထားခဲ့သည်။ သူမသည် ရီဖူရှင်းတစ်ယောက် အထွတ်အထိပ်သို့ ရောက်သွားပြီး အရာအားလုံးအဆင်ပြေနေလျှင် ကျေနပ်မည်ဖြစ်သည်။
သို့သော် အရာအားလုံး ပြီးဆုံးသွားသောအခါ သူမ မျှော်လင့်ထားသလို မဖြစ်ခဲ့ပေ။ ရီဖူရှင်း ပျောက်ကွယ်သွားခဲ့လေသည်။ အားလုံးက သူသေသွားပြီဟု ပြောကြသည်။
ရှားရှင်းယွန်သည် ထိုရလဒ်ကို လက်မခံနိုင်ပေ။ ပြီးခဲ့သောနှစ်တွင် သူမသည် အင်ပါယာရှား၏ဘုံသို့ ပြန်ကာ ကောင်းမှုများ ပြုလုပ်ခဲ့ပြီး လူများကို ကယ်တင်ခဲ့သည်။ သို့သော် ယင်းတို့မှာ သူမကိုယ်သူမ အာရုံလွှဲထားရန်ဖြစ်သည်။ သူမသည် အသိစိတ်မကပ်သော ခန္ဓာကိုယ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး ရီဖူရှင်း၏ ယုံကြည်မှုကို ထိုနည်းလမ်းဖြင့်သာ ဖြန့်ဝေလိုခဲ့သည်။
မကြာသေးခင်က သူမသည် ရီဖူရှင်းကြီးပြင်းခဲ့သည့်နေရာများကို ကြည့်ကာ သူ၏အငွေ့အသက်များကို ပြန်ခံစားရန် ရီဖူရှင်း၏ မွေးရပ်မြေသို့ အလည်လာခဲ့သည်။
သို့သော် ဤသို့ ရောက်ပြီးနောက်တွင် သူမသည် ရင်းနှီးသောအရှိန်အဝါတစ်ခုကို အာရုံခံမိခဲ့သည်။ ထို့ကြောင့် သူမသည် ဤနေရာသို့ လာခဲ့ခြင်းဖြစ်ပြီး သူမမျက်စိရှေ့ရှိ သစ်ပင်ကို တွေ့လိုက်ခြင်းပင်။
ထိုအခိုက်တွင် သူမသည် သူမ၏ရင်ထဲတွင် ပြည့်နှက်နေခဲ့သော ခံစားချက်အားလုံးကို မထိန်းချုပ်နိုင်တော့ပေ။ သူမသည် ထိုခံစားချက်များကို တစ်ရက်၊ နှစ်ရက်မဟုတ် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့သည်။
“သူ ဘယ်တုန်းက ဒီကို လာခဲ့တာလဲ”
ရှားရှင်းယွန်က ဟွာဂျီယူကို မေးလိုက်၏။ သူမ၏မျက်ဝန်းများမှနေ၍ မျက်ရည်များ စီးကျနေဆဲပင်။
“ငါပြန်လာတော့ သူက ဒီမှာရှိနေပြီ”
ဟွာဂျီယူက ပြန်ဖြေလိုက်သည်။ သူမသည် ရှားရှင်းယွန်ဘေးသို့ လျှောက်သွားလိုက်ပြီး ရှားရှင်းယွန်ကို နူးညံ့စွာ ဖက်လိုက်၏။ ရှားရှင်းယွန်က မငြင်းဆန်လိုက်ပေ။ သူမသည် ဟွာဂျီယူ၏ ပခုံးပေါ်တွင် မှီကာ ငိုကြွေးလိုက်လေသည်။ သူမတို့အချင်းချင်းသာ ထိုကဲ့သို့သော ခံစားချက်ကို နားလည်နိုင်ပေသည်။ ထိုအခိုက်တွင် သူမတို့၏ ခံစားချက်များသည် အတူတူဖြစ်သည်။
“သူ အရင်က ထွက်ပေါ်လာသေးလား”
ရှားရှင်းယွန်က နူးညံ့စွာ မေးလိုက်၏။
ဟွာဂျီယူက ခေါင်းခါလိုက်၏။ သူမသည် သူမ၏ခံစားချက်များကို အကောင်းဆုံးထိန်းကာ ပြုံး၍ သိမ်မွေ့စွာ ပြောလိုက်၏။
“ချင်းယွမ်... ငါတို့က သူ့ကို ဒီမှာ အတူ အဖော်ပြုပေးနိုင်ပါတယ်”
ရှားရှင်းယွန်က သစ်ပင်ကြီးကို ကြည့်၍ မေးလိုက်၏။
“ငါ ဒီမှာနေလို့ရလား”
“ရတာပေါ့”
ဟွာဂျီယူ ခေါင်းညိတ်လိုက်သည်။
“ဂျီယူ...”
ရှားရှင်းယွန်သည် ဟွာဂျီယူကိုကြည့်ကာ ပြောလိုက်၏။
“ငါလည်း သစ်ပင်တစ်ပင်ဖြစ်လာပြီး သူ့ကို ဒီနေရာမှ အဖော်ပြုပေးချင်တယ်။ ငါ သူပြန်လာတဲ့အချိန်အထိ လေတွေ၊ မိုးတွေကို သူနဲ့အတူ ခံနိုင်တယ်”
“တကယ်လို့ သူ ပြန်မလာခဲ့ရင်ရော”
ဟွာဂျီယူက မေးလိုက်၏။ သူမ၏အသံသည် တုန်ယင်နေသည်။
“အဲဒါဆို ငါ သူနဲ့ ထာဝရ အဖော်ပြုပေးမယ်”
ရှားရှင်းယွန်၏ မျက်ရည်များနှင့် ပြည့်နှက်နေသော မျက်ဝန်းများသည် ပြတ်သားနေသည်။
ဟွာဂျီယူ၏ မျက်ဝန်းများထဲတွင်လည်း မျက်ရည်များဝဲတက်လာသည်။ သူမသည်လည်း ဆက်မထိန်းထားနိုင်တော့ပေ။
သူမသည် ရှားရှင်းယွန်၏မျက်ဝန်းများကိုကြည့်၍ မျက်ရည်များ စီးကျလာပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကောင်းပြီ...”
“ကျေးဇူးတင်ပါတယ်”
ရှားရှင်းယွန်၏ နှုတ်ခမ်းများပေါ်တွင် အပြုံးသဲ့သဲ့တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက်တွင် သူမသည် သစ်ပင်၏ဘေးသို့ လျှောက်သွားလိုက်၏။ သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျော်ကျသွားပြီး ရီဖူရှင်းကို အဖော်ပြုပေးရန် အသက်သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွား၏။
ထိုအသက်သစ်ပင်၏ အကိုင်းအခက်များသည် မရပ်မနား လှုပ်ခတ်နေပြီး ၎င်းဘေးရှိ သစ်ပင်ထံသို့ သွားနေလေသည်။ ၎င်းတို့သည် ယှက်နွယ်သွားပြီး တစ်ပင်နှင့်တစ်ပင် အဖော်ပြုပေးနေသည်။ အသက်သစ်ပင်မှနေ၍ ပွတ်တိုက်သံများ ထွက်ပေါ်လာ၏။ ၎င်းသည် အားပေးနေခြင်း သို့မဟုတ် သီဆိုနေခြင်းကဲ့သို့ပင်။ မည်သည့် ဝမ်းနည်းမှုမှရှိနေဘဲ အဖော်ပြုပေးမှုသာ ရှိနေသည်။
သူမသည် သစ်ပင်တစ်ပင် ဖြစ်လာကာ သူ့ဘေးတွင် နေ၍ သူ့ကိုအဖော်ပြုပေးကာ လေနှင့်မိုး၊ ပူပြင်းသောနေနှင့်လျှပ်စီးတို့ကို အတူခံရန် ဝန်မလေးခဲ့ပေ။ သူမသည် လုံးဝ နောင်တမရပေ။ သူမသည် ယခင်က သူ့ဘေးနားတွင် မနေနိုင်ခဲ့ချေ။ သို့သော် ယခုတွင် သူမတို့သည် အဖော်များအဖြစ် ထာဝရရှိနေမည်ဖြစ်သည်။ ယင်းမှာ မလှပလေသလော။
ထိုအရာအားလုံးကို တွေ့လိုက်သောအခါ ဟွာဂျီယူ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။ ခေတ္တကြာပြီးနောက် သူမသည် ထိုင်ကာ သူ၏တူရိယာကို တီးခတ်လိုက်လေသည်။ သူမ ထပ်မံတီးခတ်လိုက်သောအခါ ဂီတသံများ ထွက်ပေါ်လာ၏။ သို့သော် ဤတစ်ခေါက်တွင် ဂီတံသံသည် ဝမ်နည်းမှုနှင့် ပြည့်နှက်နေပြီး ကြားရသူကို စိတ်ဓာတ်ကျသွားစေနိုင်ပေသည်။