လောကအတွင်းမှ စွမ်းအားအကြီးဆုံး ကျင့်ကြံသူလော
Vol. 208 Ch. 2964
“ကောင်းကင်အင်ပါယာ”
နတ်ဘုရားများက နှုတ်ဆက်လိုက်သည်။
နတ်ဘုရားများသည် ကောင်းကင်အင်ပါယာကို အရိုအသေပေးရန် ရောက်လာခြင်းဖြစ်သည်ဟု လူအုပ်က တွေးလိုက်သည်။
ချင်းကျူကျောင်းတော်တစ်ခုလုံးသည် တဒင်္ဂ တိတ်ဆိတ်သွားသည်။ လူငယ်များသည် ကောင်းကင်ထဲရှိ နတ်ဘုရားများကို အံ့ဩတကြီး ငေးကြည့်နေကြသည်။ ထိုသူများအားလုံးသည် ကျော်ကြားသူများဖြစ်သည်။ ယခုတွင် သူတို့သည် ဤသို့လာ၍ ကောင်းကင်အင်ပါယာကို အရိုအသေပေးနေကြသည်။
သို့သော် ကောင်းကင်အင်ပါယာသည် မည်သူနည်း။
နတ်ဘုရားများအားလုံးသည် ချင်းကျူကျောင်းတော်ဘက်သို့ ကြည့်နေကြသည်။ အတိအကျဆိုရသော် ရီဖူရှင်းကို ကြည့်နေကြသည်။
သူတို့ အရိုအသေးပေးနေသူမှာ အစ်ကိုရီ ဖြစ်နေမလော။
လူငယ်လေးများ ရင်ခုန်မြန်သွားကြသည်။ လေလုံးထွားရသည်ကို ကြိုက်သော အစ်ကိုရီသည် ကောင်းကင်အင်ပါယာ ဖြစ်နေသလော။
ကောင်းကလန်မှ ကျင့်ကြံသူများပင် နားမလည်နိုင်ဖြစ်သွားကြသည်။ သူတို့သည် ဖြစ်ပျက်နေသည်များကို ငူငူငိုင်ငိုင်ဖြင့် ကြည့်နေကြသည်။
ထိုစဉ် ရီဖူရှင်း ကောင်းကင်သို့ မော့ကာ အော်ပြောလိုက်၏။
“ငါ ပြန်လာပြီ”
ထို့နောက်တွင် အထက်ကောင်းကင်မှနေ၍ တလက်လက်တောက်ပသော နတ်အလင်းများ ကျဆင်းလာပြီး နတ်ဘုရားများသည် သူ့ကို လာတွေ့လိုက်ကြသည်။
မြို့ထဲသို့ နတ်အလင်းများ အဆက်မပြတ် ဆင်းသက်လာကြသည်။ နတ်ဘုရားများ တစ်ပါးပြီးတစ်ပါး ရောက်လာသည်။ သူတို့ထဲတွင် နတ်ဆိုးလောကမှ ကျင့်ကြံသူတချို့လည်း ပါသည်။ သူတို့သည် ယူချင်းကို မြင်လိုက်သောအခါ ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည်။
“နှုတ်ခွန်းဆက်သပါတယ် နတ်ဆိုးအင်ပါယာ”
“နှုတ်ဆက်ပါတယ် နတ်ဆိုးအင်ပါယာ”
အခြား မဟာအင်ပါယာများသည်လည်း ယူချင်းကို နှုတ်ဆက်လိုက်ကြသည်။ သူသည် ဤလောက၏ ကာကွယ်သူဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ရီဖူရှင်း မရှိခဲ့စဉ်တွင် ယူချင်းသည် ဤလောကကို ကောင်းကင်ဘုံနှင့် အနန္တဘုံတို့၏ ကျူးကျော်မှုမှ ကာကွယ်ပေးခဲ့သူဖြစ်သည်။
“နတ်ဆိုးအင်ပါယာ...”
ကောင်းယွင်က ရေရွတ်လိုက်၏။
သူ၏ မျက်နှာ ဖြူဖျော့သွားသည်။ အစောကပင် သူသည် ယူချင်းကို မကျေနပ်သည့်လေသံဖြင့် မေးခဲ့သည် မဟုတ်ပါလား။
ယူချင်းသည် နှုတ်ဆက်မှုများကို မတုံ့ပြန်လိုက်ပေ။ သူသည် ရီဖူရှင်းအနောက်တွင် တိတ်တဆိတ်ရပ်နေလေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့ ညီနောင်နှစ်ယောက်သည် ချင်းကျူကျောင်းတော်တွင် အမြဲ ထိုသို့ပင် နေခဲ့သည်။
“ဆရာ...”
ဖန်းစွင်၊ ထျယ်ထိုနှင့် ရီဖူရှင်း၏အခြားတပည့်နှစ်ယောက်သည် ကောင်းကင်မှနေ၍ ကျောင်းတော်အတွင်းသို့ လျင်မြန်စွာ ဆင်းသက်လာလေသည်။ သူတို့သည် ရီဖူရှင်း ပြန်ရောက်လာမှုအတွက် ရွှင်မြူးနေပေသည်။
မဟာအင်ပါယာနှင့် နတ်ဘုရားများသည် ရီဖူရှင်းကို ဆရာဟု ခေါ်နေပေသည်။
“အင်း...”
ရီဖူရှင်းသည် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ရောက်ရှိလာသော နတ်ဘုရားများကို ကြည့်၍ မေးလိုက်၏။
“အားလုံး အဆင်ပြေကြရဲ့လား”
“ကျုပ်တို့ ကောင်းကင်အင်ပါယာ ပြန်လာမှာကို စောင့်နေကြတာပါ”
သခင်ချန်က ပြောလိုက်သည်။ စီဝေ့အင်ပါယာနန်းတော်မှ မဟာအင်ပါယာများသည် ရီဖူရှင်းကို ဦးညွှတ်လိုက်၏။ သခင်ချန်က ဆက်ပြောလိုက်သည်။
“နောက်ဆုံးတော့ အဲဒီနေ့ ရောက်လာပြီပေါ့”
“သခင်ချန်ရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်”
ရီဖူရှင်း ပြန်ပြောလိုက်သည်။ ထို့နောက် သူသည် အကြွင်းမဲ့ဗုဒ္ဓကို ကြည့်ကာ နှုတ်ဆက်လိုက်၏။
“အကြွင်းမဲ့ဗုဒ္ဓ...”
“ဗုဒ္ဓလောက,က ဗုဒ္ဓတွေအားလုံးရဲ့ကိုယ်စား ကိုယ်တော်က ကောင်းကင်အင်ပါယာ ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”
အကြွင်းမဲ့ဗုဒ္ဓသည် ဦးညွှတ်ကာ ပြောလိုက်သည်။ သူသည် ရီဖူရှင်း၏ စီနီယာဖြစ်သော်လည်း ရီဖူရှင်းသည် တိုက်ပွဲအတွင်း ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲခဲ့သဖြင့် သူ၏လေးစားမှုနှင့် ထိုက်တန်ပေသည်။ ရီဖူရှင်းသည် လောကကြီးကို ကာကွယ်ရန် သူ့ကိုယ်သူ စတေးခဲ့ခြင်းပင်။ ထို့ကြောင့် အားလုံးသည် မည်သည့်အဆင့်ဖြစ်စေကာမူ သူ့ကို ဦးညွှတ်သင့်ပေသည်။ အကြွင်းမဲ့ဗုဒ္ဓသည်လည်း ခြွင်းချက်မဟုတ်ပေ။
“နှုတ်ဆက်ပါတယ် ကောင်းကင်အင်ပါယာ”
အခြားဗုဒ္ဓများသည်လည်း ရီဖူရှင်းကို အရိုအသေပေးလိုက်ကြသည်။ သူတို့၏နှုတ်ဆက်မှုသည် လေးနက်ပေသည်။
“ဂူတုံးလျှိုနဲ့ ကောင်းကင်အာဏာစက်နန်းတော်က သူတွေ ကောင်းကင်အင်ပါယာ ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”
ဂူတုံးလျှို၏အသံသည် တည်ကြည်နေသည်။ သူသည်လည်း တစ်နေရာတွင်ရပ်ကာ ရီဖူရှင်းကို ဦးညွှတ်လိုက်သည်။
“ဒွန်ဟောင်တိယွမ်နဲ့ ကောင်းကင်ဒေသက ကျင့်ကြံသူတွေ ကောင်းကင်အင်ပါယာ ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”
အဖွဲ့တစ်ဖွဲ့စီတိုင်း၏ ခေါင်းဆောင်းများသည် တစ်ယောက်ပြီးတစ်ယောက် ရီဖူရှင်းကို နှုတ်ဆက်လိုက်ကြသည်။ သူတို့၏အသံများသည် မိုးနှင့်မြေတွင် ပဲ့တင်ထပ်နေလေသည်။
ချင်းကျူမြို့မှ မြို့သူ၊ မြို့သားများသည် စိတ်လှုပ်ရှားကာ ကြက်သေ,သေနေကြသည်။ သူတို့ မည်သည်ကို မြင်နေရခြင်းနည်း။
ကောင်းကလန်မှ သူများ၏ ဒူးများ ချောင်လာပြီး မြေပေါ်သို့ ပုံကျသွားကြသည်။ ကောင်းယွင်သည် ကြောက်ရွံ့မှုကြောင့် ခန္ဓာကိုယ် တဆတ်ဆတ်တုန်နေသည်။
ကောင်းကင်အင်ပါယာ ရီဖူရှင်းကို နတ်ဘုရားများက အရိုအသေပေးနေကြသည်။
ဆရာက လေလုံးထွားခဲ့သည်မဟုတ်ဟု ချင်းကျူကျောင်းတော်မှ လူငယ်လေးများက တွေးလိုက်၏။ သူ၏တပည့်သည် စကြဝဠာအဖြစ် ပြောင်းလဲနိုင်ကာ ပါးစပ်အတွင်းမှ လျှပ်စီးများ ထုတ်နိုင်သည်ဟု ဆရာက ပြောခဲ့ဖူး၏။ သူသည် ချဲ့ကားပြောခဲ့ခြင်း မဟုတ်ပေ။
“အစ်ကိုရီကလည်း လေလုံးထွားနေတာ မဟုတ်ဘူး”
သူတို့သည် သူတို့ရှေ့မှ မြင်ကွင်းကို အံ့ဩတကြီးကြည့်ရင်း ရေရွတ်လိုက်သည်။
“ငါ အိပ်မက် မက်နေတာလား”
လူငယ်လေးတစ်ယောက်က မေးလိုက်၏။
“အိပ်မက် မက်နေတာ မဟုတ်ဘူး”
အခြားတစ်ယောက်က ပြန်ပြောလိုက်သည်။
“အစ်ကိုရီက သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ ငါ အစကတည်းက သိသားပဲ”
ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။ သူမသည် ရီဖူရှင်း၏စကားများကို အမြဲယုံကြည်ခဲ့ပေသည်။ သူမသည် သူမ၏ဝမ်းသာမျက်ရည်များကို သုတ်လိုက်သည်။ သူသည် သာမန်မဟုတ်ရုံသာမက ကောင်းကင်အင်ပါယာပင် ဖြစ်နေသေးသည်။
ဝုန်း..
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကျဆင်းလာပြီး ကောင်းကင်တွင် အက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။ အာကာပြင်ထက်တွင် ကြောက်မက်ဖွယ် ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အာကာပြင်အက်ကြောင်းမှနေ၍ ကောင်းကင်ဘုံကို မြင်နေရလေသည်။ ထိုနေရာတွင် ကောင်းကင်ဘုံမှ ကျင့်ကြံသူများလည်း ရှိနေသည်။
သူတို့၏ခေါင်းဆောင်သည် ကောင်းကင်နန်းတော်၏ ပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူသည် ကြီးကျယ်မြင့်မြတ်ပုံပေါ်၏။ သူသည် တစ်လောကလုံးကို အုပ်စိုးသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သူသည် မည်သူနည်း။ ချင်းကျူမြို့မှ မြို့သူ၊ မြို့သားများသည် ရင်ခုန်တကြီး တွေးလိုက်ကြသည်။ ထိုသူသည် ကောင်းကင်ဘုံကိုးထပ်၏ အရှင်သခင်ကဲ့သို့ပင်။ သူ၏နတ်ဘုရားအရှိန်အဝါသည် အာကာပြင်ကို လွှမ်းခြုံထားလေသည်။ သူသည် နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်ကာ ကျင့်ကြံသူများစွာ၏ အရိုအသေပေးမှုကို ခံရ၏။ သူသည် အမှန်ပင် လွန်စွာစွမ်းအားကြီးသူတစ်ယောက် ဖြစ်သည်။
“မင်း အသက်ရှင်ရက် ပြန်လာနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
ကျိဝူတောက်က ရီဖူရှင်းကို ပြောလိုက်သည်။ သူ ခေါင်းငုံ့၍ ရီဖူရှင်းကို ကြည့်လိုက်ရာ သူ၏အကြည့်သည် ကျယ်ပြောသော အာကာပြင်ကို ထိုးဖောက်သွားသည်။ သူ၏အသံ အနည်းငယ် အံ့အားသင့်သည့်အသံ ပေါက်နေသည်။
ရီဖူရှင်းသည် ခေါင်းမော့ကာ ကျိဝူတောက်ကို ကြည့်လိုက်၏။ ဤနှစ်များအတွင်း၌ ကျိဝူတောက် လုပ်ခဲ့သည့် အရာအားလုံးကို သူသိပေသည်။ ကျိဝူတောက်သည် ရံရွှေတော်ချင်နှင့် ရံရွှေတော်ရှုကို သတ်ခဲ့ပြီး ကောင်းကင်ဘုံကို အင်အားသုံးကာ အုပ်စိုးခဲ့သည်။ သို့သော် သူသည် မဆင်မခြင် မသတ်ဖြတ်ခဲ့ပေ။ သူသည် အနန္တဘုံမှ ကျင့်ကြံသူများ ကျူးကျော်လာမှုမှနေ၍လည်း ဤလောကကို ကာကွယ်ပေးခဲ့သည်။ သူ၏ ဖြောင့်မတ်သည့်စိတ်ဓာတ်သည် လေးစားဖွယ် ဖြစ်နေဆဲပင်။
“ကျိဝူတောက် မင်းရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာလဲ”
ရီဖူရှင်း မေးလိုက်၏။
ပလ္လင်ပေါ်တွင် ထိုင်နေသူမှာ ကျိဝူတောက်ဖြစ်သည်။
မြို့သူမြို့သားများ၊ အထူးသဖြင့် ချင်းကျူကျောင်းတော်မှ တပည့်များသည် ရီဖူရှင်း ထိုသူအား ခေါ်လိုက်သည့်အမည်ကို ကြားလိုက်သောအခါ အံ့အားသင့်သွားကြသည်။ သူတို့သည် အပြင်လောကနှင့် သိပ်မရင်းနှီးသော်လည်း ကျိဝူတောက်၏အမည်ကို ကြားဖူးနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျိဝူတောက်သည် လောကကြီး၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်၍ပင်။
ကျိဝူတောက်သည် တစ်လောကလုံးတွင် စွမ်းအားအကြီးဆုံးဖြစ်သည်ဟု ဒဏ္ဍာရီများက ဆိုကြသည်။ ကျောင်းတော်မှ လူငယ်လေးများသည် ဒုတိယကျိဝူတောက်ဖြစ်ချင်သည် သို့မဟုတ် သူ၏တပည့်ဖြစ်ချင်သည်ဟု အမြဲ စနောက်ပြောဆိုနေခဲ့သည်။
ယခုတွင် ထိုအကျော်ဇေယျပုဂ္ဂိုလ်သည် သူတို့ရှေ့တွင် ရောက်နေပေပြီ။
ထို့အပြင် သူသည် အစ်ကိုရီနှင့် သိပေသည်။
“ငါ့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာလဲ”
ကျိဝူတောက်သည် သူ့ကိုယ်သူလည်း ထိုမေးခွန်းမေးနေသကဲ့သို့ ရေရွတ်လိုက်သည်။ ထို့နောက် သူပြုံးကာ ပြောလိုက်၏။
“လမ်းစဉ်ရှာဖွေတာနဲ့ အင်မော်တယ်ဖြစ်လာဖို့ဆိုတဲ့ ရည်မှန်းချက်ကို ငါ အောင်မြင်ခဲ့တာ ကြာပြီ။ အခု ငါက အင်မော်တယ် ဖြစ်နေပြီ။ ငါက မိုးနဲ့မြေနဲ့အတူ တည်ရှိနေပြီ။ ငါက နေနဲ့လလို တောက်ပနေပြီ။ ငါ့ရဲ့ ရည်မှန်းချက်ပန်းတိုင်အစစ်အမှန်က ငါ့ရဲ့ အစွဲကို ဖြည်ဖို့ထင်တယ်။ ငါက မင်းထက် သာတယ်ဆိုတာ သူ့ကို သိစေချင်တယ်”
“ဘာလို့ အဲဒါကို အရေးစိုက်နေမှာလဲ”
ရီဖူရှင်း သက်ပြင်းချလိုက်သည်။
ထို့နောက် သူ ကြေညာလိုက်၏။
“ငါမင်းရဲ့ အင်ပါယာလမ်းစဉ်ကို ဖျက်ဆီးပစ်မယ်။ မင်းက အင်ပါယာအဆင့်ကနေ ကန်ထုတ်ခံရမယ်။ အခုကစပြီး မင်းက သာမန်ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်”
ရီဖူရှင်းသည် တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။ သူသည် အားလုံးကို သာမန်အဖြစ်တစ်ခုအကြောင်း အသိပေးနေသကဲ့သိုပင်။ သို့သော် ချင်းကျူကျောင်းတော်အတွင်းမှ အားလုံးသည် အပြင်းအထန် ရင်တုန်သွားကြသည်။ ရီဖူရှင်းသည် လောကထဲမှ စွမ်းအားအကြီးဆုံး ကျင့်ကြံသူ ကျိဝူတောက်ကို ပြောနေခြင်းပင်။
ရီဖူရှင်းသည် သူ၏အင်ပါယာလမ်းစဉ်ကို ဖျက်ဆီးလိုနေသည်လော။
ဤလောကအတွင်းမှ မည်သူသည် ထိုမျှ ရဲတင်းသော စကားကို ပြောဝံ့သနည်း။
ကျိဝူတောက်သည် နတ်ဘုရားပလ္လင်မှ ထလာ၏။ သူ၏အကြည့်သည့် ကြောက်မက်ဖွယ် ကောင်းနေပေသည်။ သူသည် ရီဖူရှင်းကို ကြည့်လိုက်၏။ ရုတ်ခြည်းပင် ကျိုးထျန်းနတ်ဓားများ ကျဆင်းလာသည်။ နတ်ဘုရားအရှိန်အဝါ ပါဝင်သည့် မရေမတွက်နိုင်သော ကောင်းကင်အင်ပါယာနတ်ဓားများသည် အာကာပြင်ကို ဖြတ်သန်းကာ ချင်းကျူမြို့ထံသို့ ဦးတည်ကျဆင်းလာလေသည်။
ရီဖူရှင်းသည် ခေါင်းမော့ကာ ဓားများကို ကြည့်လိုက်၏။ ဓားများသည် ရုတ်ခြည်းပင် ကျိုးပဲ့ပျက်စီးသွားကာ ပျောက်ကွယ်သွား၏။ ၎င်းတို့သည် ခြေရာလက်ရာပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်။
“ကြည့်ရတာ အခု မင်းက ကောင်းကင်လမ်းစဉ် အဖြစ် ပြောင်းလဲခဲ့တုန်းကထက် ပိုပြီး စွမ်းအားကြီးလာတဲ့ပုံပဲ”
ကျိဝူတောက် မှတ်ချက်ချလိုက်သည်။
“ဒါပေမဲ့ မင်းက အတိတ်တုန်းက လူသားဘိုးဘေးကို အပြတ်မရှင်ပစ်နိုင်ခဲ့ပါဘူး။ သူ ထွက်ပြေးဖို့ ကြိုးစားနေတုန်း ငါက သူ့ကို ဝါးမျိုပစ်ခဲ့တာပဲ။ ငါက သူ့ကိုစုပ်ယူပြီး ငါ့ကိုယ်ငါ အစွမ်းမြှင့်ခဲ့တယ်။ အခု ငါက လောကထဲမှာ စွမ်းအားအကြီးဆုံးပဲ”
ကျိဝူတောက်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။
“အဲဒါကြောင့် မင်း ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲသွားရင်တောင် ငါ မင်းကို အနိုင်ယူနိုင်သေးတယ်”
သူ၏ ဩဇာအပြည့်ဖြင့် အသံသည် အာကာပြင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။
သူသည် ထိုသို့ပြောလိုက်ပြီးနောက် လက်ဝါးဆန့်ထုတ်လိုက်၏။ ကြောက်မက်ဖွယ် အာကာသတွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းသည် လျင်မြန်စွာ ပြန့်ကားသွားသည်။ ရုတ်ခြည်းအတွင်းမှာပင် အာကာသတွင်းနက်ကြီး၏ စွမ်းအားသည် ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံသွားသည်။ လောကတစ်ခွင်လုံး တုန်ခါနေသည်။
ဝုန်း...
ဒေသကိုးခုတွင် နေထိုင်သော လူများသည် အာကာသတွင်းနက်ကြီးနှင့် အလွန်ဝေးကွာသော်လည်း ၎င်းထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်အရှိန်အဝါကို အာရုံခံနိုင်နေပေသည်။ ကမ္ဘာပေါ်မှ အရာအားလုံးသည် ပြိုပျက်ခါနီးအခြေအနေသို့ ရောက်နေပုံပေါ်ပြီး အာကာသတွင်းနက်ကြီးအတွင်းသို့ စုပ်ယူ ခံနေရလေသည်။
“မင်းက ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲသွားရင် ငါက ကောင်းကင်တစ်ခုလုံးကို ဝါးမျိုပစ်မယ်”
ကျိဝူတောက်က ကျယ်လောင်စွာ ပြောလိုက်၏။ အာကာသတွင်းနက်မှနေ၍ နတ်အလင်းများ ထွက်ပေါ်လာပြီး တိမ်များအတွင်းသို့ ပျံဝင်သွားသည်။ တစ်လောကလုံး တုန်ခါနေပေသည်။
မရေမတွက်နိုင်သော လူများသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ ထိုသူသည် လောကထဲမှ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ် ကျိဝူတောက်ပင်။
အနက်ရောင်လျှပ်စီးများသည် အာကာပြင်ကို ထိုးဖောက်သွားသည်။ ကောင်းကင်လမ်းစဉ်သည်ပင် တုန်ခါလာပေသည်။
ရီဖူရှင်း မော့ကြည့်လိုက်၏။ သူ သူ၏အာရုံကို လှုပ်ရှားလိုက်ရာ လောကအတွင်းရှိ အရာအားလုံး ရပ်တန့်သွား၏။ အနက်ရောင် အဖျက်လျှပ်စီးများနှင့် ကောင်းကင်လမ်းစဉ်ကို ဝါးမျိုလိုနေသော ကြောက်မက်ဖွယ် ဝဲကတော့ကြီးသည်လည်း ရပ်တန့်သွားသည်။
“အချိန်နဲ့နေရာ... ခွဲထွက်”
ရီဖူရှင်း ထိုစကားများကို ရွတ်လိုက်သောအခါ ကျိဝူတောက်၏ တိုက်ခိုက်မှုများသည် ဤလောကနှင့် ကွဲပြားသော ရှုထောင့်အလွှာတစ်ခုအတွင်း ရောက်သွားပေသည်။ အချိန်နှင့်နေရာ တွန့်ခေါက်သွားသည်။
ထို့နောက်တွင် ရီဖူရှင်းသည် လက်ချောင်းတစ်ချောင်း မြှောက်လိုက်၏။ သူ၏လက်ချောင်းထိပ်မှနေ၍ အလင်းတန်းတစ်ခု ပျံထွက်လာပြီး အာကာသတွင်းနက်ကြီးထံ ဦးတည်သွား၏။ ထို့နောက်တွင် အားကောင်းသောအလင်း ဖြာထွက်လာသည်။ ရုတ်ခြည်းအတွင်းမှာပင် လောကအတွင်းရှိ အရာအားလုံးသည် တိတ်ဆိတ်သွားသည်။ အချိန်နှင့်နေရာ ပြိုပျက်၊ ကွဲအက်သွားသည်။
ကျိဝူတောက်သည် ထိုအရာအားလုံးကို အံ့ဩတကြီး ကြည့်နေ၏။ အချိန်နှင့်နေရာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသောအခါ သူထုတ်လွှတ်လိုက်သော အဖျက်စွမ်းအားသည် ခြေရာလက်ရာတစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏လမ်းစဉ် ဖျက်ဆီးခံလိုက်ရပေပြီ။
ဖူး...
ကျိဝူတောက်သည် ခပ်အုပ်အုပ် ညည်းတွားလိုက်ပြီး သွေးအန်လိုက်သည်။ သူ၏မျက်နှာ ဖြူဖျော့လာပြီး သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် အဆက်မပြတ် ဆုတ်ယုတ်လာသည်။
“ကျိဝူတောက် မင်းကို အင်ပါယာအဆင့်ကနေ တစ်သက်လုံး ပယ်ထုတ်လိုက်ပြီ”
ရီဖူရှင်း ကြေညာလိုက်၏။ သူ၏စကားသည် ကောင်းကင်အမိန့်တော်ပင်။
ချင်းကျူမြို့မှ လူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ကောင်းကင်ဘုံ၏ ကြီးကျယ်သောအုပ်စိုးသူ၊ လောကထဲမှ စွမ်းအားအကြီးဆုံး ကျင့်ကြံသူသည် လက်ချောင်းတစ်ချောင်းဖြင့်ပင် သူ၏အင်ပါယာလမ်းစဉ် ဖျက်ဆီးခံလိုက်ရလေသည်။