လူ့အရှုပ်အထွေးများ
Vol. 208 Ch. 2961
ချင်းကျူကျောင်းတော်ဘေးရှိ ခြုံဝန်း၏အနောက်တွင် ရေကန်တစ်ကန်ရှိပေသည်။ ထိုနေရာတွင် ရီဖူရှင်းနေထိုင်၏။
ရေကန်ဘေးတွင် သစ်ပင်အိုကြီးတစ်ပင် ရှိသည်။ ယခုတွင် ရီဖူရှင်းသည် သစ်ပင်အောက်တွင် ထိုင်ကာ ငါးမျှားနေသည်။ ငါးတစ်ကောင်မိလျှင် ရီဖူရှင်းသည် ငါးမျှားတံကို ဆွဲထုတ်လိုက်ပြီး ရှားရှင်းယွန်က ငါးမျှားကြိုးကို လှမ်းဆွဲကာ မိထားသော ငါးကို ခြင်းထဲသို့ ထည့်လေသည်။
သူမသည် ထိုသို့သော သာမန်ဘဝတစ်ခုကို နေထိုင်ရင်း အလွန်ပျော်ရွှင်နေပေသည်။ သူမသည် နားရွက်တက်ချိတ်တော့မတတ် ပြုံးကာ ပြောလိုက်၏။
“ဒီတစ်ကောင်က အစောက တစ်ကောင်ထက် ပိုကြီးတယ်”
“ကြည့်ရတာ ငါတို့ တဝကြီး စားရတော့မယ့်ပုံပဲ”
ရီဖူရှင်းက ပြုံးကာ ပြန်ပြောလိုက်သည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးနေ၏။ ရီဖူရှင်းလည်း ဆက်၍ ငါးမျှားနေသည်။ မကြာခင်တွင် သူသည် မျက်လုံးများ မှေးလာပြီး အိပ်ပျော်သွား၏။
ရှားရှင်းယွန်သည် ထိုင်ကာ တိတ်တဆိတ် စောင့်နေလေသည်။
*****
ဒေသကိုးခုနှင့် ဝေးကွာသော ကုန်းမြေတစ်ခုပေါ်တွင် လူသူကင်းရှင်းသည့် နှင်းဖုံးတောင်တန်းများက ဝန်းရံထားသော တိတ်ဆိတ်သည့် တောင်ကြားတစ်ခုတွင် တဲအိမ်လေးတစ်အိမ်ရှိနေပေသည်။ ထိုအချိန်တွင် သူတော်စင်တစ်ပါးကဲ့သို့သော အဘိုးအိုတစ်ဦးသည် တဲအပြင်တွင် ထိုင်ကာ ငါးမျှားနေသည်။
ထိုနေရာတွင် တစ်လောကလုံးမှ အရာအားလုံး တိတ်ဆိတ်နေသကဲ့သို့ပင်။ မည်သူမှ အသံပြုမည် မဟုတ်ပေ။
ရုတ်တရက် အဘိုးအိုသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက်တွင် အခြားနေရာတစ်ခု၌ အခြားလူရိပ်တစ်ခုသည် ငါးမျှားနေသည်ကို မြင်လိုက်ရသည်။
အဘိုးအိုသည် ထိုလူရိပ်ကို တွေ့လိုက်သောအခါ အပြုံးတစ်ချက် လက်သွား၏။
“ဆရာသခင်...”
လူရိပ်က သူ့ကို ဦးညွှတ်ကာ ပြုံးပြလိုက်၏။ ယခုတွင် ထိုအဘိုးအိုသည် လေးမျက်နှာကျေးရွာ၏ ဆရာသခင်ဖြစ်ကြောင်း သိလောက်ပေပြီ။ သူသည် လူရိပ်ကို ကြည့်ကာ မေးလိုက်၏။
“မင်း ပြန်ရောက်လာတာ ဘယ်လောက်ကြာခဲ့ပြီလဲ”
“နည်းနည်းတော့ ကြာပါပြီ”
ရီဖူရှင်း ပြန်ဖြေလိုက်၏။
“ကျုပ် ဆရာသခင်ကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်”
“ကိစ္စမရှိပါဘူး”
ဆရာသခင်က ရီဖူရှင်းကို ပြုံး၍ ကြည့်လိုက်သည်။
ထိုအချိန်တွင် ရီဖူရှင်းသည် သာမန်လူတစ်ယောက်နှင့် တူနေပေပြီ။ သူ၏ ရုပ်ရည်သည် ယခင်ကကဲ့သို့ပင် ခံ့ညားသော်လည်း သူ့ထံမှ မည်သည့် အရှိန်အဝါမှ ထွက်မနေပေ။ သူနှင့် သာမန်လူတစ်ယောက်ကြားတွင် မည်သည့်ကွာခြားချက်မှ မရှိချေ။
ရီဖူရှင်းသည် သူ၏မူလသဘာဝသို့ ပြန်ရောက်သွားပြီဖြစ်သည်။ သူသည် ဤလောကထဲမှ မြူမှုန်တစ်မှုန်ကဲ့သို့၊ မထင်မရှားသက်ရှိတစ်ယောက်ကဲ့သို့ပင်။
“အခု မင်းက နောက်တစ်ဆင့်ကို ရောက်သွားပြန်ပြီပေါ့”
ဆရာသခင်က ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်သည်။
“ကျုပ် အခုတစ်ခေါက်လာတာ ဆရာသခင်ကို ကိစ္စတစ်ခု မေးချင်လို့ပါ”
ရီဖူရှင်း ပြောလိုက်သည်။
“မေးပါ...”
ဆရာသခင်က ခေါင်းညိတ်လျှက် ပြန်ပြောလိုက်၏။
“ဆရာသခင်... အရင်တုန်းက ဆရာသခင်က အချိန်ထဲမှာ ပိတ်မိနေခဲ့တာလို့ ပြောခဲ့ဖူးတယ်မလား။ နောက်ဆုံးမှာ အဲဒီပိတ်မိနေတာကနေ ဘယ်လို လွတ်မြောက်ခဲ့တာလဲ”
ရီဖူရှင်း မေးလိုက်သည်။ သူ ပြန်ရောက်လာကတည်းက သူသည် နေ့စဉ် မည်သည့်ကိစ္စကိုမှ လုပ်မနေခဲ့ဟု ထင်ရသည်။ သို့သော် သူသည် မပြတ် တရားထိုင်နေခဲ့ခြင်းပင်။
သို့ရာတွင် လက်ရှိ သူပြုလုပ်နေသော တရားထိုင်မှုမျိုးသည် ယခင်ကနှင့် မတူပေ။ သူသည် ကောင်းကင်လမ်းစဉ် ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့် ယခင်ကကဲ့သို့ တရားထိုင်ခြင်းသည် သူ့အတွက် လုံးဝအကျိုးမရှိပေ။
ထို့အပြင် ယခင်က လူသားဘိုးဘေးနှင့် တိုက်ပွဲသည် သူ့ကို အရာများစွာ သင်ပေးခဲ့သည်။
လောကအတွင်းရှိ အရာအားလုံးသည် တဖြည်းဖြည်းဖြင့် မူလပုံစံသို့ ပြန်ရောက်သွားမည်ဖြစ်သည်။
“အခု မင်းက ရှုထောင့်အလွှာအကန့်အသတ်တွေကို ဖြတ်ကျော်ပြီး ဒီနေရာကို ရောက်လာနိုင်ခဲ့ပြီဆိုတော့ ပိုပြီးမြင့်တဲ့ အဆင့်ကို ရောက်သွားပါပြီ။ မင်းက ကောင်းကင်လမ်းစဉ်ကို ထိန်းချုပ်နိုင်တယ်... မင်းရဲ့ ကိုယ်ပွားကို ဖန်တီးနိုင်တယ်။ အရင်တုန်းက ငါ အချိန်ထဲက လွတ်မြောက်ခဲ့တာက အတိတ်ကလည်း ငါပဲ၊ ပစ္စုပ္ပန်ကလည်း ငါပဲ၊ အနာဂတ်ကလည်း ငါပဲဖြစ်လိမ့်မယ်ဆိုပြီး ဉာဏ်အလင်းပွင့်သွားခဲ့လိုပဲ။ အမျိုးမျိုးကွဲနေတဲ့ ငါတွေအားလုံးက ငါအစစ်ပဲ”
ဆရာသခင်က ရှင်းပြလိုက်သည်။
ရီဖူရှင်းသည် ဆရာသခင်၏ စကားများကို ကြားပြီးနောက် အံ့အားသင့်သွား၏။
အတိတ်သည် ငါ၊ ပစ္စုပ္ပန်သည် ငါ၊ အနာဂတ်သည်လည်း ငါပင် ဖြစ်လိမ့်မည်။
ဗုဒ္ဓလမ်းစဉ်တွင် ဆိုရိုးတစ်ခုရှိ၏။
“အတိတ်မှအတွေးကို ပြန်၍မရနိုင်၊ အနာဂတ်မှအတွေးကို ကြိုမရနိုင်၊ ပစ္စုပ္ပန်အတွေးကိုပင် ဆွဲကိုင်မထားနိုင်”
ထိုဆိုရိုးနှင့် ဆရာသခင်၏ ရှင်းပြုမှုသည် အချင်းချင်း ဆန့်ကျင်နေပေသည်။ သို့သော် ယင်းတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။
“ကျေးဇူးတင်ပါတယ် ဆရာသခင်”
ရီဖူရှင်း ပြောကာ ဦးညွှတ်လိုက်သည်။
“သွားပါ”
ဆရာသခင်က ပြန်ပြောလိုက်ပြီး လေထဲတွင် ပျောက်ကွယ်သွား၏။ အစောက မည်သည့်ကိစ္စမှ မဖြစ်ခဲ့သကဲ့သို့ပင်။
ထိုအချိန်တွင် ရီဖူရှင်းသည် ရေကန်ဘေးတွင် မျက်လုံးမှိတ်၍ ငါးမျှားနေဆဲဖြစ်သည်။ သူသည် ငါးစမျှားသည့် အချိန်ကတည်းက တစ်လက်မမှ မရွေ့သေးပေ။
ရီဖူရှင်းသည် စိတ်ထဲတွင် သူ့ဆရာ၏စကားများကို အဖန်တလဲလဲ ပြန်တွေးတောနေ၏။ တစ်ချိန်တည်းမှာပင် သူသည် အခြားအသံတစ်သံကို ကြားလိုက်ရ၏။
“ငါက ကောင်းကင်လမ်းစဉ်၊ ငါက ငါပဲ”
အရာအားလုံး အနှစ်သာရကင်းမဲ့၏။ သို့သော် အရာအားလုံးသည် အမှန်တကယ် တည်ရှိပေသည်။
****
လောကအတွင်းရှိ စစ်ပွဲသည် အချိန်နှင့်အမျှ ပိုပြင်းထန်လာသည်။ တိုက်ပွဲများသည်လည်း ပို၍ ပြင်းထန်လာသည်။ အချိန်တစ်ခဏမျှ ငြိမ်းချမ်းမှု၏ အရသာကို ခံစားခဲ့ရသော လောကကြီးသည် ရှောင်လွှဲ၍မရသော စစ်ပွဲအတွင်းသို့ ကျရောက်သွားခဲ့ပေသည်။
ထိုနေ့တွင် နတ်ဘုရားမြို့တော်အတွင်း၌ သွေးပျက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ဧရာမယဇ်ပလ္လင်ကြီးသည် ဖျက်ဆီး၍ မရနိုင်သော စွမ်းအားတစ်ခုကို ဆင့်ခေါ်လိုက်ခြင်းပင်။ ထိုစွမ်းအားသည် လေထုတစ်ခုလုံးကို လွှမ်းခြုံထားသည်။
အနန္တဘုံမှ ကျင့်ကြံသူအားလုံးသည် ဤလောကအတွင်းသို့ ထိုစွမ်းအား ရောက်ရှိလာသောအခါ စိတ်လှုပ်ရှားလာကြ၏။ သူတို့၏ အင်မော်တယ်အရှင် ထွက်ပေါ်လာတော့မည်ကို သူတို့သိပေသည်။
အင်မော်တယ်အရှင် ရောက်ရှိလာလျှင် ဤလောကထဲမှ စစ်ပွဲသည် အဆုံးသတ်သွားမည်ဖြစ်သည်။
အနန္တဘုံမှ ကျင့်ကြံသူများသည် နတ်ဘုရားမြို့တော်ထဲတွင် အခြေချထားကြသည်။ သူတို့ ထုတ်လွှတ်နေသော အရှိန်အဝါများသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းပေသည်။ ယဇ်ပလ္လင်၏ ထိပ်တွင် ကောင်းကင်အင်မော်တယ်တစ်စုကို မြင်ရ၏။ သူတို့သည် ကောင်းကင်သို့ ငေးကြည့်နေကြသည်။
သူတို့ကို ဦးဆောင်သူမှာ အင်မော်တယ်အင်ပါယာဖြစ်သည်။ သူသည် ကောင်းကင်သို့ ခေါင်းမော့ကြည့်နေပြီး သူ၏အကြည့်သည့် ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည်ဟု ထင်ရလေသည်။ မကြာခင်တွင် ထိုနေရာ၌ နတ်အာရုံများစွာ ထွက်ပေါ်လာသည်။
“မင်းတို့အားလုံး ဒီမှာရှိနေတဲ့ပုံပဲ”
အင်မော်တယ်အင်ပါယာက အဝေးသို့ ငေးကြည့်ကာ ပြောလိုက်သည်။
မကြာခင်တွင် ကောင်းကင်ထဲ၌ လူရိပ်များစွာ ရုတ်တရက် ထွက်ပေါ်လာ၏။ အမြင့်ဆုံးနေရာတွင် ကျိဝူတောက်၏ ပုံရိပ်ကို တွေ့ရလေသည်။ ထို့နောက် ဂူတုံးလျှိုနှင့် အကြွင်းမဲ့ဗုဒ္ဓတို့သည် အခြားနေရာများတွင် ထွက်ပေါ်လာပြီး တစ်နေရာတည်သို့ ငေးကြည့်လိုက်ကြသည်။ သူတို့သည် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားနေရလေသည်။
“အင်မော်တယ်အရှင်က နောက်ခုနစ်ရက်နေရင် ရောက်လာလိမ့်မယ်။ သူ ရောက်လာတဲ့အခါကျ မင်းတို့ နာခံမလား ဒါမှမဟုတ် သေမလားဆိုတာ ရွေးချယ်ရမယ်”
အင်မော်တယ်အင်ပါယာက ပြောလိုက်၏။ ထိုယဇ်ပလ္လင်သည် အခြားစကြဝဠာနှင့် ဆက်စပ်နေပြီး အခြားလောကမှ သူများကို အလွယ်တကူ ဆင့်ခေါ်နိုင်ပေသည်။
အင်မော်တယ်အင်ပါယာ ထိုသို့ပြောပြီးနောက် ကောင်းကင်ထဲမှ မျက်နှာများသည် တစ်ပြိုင်တည်း ပျောက်ကွယ်သွားကြသည်။
ကျိဝူတောက်သည် ကောင်းကင်ဘုံ၏ ကောင်းကင်နန်းတော်အထက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် မျက်လုံးများဖွင့်လိုက်ပြီး အောက်ဘက်သို့ ကြည့်လိုက်၏။ သူ၏အကြည့်သည် လေထုကို ထွင်းဖောက်သွားပြီး ယဇ်ပလ္လင်ကို မြင်လိုက်ရလေသည်။
ထို့နောက်တွင် သူသည် ခေါင်းမော့ကာ ကောင်းကင်ထဲကိုကြည့်၍ ပြောလိုက်သည်။
“ကျုပ် သူ့ကို အနိုင်ယူပြမယ်။ ဆရာ အဲဒါကို တွေ့ရမှာပါ”
****
ချင်းကျူမြို့ရှိ ကောင်းကလန်တွင် ကောင်းကလန်၏ခေါင်းဆောင် ကောင်းကျန့်သည် အစည်းအဝေးခန်းမ၏ ပထမဆုံး ထိုင်ခုံတွင် ထိုင်နေသည်။ ကောင်းယွင်အပါအဝင် ကျန်လူများသည်လည်း ကောင်းကလန်၏ အရေးပါသူများဖြစ်ကြသည်။
သူတို့သည် ကောင်းယွင်၏ မင်္ဂလာကိစ္စကို ဆွေးနွေးရန် ထိုနေရာတွင် စုဝေးနေကြခြင်းပင်။ မကြာသေးခင်က ကောင်းယွင်သည် လူများ၏ အသည်းနှလုံးကို လှုပ်ကိုင်သွားခဲ့သော ဆရာဟွာ၏ သမီး ဟွာနန်းယွီနှင့် လက်ဆက်လိုကြောင်း ပြောခဲ့သည်။ ထို့ကြောင့် သူတို့သည် ထိုအစီအစဉ်၏ အသေးစိတ်ကို ဆွေးနွေးရန် ထိုနေရာသို့ ရောက်နေခြင်းဖြစ်သည်။
“အဲဒီအစီအစဉ်က အလုပ်ဖြစ်လိမ့်မယ်လို့ ကျုပ်ထင်တယ်”
တစ်ယောက်က ပြောလိုက်၏။
“အခု ချင်းကျူကျောင်းတော်ထဲမှာ ကျုပ်တို့ရဲ့ လူတွေ ရှိနေပြီ။ ကျောင်းအုပ်က ဟွာဖန်းလူကို တော်တော် တန်ဖိုးထားတယ်လို့ ကျုပ်ကြားတယ်။ ကျုပ်တို့သာ ဒီမင်္ဂလာပွဲ ဖြစ်လာအောင် လုပ်နိုင်ခဲ့ရင် ကျုပ်တို့ ချင်းကျူကျောင်းတော်တစ်ခုလုံးကို ထိန်းချုပ်လာနိုင်မှာပဲ။ ပြီးတော့ ကျုပ်တို့ဘက်မှာ ဟွာဖန်းလူလည်း ရှိလာလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဟွာဖန်းလူက ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အများကြီးကို ပျိုးထောင်ပေးခဲ့တာပဲ။ နောက်ကျရင် သူတို့က ချင်းကျူမြို့ရဲ့ ကျောထောက်နောက်ခံတွေ ဖြစ်လာမှာ”
“ဟုတ်တယ်.. ကျုပ်လည်း ထောက်ခံတယ်။ ကောင်းယွင်ကလည်း အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ။ ဟွာနန်းယွီရဲ့ ကျင့်ကြံခြင့်အဆင့်ကလည်း မြင့်လိမ့်မယ်လို့ ကျုပ်ထင်တယ်။ သူတို့နှစ်ယောက်က လိုက်ဖက်တဲ့စုံတွဲပဲ”
အခြားတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။
ထိုအစီအစဉ်သည် ကောင်းကလန်ကို များစွာအကျိုးဖြစ်စေမည်ဖြစ်သည်။
“ကျုပ်ကတော့ ဟွာဖန်းလူရဲ့ နောက်ကြောင်းကို မသိရသေးခင် ဒီကိစ္စကို သဘောမတူချင်ဘူး”
အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
“အခုက ကမ်းလှမ်းရုံပါပဲ... သူသာ အငြင်းခံလိုက်ရရင် ကျုပ်တို့ ဒီအခွင့်အရေးကို အသုံးချပြီး ဟွာဖန်းလူရဲ့ နောက်ကြောင်းကို တူးဆွလို့ရတာပေါ့”
တစ်ယောက်က ပြန်ဖြေလိုက်၏။
ကောင်းကျန့်သည် ထိုသူများ၏ အမြင်များကို နားထောင်ပြီးနောက်တွင် ဆုံးဖြတ်ချက်တစ်ခုချကာ ကြေညာလိုက်သည်။
“ကဲ ဒီလိုဆို ကျုပ်တို့ အခုကစပြီး ခုနစ်ရက်မြောက်နေ့မှာ မင်္ဂလာကိစ္စ ကမ်းလှမ်းကြမယ်”