← Chapters

ကောင်းကင်သည် မည်မျှ မြင့်သနည်း

Vol. 208 Ch. 2960

ကောင်းကင်သည် မည်မျှ မြင့်သနည်း

Vol. 208 Ch. 2960

အနန္တဘုံမှ ကျင့်ကြံသူများသည် နတ်ဘုရားမြို့တော်သို့ အဆက်မပြတ် ရောက်လာနေကြသည်။ အနန္တဘုံမှ အင်မော်တယ်အရှင်၏ အသိစိတ်ကို ဤလောကအတွင်းသို့ ဆင့်ခေါ်ခဲ့ပြီဖြစ်သည်။ ယခုတွင် ထိုအသိစိတ်သည် နတ်ဘုရားမြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သူတို့သည် ထိုနေရာကို သိမ်းပိုက်ထားပြီဖြစ်ပြီး မကြာခင်တွင် တစ်လောကလုံးကို သိမ်းပိုက်တော့မည်ဖြစ်သည်။

လောကတစ်ခွင်လုံးမှ နေရာအများအပြားတွင် စစ်ပွဲများ ဖြစ်ပွားနေသည်။ ထိုစစ်ပွဲများတွင် ကောင်းကင်လမ်းစဉ်ကို အုပ်စိုးသော အင်အားစုများအပြင် အခြားအင်အားစုများစွာ ပါဝင်ပေသည်။

ကောင်းကင်အာဏာစက်နန်းတော်တည်ရှိရာနေရာတွင် ကြောက်မက်ဖွယ် စစ်ပွဲတစ်ပွဲ ဖြစ်ပွားနေသည်။

သောကျောက်၊ ရှောင်မုယွီ၊ လုံချန်နှင့် အခြားသူများသည် စစ်မြေပြင်၏ နေရာအသီးသီးတွင် ရှိနေပြီး ရန်သူများက သူတို့ကို ဝန်းရံထားကြသည်။ သောကျောက်သည် တိုက်ခိုက်ခြင်းနတ်ဘုရား၏ ဝိညာဉ်စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပလာ၏။ သို့ပင်လျှင် သူသည် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ရသဖြင့် ပင်ပန်းနေပြီဖြစ်သည်။ သူသည် မောဟိုက်နေပြီး သူ၏နှုတ်ခမ်းစွန်းများမှနေ၍ သွေးစီးကျနေသည်။

ရှောင်မုယွီသည်လည်း ထို့အတူပင်။ သူမ၏ အနက်ရောင်ဝတ်စုံသည် သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကောက်ကြောင်းကို‌ ပေါ်လွင်နေစေသည်။ စွန်းနေသော သွေးများသည် ခါးသက်သက်အငွေ့အသက်ကို ပို၍ အားကောင်းနေစေသည်။

“ငါတို့ ဒီမှာ သေတော့မှာလား”

ရှောင်မုယွီက ရေရွတ်လိုက်၏။ သူမတို့သည် အတိတ်က ကောင်းကင်လမ်းစဉ်၏ တိုက်ပွဲတွင် မသေသွားခဲ့ပေ။ သို့သော် အနန္တဘုံမှ ကျူးကျော်မှုကို ခုခံရခြင်းသည် ဤမျှ ခက်ခဲလိမ့်မည်ဟု သူမတို့ မမျှော်လင့်ထားကြပေ။ ထိုအချိန်တွင် သူမတို့၏စစ်မြေပြင်အထက်ရှိ ကောင်းကင်တွင် ကမ္ဘာဖျက်ကပ်ဘေးနှင့် တူသော ကြောက်မက်ဖွယ် အနက်ရောင်မုန်တိုင်းတစ်ခု လွှမ်းခြုံသွားသည်။

အနန္တဘုံ၏ အင်အားပမာဏာသည် ကြီးမားလွန်းပေသည်။ ဤနှစ်များအတွင်း တိုက်ခိုက်ခဲ့ရမှုက သူတို့ကို ကိစ္စတစ်ခု သိသွားစေခဲ့သည်။ အနန္တဘုံသည် စကြဝဠာတစ်ခုတည်းမဟုတ်ဘဲ စကြဝဠာများစွာ ဖွဲ့စည်းထားသော နေရာတစ်ခုဖြစ်သည်။ စကြဝဠာတစ်ခု၏ အထူးချွန်ဆုံးသူကို အင်မော်တယ်ဘုရင်ဟု ခေါ်၏။ အင်မော်တယ်ဘုရင်သည် သူတို့၏ အင်မော်တယ်အရှင်လက်အောက်တွင် ထိုလောက၏ စည်းမျဉ်းကို အုပ်စိုးရ၏။

အာကာသလမ်းကြောင်း ပွင့်သွားကတည်းက အခြားစကြဝဠာများမှ ကျင့်ကြံသူများသည် ဤလောကသို့ အဆက်မပြတ် ကျူးကျော်လာခဲ့သည်။ သူတို့သည် စစ်ပွဲများ စခဲ့ပြီး ပစ္စည်းများကို လုယက်ခဲ့သည်။ ထိုသို့သော ဖြစ်ရပ်များသည် ထပ်ခါ ထပ်ခါ ဖြစ်ပျက်ခဲ့သည်။ ပို၍ ဆိုရလျှင် သူတို့သည် တဖြည်းဖြည်းဖြင့် တစ်လောကလုံးကို သိမ်းပိုက်တော့မည်ဖြစ်သည်။

“ငါက အခုထိ မဟာအင်ပါယာတစ်ပါးတောင် ဖြစ်မလာရသေးဘူး။ ငါ ဘယ်လိုမှ ကိုယ့်ကိုယ်ကို ဒီနေရာမှာ အသေခံမှာ မဟုတ်ဘူး။ ဆက်ပြီး တိုက်ခိုက်ကြမယ်”

သောကျောက် အော်လိုက်၏။ ထို့နောက် သူသည် တိုက်ခိုက်ခြင်းနတ်ဘုရား၏ ဝိညာဉ်စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်ရာ သူ၏ခန္ဓာကိုယ်ပင် ပျက်စီးလုနီးပါး ဖြစ်သွားသည်။

ရုတ်ခြည်းပင် နတ်ဘုရားအစစ်တစ်ပါး၏ ဝိညာဉ်စွမ်းအားထွက်ပေါ်လာသကဲ့သို့ စွမ်းအားကြီး ဝိညာဉ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာလေသည်။ မည်သို့ပင်ဖြစ်စေ သူ၏ဝိညာဉ်စွမ်းအားသည် အဆုံးစွန်ထိ ရောက်သွားပြီဖြစ်သည်။

သူသည် ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားကာ ဆက်လိုက်တိုက်ခိုက်လိုက်သည်။

ရှောင်မုယွီသည် ကောင်းကင်ထဲတွင် ဖြစ်ပွားနေသည်များကို ကြည့်နေ၏။ သူမ၏မျက်လုံးထဲတွင် ဝမ်းနည်းသည့်အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ သို့သော် သူမ၏အကြည့်သည် တစ်နေရာတည်းတွင်သာ ရှိနေသေးသည်။ သူမ ရေရွတ်လိုက်၏။

“ဆရာ.. ဆရာ ဘယ်တော့ ပြန်လာမှာလဲ”

ထိုအခိုက်အထိ သူမသည် တစ်နေ့နေ့တွင် သူမ၏ဆရာပြန်လာလိမ့်မည်ဟု ယုံကြည်နေသေးပေသည်။

သို့သော် ထိုကဲ့သို့ ယုံကြည်နေသူမှာ သူမတစ်ယောက်တည်း မဟုတ်ပေ။ ကောင်းကင်အာဏာစက်နန်းတော်မှ လူတိုင်းသည် ထိုသို့ ယုံကြည်ကြသည်။ သူတို့အားလုံးသည် တစ်နေ့နေ့တွင် သူ ပြန်လာလိမ့်မည်ဟု ယုံကြည်စွာ စောင့်ဆိုင်းနေကြသည်။

ရုတ်တရက် ကျင့်ကြံသူတစ်စုသည် လှည့်ပတ်ပျံသန်းကာ တိုက်ခိုက်လိုက်ပြီး ကောင်းကင်ကို တုန်ခါသွားစေသည်။ ရှောင်မုယွီသည် ထိုဘက်သို့ ကြည့်လိုက်၏။ သူမသည် နတ်ဆိုးလောကမှ စစ်ကူများ ရောက်လာသည်ကို တွေ့လိုက်သောအခါ မျက်လုံးများ ရုတ်ခြည်း ပြူးကျယ်သွား၏။

လက်ရှိတွင် ယူချင်းနှင့် သူ့အမိန့်အောက်မှ နတ်ဆိုးလောက၏ တပ်ဖွဲ့သည် အနန္တဘုံမှ ကျူးကျော်မှုကို ပြန်တိုက်ခိုက်ရန် အင်အားအကြီးဆုံးအင်အားစု ဖြစ်သည်။

နတ်ဆိုးအင်ပါယာယူချင်းသည် ကျိဝူတောက်ပြီးလျှင် နံပါတ်(၂)ဖြစ်သည်ဟု လောကအတွင်းမှ လူများက သတ်မှတ်ထားကြသည်။

****

လောကအတွင်းရှိ နေရာအနှံ့တွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ကံအားလျော်စွာ ဒေသကိုးခုသည် စစ်ပွဲ၏ ရိုက်ခတ်မှုကို မခံရသေးပေ။ ဒေသကိုးခုသည် ရီဖူရှင်း၏ မွေးရပ်မြေဖြစ်သည်။ လူများစွာသည် ဒေသကိုးခုသို့ ပြန်သွားခဲ့ကြသည်။ ဆိုရလျှင် ထိုလူများသည် ရီဖူရှင်းနှင့် ရင်းနှီးကြ၏။ ထို့ကြောင့် ဓားအင်ပါယာသုံးပါးသည် ဒေသကိုးခုကို ကာကွယ်နေခြင်းပင်။

ဒေသကိုးခုသည် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ လျှို့ဝှက်နယ်မြေ ဖြစ်ခဲ့သည်။

အပြင်ဘက်တွင် စစ်ပွဲများ ဖြစ်ပွားနေသော်လည်း ချင်းကျူမြို့သည် အေးချမ်းနေပေသည်။

ချင်းကျူကျောင်းတော်ထဲတွင် လူတစ်စုသည် စုဝေးနေပြီး စကားပြောနေကြသည်။

“အစ်ကိုရီက မမဂျီယူနဲ့ ဘယ်လိုသိခဲ့တာလဲ”

တစ်စုံတစ်ယောက်က စိတ်ဝင်တစား မေးလိုက်၏။ ရီဖူရှင်းသည် ဆရာဟွာ၏ သားမက်၊ မိန်းကလေးဂျီယူ၏ ခင်ပွန်း၊ ဖူးစာဖက် ဖြစ်သဖြင့် ချင်းကျူကျောင်းတော်တွင် ကျော်ကြားလာခဲ့သည်။ ထိုအရာများသည် အခြားလူများ အိပ်မက်သာ မက်နိုင်သောအရာများဖြစ်သည်။

ချင်းကျူကျောင်းတော်မှ လူငယ်လေးများသည် ရီဖူရှင်းအကြောင်းကို စိတ်ဝင်စားနေကြသည်။ သို့သော် သူတို့သည် သူ၏မျိုးရိုးအမည်မှာ ‘ရီ’ဖြစ်ပြီး သသည် ဆရာဟွာ၏ သားမက်ဖြစ်ကြောင်းကိုသာ သိကြပေသည်။

ထို့ကြောင့် သူတို့သည် သူကို အစ်ကိုရီဟု ခေါ်နေခြင်းပင်။ သို့သော် သူသည် သူတို့ အဖိုး၏အဖိုးထက်ပင် အသက်ပိုကြီးသည်ကို သူတို့မသိကြပေ။

“အဲဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုပေါ့ကွာ။ အဲဒီအချိန်တုန်းက မင်းတို့ မမဂျီယူနဲ့ ငါက ချင်းကျူကျောင်းတော်မှာ အတူတက်ခဲ့ကြတာ။ နောက်တော့ ငါက ငါ့ယောက္ခမနဲ့ မတော်တဆတွေ့ခဲ့တာပေါ့။ သူက ငါ့ကို သူ့တပည့်အဖြစ် လက်ခံခဲ့တယ်။ အဲဒီနောက်...”

ရီဖူရှင်းသည် စနောက်သည့်လေသံဖြင့် ရှင်းပြနေသည်။

ချက်ချင်းပင် လူငယ်လေးများသည် သူ့ကို မျက်နှာထားအမျိုးမျိုးဖြင့် ကြည့်လိုက်ကြသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကဟုတ်လား.. အစ်ကိုရီက အသက်ဘယ်လောက်မလို့လဲ။ ဘာလို့ အစ်ကိုရီက စနောက်ဖို့လုပ်နေရတာလဲ”

လူငယ်လေးတစ်ယောက်က မေးလိုက်၏။

“ဒီတော့ အစ်ကိုရီက မမဂျီယူနဲ့တွေ့ပြီးမှ ဆရာဟွာရဲ့ တပည့်အဖြစ် ကျောင်းတော်မှာ တက်ခဲ့တာပေါ့။ အကွက်လေးက တယ်လည်းလှပါလား”

လူငယ်လေးတစ်ယောက်သည် သူ့ကို အလွန်လေးစားနေသည်။

“အရင်တုန်းက ဆရာဟွာက သူ့တပည့်တစ်ယောက်က မျက်လုံးတစ်ဘက်ကို နေ၊ တစ်ဘက်ကို လအဖြစ် ပြောင်းနိုင်တဲ့ စွမ်းအားကြီးကျင့်ကြံသူဆိုပြီး ကြွားခဲ့ဖူးတယ်။ သူ့ရဲ့ ပါးစပ်ကနေပြီးတောင် လျှပ်စီးတွေ ပစ်နိုင်တယ်တဲ့။ အဲဒီတပည့်ဆိုတာ အစ်ကိုရီလား”

လူငယ်လေးတစ်ယောက်က ရီဖူရှင်းကို မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏မျက်စိရှေ့ရှိ ကိုယ်လူချောသည် ထိုမျှ စွမ်းဆောင်နိုင်စွမ်း ရှိမည့်ပုံ မပေါ်၍ပေ။

အကယ်၍ သူသာ ထိုသို့စွမ်းအားကြီးသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပါက သူသည် အရပ်မိုးထိုးနေသော ဧရာမလူကြီးတစ်ယောက် ဖြစ်နေမည် မဟုတ်ပါလား။

မဟုတ်လျှင် သူ၏မျက်လုံးများသည် အဘယ်သို့ နေနှင့်လအဖြစ် ပြောင်းလဲနိုင်ပါမည်နည်း။

“ဆရာဟွာက ငါ့အကြောင်းတွေကို မင်းတို့ကို ပြောပြလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး”

ရီဖူရှင်းက ပြုံး၍ ပြောလိုက်၏။

သူ ထိုသို့ပြောလိုက်ပြီးနောက်တွင် ထိုနေရာတစ်ခုလုံးသည် တိတ်ဆိတ်သွား၏။ လူငယ်လေးများအားလုံးသည် သူ့ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။

“အစ်ကိုရီက ဆရာဟွာရဲ့ သားမက်လို့ မပြောရဘူး.. ဆရာဟွာလို လေလုံးထွားတာပဲ”

“မင်းပြောတာမှန်တယ်... သူတို့အတွက် ကြွားတာက အသက်ရှူသလို အလွယ်လေးပဲ။ နတ်ဘုရားတွေတောင် သူတို့လောက် ကြွားနိုင်မှာ မဟုတ်ဘူး”

“လောကကြီးထဲက စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ် ကျိဝူတောက်ကရော အဲဒီလို ကြီးကျယ်ခံ့ညားလိမ့်မယ်လို့ ထင်လား”

လူငယ်လေးတစ်ယောက်က ကောင်းကင်သို့ မော့ကြည့်ကာ အထင်တကြီး ပြောလိုက်သည်။

“သူက ခံ့ညားလောက်မှာပေါ့။ ဓားအင်ပါယာသုံးပါးတောင် ‌ဒေသကိုးခုကို ချိပ်ပိတ်လိုက်တုန်းက ဘယ်လောက်မိုက်လဲကြည့်ပါလား။ ကျိဝူတောက်က လောကထဲက စွမ်းအားအကြီးဆုံးသူဆိုတော့ သေချာပေါက် သူတို့ထက်ပိုပြီး စွမ်းအားကြီးမှာပဲ”

“တစ်နေ့ကျရင် ဓားအင်ပါယာသုံးပါးနဲ့ တွေ့နိုင်ဖို့ ငါမျှော်လင့်တယ်”

“ငါသာ မဟာအင်ပါယာတစ်ပါးပါးနဲ့ တွေ့ရရင် နောင်တမရှိဘဲ သေနိုင်ပါပြီ”

“မင်းတို့ မကြာခင် မဟာအင်ပါယာတစ်ပါးကို တွေ့ရမှာပါ”

ရီဖူရှင်းက ခပ်ဖွဖွပြုံး၍ ပြောလိုက်၏။

“ဟုတ်လား... အဲဒီလို တွေ့နိုင်ဖို့ ကျုပ် ဘယ်နှနှစ်လောက် ကျင့်ကြံရမလဲဆိုတာ ဘယ်သူသိမလဲ။ ကျွန်တော့် ဘဝတစ်လျှောက်လုံး အဲဒီလို ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တာလဲ ဖြစ်နိုင်တာပဲ”

“လျှောက်တွေးမနေနဲ့တော့... မဟာအင်ပါယာနဲ့ တွေ့နိုင်ဖို့ဆိုတာ မလွယ်ဘူး။ သွားကြစို့... အတန်းစတော့မယ်”

လူငယ်တစ်ယောက်က ပြန်ပြောလိုက်၏။ သို့ဖြင့် လူငယ်လေးများသည် ထွက်သွားရန် ဟန်ပြင်၍ ပြောလိုက်ကြသည်။

“အစ်ကိုရီ... ကျုပ်တို့ အရင်သွားတော့မယ်။ နောက်ကျမှ အစ်ကိုကြွားတာတွေ ဆက်နားထောင်တာပေါ့”

ရီဖူရှင်းသည် ခေါင်းညိတ်လျှက် သူတို့ကို နှုတ်ဆက်လိုက်သည်။ သူသည် အတိတ်ကို ပြန်တွေးရင်း ပြုံးမိနေသည်။ ပြန်တွေးကြည့်လျှင် တစ်ချိန်တုန်းက သူသည်လည်း သူတို့ကဲ့သို့ လူငယ်လေးတစ်ဦး ဖြစ်ခဲ့ဖူးသည်။

သူ ထရပ်လိုက်ပြီး ချင်းကျူကျောင်းတော်ထဲတွင် လှည့်ပတ်လျှောက်လိုက်သည်။ ကြမ်းပြင်ကို တံမြက်စည်းလှဲနေသော အကြီးအကဲတစ်ဦးက သူ့ကို ပြုံး၍ နှုတ်ဆက်လိုက်၏။

“ကောင်စုတ်လေးရီ”

“အဲဒီလို ခံ့ညားတဲ့ရုပ်ရည်နဲ့ မွေးလာတော့ သူ့အတွက် ကောင်းလိုက်တာ”

ရီဖူရှင်းကို မနာလိုဖြစ်နေသော ဆရာငယ်လေးများသည် အဝေးမှနေ၍ သူ့အကြောင်း အတင်းပြောနေကြသည်။ သူတို့သည် ထိုအတင်းစကားများကို ရီဖူရှင်းကြားသွားမည်ကို အရေးမစိုက်ပေ။

ရီဖူရှင်းဘေးတွင် မိန်းမလှလေးများ ဝိုင်းဝိုင်းလည်နေပေသည်။ ထို့ကြောင့် လူများက သူ့ကို အားကျ၊ မနာလိုဖြစ်ကြခြင်းမှာ သဘာဝပင်။

“အဲဒါဆို ဘာလို့ မင်းတို့လည်း သူ့လို ခံ့ခံ့ညားညား မွေးမလာတာလဲကွ”

ကြမ်းပြင်ကို တံမြက်စည်းလှဲနေသော အကြီးအကဲက လှောင်ပြုံးပြုံး၍ ပြောလိုက်၏။

ရီဖူရှင်းသည် အကြီးအကဲကို ဦးညွှတ်ကာ သူ့လမ်းသူ ဆက်သွားလိုက်သည်။

ဤမြို့ငယ်လေးသည် တိတ်ဆိတ်သော နေရာတစ်ခုဖြစ်သော်လည်း အငြင်းပွားစရာများ ဖြစ်နေသည်။ လူ့ပတ်ဝန်းကျင်ရှိနေသ၍ အငြင်းပွားစရာများ အမြဲရှိနေမည် မဟုတ်ပါလော။

ကောင်းကလန်၏ ကောင်းယွင်သည် ဥပမာကောင်းတစ်ခုဖြစ်သည်။ သူသည် ယခုအထိ ဟွာနန်းယွီကို စွဲလမ်းနေဆဲဖြစ်ပြီး သူ၏မိသားစုကို မင်္ဂလာကြောင်းလမ်းပေးရန်ပင် ‌တောင်းဆိုနေသည်။ မျှော်လင့်ထားသလိုပင် ကောင်းကလန်သည် ဟွာဖန်းလူ၏ မျက်နှာသာပေးမှုကိုရရန် ကြံစည်ကာ လှုပ်ရှားနေပြီဖြစ်သည်။

ရီဖူရှင်းသည် ဖြစ်ပျက်နေသည်များကို အာရုံခံမိသောအခါ ခေါင်းခါလိုက်၏။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ချက် လက်သွား၏။ သူသည် ကောင်းကလန်မှ ထိုသူနှင့် ဟွာနန်းယွီတို့ အကြင်လင်မယားဖြစ်နေသည့် ပုံစံကို တွေးပင် တွေးမကြည့်နိုင်ပင်။

သူ ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်ကာ တွေးလိုက်၏။ ကောင်းကလန်သည် လောကကြီးက မည်မျှကျယ်ကြောင်း မသိပေ။

All Chapters