အနန္တဘုံ
Vol. 207 Ch. 2957
ကောင်းကင်ဘုံ၏ တိုက်ပွဲသည် လောကကို တုန်လှုပ်သွားစေသည်။
ကျိဝူတောက်သည် ပြန်ရောက်လာပြီးနောက်တွင် ကြီးမားသော အင်အားကို ပြခဲ့သည်။
ကောင်းကင်ဒေသ၏ ဒွန်ဟောင်တိယွမ်သည် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့၏ နတ်စွမ်းအာများကို ထိန်းချုပ်နိုင်ပေသည်။ သူမသည် မဟာအင်ပါယာဟောင်းခြောက်ပါးထဲမှ စွမ်းအားအကြီးဆုံး မဟာအင်ပါယာထက် မနိမ့်ပေ။ သို့သော် သူမသည် ပြန်ဆုတ်ရန် ဖိအားပေးခံခဲ့ရပြီး ကျိဝူတောက်၏ တိုက်ခိုက်မှုတစ်ခုကြောင့် ဒဏ်ရာရသွားခဲ့သည်။ ကျိဝူတောက်၏ စွမ်းအားသည် ဒွန်ဟောင်တိယွမ်ကို ဖိနှိပ်သွားခဲ့သည်။
ထို့အတူပင် အကြွင်းမဲ့ဗုဒ္ဓ၏ ဗုဒ္ဓအတတ်များသည်လည်း ကျိဝူတောက်ကို မချုပ်နှောင်ခဲ့ပေ။ ဂူတုံးလျှိုသည် ဝိညာဉ်နတ်ဆိုးများနှင့် မိစ္ဆာများကို ဆင့်ခေါ်ခဲ့သည်။ သို့သော် ၎င်းတို့အားလုံးသည်လည်း ရှုံးနိမ့်သွားခဲ့လေသည်။ ရီဖူရှင်း၏ တပည့်လေးယောက်သည်လည်း မယှဉ်နိုင်ခဲ့ချေ။
ထိုတိုက်ပွဲတွင် ကျိဝူတောက်သည် ကောင်းကင်အင်ပါယာအမည်အောက်မှ အင်အားစုများအားလုံး၏ စွမ်းအားကြီးပုဂ္ဂိုလ်များကို အနိုင်ယူခဲ့ပေသည်။ သူသည် သူတို့ကို အညံ့ခံလာအောင်လုပ်ကာ သူတို့ ကောင်းကင်ဘုံထံ လက်အောက်ခံ၍ သူ့အား သူတို့၏ဆရာသခင်အဖြစ် သတ်မှတ်စေလိုခဲ့သည်။
သူသည် နတ်ဆိုးအင်ပါယာယူချင်း နတ်ဆိုးချောက်ကမ်းပါး၏စွမ်းအားဖြင့် ရောက်မလာခင်အထိ အသာရနေခဲ့သည်။ ယူချင်းသည် ကျိဝူတောက်နှင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲသည် ကောင်းကင်ဘုံတစ်ခွင်လုံးကို တုန်ခါသွားစေပြီး မြေပြင်နှင့် ကောင်းကင်ကို ထက်ခြမ်းခွဲသွားသည်။ ယင်းမှာ အထွတ်အထိပ်အဆင့်ရှိသူနှစ်ယောက်၏ တိုက်ပွဲတစ်ခုကဲ့သို့ပင်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် သရေကျသွားခဲ့သည်။ မည်သူကမှ အသာမရခဲ့ပေ။ နတ်ဆိုးအင်ပါယာယူချင်းသည် အင်အားစုအသီးသီးမှ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဦးဆောင်ကာ ပြန်ဆုတ်ခွာသွားခဲ့သည်။ ကျိဝူတောက်သည် ကောင်းကင်ဘုံကို ဆက်၍ ကာကွယ်ခဲ့သည်။ နှစ်ဘက်စလုံးတွင် စိုးရိမ်စရာကိုယ်စီ ရှိပေသည်။
ထို့ကြောင့် ကျိဝူတောက် ဦးဆောင်သော ကောင်းကင်ဘုံနှင့် ကောင်းကင်လမ်းစဉ်ကို ကာကွယ်ခဲ့သော မဟာအင်အားစုများသည် မျှခြေတစ်ခု ရှိလာလေသည်။
ထိုတိုက်ပွဲပြီးနောက်တွင် ကျိဝူတောက်သည် လက်ရှိလောက၏ နံပါတ်တစ် ဖြစ်လာခဲ့သည်။
နတ်ဆိုးအင်ပါယာယူချင်းက နံပါတ်နှစ်ဖြစ်သည်။
နတ်ဆိုးဘုံသည် ဤလောကထဲတွင် မပါဘဲ ကိုယ်ပိုင်လောကဖြင့် ဖြစ်သော်လည်း နတ်ဆိုးအင်ပါယာသည် ဤလောကကို ဂရုစိုက်သေးပေသည်။ သူသည် အရေးပါသောအခိုက်တွင် စစ်ကူပေးရန် ရောက်လာခဲ့သည်။ သူနှင့် ကောင်းကင်လမ်းစဉ်သည် သေရေး၊ ရှင်ရေးများကို အတူတကွ ဖြတ်ကျော်ခဲ့သော ညီနောင်များ မဟုတ်ပါလား။
****
ကောင်းကင်နန်းတော်ထဲတွင် ကျိဝူတောက်သည် ကောင်းကင်နန်းတော်၏ထိပ်တွင် မျက်လုံးများပိတ်ကာ ကျင့်ကြံနေသည်။
သူသည် အခြားစကြဝဠာများသို့ သွားခဲ့စဉ်က စွမ်းအားများစွာကို ဝါးမျိုခဲ့သည်။ ထို့နောက်တွင် သူသည် လူသားဘိုးဘေးကို ဝါးမျိုခဲ့သည်။ သူသည် ထိုစွမ်းအားများကို အပြည့်အဝ ချေဖျက်ကာ သူ၏ကိုယ်ပိုင်စွမ်းအားအတွင်းသို့ မပေါင်းစည်းရသေးပေ။ မဟုတ်လျှင် သူသည် ဤအဆင့်တွင်သာ ရှိနေမည်မဟုတ်ချေ။ ထို့ကြောင့် သူသည် ပို၍သာ စွမ်းအားကြီးလာမည်ဖြစ်သည်။ ယင်းကြောင့် ကောင်းကင်ရင်းမြစ်ဝါးမျိုခြင်းအတတ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းခြင်းဖြစ်သည်။
သို့သော် ကျိဝူတောက်သည် ယူချင်းက နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားကို ထိန်းချုပ်လာနိုင်ကာ နတ်ဆိုးအင်ပါယာဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကောင်းကင်ရင်းမြစ်ဝါးမျိုခြင်းအတတ်သည်ပင် သန်းထောင်ချီသော နတ်ဆိုးကပ်ဘေးများကို ဝါးမျိုရန် ပြဿနာနှင့် ကြုံရပေသည်။ သူ အတင်းဝါးမျိုလိုက်လျှင် နတ်ဆိုးကပ်ဘေးများက သူ့ကိုထိုးဖောက်ကာ ဖျက်ဆီးပစ်လိုက်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့ သရေကျသွားခြင်းပင်။ နှစ်ဘက်စလုံးသည် တိုက်ပွဲကို ရပ်ခဲ့ကြသည်။
ဤတိုက်ပွဲတွင် ယူချင်း၏စွမ်းရည်များသည် ယခင်နတ်ဆိုးအင်ပါယာ၏ စွမ်းရည်များကို မှီနေပြီဟု ဆိုနိုင်ပေသည်။ ထို့ကြောင့်လည်း ကျိဝူတောက်သည် ဆက်၍ ကျင့်ကြံနေခြင်းပင်။ သူသည် ပို၍စွမ်းအားကြီးလာရန် အချိန်ခဏ စောင့်ဆိုင်းရမည့်ပုံပင်။
“အရှင်အင်ပါယာ...”
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် သူ့ကို တင်ပြရန် ရောက်လာသည်။ ကျိဝူတောက်သည် မျက်မှောင်ကြုတ်ကာ သူ၏မျက်လုံးများကိုဖွင့်၍ ထိုသူကို ကြည့်သည်။ ရောက်ရှိလာသူသည် လျင်မြန်စွာ ခေါင်းငုံ့လိုက်ပြီး ဒူးတစ်ဘက်ထောက်ကာ ပြောလိုက်လေသည်။
“အရှင်အင်ပါယာ... အပြင်လောက,ကနေ လူတစ်စုရောက်လာပြီး အရှင်အင်ပါယာနဲ့ တွေ့ခွင့်တောင်းနေတယ်။ ကျုပ် သူတို့ကို ထွက်သွားဖို့ ပြောပေမယ့် သူတို့က ဒီလောကအပေါ် ပိုင်ဆိုင်မှုနဲ့ပတ်သတ်ပြီး အရေးကြီးကိစ္စတစ်ခုရှိတယ်လို့ ပြောတယ်။ ကျုပ် အဲဒီကိစ္စအတွက် မနှောင့်နှေးဝံ့ပါဘူး”
ကျိဝူတောက်သည် သူ၏စကားများကို ကြားသောအခါ အနည်းငယ်ခေါင်းညိတ်လျှက် ပြောလိုက်၏။
“သူတို့ကို ဒီကို ခေါ်လာလိုက်ပါ”
“ဟုတ်ကဲ့ပါ အရှင်အင်ပါယာ”
ထိုသူသည် ဦးညွှတ်ကာ ပြန်ထွက်သွားသည်။ ခေတ္တကြာပြီးနောက် ထူးကဲသော ဟန်ပန်အရှိန်အဝါရှိသည့် မဟာအင်ပါယာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်အချို့ ရောက်ရှိလာသည်။ သူတို့သည် ကျိဝူတောက်ကို မြင်သောအခါ အနည်းငယ် ဦးညွှတ်လိုက်ကြ၏။
“ကောင်းကင်အင်ပါယာကို နှုတ်ခွန်းဆက်ပါတယ်”
“ဘာကိစ္စရှိလို့လဲ”
ကျိဝူတောက် မေးလိုက်၏။
“ကျုပ်တို့က အနန္တဘုံက လာခဲ့တာပါ။ အနန္တဘုံရဲ့ အင်မော်တယ်အင်ပါယာက မကြာခင် ဒီကိုရောက်လာပြီး ဒီလောကကို ပေါင်းစည်းပေးပါလိမ့်မယ်။ အင်မော်တယ်အင်ပါယာရဲ့ အမိန့်တော်က ဒီလိုပါ... တကယ်လို့ ကောင်းကင်အင်ပါယာသာ သူ့ဆီမှာ လက်အောက်ခံပြီး သူ ဒီလောကကို ပေါင်းစည်းတဲ့ကိစ္စမှာ ကူညီပေးရင် အရှင်အင်ပါယာက ဒီလောကရဲ့ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာနိုင်ပါလိမ့်မယ်”
ရောက်ရှိလာသူက ပြောလိုက်၏။ ကျိဝူတောက်သည် အာရုံစိုက် နားထောင်နေ၏။ သူ အခြားစကြဝဠာများသို့ သွားခဲ့စဉ်က အနန္တဘုံ၏ အင်မော်တယ်အင်ပါယာအကြောင်းကို ကြားခဲ့သည်။ သူသည် စကြဝဠာများစွာကို အုပ်စိုးပြီး အနန္တဘုံ၏ အင်မော်တယ်အင်ပါယာဟု ကျော်ကြားပေသည်။
ယခုတွင် သူသည် ဤလောကကိုလည်း သိမ်းပိုက်လိုနေသည်။
သူသည် ကျိဝူတော်အား ဤလောကကို အုပ်စိုးစေလိုပြီး သူ့ကို အင်မော်တယ်ဘုရင်ဟူသော ဂုဏ်ပုဒ်ကို ပေးမည်ဖြစ်သည်။
“ကောင်းကင်အင်ပါယာကလည်း ဒီလောကကို ပေါင်းစည်းဖို့ အလိုရှိနေပြီပဲ။ အဲဒီတော့ အချိန်က ကွက်တိကျတာပဲ။ ကျုပ်တို့ ကောင်းကင်အင်ပါယာကို ကူညီပေးပါမယ်”
တခြားစကြဝဠာမှလူက ဆက်ပြောလိုက်၏။
“အဲဒါက အကျိုးအကြောင်းဆီလျော်ပါတယ်”
ကျိဝူတောက် ခေါင်းညိတ်လိုက်၏။ ထို့ကြောင့် ရောက်ရှိလာသူအချို့သည် ရုတ်ခြည်း ပြုံးသွားကြပြီး အလွန်ယုံကြည်မှုရှိနေပုံ ပေါ်လေသည်။
“ဒါပေမဲ့...”
ကျိဝူတောက် သူတို့ကို ကြည့်လိုက်၏။ ရုတ်ခြည်းပင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည် ထိုသူများကို တိုက်ရိုက်လွှမ်းခြုံသွားသည်။ သူတို့ မျက်နှာပျက်သွားကြပြီး ကျိဝူတောက်ကို ငေးကြည့်လိုက်ကြသည်။
“ကောင်းကင်အင်ပါယာ ဒါက ဘာအဓိပ္ပာယ်လဲ”
ကျိဝူတောက်သည် လက်တစ်ဘက်ဆန့်လိုက်၏။ ကြောက်မက်ဖွယ် ဝါးမျိုနတ်စွမ်းအားသည် သူတို့ကို လွှမ်းခြုံသွား၏။ ရုတ်ခြည်းပင် သူတို့သည် တုန်လှုပ်သွားကြသည်။ သူတို့သည် သူတို့၏ဝိညာဉ်များက စုပ်ယူဝါးမျိုခံနေရသည်ကို ခံစားလိုက်ရလေသည်။ သူတို့သည် ထိုအားကို လုံးဝ မခုခံနိုင်ချေ။
“ကျုပ်တို့လောကရဲ့ ကိစ္စတွေကို ခင်ဗျားတို့ ပူစရာမလိုဘူး”
သူ ထိုသို့ပြောပြီးနောက်တွင် ထိုသူများသည် နာကျင်တကြီး အော်လိုက်ကြသည်။ သူတို့သည် ကြောက်မက်ဖွယ် အနက်ရောင်ဝဲကတော့အတွင်းသို့ ဝါးမျိုခံလိုက်ရလေသည်။ သူတို့သည် ရုတ်ခြည်း ဝါးမျိုခံရကာ ပျောက်ကွယ်သွားသည်။
ကျိဝူတောက်သည် ထိုသူများကို ဝါးမျိုပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ခင်ဗျားတို့ အပြင်လောက,က ကျင့်ကြံသူတွေကို ထပ်တွေ့ရင် မညှာဘဲ သတ်ပစ်ကြပါ”
သူ၏အသံသည် ကောင်းကင်နန်းတော်တစ်ခွင်တွင် ပျံ့နှံ့သွားပြီး ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများကို တုန်လှုပ်သွားစေ၏။
****
လပေါင်းများစွာကြာပြီးနောက်...
လက်ရှိလောက၏ အစည်ပင်အဝပြောဆုံး အဓိကမြို့တော်ဖြစ်သော နတ်ဘုရားမြို့တော်တွင်...
စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် မြို့တွင်းတစ်နေရာတွင် စုဝေးနေကြသည်။ သူတို့သည် အင်ပါယာအဆင့်အင်အားစုများမှ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြပြီး ထိုနေရာအဝန်းအဝိုင်းကို ကြည့်နေကြသည်။ အပြင်လောကများမှ ကျင့်ကြံသူများက ထိုနေရာမှနေ၍ ဤလောကအတွင်းသို့ ဝင်လာကြသဖြင့် ထိုနေရာကို ချိပ်ပိတ်ထားခဲ့၏။
မကြာသေးခင်က ထိုနေရာမှနေ၍ အားကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။ အင်အားစုအသီးသီးမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် စုံစမ်းစစ်ဆေးရန် ရောက်လာခဲ့ကြ၏။ တစ်စုံတစ်ယောက်က ဟင်းလင်းပြင်ကို စုတ်ဖြဲ၍ အပြင်သို့ ထွက်ကြည့်ရန် အကြံပြု၏။ သို့သော် ထိုအကြံသည် ပယ်ချခံခဲ့ရသည်။ အကယ်၍ အပြင်ဘက်တွင် တစ်စုံတစ်ခု ရှိပါက ထိုသို့လုပ်ခြင်းသည် အလွန်အန္တရာယ်များပေသည်။ ယင်းမှာ မိမိကိုယ်ကို သတ်သေသည်နှင့် မခြားပေ။
သို့သော် ယခုတွင် ထိုနေရာမှ စွမ်းအင်လှိုင်းများသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာနေသည်။ ချိပ်ပိတ်ထားသော အာကာပြင်သည် မတည်မငြိမ်ဖြစ်လာ၏။ လွန်စွာကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်လာတော့မလိုပင်။
ထိုစဉ်တွင် ချိပ်ပိတ်ထားသော အာကာပြင်သည် ကြောက်မက်ဖွယ်အလင်း တောက်ပလာသည်။ ၎င်းသည် အလွန် နတ်ဆိုးဆန်ပြီး အင်ပါယာအဆင့် အင်အားစုများမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အံ့အားသင့်သွားကြသည်။
“အဲဒါက ဘာလဲ”
တစ်စုံတစ်ယောက်က မေးလိုက်၏။
“ငါလည်း မသိဘူး။ အပြင်ကစွမ်းအားတစ်ခုက ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ပုံပဲ”
လူအချို့သည် ကြောက်ရွံ့သွားကာ မျက်နှာပျက်သွားကြသည်။
သူတို့စကားပြောနေစဉ်တွင် မျက်စိကျိန်လောက်ဖွယ် အလင်းတန်းတစ်ခု ကျဆင်းလာ၏။ ထို့နောက်တွင် ကြောက်မက်ဖွယ်အလင်းသည် ထိုနေရာ၏ ချိပ်ပိတ်စွမ်းအားကို တိုက်ရိုက် ဖျက်ဆီးသွားသည်။
ပေါက်ကွဲသံခပ်အုပ်အုပ်များ ထွက်ပေါ်လာပြီး ကောင်းကင်သည် ကွဲအက်ပျက်စီးသွားသည်။ ကောင်းကင်မှနေ၍ ဧရာမပုံရိပ်ကြီးတစ်ခု ဆင်းသက်လာပြီး ကွဲအက်နေသော အာကာပြင်ကို ဖြတ်ကာ ဤလောကသို့ ရောက်လာလေသည်။
စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးသည် နောက်သို့ ဆုတ်သွားကြ၏။ မျက်စိကျိန်းဖွယ် နတ်အလင်းက သူတို့ကို မျက်လုံးဖွင့်မရနိုင်အောင် လုပ်နေလေသည်။ သို့သော် ထိုအခိုက်တွင် သူတို့သည် နာကျင်မှုကို အံ့တုကာ ဆင်းသက်လာသော ဧရာမပုံရိပ်ကို ကြည့်လိုက်ကြသည်။ သူတို့ အပြင်းအထန် ရင်ခုန်သွား၏။
ထိုဧရာမပုံရိပ်သည် အပြင်လောကမှ ရောက်လာသည့် မြို့တစ်မြို့ကဲ့သို့ပင်။ ၎င်းသည် ပို့ဆောင်ရေးမဟာကွန်ရက်များစွာ ရှိသည့် အကန့်အသတ်မဲ့ ယဇ်ပလ္လင်ကြီးတစ်ခုကဲ့သို့ပင်။ ၎င်းသည် စူးရှသော နတ်အလင်းဖြင့် ဆင်းသက်လာပေသည်။ ပို့ဆောင်ရေးကွန်ရက်များသည် လောကကို ဖွင့်လိုက်ပြီး ကောင်းကင်မှနေ၍ ကောင်းကင်အင်ပါယာများစွာ ဆင်းသက်လာလေသည်။ အခြားလောကမှ နတ်ဘုရားများသည် ဤလောကသို့ ရောက်ရှိလာပေပြီ။
စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့ တွေ့ရသည့်အရာများကို သူတို့၏ အင်ပါယာအဆင့်အင်အားစုများသို့ ချက်ချင်း အကြောင်းကြားလိုက်သည်။ ထိုအခိုက်တွင် မဟာအင်အားစုအားလုံးသည် တုန်လှုပ်နေသည်။
ကျိဝူတောက် ပြန်ရောက်လာပြီး ကောင်းကင်ဘုံကို ပြန်သိမ်းပိုက်ပြီးနောက်တွင် အပြင်လောကမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့ကို ကျူးကျော်ကာ ဤလောကကို သိမ်းပိုက်လိုနေလေသည်။
ပထမဆုံး ကျူးကျော်ခံရသည်မှာ နတ်ဘုရားမြို့တော်ဖြစ်သည်။ ဤလောကသို့ ရောက်လာသော စွမ်းအားကြီးပုဂ္ဂိုလ်များသည် မရပ်တန့်နိုင်သောအရှိန်ဖြင့် အဓိကမြို့တော်ကို ထိန်းချုပ်လိုက်ပြီး ထိုမြို့တော်ကို သူတို့၏ ဤလောကမှ အခြေစိုက်စခန်းအဖြစ် ပြောင်းလဲလိုက်သည်။ ထိုအဖြစ်အပျက်က တစ်လောကလုံးကို တုန်လှုပ်သွားစေသည်။
ထိုအချိန်မှစ၍ လောကကြီးသည် ပရမ်းပတာခေတ်သို့ ပြန်ရောက်သွားသည်။
အကြီးမားဆုံးအန္တရာယ်သည် အပြင်လောကမှ ဖြစ်ကြောင်း သူတို့အားလုံး သိ၏။ သူတို့ကို ကျူးကျော်နေသော လောကကို အနန္တဘုံဟု ခေါ်ပြီး ထိုလောကမှသူများ ယုံကြည်သော နတ်ဘုရားမှာ အနန္တဘုံ၏ အင်မော်တယ်အရှင်ဖြစ်ပေသည်။