← Chapters

ကျိဝူတောက်၏ အစွဲ

Vol. 207 Ch. 2956

ကျိဝူတောက်၏ အစွဲ

Vol. 207 Ch. 2956

ကျိဝူတောက်သည် ကောင်းကင်နန်းတော်သို့ ပြန်လာကာ ကောင်းကင်ဘုံကို အုပ်စိုးနေသော တေးသံသာအင်ပါယာနှင့် စာအုပ်နတ်တို့ကို သတ်ပစ်ခဲ့သည်။ ထို့နောက်တွင် သူသည် ကောင်းကင်နန်းတော်မှ အင်အားစုများကို ပြန်စုစည်းကာ သူ့အား မနာခံလိုသူများကို ညှာတာမှုမရှိ သတ်ခဲ့သည်။ သူတို့သည် သူ့အား နာခံမည်လော သို့မဟုတ် သေမည်လောဟူ၍သာ ရွေးချယ်နိုင်ခဲ့သည်။

တစ်ညအတွင်းမှာပင် ကောင်းကင်နန်းတော်၏ ဆရာသခင် ပြောင်းလဲသွား၏။ ကျိဝူတောက်သည် ကောင်းကင်ဘုံ၏ ဆရာသခင်အသစ်ဖြစ်လာပြီး ကောင်းကင်အင်ပါယာရာထူးကို ပြန်ယူခဲ့သည်။

အခြားအင်အားစုများသည်လည်း ထိုသတင်းကို ရရှိလိုက်ကြသည်။ အင်အားစုအားလုံးသည် ကျိဝူတောက်ပြန်ရောက်လာကာ ကောင်းကင်ဘုံကို သိမ်းပိုက်လိုက်ပြီဆိုသော သတင်းကို ကြားသောအခါ တုန်လှုပ်သွားကြသည်။

ကျိဝူတောက်သည် ယခင်ကတည်းက အလွန်စွမ်းအားကြီးခဲ့သည်။ သူသည် တစ်ခါက လူသားဘုံကို တိုက်ခိုက်ခဲ့ပြီး လောကကြီး၏ ထိပ်သီးတစ်ယောက်ဖြစ်ကာ ရီဖူရှင်းနှင့် တန်းတူသည်ဟု ကျော်ကြားခဲ့သူဖြစ်သည်။ ယခုတွင် သူပြန်ရောက်လာခဲ့ပြီး တေးသံသာအင်ပါယာနှင့် စာအုပ်နတ်တို့ကို အလွယ်တကူ သတ်ပစ်ခဲ့သည်။ ထို့ကြောင့် သူသည် သေချာပေါက် ပို၍စွမ်းအားကြီးလာပေလိမ့်မည်။ သို့သော် သူ မည်သည့်အဆင့်တွင် ရှိနေသည်ကို ခန့်မှန်းရန် ခက်ပေသည်။

“အရှင်အင်ပါယာ ကောင်းကင်ဘုံက ထိပ်သီးတွေအကုန်လုံး ရောက်ပါပြီ”

အနက်ကောင်းကင်အရှင်က ပြောလိုက်၏။

ကျိဝူတောက်သည် လက်နောက်ပစ်ကာ အဝေးသို့ ငေးကြည့်၍ ပြောလိုက်၏။

“သေသွားတဲ့သူတွေအားလုံးက လောကကြီးအတွက် ပေးဆပ်သွားတာပဲ။ သူတို့က သူတို့ရဲ့ ယုံကြည်မှုတွေအတွက် တိုက်ခိုက်ခဲ့ပြီး ဒီနေ့မှာ အညံ့မခံခဲ့ဘူး။ သူတို့သေသွားပြီးတဲ့နောက် သူတို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေကို မထိခိုက်ပါစေနဲ့”

သူ့နောက်မှ ထိပ်သီးများသည် တုန်လှုပ်နေကြ၏။ သူတို့သည် ကြောက်ရွံ့တကြီးဖြင့် ဒူးတစ်ဘက်ထောက်ကာ ပြောလိုက်ကြသည်။

“ကျုပ်တို့အကုန်လုံးက အရင်တုန်းက အရှင်အင်ပါယာနဲ့ စစ်ပွဲထဲကို လိုက်ခဲ့ကြတယ်။ ကောင်းကင်အင်ပါယာရာထူးက အရှင်အင်ပါယာနဲ့ပဲ သက်ဆိုင်တယ်လို့ ကျုပ်တို့က အမြဲ ယုံကြည်ခဲ့ကြပါတယ်”

ကျိဝူတောက်သည် ထိုလူများက လက်မလျှော့သေးဟု ပြောခဲ့ပြီး သူတို့ကို အနည်းငယ် လေးစားနေပုံပေါ်လေသည်။ သို့သော် သူတို့မှာ ယခု ကျိဝူတောက်ကို နာခံနေသော သစ္စာဖောက်များ ဖြစ်နေသည်။

“ကျုပ်သိတယ်။ ကျုပ် ခင်ဗျားတို့အကုန်လုံးကို အပြစ်တင်ဖို့ စိတ်ကူးမရှိပါဘူး”

ကျိဝူတောက်က ပြန်ပြောလိုက်၏။

သို့သော် အဖြူနှင့်အနက်ကောင်းကင်အရှင်များသည် အဘယ်ကြောင့် ကျိဝူတောက်က ရောက်လာသူများအနီးသို့ မချဉ်းကပ်လိုကြောင်း သိပေသည်။ ထိုလူအများစုသည် ကျိဝူတောက်၏ အင်အားစုအဟောင်းများမှ လူများမဟုတ်ကြပေ။ သူတို့သည် အညံ့ခံခဲ့ကြသူများဖြစ်သည်။ ကျိဝူတောက်အတွက် ထိုသူများသည် ရှိသင့်သော စိတ်ဓာတ်ရှိသူများ မဟုတ်ပေ။

“ကျုပ် ဒီလောက,က ထွက်သွားပြီးတဲ့နောက်မှာ ကိစ္စတွေ အများကြီး ဖြစ်လာလိမ့်မယ်လို့ ကျုပ် မထင်ခဲ့ဘူး။ ဘုံခုနစ်ခုက အဲဒီလို ကပ်ဘေးတွေကို တွေ့ကြုံခဲ့ရတယ်”

ကျိဝူတောက်သည် အဝေးသို့ကြည့်ကာ ရေရွတ်လိုက်သည်။ သူသည် ထိုနှစ်က တိုက်ပွဲတွင် ရှုံးနိမ့်သွားပြီးနောက် အပြင်လောကသို့ရောက်သည့် လမ်းကြောင်းကိုသုံးကာ ဤစကြဝဠာမှ ထွက်သွားခဲ့ပြီး အခြားလောကသို့ သွားခဲ့သည်။ သူ ပြန်ရောက်လာသောအခါ စစ်ပွဲကြီးတစ်ခုကို မြင်ခဲ့ရသည်။ လူသားဘိုးဘေးကလည်း ပြန်မွေးဖွားလိုနေသည်ကို မြင်ခဲ့ရသည်။ သို့သော် လူသားဘိုးဘေးသည် သူ၏ဝါးမျိုမှုကို ခံခဲ့ရသည်။

“ဆရာ့ရဲ့ အကြံအစည်က မှန်ခဲ့တယ်... ပြီးတော့ ဆရာ့ရဲ့ ရွေးချယ်မှုကလည်း မှန်ခဲ့တယ်။ သူက ကျုပ်ထင်ထားတာထက် ပိုကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ”

ကျိဝူတောက်က ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်လေသည်။ သူ့နောက်မှ အဖြူနှင့်အနက်ကောင်းကင်အရှင်များနှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။ သို့သော် သူတို့သည် ဆက်ဒူးထောက်နေပြီး ထမရပ်ကြသေးပေ။

သူတို့သိခဲ့သော ကျိဝူတောက်သည် အလွန်မာနကြီးကာ ပါရမီပါသူဖြစ်သည်။ သူသည် အမြဲ သူ့ကိုယ်သူ အနာဂတ်ကောင်းကင်အင်ပါယာဟု မြင်ခဲ့ပြီး သူ့ဆရာ၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံလိုခဲ့သည်။ သို့သော် ထိုအရာအားလုံးသည် သူ့အတွက်မဟုတ်ဟု သူတစ်ခါမှ မတွေးမိခဲ့ပေ။ ယင်းတို့မှာ ရီဖူရှင်းအတွက် ဖြစ်သည်။ ထို့ကြောင့် သူ စိတ်လွတ်သွားခဲ့သည်။ ကျိဝူတောက်သည်  သူ၏မာန်မာနကြောင့် ယင်းကို လက်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် နောက်ပိုင်းကိစ္စများ ဖြစ်လာခဲ့ရခြင်းဖြစ်သည်။

သို့သော် ယနေ့တွင် ကျိဝူတောက်သည် သူမ၏ရွေးချယ်မှုက မှန်ခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံခဲ့လေသည်။ သူသည် သူမ၏ရွေးချယ်မှုနှင့် ရီဖူရှင်းကို အသိအမှတ်ပြုခဲ့သည်။

သူမသည် တစ်ကိုယ်ကောင်းဆန်ခဲ့ခြင်းမဟုတ်ကြောင်း ယခု ကျိဝူတောက် သိရှိသွားပေပြီ။ သူမသည် ရီဖူရှင်းကို သူမ၏မျိုးဆက်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ ရီဖူရှင်းသည် အသင့်တော်ဆုံးသူဖြစ်၍ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အရာအားလုံးကို လုပ်ဆောင်ရန် လမ်းစဉ်ဖြစ်လာခဲ့သည်။ တစ်နည်းအားဖြင့် သူမ၏ရွေးချယ်မှုသည် သူ့ကို သေလမ်းသို့ ပို့လိုက်ခြင်းပင်။

ကျိဝူတောက်သည် ထိုအရာအားလုံးကို သိသွားပြီးနောက်တွင် ယခင်ကကဲ့သို့ မုန်းတီးမှု မရှိ‌တော့ပေ။

သူ၏ စိတ်သည် ပို၍တည်ငြိမ်လာပြီး ပို၍အေးစက်လာသည်။ သူသည် ရီဖူရှင်းကို နားလည်ပုံပေါ်သည်။

“ဒါပေမဲ့ သူက အကုန်လုံးကို ရှင်းရှင်းလင်းလင်း လက်စသတ်မသွားလို့ ပြဿနာတွေအများကြီး ကျန်ခဲ့တယ်”

ကျိဝူတောက် ဆက်ပြောလိုက်၏။

“အဲဒီလိုဆိုတော့ ကျုပ်ပဲ ဝင်တာဝန်ယူပြီး အရာအားလုံးကို လက်စသတ်ပေးပါမယ်။ ကျုပ်က သူ့ထပ် ပိုကောင်းအောင် လုပ်မှာပါ... ဆရာ အဲဒါကို မြင်ရပါလိမ့်မယ်”

အဖြူနှင့်အနက်ကောင်းကင်အရှင်များသည် ဆွံ့အသွားကြသည်။ ကျိဝူတောက်၏ အစွဲသည် အမှန်ပင် နက်ရှိုင်းပေသည်။ ဤတစ်ချိန်လုံး သူသည် သူမ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရန်သာ အလိုရှိခဲ့သည်။ သူသည် သူမကို နှိုင်းယှဉ်၍မရအောင် လေးစားပေသည်။ ထိုအရာများသည် သူ၏အရိုးများနှင့် သူ၏စိတ်ဝိညာဉ်တွင် ကမ္ပည်းတင်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယနေ့ခေတ်တွင် သူမ ပျောက်ကွယ်သွားပြီးဖြစ်သော်လည်း သူသည် သူမထံမှ အသိအမှတ်ပြုမှုကို လိုချင်နေပေသေးသည်။

အဘယ်ကြောင့် အပင်ပန်းခံနေရမည်နည်း။

“တခြားအင်အားစုတွေကို နောက်ခုနစ်ရက်နေရင် ကျုပ်နဲ့ ကောင်းကင်ဘုံမှာ လာတွေ့ဖို့ သတင်းပို့လိုက်ပါ။ ကောင်းကင်ဘုံရဲ့ ကောင်းကင်နန်း‌တော်က လက်ရှိလောကရဲ့ အထွတ်အထိပ်မှာ ရပ်တည်သင့်တယ်။ ကောင်းကင်နန်းတော်က နတ်ဘုရားအားလုံးရဲ့ အထက်ကနေပြီး လောကကြီးထဲက အရာအားလုံးကို အုပ်စိုးရမှာ”

ကျိဝူတောက်သည် တည်ငြိမ်စွာ ပြောလိုက်၏။ သို့သော် သူ၏အသံတွင် အကန့်အသတ်မဲ့သော ခက်ထန်မှုဖြင့် ပြည့်နေလေသည်။

သူ့နောက်မှ လူများသည် သူက မည်သည့်အင်အားစုများကို ပြောနေခြင်းဖြစ်ကြောင်း သဘောပေါက်ကြပေသည်။

ယနေ့ခေတ်တွင် အင်အားစုခုနစ်စုသည် လောကစည်းမျဉ်းကို အတူတကွ အုပ်စိုးပေသည်။ မည်သည့် အဆင့်အတန်းခွဲခြားမှုမှ မရှိပေ။ သို့သော် ယခုတွင် ကျိဝူတောက် ပြန်ရောက်လာပြီဖြစ်သည်။ သူသည် ကောင်းကင်ဘုံကို ထိပ်ဆုံးတွင် ရှိစေလိုပြီး အကြွင်းမဲ့အုပ်စိုးသူ ဖြစ်လာစေလိုပေသည်။ အခြားအင်အားစုများအားလုံးသည် သူ့ထံလာ၍ ဒူးထောက်ကာ လက်အောက်ခံရမည်ဖြစ်သည်။

“ဟုတ်ကဲ့ပါ အရှင်အင်ပါယာ”

သူ့နောက်မှ လူများသည် အမိန့်ကို နာခံပြီးနောက် ထွက်သွားကြလေသည်။ သူတို့သည် သူတို့ဘာလုပ်ရမည်ကို သိပေသည်။

****

ခုနစ်ရက်ကြာပြီးနောက် ကောင်းကင်ဒေသမှ ဒွန်ဟောင်အင်ပါယာနန်းတော်၊ ကောင်းကင်အာဏာစက်ကျောင်းတော်၊ လိပ်ပြာတောင်ကုန်းနှင့် အခြားနေရာများအားလုံးသည် ကျိဝူတောက်က သူတို့ကို ခုနစ်ရက်နေလျှင် ကောင်းကင်ဘုံသို့ လာရန် အမိန့်ပေးလိုက်သည့် သတင်းကို ရရှိလိုက်ကြသည်။ သူတို့သည် ကျိဝူ‌တောက်ကို ဒူးထောက်ကာ သူ့ကို သူတို့၏ အုပ်စိုးသူအဖြစ် လက်ခံရမည်ဖြစ်သည်။

ထိုသတင်းသည် ကျင့်ကြံခြင်းလောကတစ်ခွင်တွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကျင့်ကြံသူများအကြားတွင် ရေပန်းစားလာလေသည်။

ရီဖူရှင်းသည် လူသားဘိုးဘေးနှင့် တိုက်ခိုက်ကာ သေဆုံးသွားခဲ့သည်။ ယခုတွင် အင်အားစုခုနစ်စုသည် လောကစည်းမျဉ်းကို အတူတကွ အုပ်စိုးပေသည်။ သူတို့သည် ကျိဝူတောက် ပြန်ထွက်ပေါ်လာကာ ကောင်းကင်ဘုံကို ပြန်သိမ်းပိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယခုတွင် သူသည် အခြားအင်အားစုများကို လာရောက်လက်အောက်ခံရန် သတင်းကိုပင် ဖြန့်လိုက်ပေပြီ။ သူတို့သည် ကောင်းကင်ဘုံကို လောကအတွင်းရှိ အရာအားလုံး၏ အုပ်စိုးသူအဖြစ် လက်ခံရမည်ဖြစ်သည်။

ထိုသတင်း၏ သက်ရောက်မှုကို တွေးကြည့်နိုင်ပေသည်။ ထိုသတင်းသည် လောကတစ်ခွင်လုံးသို့ တောမီးလောင်သကဲ့သို့ ကူးစက်သွားပြီး အလျင်မြန်ဆုံးနှုန်းဖြင့် ပျံ့နှံ့သွားသည်။ လွန်ခဲ့သော တစ်နှစ်က ကပ်ဘေးသည် လောက၏ သတင်းလိုင်းများကို ပို၍ ချိတ်ဆက်မှုကောင်းလာစေခဲ့သည်။ ယခုတွင် အားလုံးသည် လောကကြီး၏ လက်ရှိအခြေအနေအကြောင်းကို သိသွားပြီဖြစ်သည်။

သို့သော် ထိုအင်အားစုအားလုံးသည် ရီဖူရှင်းအစား လောကစည်းမျဉ်းကို ကူညီစီမံပေးနေခြင်းဖြစ်သည်။ သူတို့သည် အဘယ်သို့ ကျိဝူတောက်ထံတွင် လက်အောက်ခံနိုင်မည်နည်း။

အကယ်၍ သူတို့သာ သူ့ထံတွင် လက်အောက်ခံလိုက်လျှင် မည်သို့ ဖြစ်လာမည်နည်း။

ခုနစ်ရက်ကြာပြီးနောက်တွင် ကောင်းကင်ဘုံ၌ နောက်ထပ် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာမည်လော။

ဤတစ်ကြိမ်တွင် နောက်ထပ် ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ဖြစ်ပွားလာမည်လော။

ကျိဝူတောက်သည် လူသားဘိုးဘေးကဲ့သို့ မဟုတ်လောက်ပေ။ သူသည် လောကစည်းမျဉ်းကိုသာ အုပ်စိုးလိုပေသည်။

ခုနစ်ရက်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။

ယနေ့တွင် လောကအတွင်းမှ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ဘုံကို အာရုံစိုက်နေကြသည်။

ထိုစဉ်တွင် ကောင်းကင်ဘုံ၌ မရေမတွက်နိုင်အောင် များပြားသော စွမ်းအားကြီးကျင့်ကြံသူများသည် ကောင်းကင်နန်းတော်တည်ရှိသော ကုန်းမြေဆီသို့ သွားရောက်စုဝေးနေကြသည်။

ထိုနေ့တွင် ကောင်းကင်ဘုံရှိ ကောင်းကင်နန်းတော်အပြင်ဘက်တွင် နတ်အလင်း တလက်လက် တောက်ပလာလေသည်။ စွမ်းအားကြီးပုဂ္ဂိုလ်တစ်စု ထွက်ပေါ်လာ၏။ သူတို့အားလုံးသည် မဟာအင်ပါယာအဆင့်ရှိသူများဖြစ်သည်။

ထို့နောက်တွင် အခြားနေရာများ၌ နတ်အလင်းများ ပို၍ လင်းလက်လာ၏။ မဟာအင်အားစုခြောက်စုလုံးမှ စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံး ရောက်လာကြသည်။

သူတို့တွင် ရောက်လာရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

ကျိဝူတောက် ပြန်ရောက်လာပြီဖြစ်၍ သူတို့သည် ဤတိုက်ပွဲကို တိုက်ရန် ရှောင်လွှဲ၍ မရတော့ချေ။

ကြောက်မက်ဖွယ် နတ်အရှိန်အဝါသည် ကောင်းကင်နန်းတော်ကို လွှမ်းခြုံသွား၏။ ကောင်းကင်နန်းတော်မှနေ၍ တောက်ပသော နတ်အလင်း ကျဆင်းလာသည်။ ထို့နောက်တွင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်စု ရောက်ရှိာပြီး မဟာအင်အားစုခြောက်စုကို ကြည့်သည်။ ကောင်းကင်နန်း‌တော်အထက်တွင် တောက်ပသော ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာ၏။ သူသည် လောကအလင်းအောက်တွင် ရှိနေသည်။ သူသည် မယုံနိုင်လောက်အောင်ပင်။ ထိုသူမှာ ကျိဝူတောက် ဖြစ်ပေသည်။

“ခင်ဗျားတို့အားလုံး သေချာ စဉ်းစားပြီးကြပြီလား”

ကောင်းကင်ထဲတွင် ရပ်နေသော ကျိဝူတောက်က အောက်ဘက်မှ အရာအားလုံးကို ငုံ့ကြည့်သည်။ သူသည် မဟာအင်အားစုခြောက်စုမှ စွမ်းအားကြီးပုဂ္ဂိုလ်များကို ပြောလိုက်၏။ ထိုသူများအကြားတွင် အကြွင်းမဲ့ဗုဒ္ဓကဲ့သို့ စီနီယာများပါနေသည်ကို သူ လုံးဝအရေးမစိုက်လိုက်ပေ။

မဟာအင်အားစုခြောက်စု၏ အုပ်စိုးသူများထဲတွင် မှော်နက်နန်းတော်၏ အုပ်စိုးသူ ရီချင်းယောင်တစ်ယောက်သာ ရောက်မလာခဲ့ပေ။ ကျန်သူများအားလုံး ရောက်လာပေသည်။

****

ချင်းကျူမြို့ထဲတွင် ဟွာဂျီယူသည် လောကထဲတွင် ဖြစ်ပျက်နေသော ကိစ္စများကို မသိပေ။ မည်သူမှလည်း သူမကို မပြောပြကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ မပြောပြရက်၍ ဖြစ်သည်။ မည်သူမှ သူမကို ထပ်မံ အနှောင့်ယှက်လိုကြတော့ပေ။

ချင်းကျူကျောင်းတော်အထက်တွင် သာယာသောဂီတသံ ဆက်၍ ပျံ့လွင့်နေသည်။ ထိုဂီတသံသည် နေ့စဉ်မပြတ် ထွက်ပေါ်နေခဲ့သည်။

ဟွာဂျီယူသည် သစ်ပင်အောက်တွင် ဂီတကို တိတ်တဆိတ် တီးခတ်နေသည်။ သူမသည် အပြင်လောကအကြောင်းကို မမေးသလို၊ သူမကိုလည်း မည်သူကမှ လာမနှောင့်ယှက်ကြပေ။ သူမသည် အရောင်မဲ့ဘုံအဟန့်အတားကိုပင် ဆင်ထားလေသည်။

ထိုနေရာသည် သူမနှင့် သစ်ပင်နှစ်ပင်တို့နှင့်သာ သက်ဆိုင်ပေသည်။

ဟွာဂျီယူအနောက်ရှိ သစ်ပင်နှစ်ပင်သည် ဂီတသံကို နားလည်သည့်အလား အလွန်ရွှင်ပြစွာ လှုပ်ခတ်နေသည်။ ယခုတွင် သစ်ပင်နှစ်ပင်သည် တစ်ပင်နှင့်တစ်ပင် ယှက်နွယ်နေပြီဖြစ်သည်။ ရှားရှင်းယွန်မှ ဖြစ်လာသော သစ်ပင်သည် အသက်သစ်ပင်ဖြစ်လာသည်။ သူမသည် အခြားသစ်ပင်အတွင်းသို့ အသက်စွမ်းအား အဆက်မပြတ် ထည့်ပေးနေသည်။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ရီဖူရှင်း၏သစ်ပင်၏ အသက်ဓာတ်သည် ပို၍အားကောင်းလာပြီး ယခုတွင် ဝိညာဉ်တစ်ခု ရှိလာပြီဟု ထင်ရသည်။

ဟွာဂျီယူ တူရိယာတီးခတ်သောအခါ သစ်ပင်များ၏ လှုပ်ရှားမှုကို ကြားရသည်။ ၎င်းတို့သည် ဂီတသံစဉ်များအလိုက် လှုပ်ရှားကာ သူမကို ပြန်ပြောနေသကဲ့သို့ပင်။

သို့သော် ယင်းမှာ ဟွာဂျီယူ၏ စိတ်ကူးအထင်လည်း ဖြစ်နိုင်ပေသည်။

All Chapters