← Chapters

မီးရှုးမီးပန်းများ

Vol. 208 Ch. 2959

မီးရှုးမီးပန်းများ

Vol. 208 Ch. 2959

ချင်းကျူမြို့တွင် တစ်နှစ် ကုန်ဆုံးသွားသည်။

ချင်းကျူရေကန်၏ ညရှုခင်းသည် လှပပေသည်။ ဤနေရာမှ ကျင့်ကြံသူများသည် ညအချိန်တွင် ထိုနေရာဝန်းကျင်၌ စုဝေးရသည်ကို နှစ်သက်ကြသည်။ တချို့သည် ရေကန်ပေါ်တွင် လှေကလေးများ လှော်ခတ်ကြပြီး အခြားသူများသည် ကန်ဘောင်တွင် အေးမြသော လေပြေလေညင်းလေးများကို ခံစားကြသည်။ သူတို့သည် ကိုယ့်နည်းဖြင့်ကိုယ် မြို့၏ ရှုခင်းကို ခံစားကြ၏။

ရေကန်ပေါ်တွင် သင်္ဘောတစ်စီး ရွက်လွှင့်လာသည်ကို မြင်ရပြီး ၎င်းထံမှနေ၍ ကု့ချင်းသံ ထွက်ပေါ်လာသည်။

ကု့ချင်းဖြင့် သာယာသော ဂီတတစ်ခုကို တီးနေသော မိန်းမလှလေးသည် လူအုပ်၏ အာရုံစိုက်မှုကို ခံနေရ၏။ သူတို့တော်တော်များများသည် တူရိယာတီးခတ်နေသူကို ကြည့်ကာ ခေါင်းတဆတ်ဆတ်ဖြင့် ရှိနေကြ၏။ လူငယ်တချို့သည် ကု့ချင်းတီးသူကို အရူးအမူးချစ်ခင်မှုဖြင့်ပင် ကြည့်နေကြသည်။ သို့သော် သူတို့အများစုသည် သူတို့၏ခံစားချက်ကို သူတို့ရင်ထဲတွင်သာ သိမ်းထားကြ၏။

ဆရာဟွာသည် ချင်းကျူကျောင်းတော်၏ ဆရာခေါင်းဆောင်ဖြစ်ပြီး ကျောင်းတော်တွင် လေးစားခံရသူတစ်ဦးဖြစ်သည်။ မြို့သူ၊ မြို့သားအားလုံးသည် သူ့ကို ကောင်းစွာသိကြသည်။ အထူးသဖြင့် လှပသောရုပ်ရည်ရှိသော သူ၏သမီး ဟွာနန်းယွီကို လူတိုင်းသိကြ၏။ သူမကို လူများစွာက နှစ်သက်၊ ချီးမွမ်းကြပေသည်။ သူမကို နှစ်သက်သူ များစွာရှိသော်လည်း သူတို့အများစုသည် သူတို့၏ ရွက်ကြမ်းရည်ကြိုရုပ်ရည်ကို ရှက်ရွံ့ကြပြီး သူမနှင့် မည်သည့်အခါမှ လိုက်ဖက်ညီမည်မဟုတ်ဟု သိကြ၏။

တစ်ချိန်တည်းမှာပင် ဘေးမှကြည့်နေသူတချို့သည် ဟွာနန်းယွီ၏နောက်တွင် ရပ်နေသော ယောက်ကျား၊ မိန်းမ စုံတွဲကို ကြည့်လိုက်သည်။ ယောက်ျားသည် ငွေဖြူရောင်ဆံပင်ရှည်များရှိပြီး ခံ့ညားသောရုပ်ရည်ရှိသည်။ မိန်းမမှာမူ လှပချောမောပေသည်။ သူမသည် ဟွာနန်းယွီထက်ပင် ပို၍ချောမောပေသည်။ ချက်ချင်းပင် ချင်းကျူမြို့မှ လူများသည် သူမမှာ ဟွာနန်းယွီ၏ အစ်မဖြစ်ကြောင်း သိလိုက်ကြသည်။ အားလုံးသည် ထိုမိန်းမလှလေးများကို ကြည့်ကာ ဆရာဟွာသည် အဘယ်သို့ ထိုသို့သော သမီးလှလေးနှစ်ယောက်ကို မွေးထားနိုင်သနည်းဟု တွေးနေကြ၏။

သူမသည် ဟွာနန်းယွီထက်ပင် လှပပေရာ အားလုံး၏ အာရုံစိုက်မှုကို ခံရ၏။

ထို့ကြောင့် ရီဖူရှင်းသည် ရှုသိုးသိုးအကြည့်များဖြင့် အကြည့်ခံရလေသည်။ ရီဖူရှင်းက မိန်းမလှလေးနှစ်ယောက်ဘေးတွင် ရပ်နေပြီး ဟွာနန်းယွီက ကု့ချင်းတီးနေသည်ကို မြင်လိုက်သောအခါ သူတို့၏မျက်လုံးများတွင် မနာလိုမှုများဖြင့် ပြည့်နှက်သွားကြသည်။

သူတို့အများစုသည် သူတို့သာ ထိုသို့ဆက်ဆံခံရသူဖြစ်ပါက သေပျော်ပြီဟု တွေးလိုက်ကြသည်။

ကောလာဟလများအရ ထိုသူသည် ဆရာဟွာ၏ တပည့်ဖြစ်သည်ဟု သိရသည်။ ဆရာဟွာသည် ထိုတပည့်အကြောင်းကို ကြွားဝါတတ်ပေသည်။

“သူက တော်တော်ကို အရေးပေးခံနေရတာပဲ”

တစ်စုံတစ်ယောက်က သူတို့၏လှေကို လှော်ခတ်ရင်း ရေရွတ်လိုက်သည်။

“ခံ့ခံ့ညားညား မွေးလာတာက တကယ့်ကို အခွင့်ထူးရတာပဲ”

တချို့သည် ရီဖူရှင်းကို ကြည့်လိုက်ပြီး သူတို့ကိုယ်သူတို့ ပြန်ကြည့်လိုက်ကြသည်။ သူတို့အကြားမှ ရုပ်ရည်ကွာခြားမှုသည် သူတို့ကို စိတ်ဓာတ်ကျသွားစေသည်။ သူ၏ ငွေဖြူရောင်ဆံပင်နှင့် သူ၏ဟန်ပန်သည် သူ့ကို ပို၍ပင် ခံ့ညားစေ၏။

ရီဖူရှင်းသည် ကြည့်နေသူများ၏ အကြည့်များကို အရေးမစိုက်ပေ။ မြို့တွင်းမှ လူများသည် သူ့ကို အားကျ၊ မနာလိုသည့် အကြည့်များနှင့် ကြည့်နေသော်လည်း သူတို့အများစုသည် ရိုးရှင်းသူများဖြစ်သည်။ သူသည် လက်ရှိကျင့်ကြံခြင်းအဆင့်သို့ ရောက်ကတည်းက အမြင်ပြောင်းသွားခဲ့ပြီဖြစ်သည်။

ရီဖူရှင်းသည် လှေကို မှီကာ ချင်းကျူရေကန်၏ ညအလှကို ခံစားနေလိုက်သည်။ ထိုမြင်ကွင်းများသည် သူ့အား အတိတ်မှနေ့ရက်များကို ပြန်အမှတ်ရစေ၏။

အတိတ်တွင် သူသည် ဤနေရာသို့ နေ့တိုင်းလာ၍ လှေတစ်စင်းပေါ်တွင် ထိုင်ကာ လူများ၏ လှုပ်ရှားသွားလာမှုကို ကြည့်ရင်း သာမန်လူတစ်ယောက်၏ဘဝကို ဖြတ်သန်းခဲ့သည်။ ယခု သူသည် ထို့ကြည့်နေသူများထဲတွင် သူ့ကိုယ်သူ ပြန်မြင်နိုင်ပေသည်။

“ငါတို့ ဒီရှုခင်းကို သောက်စရာကောင်းကောင်းလေးနဲ့ ခံစားသင့်တယ်... ပြီးတော့ သီချင်းလေးတွေ နားထောင်ပြီး ကဗျာတစ်ပုဒ်လောက် ရွတ်ကြတာပေါ့”

“နင့် စိတ်ကြိုက် လုပ်ပါ”

ဟွာဂျီယူသည် ပြုံး၍ ပြန်ပြောလိုက်၏။

“ခက်တာက နင်က စာပေတွေ၊ ကဗျာတွေနဲ့ ပတ်သတ်ပြီး သိပ်မသိဘူး”

ရီဖူရှင်း သက်ပြင်းချလိုက်၏။ ဟွာဂျီယူသည် မျက်လုံးပင့်ကြည့်လိုက်ပြီး ရှားရှင်းယွန်က ရယ်လိုက်၏။

“ငါသာ ဒီလို အသက်ရှူမှားလောက်အောင် သာယာတဲ့ နေရာတစ်ခုမှာ မိန်းမလှလေးတွေနဲ့ နေမလား ဒါမှမဟုတ် တစ်လောကလုံးကို ယူမလားဆိုပြီး ရွေးရရင် အ‌ရှေ့ကဟာကိုပဲ ရွေးမယ်”

ရီဖူရှင်းသည် သူမတို့နှစ်ယောက်၏ အပြုံးများကို မြင်လိုက်သဖြင့် စနောက်လိုက်ခြင်းပင်။ ထို့ကြောင့် သူမတို့က သူ့ကို မျက်စောင်းခဲလိုက်ကြသည်။

သို့သော် ဟွာဂျီယူသည် ယခုအခိုက်တွင် အပျော်ဆုံးဖြစ်သည်။ မည်သည့် ပဋိပက္ခမှလည်း ရှိမနေပေ။ ထို့အပြင် ရီဖူရှင်းသည်လည်း သူ၏တာဝန်ကို အာရုံစိုက်စရာမလိုပေ။ ထို့ကြောင့် သူသည် သူမတို့နှင့် အချိန်ကုန်ဆုံးနိုင်ပေသည်။ သူမသည် ဤအခိုက်အတန့်ကို ရှားရှင်းယွန်နှင့် မျှဝေရခြင်းကို လုံးဝ မကျေမနပ် မဖြစ်ပေ။

ဤကဲ့သို့သော ဘဝမျိုးသည် အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာသကဲ့သို့ ဖြစ်နေပြီဖြစ်သည်။

ရှားရှင်းယွန်အတွက်လည်း ထို့အတူပင်။ သူမသည် မည်သည်ကို ထပ်မံတောင်းဆိုရပါမည်နည်း။

ယခင်က အချိန်သည် သူမအပေါ် မကြင်နာခဲ့ဖူးပေ။

သို့သော် ဤပျော်ရွှင်ဖွယ်အခိုက်အတန့်သည် ယာယီသာဖြစ်ကြောင်း သူမသိပေသည်။ အနာဂတ်တွင် မည်သည်များ ဖြစ်လာမည်ကို မည်သူမှ မပြောနိုင်ချေ။ ဟွာဂျီယူသည် ချင်းကျူမြို့ တစ်မြို့လုံးကို သူမ၏ အရောင်မဲ့ဘုံနတ်စွမ်းအားဖြင့် ကာရံထားသော်လည်း ရီဖူရှင်းအနေဖြင့် အပြင်တွင် ဖြစ်နေသောကိစ္စများကို မသိဘဲနေမည် မဟုတ်ပေ။ သူသည် ဤ‌လောက၏ ကောင်းကင်လမ်းစဉ်ကို ဖန်တီးခဲ့သူ မဟုတ်ပါလား။

သို့သော် ရီဖူရှင်းသည် ထိုအကြောင်းကို မပြောသဖြင့် သူမတို့လည်း မလိုအပ်သည်များကို မမေးလိုက်ကြပေ။ သူမတို့သည် သူဘေးတွင်နေကာ ငြိမ်းချမ်းသည့်အချိန်ကို ခံစားနေကြမည်ဖြစ်သည်။

ရီဖူရှင်းသည် အပြင်တွင် ဖြစ်နေသော ကိစ္စများအားလုံးကို သိပြီးဖြစ်ကြောင်း ပြောနေရန်ပင် မလိုပင်။ အမှန်တွင် သူ၏လက်ရှိအခြေအနေသည် မဟာအင်ပါယာခြောက်ပါးခေတ်က လူသားဘိုးဘေး၏အခြေအနေနှင့် ဆင်တူပေသည်။ သူသည် သူ၏အသိစိတ်တစ်ခုမှ ဖြစ်တည်လာသော ကိုယ်ပွားတစ်ခုသာဖြစ်သည်။ သူသည် ဒြပ်ထည်ရှိလာအောင် အရင်ဆုံးပြုလုပ်ပြီးမှ လူသားပုံစံ ပြန်ပြောင်းရမည်ဖြစ်သည်။ သူ ဤသို့ တည်ရှိနိုင်နေသည်ကိုပင် ရှားရှင်းယွန်အား ကျေးဇူးတင်ရမည်ဖြစ်သည်။ အကယ်၍ သူမသာ သူမကိုယ်သူမ အသက်သစ်ပင်အဖြစ် မပြောင်းလဲခဲ့လျှင် သူသည် သူ၏အသိစိတ်ကို ပြန်နှိုးရန် အချိန်ပို၍ လိုအပ်မည်ဖြစ်သည်။

သူသည် ရုပ်ခန္ဓာဖြင့် ပြန်လာနိုင်မည့် အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။

လှေသည် ရေကန်‌ပေါ်တွင် ရွေ့လျားနေပြီး ဟွာနန်းယွီသည် သိမ်မွေ့စွာပြုံးရင် ကု့ချင်းတီးနေလေသည်။ ထိုမြင်ကွင်းသည် လှပသော မြင်ကွင်းတစ်ခုပင်။

“မိန်းကလေး နန်းယွီ”

မျက်နှာချင်းဆိုင်ရှိ ဇိမ်ခံသင်္ဘောတစ်စီးထံမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။ သင်္ဘောပေါ်ရှိ နေရာတော်တော်များများတွင်”ကောင်း”စာလုံး ရေးထွင်းထာသည်ကို တွေ့ရလေသည်။

ကောင်းကလန်၏ သင်္ဘောသည် ဘေးမှ လူများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

ကောင်းကလန်သည် ချင်းကျူမြို့တွင် မကြာခင်ကမှ ကြွယ်ဝလာသော ကလန်တစ်ခုဖြစ်သည်။ ထိုကလန်သည် လျင်မြန်စွာ ဂုဏ်သတင်းကြီးလာပြီး ပြီးခဲ့သောနှစ်ပိုင်းအတွင်းတွင် ထိုကလန်မှနေ၍ ထင်ရှားသူများ များစွာ ထွက်ပေါ်လာခဲ့သည်။ ထိုကလန်၏ ခေါင်းဆောင်၏ ပါးနပ်မှုများနှင့် ထူးကဲသော ခေါင်းဆောင်မှုကြောင့် ကောင်းကလန်သည် အချိန်တိုအတွင်းမှာပင် ချင်းကျူမြို့၏ ထိပ်တန်းကလန်များထဲမှ တစ်ခု ဖြစ်လာလေသည်။

ချင်းကျူကျောင်းတော်၏ အုပ်ချုပ်ရေးပိုင်းမှ လူတော်တော်များများသည် ကောင်းကလန်မှ ဖြစ်သည်။ ပို၍အင်အားကြီးလာရန် ချင်းကျူကျောင်းတော်ကို လွှမ်းမိုးနိုင်ရန်လိုကြောင်း သူတို့သိပေသည်။ ထိုနည်းဖြင့်သာ သူတို့၏ မိသားစုကလန်သည် ကြွယ်ဝကာ ဂုဏ်ရှိန်ကြီးလာမည်ဖြစ်သည်။

ချင်းကျူကျောင်းတော်မှ ဆရာဟွာသည် ဆန်းကြယ်သူတစ်ဦးဖြစ်သည်။ ကောင်းကလန်သည် သူ၏နောက်ကြောင်းကို မတူးဆွနိုင်ပေ။ သူ၏ အင်အားအစစ်အမှန်ကိုလည်း မသိရပေ။ သူသည် သူတို့၏ မျက်နှာလိုမျက်နှာရလုပ်မှုကို အကြိမ်ပေါင်းများစွာ ငြင်းပယ်ခဲ့သည်။ ဆရာဟွာသည် ရိုးရှင်းသောဘဝတစ်ခုကို ဖြတ်သန်းနေပြီး ကျော်ကြားမှုနှင့် အာဏာကို အရေးမစိုက်ပေ။ ထို့ကြောင့် ကောင်းကလန်သည် သူ့ကို အတိုင်းအတာတစ်ခုအထိ လေးစားသမှုပြခြင်းဖြစ်သည်။

အစောက ပြောလိုက်သူသည် ကောင်းကလန်မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော ကောင်းယွင်ဖြစ်သည်။ သူသည် မျိုးဆက်သစ်များထဲတွင် အထူးချွန်ဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ကလန်သည် ဆရာဟွာ၏ မျက်နှာသာပေးမှုကိုရရန် ကြိုးစားနေကြောင်း သူသိပေသည်။ သူ၏သမီး ဟွာနန်းယွီသည် လှပသောမိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူသည် သူမအနား ကပ်နိုင်ရန် ကြိုးစားခဲ့သော်လည်း တစ်ခါမှ အခွင့်အရေး မရခဲ့ချေ။

ဟွာနန်းယွီသည် ကောင်းယွင်ကို တွေ့လိုက်၏။ ထို့ကြောင့် သူမသည် သူ့ကို ခေါင်းဆတ်ပြ၍ ပြန်နှုတ်ဆက်လိုက်ပြီးနောက် ဆက်၍ လျစ်လျူရှုနေလိုက်သည်။

“ကျုပ် မိန်းကလေး ဟွာဂျီယူရဲ့ အကြောင်းတွေ အများကြီး ကြားဖူးတယ်။ ဒီနေ့မှာ အခုလို လူချင်းတွေ့ရတာ ကျုပ် ဝမ်းမြောက်မိတယ်။ ကျုပ်က ဆရာဟွာကို အမြဲ လေးစားနေခဲ့တာပါ။ ဆရာဟွာရဲ့ ဇာတ်လမ်းတွေအကြောင်း ပြောရအောင် ကျွန်တော့်ရဲ့ သင်္ဘောပေါ်ကို ကြွခဲ့ပါလားခင်ဗျာ။ မိန်းကလေးတို့နှစ်ယောက် ကျွန်တော့်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ”

ကောင်းယွင်သည် ဟွာဂျီယူကိုကြည့်၍ ပြောလိုက်သည်။ သူသည် ရီဖူရှင်းကိုတော့ လျစ်လျူရှုလိုက်၏။

ဟွာဂျီယူသည် စိတ်ရှုပ်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။ သူမ၏မျက်လုံးများထဲတွင် အေးစက်စက်အကြည့်တစ်ခု ဖြတ်သန်းသွားသည်။ သို့သော် ကောင်းယွင်သည် ထိုအကြည့်ကို သတိမပြုမိလိုက်ပေ။ ရီဖူရှင်းသည် သူမ၏လက်ကို ဆုပ်ကိုင်ကာ ကောင်းယွင်ကို ပြောလိုက်၏။

“ကျုပ် စိတ်မကောင်းပါဘူး။ ဒီနေ့ သူတို့ မအားပါဘူး”

ကောင်းယွင်သည် ရီဖူရှင်း၏ စကားများကို ကြားသောအခါ ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူရထားသော သတင်းအရ ရီဖူရှင်းသည် ဆရာဟွာ၏ တပည့်ဖြစ်သည်။ သို့‌သော် သူ့အကြောင်းကို နည်းနည်းသာ သိရ၏။ ခေတ္တကြာပြီးနောက် သူသည် အစောက ရီဖူရှင်း၏ စကားများကို မကြားလိုက်သကဲ့သို့ ဟွာဂျီယူနှင့် ဟွာနန်းယွီတို့ကို ပြန်ကြည့်လိုက်သည်။

ဟွာနန်းယွီသည် သူ့ကို ဆက်၍ လျစ်လျူရှုထား၏။ လှေသည် အရှေ့သို့ ဖြည်းဖြည်းချင်း ဆက်ရွေ့သွားသည်။ မကြာခင်တွင် သူမတို့၏လှေသည် ကောင်းယွီ၏ သင်္ဘောကို ဖြတ်ကျော်ကာ ဆန့်ကျင်ဘက်သို့ ဆက်သွား၏။

ကောင်းယွင်သည် လှေကို ငေးကြည့်နေ၏။ လှေသည် သူမြင်ကွင်းမှနေ၍ တဖြည်းဖြည်း ဝေးသွား၏။ သူ၏မျက်လုံးများထဲတွင် ညိုမှိုင်းသည့်အရိပ်အယောင်တစ်ခု ဖြတ်သွားသည်။ ချင်းကျူးတွင် ကောင်းယွင် မလုပ်နိုင်သည့်အရာ မရှိပေ။

လှေပေါ်တွင် ဟွာဂျီယူသည် တစ်စုံတစ်ခု ပြောလိုသကဲ့သို့ ရီဖူရှင်းကို ကြည့်လိုက်သည်။ သို့သော် ရီဖူရှင်းက ပြောလိုက်၏။

“ဘာလို့များ ပမွှားလေးတွေအတွက် စိတ်ရှုပ်ခံနေမှာလဲ”

ရီဖူရှင်းသည် ထိုသို့ပြောပြီးနောက် ချင်းကျူရေကန်ဘေးကို ကြည့်လိုက်၏။ တစ်စုံတစ်ယောက်သည် မီးရှူးမီးပန်းများကို မီးညှိလိုက်သဖြင့် ယင်းတို့သည် ကောင်းကင်ထက်သို့ လှပစွာ ပျံတက်သွားကြသည်။ သူမေးလိုက်၏။

“ငါတို့ (၁၆)နှစ်အရွယ်က အကြောင်းတွေကို မင်း မှတ်မိသေးလား”

“မှတ်မိတာပေါ့”

ဟွာဂျီယူသည် လှပသော မီးရှူးမီးပန်းများကို ကြည့်ကာ အစောက စိတ်ရှုပ်ဖွယ်အဖြစ်ကို သူမ၏ ခေါင်းထဲမှ မောင်းထုတ်လိုက်၏။ သူမ၏မျက်လုံးများသည် သူမကြည့်နေသော မီးရှူးမီးပန်းများထက်ပင် လှပနေပေသည်။

All Chapters