လှံချက်တစ်ချက်
Vol. 208 Ch. 2965
ကျယ်ပြောသော အာကာပြင်ထဲတွင် မရေမတွက်နိုင်သော နတ်အလင်းတန်းများ ကျဆင်းလာသည်။ ကောင်းကင်နန်းတော်မှ နတ်ဘုရားများသည် ကောင်းကင်ထဲတွင် ရပ်နေကြ၏။ လောကအတွင်းမှ စွမ်းအားအကြီးဆုံး ကျင့်ကြံသူ ကျိဝူတောက်သည် သူတို့၏ အလယ်တွင် ရှိနေသည်။
လူအုပ် အရှေ့မှ မြင်ကွင်းသည် လွန်စွာ သက်ရောက်မှုကြီးပေသည်။ ကျိဝူတောက်သည် လောကထဲမှ အသန်မာဆုံး၊ စွမ်းအားအကြီးဆုံးသူ ဖြစ်သည်။ သို့သော် သူ၏ အင်ပါယာလမ်းစဉ်သည် လက်ချောင်းတစ်ချောင်းဖြင့် ဖျက်ဆီးခံလိုက်ရလေသည်။
ရီဖူရှင်း ပြန်လာပေပြီ။
သူသည် ယခင်က လူသားဘိုးဘေးကို အနိုင်ယူခဲ့သော ကောင်းကင်လမ်းစဉ်ဖြစ်လာသည့် ကောင်းကင်အင်ပါယာဖြစ်သည်။ ယခုတွင် သူသည် တိုက်ခိုက်ရန် ပြန်ရောက်လာပြီဖြစ်ရာ ပြိုင်ဘက်ကင်းနေသည်။
အာဏာရှိသူများ၏ အနိမ့်အမြင့်၊ အတက်အကျကို မည်သူ ထိန်းချုပ်သနည်း။
ကောင်းကင်နန်းတော်သည် တိတ်ဆိတ်နေသည်။ ရီဖူရှင်းကို သစ္စာဖောက်ကာ ကျိဝူတောက်နောက်သို့ လိုက်ခဲ့သော ကျင့်ကြံသူများသည် မျက်နှာဖြူဖျော့နေကြသည်။ ထိုမျက်နှာထားများသည် အလွန်အရုပ်ဆိုး၏။ ရီဖူရှင်းသည် ပြန်လာပြီး ပို၍ပင် စွမ်းအားကြီးလာလိမ့်မည်ဟု မည်သူ ထင်ခဲ့မည်နည်း။ ကျိဝူတောက်သည် သူက လူသားဘိုးဘေးကို ဝါးမျိုခဲ့ပြီဟု ပြောခဲ့၏။ သူသည် အတွေးတစ်ချက်ဖြင့် ကောင်းကင်လမ်းစဉ်ကိုလည်း ဝါးမျိုလိုခဲ့သည်။
လက်ရှိ ကျိဝူတောက်သည် မည်သည်ကိုမှ မကြောက်ပေ။ လူသားဘိုးဘေး ပြန်မွေးဖွားလာမည်ကိုပင် မကြောက်ပေ။
သို့သော် သူသည် ရီဖူရှင်းက သူ့အား လက်ညိုးညွှန်လိုက်သည်ကိုပင် မခံနိုင်ချေ။
ကောင်းကင်နန်းတော်ထဲတွင် ကျိဝူတောက်သည် ရုတ်တရက် ရယ်လိုက်၏။ သူ၏ရယ်သံသည် အနည်းငယ် ဝမ်းနည်းစရာ ကောင်းနေသည်။ သူသည် အောက်ဘက် ချင်းကျူမြို့ထဲရှိ ရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။ ရီဖူရှင်းသည် နှင်းများထဲတွင် ရပ်နေသည်။ သူသည် ရပ်နေရုံဖြင့်ပင် ကျိဝူတောက်၏ အင်ပါယာလမ်းစဉ်ကို ဖျက်ဆီးပစ်ခဲ့သည်။ ယင်းသည် မည်သို့သော လှောင်ပြောင်မှုနည်း။
“အင်ပါယာခြောက်ပါးခေတ်တုန်းက ငါ့ရဲ့ပါရမီက ပြိုင်ဘက်ကင်းခဲ့ပေမယ့် ငါက သိုသိုသိပ်သိပ်နေခဲ့ပြီး အချိန်ကောင်းကို စောင့်ဆိုင်းခဲ့တယ်။ နောက် ငါကိုယ်တိုင် မဟာအင်ပါယာတစ်ပါး ဖြစ်လာတော့ ငါက ကောင်းကင်ဘုံကို ပြန်တည်ဆောက်ချင်ခဲ့တယ်။ ငါက သူ့ရဲ့အိပ်မက်တွေ အမှန်ဖြစ်လာအောင် လုပ်ပေးချင်ခဲ့တယ်... သူ့အတွက် လက်စားချေပေးချင်ခဲ့တယ်။ ဒါပေမဲ့ မင်း ရှိနေခဲ့တယ်။ သူက မင်းကို ရွေးချယ်ခဲ့တယ်”
ကျိဝူတောက်သည် သူ့ကိုယ်သူ ပြောနေသကဲ့သို့ ပြောလိုက်၏။ သူ ဆက်ပြောသည်။
“ကောင်းကင်လမ်းစဉ် တိုက်ပွဲမှာ မင်းက ကောင်းကင်လမ်းစဉ် ဖြစ်လာပြီး ကိုယ့်ကိုယ်ကို စတေးခဲ့တယ်။ အဲဒီအတွက် မင်းကို ငါ လေးစားတယ်။ အဲဒါကြောင့် ငါ တခြားသူတွေကို မသတ်ခဲ့တာပဲ။ အနာဂတ်က ငါ့ရဲ့ခေတ် ဖြစ်လိမ့်မယ်လို့ ငါယုံကြည်ခဲ့တယ်။ လူသားဘိုးဘေး ပြန်ရှင်သန်လာရင်တောင် ငါ သူ့ကို ကြောက်မှာ မဟုတ်ဘူး။ နတ်ဘုရားတွေနဲ့ အင်မော်တယ်အရှင် ရောက်လာရင်တောင် ငါ ပြန်တိုက်ခိုက်နိုင်ပြီး လောကကြီးရဲ့ ကယ်တင်ရှင်ဖြစ်လာနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်”
သူ ကောက်ချက်ချလိုက်၏။
“ဒါပေမဲ့ လောကကြီးက ဘယ်တုန်းကမှ ငါ့ကို မလိုအပ်ခဲ့ဘူး”
ကျိဝူတောက်၏ လေသံသည် မိမိကိုယ်ကို သိမ်ငယ်မှုဖြင့် ပြည့်နှက်နေသည်။ သူမသည် သူ့အစား ရီဖူရှင်းကို ရွေးချယ်ခဲ့သည်။ ဤလောကသည်လည်း သူ့ကို မလိုအပ်ပေ။
“လောကကြီးက မင်းရှိနေပြီးတာကို ဘာလို့ငါ့ကိုပါ ထပ်မွေးဖွားပေးရတာလဲ”
ကျိဝူတောက်သည် မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
“ဘာလို့လဲ”
ကျိဝူတောက် ပြောလိုက်သည်။
“လောကကြီးက ငါ့ကို မလိုအပ်မှတော့ ငါကလည်း လောကြီးကို လွမ်းနေမှာ မဟုတ်ပါဘူး”
သူသည် ကောင်းကင်သို့ မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်၏။
“ငါ တိုက်ပွဲမှာ သေမယ်။ ငါ ကျိဝူတောက်က မင်းသနားတာ မလိုအပ်ဘူး”
သူသည် ထိုသို့ ပြောပြီးနောက် အောက်ဘက်သို့ ပျံဆင်းလာလေသည်။ သူသည် အာကာပြင်နှင့် အချိန်ကို ဖြတ်ကာ ရီဖူရှင်းထံ ဦးတည်သွားလိုက်သည်။
ရီဖူရှင်းသည် ခေါင်းမော့၍ ကျိဝူတောက်ကို ကြည့်လိုက်၏။ ကျိဝူတောက်သည် သေရန် စိတ်ဆုံးဖြတ်ပြီးဖြစ်ကြောင်း သူသိပေသည်။
“ကောင်းပြီ”
ရီဖူရှင်းသည် ကောင်းကင်သို့ လက်ချောင်း ထပ်မံညွှန်လိုက်သည်။ ဤတစ်ကြိမ်တွင် လက်ချောင်း၏ စွမ်းအားသည် ကျိဝူတောက်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွား၏။ ရုတ်ခြည်းပင် သူ၏ခန္ဓာကိုယ်သည် ဝေဝါးလာကာ ပျောက်ကွယ်သွား၏။
လူများစွာသည် ကျိဝူတောက် အသတ်ခံလိုက်ရသည်ကို ကြည့်ကာ ဝမ်းနည်းနေကြသည်။ ကျိဝူတောက်သည် ကြိုးစား လုပ်ဆောင်ခဲ့သည်။ သူသည် နာမည်မရှိသူတစ်ယောက် အဖြစ်မှနေ၍ ကျော်ကြားသူတစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် ကောင်းကင်အင်ပါယာအဖြစ် နှစ်ကြိမ် တင်မြှောက်ခံခဲ့ရသည်။ သူ၏ဘဝသည် ထူးကဲခဲ့သည်။ သို့သော် သူ ပြောခဲ့သလိုပင် လောကကြီးသည် ရီဖူရှင်း ရှိနေပြီဖြစ်၍ သူ့ကို မလိုအပ်ပေ။
အကယ်၍ ရီဖူရှင်းသာ မရှိပါက ကျိဝူတောက်၏ သူတို့မျိုးဆက်၏ သူရဲကောင်းဖြစ်လာနိုင်ပေသည်။
သို့သော် လက်တွေ့တွင် မည်သည့် ‘အကယ်၍’မှ ရှိမနေပေ။
လောကထဲမှ စွမ်းအားအကြီးဆုံး ကျင့်ကြံသူသည် သူ၏ကျော်ကြားမှုကို တစ်ခဏ ခံစားခဲ့ရပြီး ယခုတွင် ထာဝရ ပျောက်ကွယ်သွားပေပြီ။
“ကောင်းကင်အင်ပါယာ ကျုပ်တို့ကို သနားညှာတာပေးပါ”
ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ရီဖူရှင်းကို ဦးညွှတ်ကာ အသနားခံလိုက်သည်။ အဖြူနှင့်အနက်ကောင်းကင်အရှင်များသည်လည်း ဒူးတစ်ဘက်ထောက်ကာ ခွင့်လွှတ်ပေးဖို့ အသနားခံနေကြသည်။ ရီဖူရှင်းသည် အတွေးတစ်ချက်ဖြင့် သူတို့အားလုံးကို ရှင်းပစ်နိုင်ပေသည်။
ကျိဝူတောက်ပင် အသတ်ခံခဲ့ရသည်။ ကျန်သူများသည် ရီဖူရှင်းကို မည်သို့မှ မယှဉ်နိုင်ပေ။
“ခင်ဗျားတို့အားလုံးက ကျိဝူတောက်ရဲ့ အမိန့်ကို နာခံခဲ့တယ်။ ကျုပ် ပျောက်ကွယ်သွားတဲ့နောက် ခင်ဗျားတို့ သူ့ကို နာခံခဲ့တာ နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက တခြားဘုံတွေကို စစ်ကြေညာခဲ့တယ်။ ခင်ဗျားတို့ရဲ့ လက်တွေမှာ ဘုံအသီးသီးက ကျင့်ကြံသူတွေရဲ့ သွေးတွေ စွန်းနေပြီ။ ခင်ဗျားတို့ သတ်လိုက်တဲ့သူတွေကလည်း တစ်ချိန်တုန်းက ကျွန်တော့်ရဲ့ နောက်လိုက်တွေပဲ”
ရီဖူရှင်းသည် ကောင်းကင်ဘုံမှ ကျင့်ကြံသူများကို ကြည့်ကာ သူ၏အမိန့်ကို ကြေညာလိုက်၏။
“ပြီးတော့ ခင်ဗျားတို့တွေ ခင်ဗျားတို့ရဲ့ လမ်းစဉ်ကို သက်သေပြနိုင်ခဲ့တာ ကျွန်တော့်ရဲ့ လမ်းညွှန်ပြသမှုကြောင့်ပဲ။ အဲဒါကြောင့် ကျုပ် ခင်ဗျားတို့ရဲ့ လမ်းစဉ်တွေကို ဖျက်ဆီးပစ်မယ်။ အခုကစပြီး ခင်ဗျားတို့က သာမန်လူတွေ ဖြစ်လာရမယ်”
သူ ထိုသို့ပြောလိုက်ပြီးနောက် အလင်းတန်းများသည် ကောင်းကင်မှနေ၍ ကောင်းကင်နန်းတော်၏ ကျင့်ကြံသူများထံသို့ ကျဆင်းသွား၏။ သူတို့၏ အပြစ်များအတွက် အပြစ်ပေးမှုအနေဖြင့် သူတို့သည် သူတို့၏လမ်းစဉ်ကို ဆုံးရှုံးခဲ့သည်။
သူတို့၏မျက်နှာများသည် စက္ကူစများအလား ဖြူဖျော့နေပေသည်။
“ကျုပ် ကျုပ်ရဲ့ဆုံးဖြတ်ချက်ကို နောင်တမရဘူး”
ကောင်းကင်ဘုရင်လေးပါးထဲမှ စေတီဘုရင်က ရီဖူရှင်းကို ကြည့်၍ ပြောလိုက်၏။
“အရင်တုန်းက ကျုပ်သာ ကျိဝူတောက်ဆီမှာ သစ္စာမခံခဲ့ဘူးဆိုရင် ကျုပ် သူသတ်တာကို ခံရဦးမှာပဲ။ ဘာလို့ ကျုပ်တို့က အသက်ရှင်ဖို့ ရွေးချယ်လို့ မရ,ရတာလဲ”
ရီဖူရှင်းသည် သူ့ကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူသည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏အာရုံကို လှုပ်ရှားလိုက်သည်။ ကောင်းကင်နန်းတော်ထဲတွင် လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။ သူတို့ထဲတွင် တေးသံသာအင်ပါယာနှင့် စာအုပ်နတ်တို့လည်း ပါလေသည်။ ကျိဝူတောက် သတ်ခဲ့သော ကောင်းကင်ဘုံမှ ကျင့်ကြံသူများလည်း ရှိနေသည်။ ရီဖူရှင်း၏ မှတ်သားမှုကို ခံခဲ့ရသော ထိုကျင့်ကြံသူများသည် တိုက်ပွဲတွင် စတေးခဲ့သော်လည်း အသက်ပြန်ရှင်လာကြသည်။
“ကောင်းကင်အင်ပါယာ”
သူတို့သည်လည်း ရီဖူရှင်းကို ဦးညွှတ်နှုတ်ဆက်လိုက်၏။ သူတို့၏ ပျော်ရွှင်မှုနှင့် အံ့အားသင့်မှုကို ဖော်ပြ၍ပင် မရနိုင်ပေ။ တေးသံသာအင်ပါယာနှင့် စာအုပ်နတ်တို့သည် သူမတို့၏ သခင်လေးက ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်သွားပြီဟု တွေးကာ မျက်နှာဝင်းသွားကြသည်။
ရီဖူရှင်းသည် စွမ်းရည်အရာတွင် လူသားဘိုးဘေးထက် သာသွားပေပြီ။ သူသည် သူအလိုရှိသူများကို အသက်ပြန်ရှင်လာစေနိုင်သည်။ မဟာအင်ပါယာတစ်ပါးပင်ဖြစ်စေ ပြန်ရှင်လာအောင် သူလုပ်နိုင်ပေသည်။
“ဒါပေါ့... ခင်ဗျားတို့ ကြိုက်သလို ဘက်ရွေးလို့ ရတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရွေးချယ်မှုရဲ့ နောက်ဆက်တွဲတွေကို ရင်ဆိုင်ဖို့လည်း အသင့်ဖြစ်နေဖို့ လိုတယ်”
ရီဖူရှင်း ပြောလိုက်သည်။ စေတီဘုရင်နှင့် အခြားသူများ၏ မျက်နှာများသည် ဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။ သူတို့သည် သူတို့၏ရွေးချယ်မှုကို နောင်တရနေကြ၏။
သေသွားသော ကျင်ကြံသူများသည် အမှန်ပင် အသက်ပြန်ရှင်လာပေသည်။
ရီဖူရှင်း ပြောလိုက်၏။
“ကောင်းကင်လမ်းစဉ် တိုက်ပွဲတုန်းက ကျုပ်က အားလုံးကို လောကကြီးကို ကယ်တင်မယ်ဆိုတဲ့ စိတ်၊ နောက်မျိုးဆက်တွေကို ကပ်ဘေးဒုက္ခတွေ မခံစေရဘူးဆိုတဲ့ စိတ်... အဲဒီလို စိတ်မျိုးတွေနဲ့ အစွမ်းကုန်တိုက်ဖို့ အားပေးခဲ့တယ်။ ကျုပ်တို့သာ တိုက်ပွဲမှာ နိုင်ခဲ့ရင် ခင်ဗျားတို့တွေက လောကစည်းမျဉ်းကို ထိန်းသိမ်းရတဲ့သူတွေ ဖြစ်လာရမယ်လို့ ကျုပ် ကတိပေးခဲ့တယ်။ အခု ကျုပ် ကျွန်တော့်ရဲ့ ကတိကို ဖြည်းဆည်းပေးပါမယ်... ကျုပ် ခင်ဗျားတို့အားလုံးကို အင်ပါယာတွေရဲ့ လမ်းစဉ် ချီးမြှင့်ပါမယ်”
သူ ထိုသို့ ပြောပြီးနောက် အထက်မှနေ၍ နတ်အလင်းများ ကျဆင်းလာပြီး ထိုကျင့်ကြံသူများကို လှည့်ပတ်သွားသည်။ သူတို့သည် အင်ပါယာလမ်းစဉ် ချီးမြှင့်ခံနေရ၏။
“ဒါက...”
လူအုပ်သည် သူတို့မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ ကောင်းကင်ထဲတွင် အတိတ်နမိတ်ကောင်းသော လက္ခဏာများနှင့် ပြည့်နှက်နေပြီး နတ်အလင်းတန်းများ ကျဆင်းလာသည်။ ကျင့်ကြံသူများသည် နတ်အလင်းတန်းများအောက်တွင် မျက်လုံးမှိတ်ကာ တရားထိုင်နေကြသည်။ ရီဖူရှင်းသည် သူတို့ကို အင်ပါယာများ၏လမ်းစဉ် ချီမြှင့်ပေးခဲ့ပေပြီ။
ထိုကျင့်ကြံသူများအားလုံးသည် စစ်ပွဲတွင် ပါဝင်ခဲ့သည်။ ရီဖူရှင်းသည် သူ၏ကတိအတိုင်း ထိုသူများကို နတ်ဘုရားများ ဖြစ်လာစေပေသည်။
ကောင်းကင်နန်းတော်မှ ထွက်သွားရန် ရွေးချယ်ခဲ့သူများသည် ထိုမြင်ကွင်းကိုကြည့်ကာ ရင်နာနေကြသည်။ သူတို့သည် သူတို့၏ အတိတ်မှ ဆုံးဖြတ်ချက်အတွက် နောင်တရနေကြသည်။ သူတို့သည် ကောင်းကင်နန်းတော်မှ ထွက်သွားပြီးနောက်တွင် ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ သူတို့အများစုသည် ထိုကပ်ဘေးအောက်တွင် သေဆုံးသွားခဲ့သည်။
ထိုလူများသည် ပြန်ရှင်လာနိုင်မည့် အခွင့်အရေး မရှိပေ။
ယင်းသို့ ဖြစ်ရခြင်းမှာ သူတို့ ပြုလုပ်ခဲ့သော ရွေးချယ်မှုတစ်ခုကြောင့်ပင်။
ရီဖူရှင်းသည် နတ်ဘုရားမြို့တော်ဘက်သို့ ကြည့်လိုက်သည်။ အနန္တဘုံမှ ကျူးကျော်သူများအကြားတွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။
အင်မော်တယ်အရှင်၏ ဝိညာဉ်စွမ်းအား ကျဆင်းလာသည်။
“မင်းက မင်းရဲ့ လမ်းစဉ်ကို ဒီအဆင့်ထိ သက်သေပြပြီးမှတော့ ဒီလောက,က မင်းရဲ့လောက ဖြစ်သင့်ပါတယ်”
အသံတစ်သံက ပြောလိုက်၏။ ထိုအသံသည် အာကာပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေသည်။
“ခင်ဗျားက လာချင်သလိုလာ၊ သွားချင်သလိုသွားလို့ ရမယ်လို့ ထင်နေတာလား”
ရီဖူရှင်းသည် ထိုဘက်သို့ ကြည့်၍ ပြောလိုက်၏။ သူ၏အတွေး လှုပ်ရှားသွားသောအခါ အထက်ကောင်းကင်မှနေ၍ မရေမတွက်နိုင်သော နတ်အလင်းတန်းများ ကျဆင်းလာသည်။ ၎င်းတို့သည် ရုတ်ခြည်းပင် နတ်ဘုရားမြို့တော်ကို လွှမ်းခြုံသွားပြီး ကျူးကျော်သူများကို အတွင်း၌ ပိတ်ထားလိုက်သည်။
သူသည် ကောင်းကင်လမ်းစဉ်ဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျူးကျော်တဲ့သူတွေ အညှာအတာမရှိ အသတ်ခံရမယ်လို့ ကျုပ် ကြေညာခဲ့တယ်”
ရီဖူရှင်းသည် ကျူးကျော်သူများကိုကြည့်၍ ပြောလိုက်၏။ သူတို့သည် သူ၏နတ်ဘုရားအရှိန်အဝါကို အာရုံခံမိလိုက်သောအခါ ကြောက်ရွံ့သွားကြသည်။ အင်မော်တယ်ဘုရင်အဆင့် ရှိသူများပင် သေရမည့် အန္တရာယ်ကို ခံစားလိုက်ကြရသည်။
လက်ရှိ ရီဖူရှင်းသည် ပြိုင်ဘက်ကင်းပင်။ ဤလောကသည် လုံးဝ သူ့အပိုင်ဖြစ်သည်။
“သေကြ...”
ရီဖူရှင်း ပြောလိုက်၏။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်လမ်းစဉ်မှနေ၍ ကမ္ဘာဖျက်မဟာကပ်ဘေးများ ကျဆင်းလာပြီး ကျူးကျော်သူများကို သတ်ဖြတ်သွား၏။
ရွှစ်...ရွှစ်...ရွှစ်...
ကမ္ဘာဖျက်မဟာကပ်ဘေးများ ဗြောင်းဆန်သွားပြီး လူများစွာသည် အမှုန့်ဖြစ်သွားကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ကာကွယ်ရန်ပင် အခွင့်အရေးမရခဲ့ဘဲ ရုတ်ခြည်း သေဆုံးသွားကြသည်။ အင်မော်တယ်ဘုရင်များပင် အနည်းငယ်သာ ခုခံနိုင်ခဲ့ပြီး နေရာတွင် အသတ်ခံလိုက်ကြရသည်။
“ရဲတင်းလိုက်တာ...”
အနန္တဘုံ၏ အင်မော်တယ်အရှင်က အော်လိုက်သည်။
သူ၏အသံသည် ကောင်းကင်နှင့်မြေကြီးတွင် ပဲ့တင်ထပ်သွားသည်။ သူသည် ရီဖူရှင်းကို စူးစူးဝါးဝါး ကြည့်လိုက်၏။
ရီဖူရှင်းသည် ကျူးကျော်သူအားလုံးကို သတ်ပစ်ခဲ့သည်။ ထိုသူများသည် အင်မော်တယ်အရှင်၏ လက်အောက်ငယ်သားများဖြစ်သည်။
“ကျုပ်က ရဲတင်းတာလား”
ရီဖူရှင်းသည် သူ၏အတွေးကို လှုပ်ရှားလိုက်ရာ အင်မော်တယ်အရှင်ရှိနေသော အာကာပြင်သည် ပြိုပျက်သွား၏။ ဧရာမမျက်နှာကြီး ကွဲအက်သွားသည်။ ရီဖူရှင်းသည် နတ်ဘုရားမြို့ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာသည်။ အင်မော်တယ်အရှင်၏ မျက်နှာထားသည် အရုပ်ဆိုးနေ၏။ သူသည် ဤတစ်ကြိမ် ကျူးကျော်မှုတွင် ထိုကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်ဖြင့် ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
အခြားလောကများကို ကျူးကျော်ရာတွင် အကြီးမားဆုံး အန္တရာယ်မှာ ထိုလောကများမှ လူများသည် သူတို့၏လောကကို အပြည့်အဝ ထိန်းချုပ်နိုင်နေခြင်းဖြစ်သည်။ လောကအတွင်းရှိ စည်းမျဉ်းများသည် ထိုလောကမှသူများ သတ်မှတ်သော စည်းမျဉ်းများကို နာခံကြသည်။ ထို့ကြောင့် အင်မော်တယ်အရှင်သည် ဤလောကကို စုံစမ်းရန် ကျင့်ကြံသူတချို့ကို အရင်ဆုံး စေလွှတ်ခဲ့ခြင်းပင်။
သို့သော် သူသည် ရီဖူရှင်းဖြင့် ရင်ဆိုင်ခဲ့ရ၏။
“ငါတို့ ပြန်တွေ့ဦးမှာပါ”
အနန္တဘုံမှ အင်မော်တယ်အရှင်သည် အေးစက်စွာ ပြောလိုက်၏။ ပြိုပျက်နေသော အာကာပြင်၏အလယ်တွင် အသိအာရုံတန်းတစ်ခု ထွက်ပြေးသွားသည်။ ၎င်းသည် ယဇ်ပလ္လင်ဘက်သို့ သွားလိုက်ပြီး ထိုနေရာမှနေ၍ လွတ်မြောက်သွား၏။ ၎င်းသည် ၎င်း၏ကိုယ်ပိုင်စကြဝဠာဆီသို့ ပြန်သွား၏။
ရီဖူရှင်းသည် ရပ်ကာ ထိုစကြဝဠာဘက်သို့ ကြည့်လိုက်၏။ သူ၏အတွေး လှုပ်ရှားသွားပြီး သူ၏အာရုံသည် ကျယ်ပြောသော အာကာပြင်ကို ဖြတ်၍ တစ်နေရာသို့ ဦးတည်သွား၏။
“ဟမ်...”
အင်မော်တယ်အရှင်သည် အနန္တဘုံရှိ နန်းတော်တစ်ခုထဲတွင် မျက်လုံးများ ဖွင့်လိုက်၏။ သူသည် ရီဖူရှင်းရှိနေသော လောကဘက်သို့ ကြည့်လိုက်သည်။ ရီဖူရှင်းသည် အမှန်ပင် သူ့နောက်သို့ လိုက်လာပေသည်။
နတ်ဘုရားမြို့တော်ထဲတွင် ရီဖူရှင်းသည် လောကနတ်စွမ်းအားကို စုစည်းလိုက်၏။ သူ၏လက်ထဲတွင် လှံတစ်ချောင်း ဖြစ်ပေါ်လာသည်။ သူသည် ထိုလှံကို မြို့တော်နှင့် ထိုစကြဝဠာကို ချိတ်ဆက်ထားသော လမ်းကြောင်းဆီသို့ ပစ်လွှတ်လိုက်သည်။ ထိုလမ်းကြောင်းသည် ကျူးကျော်သူများ မြို့သို့လာရန် သုံးခဲ့သော လမ်းကြောင်းပင်။
လမ်းကြောင်း၏ အခြားတစ်ဘက်သည် အနန္တဘုံဖြစ်သည်။ တုန်လှုပ်ဖွယ် ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရ၏။ စကြဝဠာသည် တဒင်္ဂမျှ အပြင်းအထန် တုန်ခါသွားသည်။ ထို့နောက်တွင် စကြဝဠာပြိုပျက်လာပြီး အချိန်နှင့်နေရာ ကွဲအက်လာသည်။ အာကာသတွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာကာ အရာအားလုံးကို ဝါးမျိုသွား၏။
“အချိန်နဲ့နေရာ ပျက်သုဉ်း...”
ရီဖူရှင်း အမိန့်ပေးလိုက်၏။ ထိုအခါ အနန္တဘုံ တုန်ခါသွားသည်။
ရီဖူရှင်းသည် အကြည့်ပြန်ရုတ်လိုက်၏။ နတ်ဘုရားမြို့တော်ထဲမှ အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေပြီ။ လမ်းကြောင်းလည်း ပိတ်သွားပြီး ရီဖူရှင်းသည် ချင်းကျူကျောင်းတော်သို့ ပြန်ရောက်လာသည်။
သို့သော် လူအုပ်သည် အချိန်နှင့်နေရာထက် သာလွန်သော လှံချက်ကို တွေ့ပြီးနောက် အချိန်အတော်ကြာသည်အထိ အံ့အားသင့်နေဆဲပင်။
ယင်းမှာ ကျင့်ကြံခြင်း၏ အထွတ်အထိပ်အဆင့်လော။
အနန္တဘုံ၏ အင်မော်တယ်အရှင်သည်ပင် လှံချက်တစ်ချက်ဖြင့် ရှုံးနိမ့်သွားပေသည်။