ဇာတ်သိမ်း
Vol. 208 Ch. 2966
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်လမ်းစဉ်အောက်တွင် ရပ်နေကြ၏။ သူတို့သည် ထိုမြင်ကွင်းကို ကြည့်၍ စိတ်လှုပ်ရှားကာ သွေးဆူနေကြသည်။
ကောင်းကင်အင်ပါယာ ပြန်ရောက်လာပေပြီ။ သူသည် တိုက်ပွဲတွင် ပြိုင်ဘက်ကင်းပင်။ သူ့ကို မည်သူမှ မယှဉ်နိုင်ပေ။
“ကျုပ်တို့ ကောင်းကင်အင်ပါယာ ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”
ကောင်းကင်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
“ကျုပ်တို့ ကောင်းကင်အင်ပါယာ ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”
ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အော်ပြောလိုက်ကြသည်။ သူတို့၏အသံများသည် အာကာပြင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။
ချင်းကျူကျောင်းတော်ထဲတွင် ကောင်းကင်လန်မှ လူများသည် မြေပေါ်တွင် ပြားပြားဝပ်နေကြသည်။ သူတို့သည် ခေါင်းမမော့ဝံ့ကြပေ။ သူတို့၏ခန္ဓာကိုယ်များသည် တဆတ်ဆတ် တုန်ရင်နေကြသည်။
သူတို့အတွက် အရာအားလုံးသည် အိပ်မက်ကဲ့သို့ ခံစားနေရသည်။ သူတို့ စော်ကားခဲ့မိသော သူသည် ကောင်းကင်အင်ပါယာ ဖြစ်နေပေသည်။
သို့သော် ရီဖူရှင်းသည် သူတို့ကို တစ်ချက်ပင် မကြည့်ပေ။
“ဂုဏ်ပြုပါတယ်”
အသံတစ်သံ ထွက်ပေါ်လာ၏။ ကောင်းကင်ထဲတွင် ဆရာသခင် ထွက်ပေါ်လာသည်။
“နောက်ဆုံးတော့ မင်း ဒီအဆင့်ကို ရောက်လာပြီပဲ”
ဆရာသခင်က ပြုံး၍ ပြောလိုက်သည်။
“ဆရာသခင်...”
ရီဖူရှင်းသည် ဆရာသခင်ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။ ထို့နောက် သူပြောလိုက်သည်။
“ဆရာသခင်ရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်တယ်။ အဲဒါကြောင့် ကျုပ် ဉာဏ်အလင်းပွင့်ခဲ့တာပါ”
“မင်း နှိမ့်ချနေစရာ မလိုပါဘူး။ ကျင့်ကြံခြင်းအရာမှာ မင်းက ငါ့ထက် သာသွားပါပြီ”
ဆရာသခင် ပြန်ပြောလိုက်သည်။
“အခု ငါက မင်းဆီက လမ်းညွှန်ချက် ပြန်ယူရမယ့်အလှည့်ပဲ။ မင်း အတိတ်နဲ့ပစ္စုပ္ပန်ကို ဘယ်လိုနားလည်ထားလဲ”
“အတိတ်ရော၊ ပစ္စုပ္ပန်ရော ကျုပ်ပဲလို့ ဆရာသခင်က ကျွန်တော့်ကို သင်ကြားပေးထားလို့ ကျုပ် အဲဒီအတိုင်းပဲ နားလည်ထားပါတယ်”
ရီဖူရှင်း ပြောလိုက်၏။
“ကျုပ်တည်ရှိခဲ့ အချိန်နဲ့နေရာတိုင်းမှာ ကျုပ်က ကျုပ်ပါပဲ”
ဆရာသခင်က ဆက်မေးလိုက်သည်။
“ဒါပေမဲ့ မင်းက အတိတ်က ဖြစ်ရပ်တွေကို မပြင်ခဲ့ဘူး။ မင်းက လူတွေကို ကယ်ခဲ့တာ။ ငါ ပြောတာ မှန်လား”
“ဟုတ်ကဲ့... တကယ်လို့ ကျုပ်သာ အတိတ်ကို ပြောင်းခဲ့ပြီး ကိစ္စတချို့ ဖြစ်မလာအောင် တားခဲ့ရင် အနာဂတ်ကလည်း ကွဲပြားသွားပါလိမ့်မယ်။ အဲဒါဆို ကျုပ်တို့ အခုတည်ရှိနေတဲ့ ပစ္စုပ္ပန်ကလည်း မရေမရာ ဖြစ်လာပါလိမ့်မယ်”
ရီဖူရှင်း ရှင်းပြလိုက်သည်။
“အဲဒါကြောင့် ကျုပ်က အတိတ်အပေါ် သက်ရောက်နိုင်မယ့် ဘာကိစ္စကိုမှ မလုပ်ခဲ့တာပါ။ ကျုပ်က လူတချို့ကိုပဲ အတိတ်ကနေပြီး ပစ္စုပ္ပန်ကို ခေါ်လာတာပါ။ ပြီးတော့ ကျုပ်က ထိပ်ဆုံးကနေပြီး အချိန်တိုင်းမှာ စတင်ကျင့်ကြံခဲ့ပါတယ်”
“အဲဒါကြောင့်ကိုး...”
ဆရာသခင်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ဒီတော့ မင်း ဉာဏ်အလင်းပွင့်သွားတာနဲ့ မင်းက အချိန်နဲ့နေရာ စက်ကွင်းထဲမှာ ရှိနေနိုင်ပြီး ကျင့်ကြံဖို့အတွက် အဆုံးမဲ့အချိန်တွေ ရနေတာပေါ့။ အဲဒါကြောင့် မင်းက အချိန်နဲ့နေရာကို ကျော်လွန်နိုင်ပြီး ကျင့်ကြံခြင်းရဲ့ အထွတ်အထိပ်ထက် သာလွန်နေတာပေါ့”
“ဟုတ်ပါတယ်...”
ရီဖူရှင်း ခေါင်းညိတ်လျှက် ပြန်ပြောလိုက်သည်။ သူ ဉာဏ်အလင်းပွင့်သွားသည့် အခိုက်တွင် ထိုအခိုက်သည် ထာဝရအဖြစ် ပြောင်းလဲသွားခဲ့သည်။ လက်ဖျောက်တစ်ချက်အတွင်းမှာပင် သူသည် နှစ်ပေါင်းအသင်္ချေကျင့်ကြံခဲ့ပြီဖြစ်သည်။
သူသည် အချိန်တိုင်းတွင် ကျင့်ကြံကာ လေ့လာနေခဲ့သည်။ နောက်ဆုံးတွင် သူ၏ သိမြင်နားလည်မှုအားလုံး ပေါင်းစုသွားပြီး လက်ရှိသူ ဖြစ်လာခြင်းပင်။
ဆရာသခင်က အကြံပေးလိုက်၏။
“စကြဝဠာကလည်း မင်းလိုပဲ အနန္တလားဆိုတာ ငါ သေချာမသိဘူး။ ဒါပေမဲ့ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းနဲ့ဆို မင်းက စကြဝဠာတွေရဲ့ အုပ်စိုးသူတွေကြားမှာ ထူးကဲတဲ့သူတစ်ယောက် ဖြစ်နေမှာပဲ။ ပြီးတော့ အနာဂတ်မှာ မင်းက ပိုပြီး စွမ်းအားကြီးလာမှာပဲ။ ကောင်းကင်အင်ပါယာအဖြစ် ပြန်နန်းတက်လိုက်ပါ။ မင်းက ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲသွားခဲ့တယ်ဆိုပေမယ့် အခု မင်းမှာ ရုပ်ခန္ဓာတစ်ခု ရှိနေတာပဲ။ မင်းက လောကကြီးကို အကြွင်းမဲ့ အုပ်စိုးနိုင်ပါတယ်”
ကောင်းကင်လမ်းစဉ်ဟောင်းသည် ပြိုပျက်ခဲ့ပြီဖြစ်သော်လည်း ၎င်းသည် တစ်ခါမှ ရုပ်ခန္ဓာတစ်ခု မပိုင်ဆိုင်ခဲ့ချေ။
ရီဖူရှင်း၏လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို ယခင်က မည်သူမှ မရခဲ့ဖူးပေ။ အနာဂတ်တွင်လည်း သူ့ကို မည်သူမှ ကျော်ဖြတ်နိုင်လောက်မည် မဟုတ်ချေ။
ရီဖူရှင်း ကြေညာလိုက်သည်။
“ကျုပ်က ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲခဲ့ပေမယ့် လောကကြီးကို ကာကွယ်ခဲ့တာ ကျုပ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလောကကို အင်အားစုအသီးသီးက အတူတကွ အုပ်စိုးသင့်ပါတယ်”
သူသည် ကောင်းကင်ကို ကြည့်လိုက်၏။ ရုတ်ခြည်းပင် ကောင်းကင်သို့ ရောက်သော ရွှေရောင်ကောင်းကင်လှေကားတစ်စင်း ထွက်ပေါ်လာသည်။
ရီဖူရှင်း ရှေ့သို့ လျှောက်သွားလိုက်၏။ သူသည် ကောင်းကင်လှေကားပေါ်သို့ တက်သွားသည်။ သူ့ကိုယ်ပေါ်သို့ နှင်းပွင့်များ ကျဆင်းနေဆဲပင်။ သူ ကောင်းကင်လှေကားပေါ်သို့ တက်သွားသောအခါ လောကနေရာအနှံ့မှ ကျင့်ကြံသူများအားလုံးသည် ခေါင်းမော့၍ သူ့ကို ကြည့်လိုက်ကြသည်။ အားလုံးသည် ကောင်းကင်လှေကားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
သူတို့ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ကောင်းကင်လှေကားသည် သူတို့၏ မျက်စိရှေ့တွင် ရှိနေသကဲ့သို့ ထွက်ပေါ်လာပေသည်။
လောကတစ်ခွင်လုံးသည် အခမ်းအနားကို တစ်ပြိုင်တည်း ကြည့်နေကြသည်။
“အစ်ကိုရီ...”
ချင်းကျူကျောင်းတော်မှ လူငယ်လေးများက လှမ်းခေါ်လိုက်၏။
သူတို့သည် ရီဖူရှင်း ကောင်းကင်လှေကားပေါ်သို့ တက်သွားသည်ကို ကြည့်နေကြသည်။ သူ့ကို နတ်ရောင်ဝါများနှင့် အတိတ်နမိတ်ကောင်းသော လက္ခဏာများက ဝန်းရံထားပေသည်။
လူငယ်လေးများ၏ မျက်လုံးများထဲတွင် မျက်ရည်စများ ရှိနေသည်။ ထိုမျက်ရည်များသည် စိတ်လှုပ်ရှား၍ကျသော မျက်ရည်များပင်။
ရီဖူရှင်းသည် သူတို့၏အစ်ကိုရီ၊ ကောင်းကင်အင်ပါယာ၊ လောကထဲမှ နံပါတစ်ကျင့်ကြံသူဖြစ်ပေသည်။ သူ့ကို နတ်ဘုရားများကပင် အရိုအသေပေးကြသည်။ လောကအတွင်းမှ လူအားလုံးသည် ယခု သူ၏နန်းတက်ပွဲကို ကြည့်နေကြသည်။
လူငယ်လေးများသည် အစ်ကိုရီနှင့် စကားပြောရင်း ပျော်ရွှင်ခဲ့ရသည်။
သူတို့သည် အစ်ကိုရီနှင့် နောက်ပြောင်ခဲ့ကြသည်။
သူတို့သည် အစ်ကိုရီ၏ အတိတ်မှအောင်မြင်မှုများအကြောင်း ‘လေလုံးထွားမှု’ကို နားထောင်ခဲ့ကြသည်။
ဟွာဂျီယူနှင့် ရှားရှင်းယွန်တို့သည် ရီဖူရှင်း တက်သွားသည်ကို ကြည့်ကာ မျက်ရည်ဝဲလာလေသည်။ ဝမ်းသာမျက်ရည်များသည် သူမတို့ ပါးပေါ်သို့ လိမ့်ဆင်းလာသည်။ နောက်ဆုံးတွင် အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း သူမတို့ သိပေသည်။ နောက်ဆုံးတွင် ရီဖူရှင်းသည် သူ၏ဆင်းရဲဒုက္ခများမှ ကင်းလွတ်သွားတော့မည်ဖြစ်သည်။
ယခု သူ တွေ့ကြုံခံစားနေရသည့် ကြီးစွာသော ဂုဏ်ရောင်ဂုဏ်ဝါသည် သူ ဖြတ်ကျော်ခဲ့ရသော ဆင်းရဲဒုက္ခများ၏ အသီးအပွင့်ပင်။ သူသည် မရေမတွက်နိုင်သော ကပ်ဘေးများကို ဖြတ်ကျော်ခဲ့ရပြီး သေရေး၊ ရှင်ရေးအခြေအနေများစွာကို ကျော်လွှားခဲ့ရသည်။ ယနေ့အထိ သူ အသက်ရှင်နေခြင်းမှာ ဆန်းကြယ်မှုတစ်ခုပင်။
ယခုတွင် သူသည် အထွတ်အထိပ်သို့ ရောက်သွားပေပြီ။ သူသည် အဆင့်အမြင့်ဆုံးသူဖြစ်ပြီး အားလုံးက သူ့ကို အရိုအသေပေးရ၏။
သူ့ရှေ့တွင် မည်သူမှ ဟိတ်ဟန် ထုတ်ဝံ့မည် မဟုတ်ပေ။ မည်သူမှလည်း သူ့ကို အထင်သေးဝံ့မည် မဟုတ်။ မည်သူမှ သူ့ကို နှိမ်ဝံ့မည် မဟုတ်။
တစ်ချိန်က သူ ခံစားခဲ့ရသော အရှက်ရမှုသည် အတိတ်တွင်သာ ထာဝရကျန်ခဲ့မည်ဖြစ်သည်။
ယခုတွင် သူ့ကို ဂုဏ်ရှိန်ဂုဏ်ဝါကသာ စောင့်ကြိုနေပေသည်။
“မင်းတို့နှစ်ယောက်က ဘာစောင့်နေကြတာလဲ”
ရီဖူရှင်းသည် လှောကား အောက်ခြေတွင် ကျန်ခဲ့သော ဟွာဂျီယူနှင့် ရှားရှင်းယွန်တို့နှစ်ယောက်ကို လှည့်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ သူသည် သူမတို့ထံ လက်ကမ်းလိုက်၏။ မိန်းမပျိုနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက်တွင် သူမတို့သည် ကောင်းကင်လှေကားပေါ်သို့ လက်တွဲကာ တက်သွား၏။ သူမတို့သည် ရီဖူရှင်းနောက်မှ ကပ်လိုက်သွား၏။
ရောင်စုံတိမ်တိုက်များ ပျံဆင်းလာပြီး အလွန်လှပသော ဝတ်ရုံများအဖြစ် ပြောင်းလဲသွားကာ သူမတို့နှစ်ယောက်အပေါ်တွင် လွှမ်းရုံလိုက်၏။ သူမတို့သည် ဖီးနစ်သရဖူများနှင့် ပန်းဆီရောင်ဝတ်ရုံများဖြင့် ဆင်မြန်ခံလိုက်ရသည်။ သူမတို့၏ အလှသည် အနှိုင်းမဲ့ပင်။
ဟွာဖန်းလူနှင့် အင်ပါယာရှားတို့သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျက်ရည်ဝဲလာကြသည်။ အင်ပါယာရှားသည် ဟွာဖန်းလူနားသို့ တိုးကာ သူ၏ပခုံးကို ပုတ်လိုက်သည်။ ဟွာဖန်းလူက အင်ပါယာရှားကို ကြည့်လိုက်၏။ ထို့နောက် သူတို့နှစ်ယောက်သည် ပြုံးလိုက်ကြ၏။
“အရာအားလုံးက တန်ခဲ့ပါတယ်”
အင်ပါယာရှားသည် သူ့သမီး၏ပုံရိပ်ကိုကြည်ကာ ပြောလိုက်သည်။
“အခုကစပြီး ကောင်းကင်အင်ပါယာက ကျုပ်ရဲ့ သားမက်ပဲ”
အင်ပါယာရှားသည် သူ့မျက်လုံးထောင့်စွန်းများမှ မျက်ရည်စများကို သုတ်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
အခြားတစ်ဘက်တွင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် အတူတကွ ရပ်နေကြသည်။ သူတို့သည် ဒွန်ဟောင်တိယွမ်ကို ကွက်ကြည့်၊ ကွက်ကြည့် လုပ်နေကြသည်။ သူမ တောက်ပစွာ ပြုံးလိုက်၏။ သူမ၏ အပြုံးသည် စစ်မှန်ပေသည်။
သူမသည် ငယ်စဉ်ကတည်းက ရီဖူရှင်း၏ ပခုံးပေါ်တွင် ဝန်ထုပ်ဝန်ပိုးများစွာ ရှိကြောင်း သိခဲ့သည်။ သူမသည် သူမ(၁၆)နှစ်အရွယ်က သူ့ကို ပထမဆုံးအကြိမ် တွေ့ခဲ့သည်။ ယင်းမှာ သူမတို့၏ ကံကြမ္မာပင်။ သူမသည် ရီဖူရှင်း ဖြတ်ကျော်ခဲ့ရသည့် အရာအားလုံးကို ကောင်းကောင်းသိပေသည်။ ယခုတွင် သူသည် အထွတ်အထိပ်သို့ ရောက်သွားပြီဖြစ်၍ သူမ သူ့အတွက် ပျော်ပေသည်။
“သမီးက ဘယ်လိုလုပ် ပြုံးနေနိုင်ရသေးတာလဲ”
အရှင်ဒွန်ဟောင်က ဒွန်ဟောင်တိယွမ်ကို ကြည့်၍ ပြောလိုက်သည်။
“ခမည်းတော်...”
ဒွန်ဟောင်တိယွမ်က ပြုံး၍ နှုတ်ဆက်လိုက်၏။
“ဟူး...”
အရှင်ဒွန်ဟောင်က သူမ၏ စစ်မှန်သောအပြုံးကို မြင်လိုက်သောအခါ သက်ပြင်းချလိုက်သည်။ သူ ညည်းညူလိုက်၏။
“သမီးသိလား.. သမီးက သူ့ရဲ့...”
“ခမည်းတော်...”
ဒွန်ဟောင်တိယွမ်က သူ ဆက်မပြောနိုင်ရန် တားလိုက်သည်။ ထို့နောက် သူမပြောလိုက်၏။
“ဒီလောက်ဆို ကောင်းနေပါပြီ”
အရှင်ဒွန်ဟောင်သည် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူသည် ခေါင်းညိတ်လက်ခံကာ ပြောလိုက်သည်။
“အင်း... ဒီလောက်ဆိုရင်ပဲ ကောင်းနေပါပြီ”
ရီဖူရှင်းသည် ကောင်းကင်လှေကားထက်သို့ ဆက်တက်နေသည်။ သူသည် ဖြည်းဖြည်းချင်း တက်နေခြင်းပင်။ သူ၏အတွေးလှုပ်ရှားသွားသောအခါ အရှင်ဒွန်ဟောင်အနောက်တွင် လူတစ်ယောက် ထွက်ပေါ်လာသည်။ အရှင်ဒွန်ဟောင်သည် ထွက်ပေါ်လာသူကို တွေ့လိုက်သောအခါ အံ့အားသင့်သွား၏။ ထို့နောက် သူသည် နှုတ်ခမ်းများက နားရွက်တက်ချိတ်တော့မတတ် ပြုံးလိုက်၏။ သူသည် ထိုသူထံ လျှောက်သွားပြီး အားပါးတရ ဖက်လိုက်သည်။
“ကြိုဆိုပါတယ်”
အရှင်ဒွန်ဟောင်က ပြောလိုက်သည်။
“ဖူရှင်းက ကျုပ်အတွက် ခန္ဓာကိုယ်တစ်ခု ပြန်တည်ဆောက်ပေးခဲ့တာ”
အင်ပါယာရီချင်က ပြောလိုက်သည်။ သူသည် အတိတ်မှ လာခဲ့ခြင်းပင်။ ရီဖူရှင်းသည် သူ့ကို ချင်းကျူမြို့၏ တျန်းယောင်တောင်တွင် တစ်ကြိမ်သာ တွေ့ခဲ့ဖူးပေသည်။ ရီဖူရှင်းသည် သူတို့ တွေ့ခဲ့သည့် ထိုနေရာနှင့်အချိန် အတိအကျသို့ ပြန်သွားကာ အင်ပါယာရီချင်ကို ပစ္စုပ္ပန်သို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။
“ကျုပ်တို့ အောင်မြင်ခဲ့ပြီ”
အရှင်ဒွန်ဟောင်က ခံစားချက်များ ပြည့်နေသော အသံဖြင့် ပြောလိုက်သည်။
“အင်း ကျုပ်တို့ အောင်မြင်ခဲ့ပြီ”
အင်ပါယာရီချင်သည်လည်း ရင်ထဲတွင် ခံစားချက်များပြည့်နှက်နေသည်။ သူတို့ ဖက်ပြီးနောက်တွင် အင်ပါယာရီချင်သည် ဒွန်ဟောင်တိယွမ်ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများသည် ရဲတွတ်နေပြီး သူမ နှုတ်ဆက်လိုက်သည်။
“အဖေ...”
အင်ပါယာရီချင်သည် သူမနားသို့ လျှောက်သွားပြီး သူမကို သိမ်မွေ့စွာ ဖက်လိုက်သည်။ သူ ပြောလိုက်၏။
“တိယွမ် အဖေ တောင်းပန်ပါတယ်”
“အရှင်ဒွန်ဟောင်နဲ့ အင်ပါယာရီချင်တို့က တရားမျှတမှုအတွက် သူတို့ကိုယ်သူတို့ စတေးဖို့ မကြောက်ခဲ့ဘူး။ သူတို့ကို အရှေ့အင်မော်တယ်အင်ပါယာတွေအဖြစ် ကျုပ် တင်မြှောက်တယ်။ သူတို့က အရှေ့ဘက်က နတ်ဘုရားတွေအားလုံးကို အုပ်ချုပ်ပြီး ကောင်းကင်ဒေသကို တာဝန်ယူစီမံရပါမယ်”
ကောင်းကင်လှေကားမှနေ၍ အသံတစ်သံ ထွက်ပေါ်လာ၏။ အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့အပေါ်သို့ နတ်အလင်း ကျဆင်းလာသည်။ သူတို့နှစ်ယောက်သည် အရှေ့အင်မော်တော်အင်ပါယာများအဖြစ် သတ်မှတ်ခံခဲ့ရပြီး အရှေ့ဘက်မှ နတ်ဘုရားများအားလုံးကို အုပ်ချုပ်ရန် တာဝန်ပေးအပ်ခံရလေသည်။
“ဂုဏ်ပြုပါတယ် အရှေ့အင်မော်တယ်အင်ပါယာများ ခင်ဗျာ”
တစ်စုံတစ်ယောက်က သူတို့ကို ဦးညွှတ်ကာ ဂုဏ်ပြုလိုက်သည်။ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့ကို ဦးညွှတ်၍ ဂုဏ်ပြုလိုက်ကြသည်။ လူအုပ်၏ အသံများသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေ၏။
“အကြွင်းမဲ့ဗုဒ္ဓက လူတိုင်းအပေါ် ကရုဏာထားတယ်။ သူက ဗုဒ္ဓတွေကို ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တယ်။ သူက အနောက်ဘက်ကို ဆက်ပြီး အုပ်ချုပ်ရမယ်။ ကျုပ် သူ့ကို အနောက်အင်မော်တယ်အင်ပါယာအဖြစ် တင်မြှောက်တယ်။ သူက လိပ်ပြာတောင်ကုန်းကနေပြီး ဗုဒ္ဓအားလုံးကို အမိန့်ပေးပါလိမ့်မယ်။ ကျုပ် သူ့ကို ရွှေကုသိုလ်ခန္ဓာကိုယ် ချီးမြှင့်တယ်။ သူက အခုကစပြီး ဖျက်ဆီးလို့မရနိုင်တဲ့သူ ဖြစ်သွားပါပြီ”
ရီဖူရှင်း ထိုသို့ ကြေညာပြီးနောက် အဆုံးမဲ့ ရွှေရောင်နတ်အလင်းများသည် အကြွင်းမဲ့ဗုဒ္ဓအပေါ်သို့ ကျဆင်းလာပြီး သူ့အတွက် ရွှေခန္ဓာကိုယ် တည်ဆောက်ပေးလိုက်သည်။
“အော်မီထောဖော”
အကြွင်းမဲ့ဗုဒ္ဓသည် နတ်အလင်းအောက်တွင် ရှိနေပြီး လက်ရှိ ရီဖူရှင်းသည် မည်မျှစွမ်းအားကြီးကြောင်း ခံစားနေရလေသည်။ သူ ခံစားချက်များ ပြည့်နှက်လာ၏။ ရီဖူရှင်းသည် လက်ချောင်းတစ်ချောင်းဖြင့် ကျိဝူတောက်၏ အင်ပါယာလမ်းစဉ်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မရှိပေ။ ရီဖူရှင်း ပြုလုပ်ပေးခသော ထိုရွှေခန္ဓာကိုယ်သည် အကြွင်းမဲ့ဗုဒ္ဓ၏ အစွမ်းကုန်တိုက်ခိုက်မှုထက် ဆယ်ဆစွမ်းအားကြီးသော တိုက်ခိုက်မှုကို ခံနိုင်လောက်ပေသည်။
ရီဖူရှင်း ဆက်၍ ကြေညာလိုက်၏။
“ကျုပ် မဟာအင်ပါယာစီဝေ့ကို မြောက်အင်မော်တယ်အင်ပါယာအဖြစ် တင်မြှောက်တယ်။ သူက စီဝေ့အင်ပါယာနန်းတော်နဲ့ မြောက်ဘက်က နတ်ဘုရားအားလုံးကို အုပ်ချုပ်ရမယ်”
သူ ထိုသို့ ပြောလိုက်သောအခါ မဟာအင်ပါယာစီဝေ့သည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအရှေ့တွင် ထွက်ပေါ်လာပေသည်။
“ဂူတုံးလျှိုကို ကောင်းကင်အာဏာစက်ရဲ့ အင်မော်တယ်ဘုရင်အဖြစ် တင်မြှောက်တယ်။ သူက ကောင်းကင်အာဏာစက်နန်းတော်နဲ့ အလယ်ပိုင်းက နတ်ဘုရားအားလုံးကို အုပ်ချုပ်ရပါမယ်”
“သေမင်း ရီချင်းယောင်ကို တောင်အင်မော်တယ်အင်ပါယာအဖြစ် တင်မြှောက်တယ်။ သူက မှော်နက်နန်းတော်နဲ့ တောင်ဘက်က နတ်ဘုရားအားလုံးကို အုပ်ချုပ်ရမယ်”
“မိစ္ဆာအင်ပါယာနဲ့ မှော်နက်အရှင်က နောက်ဆုံးအခိုက်မှာ နောင်တရခဲ့တယ်။ အဲဒါကြောင့် မိစ္ဆာအင်ပါယာက ဗလာနတ္တိဘုံကို ဆက်ပြီး အုပ်စိုးနိုင်တယ်။ မှော်နက်အရှင်ကိုတော့ အလင်းကုန်းမြေ ပေးအပ်ပါတယ်”
“ကျုပ် ချန်ယိကို အလင်းနတ်ဘုရားအဖြစ် တင်မြှောက်တယ်။ ကျုပ် သူ့အတွက် အလင်းဘုံကျောင်း တည်ဆောက်ပေးပါမယ်”
“ကျုပ် ရှီးချီယောင်ကို မိုးနတ်ဘုရားအဖြစ် တင်မြှောက်တယ်။ ကျုပ် သူ့အတွက် မိုးဘုံကျောင်း တည်ဆောက်ပေးပါမယ်”
“ကျုပ် ဖန်းစွင်၊ လင်ကလေး၊ ထျယ်ထိုနဲ့ သောယွီတို့ကို လေးမျက်နှာရဲ့ မဟာအင်ပါယာတွေအဖြစ် တင်မြှောက်တယ်။ ကျုပ် သူတို့အတွက် လေးမျက်နှာဘုံကျောင်း တည်ဆောက်ပေးမယ်”
ကောင်းကင်လှေကားထိပ်မှနေ၍ ရီဖူရှင်း၏အသံ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ သူ၏ကြေညာချက်များသည် အာကာပြင်တစ်ခွင်တွင် ပဲ့တင်ထပ်နေသည်။ ထိုနေ့တွင် ကောင်းကင်အင်ပါယာ ရီဖူရှင်းသည် ထိုက်တန်သူအားလုံးကို ဘွဲ့ထူး၊ ရာထူးများ ချီးမြှင့်ခဲ့သည်။
ကောင်းကင်မှနေ၍ နတ်ရောင်ဝါများ ကျဆင်းလာပြီး ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံသွားသည်။ လောကတစ်ခွင်လုံးမှ ကျင့်ကြံသူများသည် အသစ်တင်မြှောက်ခံထားရသည့် အင်မော်တယ်အင်ပါယာများနှင့် နတ်ဘုရားများကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
လူအုပ်သည် ရီဖူရှင်း၏ ပုံရိပ်ကို ကြည့်နေ၏။ သူသည် ကောင်းကင်လှေကား၏ ထိပ်ဆုံးသို့ တက်သွားသည်။ ထို့နောက်တွင် သူ့နောက်လှည့်၍ ကြေညာလိုက်သည်။
“အခု နတ်ဘုရားခေတ် ပြန်ရောက်လာပါပြီ။ နတ်ဘုရားတွေက လောကစည်းမျဉ်းကို ထိန်းသိမ်းပြီး အနာဂတ်မျိုးဆက်တွေကို လမ်းစဉ် သင်ကြားပေးရပါမယ်။ ကျုပ်က လောကစည်းမျဉ်းထဲမှာ ဝင်ပါမှာ မဟုတ်ပါဘူး။ ဒီလောကကို နတ်ဘုရားတွေ အတူတကွ အုပ်ချုပ်ရမှာပါ”
နတ်ဘုရားခေတ် ပြန်ရောက်လာပေပြီ။
ရီဖူရှင်းသည် လောကစည်းမျဉ်းကို သူတစ်ဦးတည်း မထိန်းချုပ်လိုပေ။ သူသည် ဤသို့ ကြေညာပြီးနောက်တွင် အနားယူရန် ကြံစည်နေခြင်းလော။
ကောင်းကင်လှေကားပေါ်ရှိ လူရိပ်ပေါ်သို့ မရေမတွက်နိုင်သော အကြည့်များ ကျဆင်းလာသည်။ သူသည် အလွန် ခံ့ညားထည်ဝါနေပြီး နတ်အလင်းများက သူ့ကို လှည့်ပတ်စီးဆင်းနေလေသည်။
ထိုမြင်ကွင်းသည် အားလုံး၏ မှတ်ဉာဏ်များထဲတွင် ထာဝရ စွဲထင်နေတော့မည်ဖြစ်သည်။ သူတို့သည် ထိုမြင်ကွင်းကို မည်သည့်အခါမှ မေ့တော့မည် မဟုတ်ပေ။
****
ဖူရှင်းပြက္ခဒိန်၏ နှစ်(၂၀)ကြာပြီးနောက် အဘိုးအိုတစ်ဦးနှင့် လူငယ်လေးတစ်ဦးသည် ချင်းကျူမြို့၏ လမ်းတစ်လမ်းပေါ်တွင် လမ်းလျှောက်နေလေသည်။ လူငယ်သည် အဘိုးအို သူ့အား ပြောပြနေသည့် ကောင်းကင်အင်ပါယာ၏ ဇာတ်လမ်းများအကြောင်းကို နားထောင်ရင်း ပို၍ သိလိုစိတ် ဖြစ်နေလေသည်။
နတ်ဘုရားတစ်ပါး၊ အတိအကျဆိုရသော် စွမ်းအားအကြီးဆုံး နတ်ဘုရားတစ်ပါးသည် သူတို့မြို့မှ အစပြုခဲ့ခြင်းဖြစ်သည်။
“ဘိုးဘိုး.. ကောင်းကင်အင်ပါယာက နန်းတက်ပြီးတော့ ဘယ်ကို သွားခဲ့တာလဲ”
လူငယ်က မေးလိုက်၏။ ယခုတွင် လောကကြီးသည် ကောင်းကင်အင်ပါယာ ရှိနေသော နေရာကို မသိပေ။
“ကောင်းကင်အင်ပါယာက နန်းတက်ပြီးတော့ နတ်ဘုရားတွေကို လောကစည်းမျဉ်းကို အုပ်ချုပ်ဖို့ တာဝန်ပေးခဲ့တယ်။ အဲဒီနောက် သူ့က လူထုရဲ့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့တယ်။ သူ ဘယ်မှာရှိနေလဲဆိုတာ ဘယ်သူမှ မသိဘူး။ တချို့က ပြောကြတာက သူက အခု လူသူဝေးရာမှာ သူ့ရဲ့ ကြင်ရာတော်တွေနဲ့ နေ,နေတယ်တဲ့။ တချို့ကလည်း သူက သာမန်ဘဝနဲ့နေချင်လို့ သူ့ရဲ့ရုပ်သွင်ကို ပြောင်းလဲခဲ့တယ်လို့ ပြောကြတယ်။ အခု ကောင်းကင်အင်ပါယာက တခြားစကြဝဠာတွေကို လိုက်သိမ်းပိုက်နေတယ်.. သူက စကြဝဠာတော်တော်များများကိုတောင် သိမ်းပိုက်ပြီးသွားပြီလို့လည်း တချို့က ပြောကြတယ်”
အဘိုးအိုသည် သူ့မြေး၏ လက်ကိုကိုင်ထားရင်း ပြောလိုက်၏။ သူသည် ကောင်းကင်အင်ပါယာ နတ်ဘုရားအဖြစ် နန်းတက်ခဲ့သည့် နေ့မှ အရာအားလုံးကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေပေသေးသည်။ သူသည် ယမန်နေ့ကမှ ထိုအဖြစ်များနှင့် တွေ့ကြုံခဲ့ရသကဲ့သို့ပင်။
အဘိုးအိုသည် ကောင်းကင်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“အဘိုးတို့ ကောင်းကင်အင်ပါယာရဲ့ ဘာသတင်းကိုမှ မကြားရရင်တောင် သူက နေရာတိုင်းမှာ ရှိနေသလိုပါပဲ။ ကောင်းကင်ကိုက သူ့ရဲ့ အသွင်တစ်ခုပဲ”
“ကောင်းကင်ဒေသရဲ့ မင်းသမီးကရော ဘာဆက်ဖြစ်သွားလဲ။ သူကလည်း ကောင်းကင်အင်ပါယာကို သဘောကျနေတယ်ဆိုတာ အသိသာကြီးပဲ။ သူက ကောင်းကင်အင်ပါယာနဲ့ လက်ထပ်နိုင်ခဲ့လား”
လူငယ်က မေးလိုက်သည်။
“အဲဒါက လောကထဲက လူတွေ သေလောက်အောင် သိချင်နေတဲ့ ကိစ္စပဲ”
အဘိုးအိုက သက်ပြင်းတစ်ချက် ချလိုက်သည်။
“မင်းသမီတိယွမ်ကလည်း သူ့ကို သဘောကျတာပေါ့။ အဘိုးတို့ပြောနေတာက ကောင်းကင်အင်ပါယာ မဟုတ်လား”
“ကောင်းကင်အင်ပါယာက လောကစည်းမျဉ်းကို အုပ်ချုပ်ဖို့ နတ်ဘုရားတွေကို တာဝန်ပေးခဲ့တာဆိုတော့ အနာဂတ်မှာ ဘာပဋိပက္ခတွေမှ ရှိမှာမဟုတ်တော့ဘူးဆိုတဲ့ သဘောလား”
လူငယ်က မေးလိုက်သည်။
“ဒါပေမဲ့ ဘာလို့ အခု ချင်းကျူမြို့မှာ ပဋိပက္ခတွေ အများကြီး ရှိနေရတာလဲ”
အဘိုးအိုက ပြန်ဖြေသည်။”သက်ရှိတွေ ရှိနေတဲ့ နေရာတိုင်းမှာ ပဋိပက္ခတွေ ရှိနေမှာပဲ။ အဲဒီကိစ္စမှာ လူသားတွေနဲ့ နတ်ဘုရားတွေကလည်း ခြွင်းချက်မဟုတ်ဘူး”