သာမန်လူ
Vol. 208 Ch. 2962
ချင်းကျူမြို့ နံနက်ခင်းတွင် နှင်းများ ကျဆင်းနေသည်။ တစ်မြို့လုံးသည် ငွေရောင်လောကတစ်ခုအလား ပြောင်းလဲသွား၏။
ရီဖူရှင်း ခြံဝန်းသို့ ရောက်လာချိန်တွင် သူ၏မြင်ကွင်းတွင် အဖြူရောင်နှင်းများဖြင့် ပြည့်နှက်နေပေသည်။ ဟွာနန်းယွီသည် ခြံဝန်းအလယ်တွင် နှင်းလူရုပ်တစ်ရုပ်ကို ပြုလုပ်နေသည်။ သူမသည် ဟွာဂျီယူကို သူမအား ကူညီပေးရန်ပင် အကူအညီတောင်းခဲ့၏။ ရှားရှင်းယွန်သည် ဘေးတွင်ရပ်ကာ ပြုံးနေလေသည်။
ရီဖူရှင်းသည် ထိုအဖြစ်များကို မြင်သောအခါ ဆောင်း၏ အအေးဓာတ်ကို မခံစားရပေ။ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှလာသော နွေးထွေးမှုတစ်ခုကိုသာ ခံစားနေရသည်။
ဘဝ၏ ဒုက္ခ၊ သုခများကို ဖြတ်ကျော်ခဲ့ပြီး သာမန်ဘဝသို့ ပြန်ရောက်သွားသူများသာ သာမန်ဘဝ၏ အလှကို မြင်နိုင်ပေသည်။
“ခဲအို... ဒါတွေက ဘယ်သူနဲ့တူတယ်လို့ ထင်လဲ”
ဟွာနန်းယွီက ပြုံး၍ မေးလိုက်၏။ သူမသည် နှင်းလူရုပ် စုစုပေါင်း သုံးရုပ် ပြုလုပ်ထားပေသည်။ အလယ်မှ နှင်းလူရုပ်သည် ယောက်ျားတစ်ယောက်ဖြစ်ပြီး ဘေးမှ နှစ်ရုပ်သည် မိန်းမနှစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ရီဖူရှင်း၊ ဟွာဂျီယူနှင့် ရှားရှင်းယွန်တို့ဖြစ်ကြောင်း သိသာပေသည်။
“အဲဒီအရုပ်တွေက ဘာတွေလဲ”
ရီဖူရှင်းသည် ပြုံး၍ စနောက်လိုက်၏။
ဟွာနန်းယွီသည် ငါးပူတင်းတစ်ကောင်ကဲ့သို့ နှုတ်ခမ်းစူလိုက်၏။ သူမ၏ခဲအိုနှင့် အစ်မတို့၏ အသွင်အပြင်ကို နှင်းလူရုပ်လေးမျှဖြင့် ဖော်ပြနိုင်မည်မဟုတ်ပေ။
“မြို့ထဲက နှင်းတွေ ကြည့်ရအောင် လမ်းလျှောက်ထွက်ကြတာပေါ့”
ရီဖူရှင်းသည် သိမ်မွေ့စွာပြုံး၍ ရှေ့သို့ လျှောက်သွားလိုက်သည်။ နှင်းဖုံးနေသော မြေပေါ်၌ သူ၏ခြေရာများ ကျန်ခဲ့လေသည်။
ဟွာဂျီယူနှင့် ရှားရှင်းယွန်တို့သည် တုံ့ဆိုင်းမှုမရှိဘဲ ရီဖူရှင်းနောက်သို့ လိုက်သွားကြသည်။
သူတို့သည် ခြံဝန်းအတွင်းမှ ထွက်ပြီးနောက်တွင် ချင်းကျူကျောင်းတော်သို့ သွားလိုက်၏။ ထိုနေရာတွင် လူငယ်လေးများ ရှိနေသည်။ လူငယ်လေးများသည် သူတို့လာသည်ကို တွေ့လိုက်သောအခါ လမ်းဖယ်ပေးလိုက်ပြီး နှုတ်ဆက်လိုက်ကြ၏။
“အစ်ကိုရီ”
ရီဖူရှင်းသည် ရွှင်ပြစွာ ခေါင်းညိတ်ပြလိုက်၏။ အေးစက်စက်လေးညင်းတစ်ချက်သည် သူ၏ဆံပင်ရှည်များကို ရုတ်တရက် တိုက်ခတ်သွားသည်။ ဟွာဂျီယူသည် ချက်ချင်း သူ့နောက်သို့သွားလိုက်ပြီး သူ့အပေါ်တွင် အဖြူရောင်ဝတ်ရုံတစ်ထည် ခြုံပေးလိုက်သည်။ သူသည် သူ၏ပခုံးကို တွန့်လိုက်ရာ ဝတ်ရုံသည် သူ့အပေါ်တွင် မြဲမြံစွာလွှမ်းခြုံသွားသည်။ ထိုစဉ်တွင် ရှားရှင်းယွန်သည် သူ့ရှေ့သို့သွားကာ သူ၏ကော်လာကို ပြင်ပေးလိုက်သည်။
“ဝိုး...”
ကောင်လေးများသည် ဘေးမှနေ၍ အော်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းကို ရွှင်ပြ၍ အပြစ်ကင်းသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့သည် သူ့ကို အတော်လေး အားကျနေပေသည်။
ရီဖူရှင်းသည် ခံ့ညားကာ ဟာသဉာဏ်ရှိပြီး လေလုံးထွားရသည်ကို ကြိုက်၍ ချင်းကျူကျောင်းတော်တွင် အတော်လေး ကျော်ကြားပေသည်။
သူတို့ အဝေးသို့ရောက်သွားသောအခါ တစ်ယောက်က မှတ်ချက်ပြုလိုက်၏။
“ကြည့်ပါဦး... သာမန်လူဖြစ်ရတော့လည်း ဘာဖြစ်သေးလဲ။ အစ်ကိုရီက သာမန်လူတစ်ယောက်ပဲ မဟုတ်လား။ ဒါပေမဲ့ သူ့ကို ကြည့်လိုက်စမ်း... သူ့ဘေးမှ မိန်းမလှလေးတွေ ဝိုင်းနေတာပဲ။ တကယ့်ကို ကံကောင်းတဲ့သူပဲ”
“နင့်ကိုနင်ပဲ မှန်ထဲ ပြန်ကြည့်စမ်းပါဦး”
ကောင်မလေးတစ်ယောက်က ရွံရှာဟန်ဖြင့် ပြောလိုက်သည်။ ချက်ချင်းပင် အစောက ပြောလိုက်သော ကောင်းလေး၏မျက်နှာထားသည် မှိုင်းညို့သွား၏။ ရီဖူရှင်းသည် ခံ့ညားသော ရုပ်ရည်ရှိ၍သာ ထိုသို့ကံကောင်းခြင်းဖြစ်သည်။
“အစ်ကိုရီရဲ့ ဟန်ပန်သွင်ပြင်အရ ကောက်ချက်ချရရင် သူက သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူးကွ။ သူက သူ့ရဲ့မျက်လုံးတွေကို နေနဲ့လအဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းရည်၊ လက်ထဲမှ ကြယ်တာရာတွေကို ကိုင်နိုင်တဲ့စွမ်းရည် မရှိဘူးဆိုပေမယ့် သူက ဆရာဟွာရဲ့ တပည့်ဆိုတော့ သာမန်လူတစ်ယောက်တော့ ဟုတ်မှာ မဟုတ်ဘူး”
ကောင်မလေးက ဆက်ပြောလိုက်သည်။
ထို့နောက်တွင် သူမ၏အသံသည် နူးညံ့လာပြီး သူမ ရေရွတ်လိုက်၏။
“ဘယ်သူပြောနိုင်မလဲ... သူ့ရဲ့မျက်လုံးတွေကို နေနဲ့လအဖြစ်ပြောင်းနိုင်တယ်ဆိုတာ မှန်ချင်လည်း မှန်နေမှာပေါ့”
“နင်က အစ်ကိုရီကို ကြိုက်နေတာလား”
ကောင်လေးတစ်ယောက်က မေးလိုက်သည်။ ကောင်မလေး၏ မျက်နှာနှင့် နားရွက်သည် ချက်ချင်း ရဲတက်သွားသည်။
“အင်း... နင့်ရုပ်နဲ့ မမဂျီယူရဲ့မျက်နှာလေးကို ယှဉ်မယ်ဆိုရင်... အဟမ်း...”
ထိုကောင်လေးသည် ပါးစပ်ထဲရှိရာ ပြောရသည်ကို ကြိုက်၏။ ကောင်မလေးသည် ငယ်ရွယ်ကာ ကြော့ရှင်းသော်လည်း ဟွာဂျီယူကို မည်သို့မှ မယှဉ်နိုင်ပေ။
“နင်က အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်”
ကောင်မလေးသည် ထိုကောင်လေးကိုကြည့်ကာ ပြောလိုက်သည်။
“အေးပါ... ငါမပြောတော့ပါဘူး”
ကောင်လေးက ပြော၏။
“အစ်ကိုရီက အပြင်သွားဖို့ ဝတ်ရုံတစ်ထည်လိုတာ မတွေ့ဘူးလား။ သူက အအေးကြောက်တော့ သာမန်လူတစ်ယောက်ပဲ ဖြစ်မှာပါ။ အစ်ကိုရီရဲ့ ခံ့ညားမှုနဲ့ ထူးကဲတဲ့ဟန်ပန်ကတော့ ငြင်းမရပါဘူး... အဲဒါကတော့ ဟုတ်တယ်။ ဒါပေမဲ့ အဲဒါနဲ့ သူက သာမန်လူမဟုတ်တော့တာတော့ မဟုတ်ဘူးလေ။ မင်းတို့လည်း ပြောနိုင်တယ်မလား”
“သူက ဒီလိုလုပ်နေတာ ဒဏ်ရာရနေလို့လည်း ဖြစ်နိုင်တာပဲ”
ကောင်မလေးက ပြောလိုက်၏။
“အိုး... သေစမ်း...”
ကောင်လေးသည် ကောင်မလေးကို ပင့်သက်ရှိုက်၍ ကြည့်ကာ ပြောလိုက်သည်။
“သူကတော့ အစ်ကိုရီကို လုံးဝကြွေနေပြီဟေ့”
သူသည် ထိုသို့ပြောပြီးနောက် နောက်လှည့်ကာ ပြေးလေသည်။ ကောင်မလေးသည် ဓားဝိညာဉ်စွမ်းအားတစ်ခု ဖန်တီးကာ သူ့နောက်သို့ ပြေးလိုက်သွားသည်။
သူတို့ကြောင့် ချင်းကျူကျောင်းတော်၏ ဆောင်းသည် ပို၍ အသက်ဝင်လာလေသည်။
ရီဖူရှင်းသည် ချင်းကျူကျောင်းတော်မှ ထွက်လာပြီး မြို့ထဲရှိ လမ်းများပေါ်တွင် လျှောက်နေ၏။ သူသည် လူများစွာ၏ အာရုံစိုက်မှုကို ခံရ၏။ မြို့သူ၊ မြို့သာ တော်တော်များများသည် သူ့ကို သိကြပေသည်။ သူတို့သည် သူ့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြပြီး ဟွာဂျီယူနှင့် ဟွာနန်းယွီတို့ကို လေးစားမှုပြကြသည်။
ချင်းကျူတစ်မြို့လုံးကို ဖွေးဖွေးဖြူသော နှင်းအလွှာတစ်လွှာက လွှမ်းခြုံထားသည်။ သစ်ပင်အိုကြီးများအားလုံးသည် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေပြီး ငွေရောင်အကိုင်းအခက်များအဖြစ် ပြောင်းလဲနေကြသည်။ ထိုမြင်ကွင်းသည် အလွန် ခမ်းနားလှပေသည်။
ရီဖူရှင်းသည် နှင်းထဲတွင် ရောက်တက်ရာရာ သွားနေသည်။ တဖြည်းဖြည်းဖြင့် သူ၏ခြေလှမ်းများ နှေးလာသည်။ သူသည် ခြေလှမ်းတစ်လှမ်း လှမ်းရန် အချိန်အတော်ကြာယူလေသည်။ ဟွာဂျီယူနှင့် ကျန်နှစ်ဦးသည် သူ့ကို မနှောင့်ယှက်ဘဲ သူ့ဘေးမှ တိတ်တဆိတ်လိုက်လာသည်။
တစ်နေရာအရောက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ဝေဝါးလာပြီး အချိန်အရွေး လေထဲတွင် ပျောက်ကွယ်သွားတော့မလိုပင် ရှိလာသည်။
ရှားရှင်းယွန်သည် သူ့အတွက် အနည်းငယ် စိုးရိမ်နေပြီး သူတစ်ခုခု ဖြစ်သွားမည်ကို ကြောက်နေလေသည်။
သူမသည် သူမဘေးမှ ဟွာဂျီယူကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ သို့သော် ဟွာဂျီယူက သူမကို ခေါင်းခါပြပြီး သူ့ကို မနှောင့်ယှက်ရန် ပြောလိုက်သည်။ သူမသည် ကျင့်ကြံခြင်းအဆင့် မြင့်သူဖြစ်၍ ရီဖူရှင်းသည် ပြီးခဲ့သော ရက်များအတွင်း မပြတ် တရားထိုင်နေကြောင်း သိပေသည်။
ရီဖူရှင်း၏ခန္ဓာကိုယ်သည် ထိတွေ့မရနိုင်သော အခြေအနေမှနေ၍ ဒြပ်ထည်မခိုင်မာသော ပုံစံသို့ ပြောင်းလဲသွားပြီး ဖြည်းဖြည်းချင်း ဒြပ်ထည်ရှိလာလေသည်။
“ငါက ကောင်းကင်လမ်းစဉ်၊ ငါကငါပဲ”
ရီဖူရှင်း၏ စိတ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်နေသည်။ ထိုအခိုက်တွင် သူသည် နတ်ဘုရားတစ်ပါး သို့မဟုတ် အင်မော်တယ်တစ်ပါးကဲ့သို့ ထူးကဲသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ထို့နောက်တွင် သူသည် မည်သည့်အရှိန်အဝါမှ မထုတ်နိုင်သော သာမန်လူတစ်ယောက်အဖြစ် ပြန်ပြောင်းလဲသွား၏။
နောက်ဆုံးတွင် သူသည် သူ၏ပုံစံအစစ်အမှန်ကို ရှာဖွေရသောအခြေအနေသို့ ပြန်ရောက်သွားသည်။
ရီဖူရှင်းသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ ရှေ့သို့ ဆက်လျှောက်သွားကာ မြေပြင်ပေါ်တွင် ခြေရာများစွာ ချန်ခဲ့လေသည်။ ဘေးမှ ဖြတ်သွားသူများသည် သူတို့ကို စိတ်ဝင်တစား ငေးကြည့်သွားကြသည်။
သူ၏အပြုအမူသည် အတော်ထူးဆန်းသဖြင့် သူတို့သည် သူ ဘာလုပ်နေသနည်းဟု တွေးတောနေကြသည်။
*****
ချင်းကျူကျောင်းတော်သည် အတော်လေး သက်ဝင်လှုပ်ရှားနေသည်။ လူငယ်လေးများသည် အဆက်မပြတ် ကျဆင်းနေသော နှင်းများကိုကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။ သူတို့အားလုံးသည် နှင်းများထဲတွင် တစ်ယောက်နှင့်တစ်ယောက် ဆော့ကစားနေကြသည်။
သို့သော် လူငယ်လေးများ ပျော်ရွှင်စွာ ဆော့ကစားနေသံများ တိတ်သွားသည်။ သူတို့အများစုသည် ခေတ္တမျှ မှင်တက်သွားပြီး တစ်နေရာသို့ ကြည့်လိုက်ကြသည်။
ထို့နောက်တွင် ပတ်ဝန်းကျင်သည် တစ်ခဏမျှ တိတ်ဆိတ်သွားကာ အားလုံးသည် နှင်လွှမ်းမြေ၏ အဆုံးကို အာရုံစိုက်လိုက်ကြသည်။ အနက်ရောင် လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုလူသည် တုတ်ခိုင်ကာ ထူးကဲသော ဟန်ပန်အရှိန်အဝါ ရှိ၏။ ထိုသူသည် လွှမ်းမိုးအားကြီးသော အငွေ့အသက်ကို ပေးနေသဖြင့် မြင်မြင်ချင်းပင် ထူးကဲကြောင်း သိနိုင်ပေသည်။ လူအားလုံးသည် သူနှင့်အကြည့်ဆုံလိုက်လျှင် ခေါင်းငုံ့သွားကြရသည်။ သူတို့အားလုံးသည် ထိုသူကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားနေကြသည်။
“သူက ဘယ်သူလဲ”
လူအုပ်က ရေရွတ်လိုက်သည်။
တုတ်ခိုင်သောလူသည် ချင်းကျူမြို့ကို တစ်ချက်ကြည့်ကာ နှင်းဖုံးနေသော မြေပြင်ပေါ်တွင် တိတ်တဆိတ် ရပ်နေလေသည်။ သူသည် တစ်စုံတစ်ခုကို စောင့်နေသကဲ့သို့ပင်။
ကျဆင်းနေသော နှင်းများက သူ၏ အနက်ရောင်ဝတ်ရုံနှင့် ဆံပင်ကို ဖြည်းဖြည်းချင်း ဖြူလာစေသည်။
သို့သော် သူသည် နှင်းများအကြားတွင် ရုပ်တုတစ်ရုပ်ကဲ့သို့ မလှုပ်မယှက်ရပ်နေလေသည်။
“သူက ဘာကို စောင့်နေတာလဲ”
လူငယ်လေးများသည် ပို၍ပင် စိတ်ဝင်စားလာကြ၏။ တစ်ခဏကြာပြီးနောက် လူတစ်ယောက်သည် အပြင်ဘက်နှင်းထုထဲမှနေ၍ ချင်းကျူကျောင်းတော်သို့ ဦးတည်လာ၏။ သူသည် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ခံ့ညားသည့်ယောက်ျားတစ်ယောက်ပင်။ သူမှာ ရီဖူရှင်း ဖြစ်လေသည်။
ရီဖူရှင်းသည် အနက်ရောင်ဝတ်ရုံနှင့် လူကို တွေ့လိုက်သောအခါ ချက်ချင်းပင် စိတ်အားတက်သွားပြီး ထိုသူ့ထံသို့ လျှောက်သွားလိုက်သည်။
ချင်းကျူကျောင်းတော်မှ လူငယ်လေးများသည် ထိုမြင်ကွင်းကို တွေ့လိုက်သောအခါ ရင်ခုန်မြန်သွားကြ၏။ ထိုသူသည် အစ်ကိုရီကို လာရှာခြင်းလော။
အစ်ကိုရီသည် သာမန်လူတစ်ယောက် မဟုတ်သည်လော။
“နောက်ဆုံးတော့ ဒီကို မင်းရောက်လာပြီပေါ့”
ရီဖူရှင်းက ယူချင်းအရှေ့တွင်ရပ်၍ ပြောလိုက်၏။
“အင်း...”
ယူချင်းသည် ထိုသို့ပြောလိုက်ပြီး ဆက်၍ နှုတ်ဆိတ်သွားသည်။
“ငါနဲ့အတူ လမ်းလျှောက်လိုက်ခဲ့ပါ”
ရီဖူရှင်း တောင်းဆိုလိုက်၏။ ထို့နောက် သူသည် နောက်လှည့်ကာ စတင် လျှောက်သွား၏။ ယူချင်းသည် သူ့နောက်မှ လိုက်သွားပြီး သူနှင့်အတူ ချင်းကျူကျောင်းတော်တစ်ပတ် လျှောက်လိုက်သည်။
ဟွာဖန်းလူသည် ကျောင်းတော်မြေပြင်မှနေ၍ သူ့မျက်စိရှေ့ရှိ မြင်ကွင်းကို ကြည့်နေကာ အတိတ်မှ အကြောင်းများကို ပြန်တွေးနေသည်။
အချိန်များသည် အတိတ်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက လူငယ်နှစ်ယောက်သည် ဤကဲ့သို့ပင် ချင်းကျူကျောင်းကိုပတ်ကာ လမ်းလျှောက်ခဲ့ကြသည်။
သူတို့နှစ်ယောက်စလုံးသည် သစ်ပင်အိုကြီးဆီသို့ ဦးတည်သွားပြီး သစ်ပင်ဆီသို့ ရောက်သောအခါ ရပ်လိုက်ကြသည်။ ထိုနေရာသည် တစ်ချိန်က သူတို့ ချင်းကျူကျောင်းတော်တွင် ပညာသင်ကြားခဲ့စဉ်၌ နေထိုင်ခဲ့သောနေရာ ဖြစ်သည်။ ထိုစဉ်က သူတို့မှီကာ အနားယူခဲ့သော သစ်ပင်တစ်ပင် ရှိခဲ့သည်။
ရီဖူရှင်းသည် သစ်ပင်ရှေ့တွင် ခြေလှမ်းများ ရပ်လိုက်ပြီး နှင်းဖုံးနေသော မြေပြင်တွင် ထိုင်ကာ သစ်ပင်ကို မှီလိုက်၏။
ယူချင်းသည်လည်း ထိုသို့လိုက်လုပ်လိုက်ပြီး သစ်ပင်ကိုမှီ၍ သူ့ဘေးတွင် ထိုင်လိုက်သည်။
ကောင်းကင်မှနေ၍ နှင်းပွင့်များ အဆက်မပြတ် ကျဆင်းနေသည်။ သူတို့နှစ်ယောက်စလုံး မည်သူမှ စကားမပြောသဖြင့် လေထုထဲတွင် မည်သည့်အသံမှ ရှိမနေပေ။ သူတို့သည် ထိုနေရာတွင် တိတ်တဆိတ်ထိုင်နေပြီး သူ့တို့ခန္ဓာကိုယ်ပေါ်တွင် နှင်းများ ဖုံးလွှမ်းနေစေ၏။
ထိုနေရာတွင် တိတ်ဆိတ်စွာထိုင်နေသူ နှစ်ဦးထဲမှ တစ်ဦးသည် ကောင်းကင်လမ်းစဉ်၏ ကိုယ်ပွားဖြစ်ပြီး ကျန်တစ်ဦးသည် နတ်ဆိုးလောကကို အုပ်စိုးသော နတ်ဆိုးအင်ပါယာဖြစ်လိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။