နိုးထလာခြင်း
Vol. 208 Ch. 2958
အနန္တဘုံမှ ကျင့်ကြံသူများသည် နတ်ဘုရားမြို့တော်ကို သိမ်းပိုက်ထား၏။ ထို့ကြောင့် ဤစကြဝဠာမှ မဟာအင်အားစုသုံးစု စုဝေးသွားကြသည်။
ယခင်ကနှင့်မတူသည်မှာ ဤတစ်ကြိမ်တွင် အနန္တဘုံမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤလောကသို့ ရောက်လာကာ အင်မော်တယ်အင်ပါယာအဆင့် ကျင့်ကြံသူကို သူတို့၏ ခေါင်းဆောင်အဖြစ်ထား၍ မဟာအင်ပါယာတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားလေသည်။ သူတို့သည် သူတို့၏ အင်မော်တယ်အရှင်အား ဤလောကကို အုပ်စိုးရန် ဤလောကအတွင်းသို့ ပင့်ခေါ်ရန် စောင့်ဆိုင်းနေကြသည်။ ထို့နောက်တွင် သူတို့သည် ဤလောကကို အနန္တဘုံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်လိုက်မည်ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်အာဏာစက်နန်းတော်၊ ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် အခြားအင်အားစုများစွာသည် အနန္တဘုံမှ ကျင့်ကြံသူများနှင့် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့သည်။ ထိုစဉ်တွင် ကောင်းကင်ဘုံ၏ ကောင်းကင်နန်းတော်မှ လူများသည် မလှုပ်ရှားကြသေးပေ။ ကျိဝူတောက်သည် ထိုတိုက်ပွဲများတွင် ဝင်မပါဘဲ သူ၏ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေခဲ့သည်။
အချိန်အတန်ကြာပြီးနောက်တွင် အင်အားစုသုံးစုအကြားမှ တိုက်ပွဲများသည် လူများစွာကို ထိခိုက်စေခဲ့သော ရေရှည်ပဋိပက္ခတစ်ခု ဖြစ်လာလေသည်။ တဖြည်းဖြည်းဖြင့် လောကအတွင်းမှ ကျင့်ကြံသူအားလုံးသည် သူတို့၏တိုက်ခိုက်မှုများနှင့် လောက၏ လက်ရှိအခြေအနေအကြောင်းကို သိသွားကြသည်။
ချင်းကျူမြို့တွင် ငါးနှစ်ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
ခေတ်သစ်အစပြုခဲ့ကတည်းက သိုင်းပညာများ တိုးတက်ပျံ့ပွားလာခဲ့သည်။ ချင်းကျူမြို့မှ ကျင့်ကြံသူများ၏ အင်အားသည် ယခင်ကနှင့် လုံးဝမဆိုင်တော့ပေ။ သူတို့သည် များစွာ သင်ယူပြီးခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် ချင်းကျူကျောင်းတော်မှ လူငယ်လေးများသည် တစ်ယောက်နှင့်တစ်ယောက် ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။
“တင်းချန်... အနာဂတ်မှာ မင်း ဘာကို ကျင့်ကြံမှာလဲ”
လူငယ်လေးတစ်ယောက်က မေးလိုက်၏။
“ဓား...”
တင်းချန်သည် (၁၅)နှစ်ဝန်းကျင်ရှိသည့် လူငယ်လေးတစ်ဦးပင်။ သူသည် ပြတ်သားသောအကြည့်ဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။
“ငါက တခြားစကြဝဠာကနေပြီး ကျူးကျော်လာတဲ့သူတွေ ဒေသကိုးခုမှာ လျှောက်မသတ်ဖြတ်နိုင်အောင် ကာကွယ်ပေးပြီး သူတို့ကို ဒီလောကအပြင်ကို ပြန်မောင်းထုတ်နိုင်ခဲ့တဲ့ ဓားနတ်ဘုရားသုံးပါးလို ဖြစ်ချင်တာ”
မကြာသေးခင်က စွမ်းအားကြီးကျင့်ကြံသူအချို့သည် ဒေသကိုးခုကို ကျူးကျော်ရန် ကြိုးစားခဲ့သည်။ သို့သော် သူတို့သည် ဒေသကိုးခုအတွင်းသို့ ဝင်မလာနိုင်ခင်မှာပင် အသတ်ခံလိုက်ရ၏။ ထို့နောက်တွင် ကျူးကျော်သူများ ထပ်ရောက်လာပြီး ဒေသကိုးခုကို ကျုးကျော်ရန် ထပ်မံကြိုးစားခဲ့သည်။ သို့သော် ဓားနတ်ဘုရားသုံးပါး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုနေ့တွင် ဒေသကိုးခုလုံးကို ဓားချီက လွှမ်းခြုံထားပြီး ကျူးကျော်လာသူတိုင်းကို ရှင်းပစ်ခဲ့လေသည်။ ထိုအချိန်မှစ၍ လူပေါင်းများစွာသည် ရုတ်တရက်ကြီး ဓားလမ်းစဉ်ကို ကျင့်ကြံလိုလာခဲ့ကြ၏။ ထိုနေ့တွင် ချင်းကျူမြို့၏ ကောင်းကင်ထဲတွင်လည်း ပြိုင်ဘက်ကင်းဓားချီတစ်ခုကို ခံစားရခဲ့လေသည်။
“ဓားနတ်ဘုရားသုံးပါးက ဒေသကိုးခုကို ကာကွယ်ပေးခဲ့တဲ့ အကြောင်းက ငါတို့မြို့နဲ့ ပတ်သတ်နေတယ်ဆိုတဲ့ ကောလာဟလတချို့ကို ငါကြားခဲ့တယ်”
လူငယ်တစ်ဦးက ပြောလိုက်၏။
“ငါလည်း အဲဒီလိုပဲ ကြားတယ်။ ဘိုးဘိုးပြောတာကတော့ သူ့ ဘိုးဘေးတွေရဲ့စကားအရ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်က ငါတို့မြို့မှာ နေခဲ့တယ်တဲ့”
“ဟုတ်ချင်လည်းဟုတ်မှာပေါ့... သူတို့ပြောတာကတော့ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀)က ဖြစ်ခဲ့တဲ့ကိစ္စတဲ့။ အဲဒါက ဒဏ္ဍာရီတစ်ခုဖြစ်နိုင်တယ်... ဒါမှမဟုတ် ငါတို့မြို့က အကြီးအကဲတွေ ကြွားတာလည်း ဖြစ်နိုင်တယ်။ ဆရာဟွာကလည်း ချဲ့ကားထားတဲ့ ဇာတ်လမ်းတွေကိုပြောရတာ ကြိုက်တယ်မဟုတ်လား”
လူငယ်လေးများသည် လွန်ခဲ့သောနှစ်ပေါင်း(၂၀၀)က ဖြစ်ခဲ့သည့် ကိစ္စတစ်ခုကို ပြောနေခြင်းပင်။ ထို့ကြောင့် ထိုကိစ္စမှာ သူတို့နှင့် အလှမ်းဝေးသည် အတိတ်မှ ကိစ္စဟု သူတို့ခံစားနေရသည်။ သူတို့ထဲက မည်သူမှ သူတို့၏ မြို့ကလေးမှနေ၍ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်ခဲ့သည်ကို မယုံနိုင်ကြပေ။
နတ်ဘုရားများကဲ့သို့သော သူများကို သူတို့ မယုံကြည်နိုင်ကြချေ။
“ဆရာဟွာက ချဲ့ကားပြောရတာကို ကြိုက်တယ်... ဒါပေမဲ့ သူက လူချောတစ်ယောက်ပဲ။ သူငယ်ငယ်တုန်းက တော်တော်ခံ့ညားခဲ့လောက်တယ်။ မင်း မမနန်းယွီကို ကြည့်ပါလား။ သူက ထာဝရနုပျိုနေသလိုပဲ။ ဒီလောက်နှစ်တွေ ကြာပြီးတာတောင် သူက ဘာမှ မပြောင်းလဲသေးဘူး။ သူက အခုထိ အလှပဂေးတစ်ယောက်ပဲ”
ချင်းကျူကျောင်းတော်မှ လူများနှင့် ချင်းကျူမြို့တစ်မြို့လုံးသည် ဟွာနန်းယွီ၏ အလှတရားကို ချီးမွမ်းကြသည်။
“စိတ်ကူးယဉ်မနေကြနဲ့တော့ ကောင်စုတ်တွေ”
မိန်းကလေးတစ်ယောက်က ပြောလိုက်၏။
“တင်းချန်က ဓားလမ်းစဉ်ကို ကျင့်ကြံချင်တယ်ဆိုတော့ နင်တို့ကရော ဘာကို ကျင့်ကြံချင်ကြလဲ”
“ငါက ကောင်းကင်ဘုံကိုသွားပြီး ကောင်းကင်အင်ပါယာနန်းတော်ထဲ ဝင်ချင်တာ။ လောကရဲ့ အင်အားအကြီးဆုံး အဖွဲ့အစည်းက ငါ့ကို သူတို့ရဲ့ ကျင့်ကြံသူတစ်ယောက်အဖြစ် လက်ခံစေဖို့က ငါ့ရဲ့ ဘဝရည်မှန်းချက်ပဲ။ အဲဒီလိုသာ ဖြစ်လာနိုင်ရင် ငါ ဘာနောင်တမှ ရှိတော့မှာ မဟုတ်ဘူး”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
ထိုနေရာရှိ ကျန်လူငယ်လေးများသည် ဟားတိုက်လိုက်ကြ၏။ ကောင်းကင်နန်းတော်သည် ဤလောကတွင် နံပါတ်တစ် အင်အားစုဖြစ်သည်။ ဒဏ္ဍာရီများအရ အနန္တဘုံမှ ကျင့်ကြံသူများ ကောင်းကင်ဘုံသို့ ကျူးကျော်လာချိန်တွင် ကျိဝူတောက်သည် သူတို့ကို သတ်ပစ်ခဲ့သည်။ ထို့အပြင် သူသည် အနန္တဘုံ၏ အင်မော်တော်အင်ပါယာကို အနိုင်ယူခဲ့ပြီး မဟာအင်ပါယာအချို့ကို သတ်ပစ်ခဲ့သည်။ တဖြည်းဖြည်းဖြင့် ကျူးကျော်သူများသည် နတ်ဘုရားမြို့တော်သို့ ပြန်ဆုတ်သွားခဲ့ရသည်။ သူတို့သည် သူတို့ အင်မော်တယ်အရှင်၏ စွမ်းအားကို ဆင့်ခေါ်ပြီးနောက်မှ သူ့ကို တားနိုင်ခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်တွင် သူတို့သည် ကောင်းကင်ဘုံကို ထပ်မကျူးကျော်ဝံ့ကြတော့ပေ။
ယင်းမှာ လောကနံပါတ်တစ် ကျင့်ကြံသူ၏ ဂုဏ်ရှိန်ကြီးသော အနှိုင်းမဲ့အောင်မြင်မှုဖြစ်သည်။
“ဆရာ...”
လူငယ်တစ်ယောက်က အော်ခေါ်လိုက်၏။ လူငယ်လေးများအားလုံးသည် ထိုအသံကို ကြားသောအခါ ထရပ်လိုက်ကြပြီး တစ်ဘက်သို့ကြည့်ကာ ဟွာဖန်းလူကို ဦးညွှတ်လိုက်ကြသည်။ ဟွာဖန်းလူသည် ခေါင်းဆတ်ပြရုံသာပြကာ ဆက်လျှောက်သွားသည်။
“ဆရာက ဘယ်တုန်းက ဒီကို ရောက်နေတာလဲ”
“ငါလည်း မသိဘူး.. ဒါပေမဲ့ သူ ဒီကိုရောက်နေတာ နည်းနည်းတော့ ကြာပြီထင်တယ်။ သူက ငါတို့ရဲ့ စကားတွေကို ချောင်းနားထောင်နေတဲ့ပုံပဲ”
လူငယ်လေးများသည် အစောတွင် မမနန်းယွီအကြောင်းကို ပြောနေခဲ့မိ၍ ထိတ်လန့်သွားကြသည်။
ဟွာဖန်းလူသည် ချင်းကျူကျောင်းတော်တွင် ခေါင်းမော့၍ ကောင်းကင်သို့ကြည့်ကာ လမ်းလျှောက်နေသည်။ သူ့ရင်ထဲတွင် ညိုးငယ်သောခံစားချက် ပြည့်နှက်နေသည်။
လူအားလုံးသည် လောကထဲမှ အင်အားအကြီးဆုံးသူကိုသာ မှတ်မိကြသည်။ သို့သော် ထိုလောကကို ဖန်တီးခဲ့သူကို မည်သူ သိသနည်း။ သူတို့ သိလျှင်ပင် မည်သူက မှတ်မိမည်နည်း။
လူသားများသည် မေ့လျော့တတ်သူများ မဟုတ်ပါလား။
*****
ကျောင်းတော်ဘေးတွင် အရွက်ထူသော သစ်ပင်ကြီးနှစ်ပင်ရှိပေသည်။
ထိုနေရာတွင် သာယာသော ကု့ချင်းသံတစ်သံကို ကြားရလေသည်။ ဂီတံသံ ဆုံးသွားသောအခါ ဟွာဂျီယူသည် သစ်ပင်များပေါ်ရှိ လှုပ်ခတ်နေသော သစ်ရွက်များကိုကြည့်၍ ပြောလိုက်၏။
“ငါးနှစ်တောင် ရှိခဲ့ပြီပဲ”
“ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ အပြင်ဘက်မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားခဲ့တယ်။ ကျိဝူတောက် ပြန်ရောက်လာပြီး ကောင်းကင်ဘုံကို သိမ်းပိုက်ခဲ့တယ်။ ယူချင်းကလွဲလို့ သူ့ကို ဘယ်သူမှ တားနိုင်မယ် မထင်ဘူး။ မကြာသေးခင်တုန်းက တခြားစကြဝဠာက အနန္တဘုံက ကျင့်ကြံသူတွေ ငါတို့ရဲ့ လောကကို အလုံးအရင်း ကျူးကျော်ခဲ့တယ်။ နောက်တော့ သူတို့က ဒေသကိုးခုတောင် ပါတဲ့ စစ်ပွဲတစ်ပွဲစခဲ့တယ်။ အစ်ကိုသုံးက ဓားသခင်လီဟန်၊ ရာရာနဲ့ ဝူချင်းတို့ကို ပြန်လာပြီး ဒေသကိုးခုကို ကာကွယ်ပေးဖို့ အမိန့်ပေးခဲ့တယ်။ သူက ငါတို့ကို ဘယ်သူမှ လာမနှောင့်ယှက်စေချင်ဘူး”
ဟွာဂျီယူသည် သူမကိုယ်သူမ ပြောနေသည်ဟု ထင်ရသော်လည်း သူသည် သူမပြောသည်ကို ကြားရလိမ့်မည်ဟု သူမယုံကြည်ပေသည်။ သူမသည် ထိုနှစ်များအတွင်း၌ သူ့ဘေးတွင်သာ နေခဲ့သည်။ ထို့ကြောင့် သူသည် အနီးတွင် ရှိနေသေးသည်ဟု သူမ ယုံကြည်ထား၏။
လေညင်းတစ်ချက်သည် သစ်ရွက်များကို ပွတ်တိုက်သွားပြီး တရှဲရှဲမြည်လာစေသည်။ သစ်ပင်ကြီးနှစ်ပင်သည် စွမ်းအားကြီးသော အသက်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
လေညင်းလေးသည် ဟွာဂျီယူ၏ အရေပြားပေါ်သို့လည်း တိုက်ခတ်သွားပြီး သူမ၏ဆံပင်ရှည်များကို ဝဲလွင့်သွားစေ၏။ သူမသည် သစ်ပင်နှစ်ပင်ကို ငေးကြည့်နေပြီး သူမ၏မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားသည်။ အသက်အရှိန်အဝါသည် အားကောင်းလာ၏။ ရီဖူရှင်း၏အငွေ့အသက်က ပို၍အားကောင်းလာသည်ကို သူမ ခံစားနေရပေသည်။
“နင် ပြန်လာမယ်ဆိုတာ ငါသိတယ်။ ဒီနေရာမှာ ငါ နင့်ကို စောင့်နေမှာပါ”
ဟွာဂျီယူသည် ရီဖူရှင်း၏ အငွေ့အသက်ကို ခံစားလိုက်ရသောအခါ မျက်လုံးထဲတွင် မျက်ရည်များ ဝေ့တက်လာသည်။ သူမသည် ငါးနှစ်ကြာအောင် စောင့်ခဲ့ပြီဖြစ်ရာ ဤနေရာတွင် ဆက်စောင့်နေနိုင်ပေသည်။
သူမ မျက်ရည်ကျရခြင်းမှာ ဆက်မစောင့်နိုင်တော့၍ မဟုတ်ဘဲ သူမ၏မျှော်လင့်ချက်သည် စိတ်ပျက်စရာတစ်ခုအဖြစ်သာ အဆုံးသတ်သွားပြီး သူမမျှော်လင့်ခဲ့သော အရာများ မည်သည့်အခါမှ ဖြစ်မလာမည်ကို စိုး၍ဖြစ်သည်။
ဟွာဂျီယူသည် တင်ပျဉ်ခွေထိုင်ရင်း သာယာသော ဂီတံသံ ထုတ်ပေးနေသည့် ကု့ချင်းကို ခေါင်းငုံ့ကြည့်သည်။ စိတ်ကိုထိခိုက်စေသော ဂီတသံသည် တည်ငြိမ်သော နောက်ခံတွင် ဝမ်းနည်းဖွယ်အငွေ့အသက်တစ်ခု ထပ်ပေါင်းထည့်ပေးနေသည်။
သစ်ပင်များသည် ကု့ချင်းအသံအလိုက် အဆက်မပြတ် လှုပ်ရှားနေပြီး ၎င်းတို့၏ သစ်ရွက်များကို ဟွာဂျီယူ၏ ဘေးပတ်ပတ်လည်သို့ ကြွေကျနေစေလေသည်။
ဟွာဂျီယူနောက်ရှိ သစ်ပင်မှနေ၍ အလင်းတန်းများ ဖြာထွက်လာသည်။ ထို့နောက်တွင် လူရိပ်တစ်ခု ဖြည်းဖြည်းချင်း ပုံပေါ်လာသည်ကို မြင်ရလေသည်။ ထိုလူရိပ်သည် သူမ ကု့ချင်းတီးနေသည်ကို မနှောင့်ယှက်ဘဲ ဂီတသံကို တိတ်တဆိတ်နားထောင်နေသည်။ ထိုလူရိပ်၏ မျက်လုံးများထဲတွင် သိမ်မွေ့သောအကြည့်တစ်ခု ရှိပေသည်။
ဟွာဂျီယူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် ခေါင်းလှည့်ကာ ကြည့်သည်။ ရုတ်ခြည်းပင် ကု့ချင်းကို တီးခတ်နေသော သူမ၏လက်ချောင်းလေးများ ရပ်တန့်သွားပြီး တစ်လက်မပင် ဆက်မရွေ့တော့ချေ။ သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်စများ စီးကျလာ၏။ သူမ ထရပ်လိုက်ပြီး သူမ၏တုန်ယင်နေသော လက်များကို လူရိပ်ထံသို့ ဆန်တန်းလိုက်သည်။ သို့သော် သူမသည် ဒြပ်ထည်မရှိသော လူရိပ်ကို မထိကိုင်နိုင်ချေ။
“ဒါက ပုံရိပ်ယောင်တစ်ခုလား”
ဟွာဂျီယူသည် စိတ်ပျက်ရမည်ကို စိုးတရွံ့ရွံ့ဖြင့် ရေရွတ်လိုက်သည်။ အမှန်တွင် သူမကဲ့သို့ ကျင့်ကြံခြင်းအဆင့်ရှိသူတစ်ယောက်သည် ပုံရိပ်ယောင်တစ်ခုအတွင်း ကျရောက်သွားရန် မဖြစ်နိုင်ပေ။ သို့သော် သူမ၏ သူ့အပေါ် တမ်းတမှုက သူမကို ထင်ယောင်ထင်မှားဖြစ်စေခြင်း ဖြစ်မည်ကို သူမ စိုးရွံ့နေသည်။
“မဟုတ်ပါဘူး...”
မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသော သိမ်မွေ့သည့်အသံတစ်သံက ဟွာဂျီယူကို ပြောလိုက်၏။ သူမသည် အသံတုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။
“ငါ ဘာလို့ နင့်ကို ထိကိုင်လို့ မရတာလဲ”
“ငါက အရင်တုန်းက ဒီနေရာမှ အသိစိတ်အာရုံတစ်ခု ချန်ထားခဲ့တာပဲ။ အခု အဲဒါက ငါ့ရဲ့ ကိုယ်ပွားတစ်ခုအဖြစ် ပြောင်းလဲလာပြီ”
ရီဖူရှင်း ရှင်းပြလိုက်သည်။ သူသည် ရွှင်ပြဟန်ဖြင့် သူ၏လက်ကို ဆန့်တန်းကာ ဟွာဂျီယူ၏ ဆံပင်ရှည်ကို ပွတ်သပ်ပေးရန် ကြိုးစားလိုက်သည်။
ယခုတွင် သူသည် ဤနေရာ၌ ထွက်ပေါ်လာပြီဖြစ်၍ သူ ပြန်လာနိုင်ရန် အချိန်သိပ်လိုတော့မည် မဟုတ်ပေ။
“အင်း...”
ဟွာဂျီယူ ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် ရီဖူရှင်းသည် သူ့ဘေးရှိ အခြားသစ်ပင်ကို ကြည့်သည်။ ထိုသစ်ပင်သည် ရှားရှင်းယွန်နှင့်ဆင်တူသော ဝိညာဉ်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။ သူမသည် သူ့ကို ကြည့်လိုက်၏။ သူမ၏ပါးပေါ်သို့ မျက်ရည်များ စီးကျလာသည်။ သို့သော် သူမသည် မည်သည့်စကားမှ မဆိုပေ။
ဟွာဂျီယူသည် ငိုကြွေးနေသော်လည်း သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ရှိနေသည်။ သူမသည် အတွေးတစ်ချက်ဖြင့် ချင်းကျူမြို့တစ်မြို့လုံးကို အရောင်မဲ့ဘုံနတ်စွမ်းအားဖြင့် လွှမ်းခြုံလိုက်လေသည်။ ထို့ကြောင့် မည်သည့်နတ်အာရုံမှ ချင်းကျူမြို့အတွင်းသို့ ကြည့်နိုင်တော့မည် မဟုတ်ပေ။