ထပ်မံ လေထန်လာပေပြီ
Vol. 207 Ch. 2955
ရီဖူရှင်း လမ်းစဉ် ဖြစ်လာပြီးနောက်တွင် ထိပ်တန်းအင်အားစုခုနစ်စုသည် လောကစည်းမျဉ်းကို အုပ်စိုးခဲ့သည်။ အရာအားလုံးသည် ငြိမ်းချမ်းနေသည်ဟု ထင်ရ၏။ သို့သော် မုန်တိုင်းအချို့၊ လှိုင်းအချို့ ရှိနေပေသေးသည်။
အထူးသဖြင့် ထိပ်တန်းအင်အားစုခုနစ်စုသည် လောကကြီးက အန္တရာယ်များနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိပေသည်။
ယနေ့ခေတ်တွင် သူတို့သည် လောကစည်းမျဉ်းကို အုပ်စိုးသူများအနေဖြင့် ယင်းကို လုံခြုံစေကာ ရီဖူရှင်အတွက် လက်ရှိလောကကို ကာကွယ်ရန် တာဝန်ရှိနေပြီဖြစ်သည်။
နတ်ဘုရားမြို့တော်သည် လွတ်လပ်သော မြို့တော်တစ်ခုဖြစ်သည်။ ယင်းမှာ စကြဝဠာအတွင်းရှိ အဓိကမြို့တော်ကြီးများထဲတွင် အကြွယ်ဝဆုံး မြို့တော်တစ်ခုဖြစ်ပြီး စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ပြည့်နှက်နေသည်။ ထိပ်တန်းအင်အားစုခုနစ်စုသည် ထိုနေရာတွင် သူတို့ အချိန်မရွေး ရောက်လာနိုင်သည့် ပူးပေါင်းစခန်းတစ်ခုကို တည်ထောင်ထားသည်။ ယင်းစခန်းမှာ ရီအင်ပါယာနန်းတော်ဟောင်းပင်။
နတ်ဘုရားမြို့တော်အထက် ရီအင်ပါယာနန်းတော်အပြင်ဘက်ရှိ ကောင်းကင်ထဲတွင် ကြီးမားသောတိုက်ပွဲတစ်ပွဲ ဖြစ်နေ၏။
အလွန်စွမ်းအားကြီးသော ပုဂ္ဂိုလ်နှစ်ယောက်သည် ကောင်းကင်ထဲတွင် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေသည်။ သူ့တို့နောက်တွင်လည်း ထိပ်သီးများစွာ ရှိနေသည်။ သူတို့အားလုံးသည် မဟာအင်ပါယာအဆင့်တွင် ရှိပေသည်။
သူတို့ထဲမှ တစ်ယောက်ထံတွင် အနှောင်အဖွဲ့ကင်းသော အရှိန်အဝါတစ်ခုရှိ၏။ ထိုသူမှာ ဂူတုံးလျှိုပင်။ သူနှင့်မျက်နှာချင်းဆိုင်မှ သူသည် သားရဲဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦးပင်။ သူ့တွင် လွန်စွာထူထဲသောဆံပင်ရှိပြီး ခန္ဓာကိုယ် တုတ်ခိုင်ပေသည်။ သူသည် အရပ်ပုသော်လည်း အနှိုင်းမဲ့ခက်ထန်သော အရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေလေသည်။ ထိုသူမှာ သားရဲကလန်တစ်ခုမှ မဟာအင်ပါယာတစ်ပါးဖြစ်သည်။
“အခု အရာအားလုံးက ရပ်တန့်လို့မရတော့ဘူး။ မင်း ကောင်းကင်ရဲ့ အမိန့်တွေကို လိုက်နာသင့်တယ်.. အဲဒါမှ မင်းကို ချမ်းသာပေးလို့ရမှာ။ တကယ်လို့ မင်းသာ ခေါင်းမာမာနဲ့ ဆက်ခုခံနေဦးမယ်ဆို မင်း သေလမ်းကိုပဲ သွားရလိမ့်မယ်”
အကြီးအကဲ၏အသံသည် ဧရာမခေါင်းလောင်တစ်ခုကဲ့သို့ပင်။ သူ၏အသံသည် ကောင်းကင်ထဲတွင် ပဲ့တင်ထပ်သွားပြီး ကောင်းကင်ကို တုန်ခါသွားစေ၏။ အောက်ဘက်ရှိ နတ်ဘုရားမြို့တော်အတွင်းမှ လူများသည် ကျယ်ပြောသော ကောင်းကင်သို့ မော့ကြည်လိုက်ကြသည်။ သူတို့သည် ရင်တုန်နေ၏။
ထိုအကြီးအကဲသို့ မူလဘုံသို့ ရောက်လာသော အလွန်စွမ်းအားကြီးသူတစ်ယောက်ပင်။ သူ့လက်ချက်ဖြင့် ရီအင်ပါယာနန်းတော်မှ ရှေးဟောင်အင်ပါယာနှစ်ပါး သေသွားခဲ့ရသည်။ ထို့ကြောင့် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အုပ်ချုပ်သူဖြစ်သော ဂူတုံးလျှိုကိုယ်တိုင် ရောက်လာရခြင်းပင်။
ဂူတုံးလျှို ပြန်မပြောလိုက်ချေ။ သူ၏မျက်လုံးများမှနေ၍ ကြောက်မက်ဖွယ် နတ်အလင်းတန်းနှစ်ခု ထွက်သွားသည်။ ယင်းတို့သည် တိုက်ပွဲဝင် ဓားများအဖြစ် ပြောင်းလဲသွားပြီး အကြီးအကဲထံ ထိုးစိုက်လိုက်သည်။
“ဟင်း...”
အကြီးအကဲက အေးစက်စက် နှာမှုတ်လိုက်၏။ ရုတ်ခြည်းပင် သူ့ခန္ဓာကိုယ်အရှေ့၌ ဧရာမနတ်ဆိုးပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ယင်းပုံရိပ်မှနေ၍ ကြောက်မက်ဖွယ် နတ်ဆိုးနဂါးတစ်ကောင် ပျံထွက်လာပြီး ဓားကို ဖျက်ဆီးပစ်လိုက်သည်။
အကြီးအကဲသည် ဂူတုံးလျှိုကို ကြည့်လိုက်၏။ ကောင်းကင်ထဲတွင် နတ်ဆိုးပုံရိပ်များစွာ ထွက်ပေါ်လာ၏။ ထိုအခိုက်တွင် နတ်ဆိုးချီသည် ကောင်းကင်ကို တုန်ခါသွားစေသည်။ ထိုနတ်ဆိုးပုံရိပ်များတွင် နဂါးများ၊ နတ်ဖီးနစ်များ၊ ခီရင်၊ ရွှမ်းဝူ၊ ထောင်ထျဲ၊ ဟွင်းလွမ့်နှင့် နတ်ဆိုးတို့ ပါပေသည်။ ၎င်းတို့သည် ကောင်းကင်ကို လွှမ်းခြုံကာ ကုန်းမြေကို လှည့်ပတ်နေသည်။ ပြင်းထန်သော ချီများသည် ကောင်းကင်ကို တုန်ခါစေနေသည်။ အလွန်ဝေးကွာသော အောက်ဘက်ရှိ နတ်ဘုရားကုန်းမြေသည်ပင် ထို စွမ်းအားကြီးအရှိန်အဝါကို ခံစားနေရပြီး လူများသည် ထိန်းမနိုင်သိမ်းမရ ရင်တုန်နေကြလေသည်။
ထိုအကြီးအကဲသည် မည်သူနည်း။ သူသည် နတ်ဆိုးသားရဲလောက၏ ဘိုးဘေးတစ်ဦးကဲ့သို့ပင်။ နတ်ဆိုးနတ်ဘုရားပုံရိပ်တိုင်းသည် နတ်ဆိုးအရှင်အဆင့်ရှိသည့် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ ယင်းအရှိန်အဝါများမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ဂူတုံးလျှိုသည် သူ့ကို ကြည့်လိုက်၏။ အတွေးတစ်ချက်ဖြင့် သူ့ကိုဗဟိုပြု၍ ဧရာမစက်သွားပုံအပြားအစီအရင်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် နေကို ကွယ်သွား၏။ ထိုမဟာအစီအရင်ပေါ်တွင် အင်မော်တယ်မိစ္ဆာများနှင့် နတ်ဆိုးနတ်ဘုရားများ ရှိနေသည်။ အစီအရင်ထံမှနေ၍ စွမ်းအားကြီးသော နတ်အရှိန်အဝါ ထွက်လာ၏။ ထိုအစီအရင်တွင် ရှေးခေတ်မှ မဟာနတ်စွမ်းအား ရှိပုံပင်။
အကြီးအကဲသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နှုတ်ခမ်းများမှနေ၍ အသံတစ်သံ ပြုလိုက်သည်။ ရုတ်ခြည်းပင် နတ်ဆိုးနတ်ဘုရားပုံရိပ်များမှနေ၍ မဟာနတ်ဆိုးများ ထွက်လာလေသည်။ မင်းတို့သည် လောကကို တုန်ခါသွားစေပြီး ဟင်းလင်းပြင်ကို စုတ်ဖြဲသွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် ဂူတုံးလျှို၏ အစီအရင်အတွင်းမှနေ၍လည်း အင်မော်တယ်မိစ္ဆာများနှင့် နတ်ဆိုးနတ်ဘုရားများ ထွက်လာလေသည်။
ခက်ထန်သော မဟာနတ်ဆိုးများသည် ပြင်းထန်စွာ တိုက်ခိုက်လိုက်ပြီး တစ်ကောင်၏ ခန္ဓာကိုယ်ကို တစ်ကောင်က စုတ်ဖြဲနေကြသည်။ ကောင်းကင်မှနေ၍ နတ်ဆိုးနတ်ဘုရားအချို့ ဆင်းသက်လာပြီး အရာအားလုံးကို သတ်ဖြတ်နေသည်။ ထက်ရှသော ဓားများကိုင်ထားသော အင်မော်တယ်မိစ္ဆာများကလည်း ကောင်းကင်ထဲသို့ ထိုးစိုက်နေကြ၏။ အားလုံးသည် ဖျက်ဆီးခံနေရပြီး အကြီးအကဲထံ ဦးတည်သွားသည်။
အကြီးအကဲသည် သူ၏လက်များကို ဆန့်လိုက်၏။ ထိုလက်များသည် အကန့်အသတ်မဲ့ စွမ်းအားဖြင့် ပြည့်နှက်နေသည်။ သူသည် သူ၏လက်များကို ဝှေ့ယမ်းလိုက်ပြီး တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။ လက်သီးချီသည် ရှေးဟောင်းနတ်ဆိုးနတ်ဘုရားများ၏ စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို တုန်ခါသွားစေသည်။ ၎င်းသည် အရာအားလုံးကို ပြားကပ်သွားစေပြီး အင်မော်တယ်နတ်ဆိုးများကို သတ်ဖြတ်သွားသည်။
ဂူတုံးလျှိုသည်လည်း လက်ဆန့်တန်းလိုက်၏။ ရုတ်ခြည်းပင် အကြီးအကဲရှေ့၌ မရေမတွက်နိုင်သော သင်္ကေတများ ထွက်ပေါ်လာ၏။ ထိုမရေမတွက်နိုင်သော သင်္ကေတများပေါ်တွင် စာလုံးကိုးလုံးသာ ရှိပေသည်။ ယင်းတို့မှာ စွမ်းအား၊ ဦးတည်ရာ၊ လိုက်ဖက်ညီမှု၊ ကုသမှု၊ ကြိုသိမှု၊ သိရှိမှု၊ ရှုထောင့်၊ ဖန်တီးမှုနှင့် ဉာဏ်အလင်းပွင့်မှုတို့ဖြစ်သည်။ ထိုစာလုံးကိုးလုံးသည် လမ်းစဉ်ဖြစ်လာသည်။ သင်္ကေတတိုင်းတွင် နတ်စွမ်းအားများစွာ ပါဝင်၏။ ဂူတုံးလျှို၏ပုံရိပ်သည် သင်္ကေတများထဲတွင် ရှိနေသကဲ့သိုပင်။
သူက လက်ချောင်တစ်ချောင်း မြှောက်လိုက်၏။ ရုတ်ခြည်းပင် အကန့်အသတ်မဲ့ ရှေးဟောင်းစာလုံးများသည် အကြီးအကဲထံ ပျံဝင်သွားသည်။ အကြီးအကဲ၏ လက်သီးချီသည် ကောင်းကင်ကို ကွဲအက်စေကာ စာလုံးများထံ ဦးတည်သွားပြီး ယင်းစာလုံးများကို ပျောက်ကွယ်သွားစေ၏။ သို့သော် စာလုံးများသည် ပို၍ အားကောင်းလာသည်။ ၎င်းတို့သည် အဆုံးမဲ့ပြီး အကြီးအကဲကို အဆက်မပြတ် နောက်ဆုတ်နေရအောင် ဖိအားပေးနေလေသည်။
ဖြန်း...
အကြီးအကဲ၏ လက်သီးမှနေ၍ သွေးထွက်လာပြီး သူ၏လက်သည် တုန်ယင်လာသည်။ နောက်ဆုံးတွင် ရှေးဟောင်းစာလုံးတစ်လုံး ကျဆင်းလာပြီး သူ၏လက်သီးကို တစ်စစီစုတ်ဖြဲသွားကာ သူ၏လက်ကို ဖြတ်သန်းသွားသည်။ သူသည် နောက်ဆုတ်လိုသော်လည်း မရေမတွက်နိုင်သော စာလုံးများ တစ်ပြိုင်တည်း ကျဆင်းလာကာ သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။ သင်္ကေတစာလုံးတိုင်းတွင် နတ်စွမ်းအားများစွာ ပါဝင်ပေသည်။
မရေမတွက်နိုင်သော အလင်းတန်းများသည် သူ့ကို တစ်ချိန်တည်း ဖောက်ထွင်းသွားသည်။ အကြီးအကဲ၏ ခန္ဓာကိုယ်သည် ရုတ်ခြည်း ဖျက်ဆီးခံလိုက်ရပြီး အမှုန့်ဖြစ်သွားသည်။ ဂူတုံးလျှို့သည် အခြားစွမ်းအားကြီးပုဂ္ဂိုလ်များကိုလည်း ကြည့်လိုက်ပြီး ပြောလိုက်၏။
“ကျူးကျော်သူအကုန်လုံး အညှာအတာမရှိ သတ်ပစ်ခံရမယ်”
သူ ပြောပြီးနောက်တွင် စာလုံးများ ထပ်မံ ကျဆင်းလာသည်။ ရောက်ရှိလာခဲ့သူ အများစုသည် ထိပ်သီးများဖြစ်သော်လည်း သူတို့အားလုံး နေရာတွင်ပင် အသတ်ခံလိုက်ရလေသည်။
တစ်ခဏအတွင်းမှာပင် တိုက်ပွဲပြီးဆုံးသွားသည်။ သို့သော် ဂူတုံးလျှို၏မျက်လုံးများသည် ငြိမ်းအေးမသွားသေးပေ။ သူ၏မျက်လုံးများသည် ပို၍ပင် မှိုင်းညို့လာသည်။ ဤလောကထဲတွင် အခြားစကြဝဠာမှ စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ပုန်းအောင်းနေကြောင်း သူသိပေသည်။ ထိုလူများအကြားတွင် ထိပ်တန်းမဟာအင်ပါယာများ စတင် ပါလာပြီဖြစ်သည်။ ကျူးကျော်လာသည့် စကြဝဠာသည် လွန်စွာ အင်အားကြီးပေသည်။ အကယ်၍ သူတို့သာ ရှေ့တန်းခံတပ်အားလုံးကို တစ်ရက်တည်း ကျူးကျော်လာလျှင် မည်သို့ ဖြစ်လာမည်နည်း။
ကြောက်မက်ဖွယ်စစ်ပွဲ နောက်တစ်ပွဲ ထပ်မံဖြစ်လာဦးမည့်ပုံပင်။
“ဝင်ပေါက်ကို စောင့်ကြည့်ဖို့ တစ်ယောက် လွှတ်ထားလိုက်... ကိစ္စမှန်သမျှကို သတင်းပို့ဖို့ ပြောလိုက်”
ဂူတုံးလျှို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်အင်ပါယာ”
တစ်စုံတစ်ယောက်က ပြောလိုက်ကာ အမိန့်နာခံလိုက်သည်။ ထို့နောက် ဂူတုံးလျှိုသည် သူ့အုပ်စုကို ဦးဆောင်ကာ ထွက်သွားသည်။
****
ကောင်းကင်ဘုံ၊ ကောင်းကင်နန်းတော်...
ကောင်းကင်နန်းတော်ထိပ်တွင် လူနှစ်ယောက် ရပ်နေပြီး အဝေးသို့ ငေးကြည့်နေသည်။ ထိုနှစ်ယောက်သည် ယခု ကောင်းကင်ဘုံကို အုပ်စိုးနေသော တေးသံသာအင်ပါယာနှင့် စာအုပ်နတ်တို့ဖြစ်သည်။
သို့သော် သူမတို့သည် ကောင်းကင်ဘုံ၏ အုပ်စိုးသူများဖြစ်နေသော်လည်း လုံးဝမပျော်ပေ။
သူမတို့နှင့် ရင်းနှီးသူအားလုံးသည် သေဆုံးသွားခဲ့ပေပြီ။ မင်းသမီး သူမတို့ကို စွန့်ခွာသွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ အရှင်ဒွန်ဟောင်သည် တိုက်ပွဲအတွင်း၌ အသတ်ခံခဲ့ရပြီး သူမတို့၏ သခင်လေးသည်လည်း သေဆုံးသွားခဲ့ပေပြီ။ သူမတို့သည် သူမတို့၏ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကို ဆုံးရှုံးခဲ့ရသကဲ့သို့ပင်။ ယခု သူမတို့ လုပ်နိုင်သည်မှာ သူမတို့၏ သခင်လေး ဖန်တီးခဲ့သော လောကအသစ်ကို ကာကွယ်ရန်သာ ရှိလေသည်။
ဝုန်း...
ထိုစဉ်တွင် ကောင်းကင်နန်းတော်အထက်၌ လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
“အဲဒါ ဘယ်သူလဲ”
လူများစွာသည် လေထဲသို့ ပျံတက်ကာ ကောင်းကင်နန်းတော်အထက်ရှိ ကောင်းကင်သို့ လေးနက်သောမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ထိုကြောက်မက်ဖွယ်အရှိန်အဝါသည် ကောင်းကင်နန်းတော်တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ကြောက်မက်ဖွယ်အရှိန်အဝါ ကျဆင်းလာ၏။ တေးသံသာအင်ပါယာနှင့် စာအုပ်နတ်တို့သည်လည်း အံ့အားသင့်သွားကြ၏။ သူမတို့သည် ထိုဘက်သို့ ငေးကြည့်လိုက်ကြသည်။
သူမတို့ကို မည်သူက လာရောက် ကျူးကျော်ခြင်းနည်း။
ဝုန်း...
မည်းနက်သော နတ်အလင်းတန်းတစ်ခုသည် ကောင်းကင်နန်းတော်ကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး ရှေးဟောင်းလမ်းကြောင်းတစ်ခုကို ဖွင့်လိုက်လေသည်။ ထိုလမ်းကြောင်းအတွင်းမှနေ၍ လူတစ်ယောက်ထွက်လာကာ ကောင်းကင်နန်းတော်အထက်တွင် ပျံဝဲနေသည်။
ထိုသူသည် လွန်စွာခံ့ညားပေသည်။ သူ၏မျက်လုံးများသည် အရေးမစိုက်ဟန်ဖြင့် ကောင်းကင်နန်းတော်ကို ကြည့်နေ၏။ သူ့ကို မြင်သောအခါ ကောင်းကင်နန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် ရင်ခုန်မြန်သွားကြသည်။ ကျင့်ကြံသူများစွာသည် ထိုသူကို မှတ်မိ၏။
သူ ပြန်လာပေပြီ။
သူတို့သည် သူ့အကြောင်းကို အမှန်ပင် မေ့နေခဲ့ကြသည်။ သူသည် ပြီးခဲ့သော ကမ္ဘာဖျက်စစ်ပွဲတွင် မပါခဲ့ပေ။ သူသည် ထိုစစ်ပွဲတွင် မပါခဲ့သော်လည်း စစ်ပွဲပြီးသွားသောအခါ ပြန်ပေါ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။
“ကျုပ်လေ...”
သူသည် လူအုပ်ကို ကြည့်ကာ ပြောလိုက်၏။
“ဘာလဲ ခင်ဗျားတို့ကို ကျုပ်ကို မမှတ်မိတော့ဘူးလား”
ကောင်းကင်နန်းတော်၏ ဆက်ခံသူဟောင်းဖြစ်သော ခေတ်သစ်ကောင်းကင်အင်ပါယာဟု ကျော်ကြားခဲ့သည့် ကျိဝူတောက်သည် ရီဖူရှင်းကို ရှုံးနိမ့်ပြီးနောက်တွင် ထွက်သွားခဲ့သည်။ ယခုတွင် သူသည် ကောင်းကင်နန်းတော်သို့ ပြန်လာပေပြီ။
အဖြူနှင့်အနက်ကောင်းကင်အရှင်များ၊ ကောင်းကင်ဘုရင်လေးပါး၊ ကြယ်တာရာသခင်ကိုးပါးနှင့် ကောင်းကင်နန်းတော်မှ အခြားစွမ်းအားကြီးပုဂ္ဂိုလ်များသည် တစ်ချိန်က ကျိဝူတောက်ကို သူတို့၏ ဆရာအဖြစ် မြင်ခဲ့ကြသည်။ ယခုတွင် သူတို့သည် သူပြန်ရောက်လာသည်ကို မြင်လိုက်သောအခါ အလွန်စိတ်ရှုပ်ထွေးသွားကြသည်။
တေးသံသာအင်ပါယာနှင့် စာအုပ်နတ်တို့သည်လည်း မျက်နှာပျက်သွားကြသည်။ ယခုတွင် ကျိဝူတောက်၏အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းနေသည်။ သူသည် မင်းသမီး၏ တပည့်ဖြစ်ခဲ့၏။ သို့သော် သူသည် သခင်လေးကို မကူညီလိုခဲ့ပေ။ သူ၏ပါရမီနှင့် စွမ်းရည်များသည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ အထူးသဖြင့် ကောင်းကင်ရင်းမြစ်ဝါးမျိုခြင်းအတတ်သည် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
“ကျိဝူတောက် မင်းက ဘာလို့ ပြန်လာရတာလဲ”
တေးသံသာအင်ပါယာက မေးလိုက်၏။
“ကျုပ်ပိုင်တဲ့အရာကို ပြန်ယူဖို့ပဲပေါ့”
ကျိဝူတောက်က တေးသံသာအင်ပါယာကို ကြည့်ကာ ပြောလိုက်၏။
“မင်းမှာ ရှိခဲ့တာတွေက မင်းကို မင်းသမီးက ချီးမြှင့်ထားတာတွေပဲ။ ဒါပေမဲ့ မင်းက ရည်မှန်းချက်ကြီးလွန်တယ်။ အဲဒါကြောင့် အခုလို အခြေအနေတွေ ဖြစ်လာတာပဲ။ ကောင်းကင်ဘုံက ဘယ်တုန်းကမှ မင်းပိုင်တဲ့အရာ မဟုတ်ခဲ့ဘူး။ ပြီးတော့...”
တေးသံသာအင်ပါယာက ပြောလိုက်၏။ သို့သော် ကျိဝူတောက်၏ သူမ၏စကားကို ဖြတ်လိုက်သည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ သူသည် တေးသံသာအင်ပါယာနှင့် စာအုပ်နတ်တို့ကိုကြည့်၍ ပြောလိုက်၏။
“အရင်တုန်းက ခင်ဗျားတို့က သူ့ရဲ့ ရံရွှေတော်တွေ ဖြစ်ခဲ့လို့ ခင်ဗျားတို့ကို ကျုပ် ဂုဏ်သိက္ခာရှိရှိ သေခွင့်ပေးပါမယ်”
သူ ထိုသို့ပြောပြီးနောက်တွင် ကောင်းကင်မှနေ၍ နတ်အလင်းကျဆင်းလာပြီး တေးသံသာအင်ပါယာနှင့် စာအုပ်နတ်တို့၏ ခန္ဓာကိုယ်များအပေါ်သို့ တိုက်ရိုက်ဆင်းသက်သွားသည်။ သူမတို့၏ နတ်စွမ်းအားများသည် ယင်းနတ်အလင်းကို ခုခံရန် ထွက်လာကြသည်။ သို့သော် ရွှေရောင်နတ်အလင်းသည် ထိုနေရာကို ရုတ်ခြည်း ဖျက်ဆီးသွားသည်။ သူမတို့၏ စိတ်ဝိညာဉ်များလည်း တိုက်ရိုက်ပြန့်ကျဲသွားကာ သူမတို့သည် ခုပင်မခုခံနိုင်ခဲ့ဘဲ သေဆုံးသွားလေတော့သည်။
ကျိဝူတောက်ပြောသော”ဂုဏ်သိက္ခာရှိသည့်သေခြင်း”ဆိုသည်မှာ သူသည် သူမတို့ကို မဝါးမျိုခြင်းဖြစ်သည်။
ကောင်းကင်နန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကျိဝူတောက်၏ ခက်ထန်မှုကို မြင်လိုက်သောအခါ မျက်နှာပျက်သွားကြသည်။ သူသည် ပြန်ရောက်လာပြီးနောက်တွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ သူ့ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။
ကျိဝူတောက် ငုံ့ကြည့်လိုက်၏။ ကောင်းကင်နန်းတော်မှ ကျင့်ကြံသူအားလုံးသည် ကြောက်ရွံ့သွားကြသည်။ ထို့နောက်တွင် အဖြူနှင့်အနက်ကောင်းကင်အရှင်များက ဦးညွှတ်ကာ ကျယ်လောင်စွာ ကြေညာလိုက်၏။
“ကျုပ် ကောင်းကင်အင်ပါယာကို အရိုအသေပေးပါတယ်”
“ကျုပ် ကောင်းကင်အင်ပါယာကို အရိုအသေပေးပါတယ်”
ကောင်းကင်နန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံး တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။ သူတို့၏အသံများသည် ဟင်းလင်းပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ ယခင်ကလည်း လူများစွာသည် ကျိဝူတောက်နောက်သို့ လိုက်ခဲ့ဖူးသည် မဟုတ်ပါလား။ ယခုတွင် အခြေအနေ ပြောင်းလဲသွားပြီဖြစ်ပြီး ရီဖူရှင်း သေသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကောင်းကင်အင်ပါယာရာထူးသည် ကျိဝူတောက်ထံသို့ ပြန်ရောက်သွားခြင်းမှာ အကျိုးအကြောင်း ဆီလျော်ပေသည်။