ဇာတ်လမ်းခွဲ(၁)
Vol. 208 Ch. 2967
ထိုက်ချူဘုံ၏ နတ်ဘုရားကုန်းမြေသည် ပျားပန်းခပ် စည်ကားနေသည်။ ထိုနေရာတွင် ကျင့်ကြံသူများစွာ ရှိနေလေသည်။ အလွန်ကွဲပြားသော အတတ်များကို ကျင့်ကြံကြသည့် လောကအသီးသီးမှ ထိပ်သီးကျင့်ကြံသူများသည် ထိုကုန်းမြေတွင် စုဝေးနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုကုန်းမြေမှနေ၍ ကျင့်ကြံခြင်းအတတ်များနှင့် ရတနာများကို ရရှိနိုင်၍ပင်။
ထိုနေရာတွင် ပဋိပက္ခများစွာလည်း ရှိနေသည်။
စွမ်းအားကြီး ပုဂ္ဂိုလ်များစွာသည် ထိုက်ချူဘုံ၏ နတ်ဘုရားကုန်းမြေသို့ ရောက်လာကြသည်။ သူတို့အားလုံးသည် သူတို့၏လောကများတွင် ထိပ်သီးများဖြစ်သည်။ သို့သော် သူတို့သည် ထိုကုန်းမြေသို့ လာရောက် ကျင့်ကြံသောအခါ သိုသိုသိပ်သိပ်နေရန် လိုအပ်ပေသည်။
စားသောက်ဆိုင်တစ်ဆိုင်တွင် လူငယ်တစ်စုသည် လက်ဖက်ရည် သောက်နေကြသည်။
ထိုစားသောက်ဆိုင်သည် (၃၃)ထပ်မြင့်ပြီး အလွန်ခမ်းနားပေသည်။ ထိုလူငယ်တစ်စုသည် စည်ကားနေသော ကုန်းမြေတစ်ခွင်လုံး၏ မြင်ကွင်းကို မြင်နိုင်သည့် အမြင့်ဆုံးအထပ်တွင် ရှိနေခြင်းပင်။
“ထင်ထားသလိုပဲ ထိုက်ချူဘုံရဲ့ နတ်ဘုရားကုန်းမြေက ထူးကဲတာပဲ။ ဒီကုန်းမြေက ငါတို့ရဲ့ လောက,က တခြားမြို့တော်တွေထက်တောင် ပိုကြွယ်ဝသေးတယ်”
သူတို့ထဲမှ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ဦးက ပြောလိုက်၏။ သူမသည် အသက်(၁၈)နှစ်ဝန်းကျင် ရှိပုံပေါ်သည်။ သူမ၏မျက်လုံးများသည် ရေကဲ့သို့ တလက်လက်ဖြစ်နေပြီး သူမ၏ရုပ်ရည်သည် သင်္ဘောတစ်ထောင်ကိုပင် ရွက်လွှင့်စေနိုင်ပေသည်။ မည်သူမှ သူမကို မညစ်နွမ်းစေဝံ့ပေ။
“ထိုက်ချူဘုံက နတ်ဘုရားနန်းတော်ရဲ့ အုပ်ချုပ်မှုအောက်က လောကတစ်ခုမလား။ ဦးလေးပြောတာကတော့ လက်ရှိ ရှာတွေ့ထားတဲ့ စကြဝဠာတွေထဲမှာ နတ်ဘုရားနန်းတော် အုပ်ချုပ်တဲ့ ဒီစကြဝဠာက စွမ်းအားအကြီးဆုံးပဲတဲ့။ ထိုက်ချူဘုံက အဓိကလောကတစ်ခုပဲ... ထိပ်တန်းလောကငါးခုစာရင်းထဲတောင် ဝင်တယ်။ နတ်ဘုရားကုန်းမြေက ထိုက်ချူဘုံရဲ့ ဗဟိုပဲ.. အဲဒီတော့ ကြွယ်ဝပြီပေါ့”
မိန်းမပျိုဘေးမှ ဝတ်ရုံဖြူဝတ်ဆင်ထားပြီး နောက်ကျောတွင် ဓားလွယ်ထားသည့် လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူ၏အသံသည် သိမ်မွေ့ပြီး သူသည် အလွန်ဗဟုသုတပြည့်စုံပေသည်။
“နင်လည်း ပျော်ခဲ့ပြီးပြီပဲ။ ငါတို့ အိမ်ပြန်သင့်ပြီ မဟုတ်ဘူးလား”
မိန်းမပျိုနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော တုတ်ခိုင်သည့် လူငယ်က ပြောလိုက်သည်။ သူ၏အသားအရေသည် ကြေးညိုရောင်တောက်နေပြီး သူ၏ခန္ဓာကိုယ်သည် ကြွက်သွားများဖြင့် ဖုထစ်နေသည်။ သူ၏မျက်ဝန်းများတွင်လည်း ဖြတ်လတ်မှုနှင့် ပြည့်နှက်နေလေသည်။ သို့သော် ထိုမိန်းမပျိုနှင့် မျက်နှာချင်းဆိုင်ရသောအခါ သူသည် သူမကို သနားစဖွယ်လေသံဖြင့် တောင်းဆိုနေပေသည်။
“တခြားလောကတွေက ရှုခင်းတွေကို ကြည့်ရတာ မကောင်းဘူးလား။ ဘာလို့ ငါက ပြန်ရမှာလဲ”
မိန်းမပျိုသည် ခပ်ရေးရေးပြုံး၍ ပြောလိုက်၏။
“အစ်ကိုရှို... အစ်ကို ရင်ကလေးကို အိမ်ပြန်ဖို့ ဖျောင်းဖျနေတာ ဘယ်နှစ်ကြိမ် ရှိနေပြီလဲ”
နောက်ကျောတွင် ဓားလွယ်ထားသော ဝတ်စုံဖြူနှင့်လူငယ်က ပြုံး၍ ပြောလိုက်သည်။
“ဒီကောင်ကတော့... သူ့ရဲ့ ရုပ်ရည်က ဘယ်လောက် အာရုံစိုက်ခံနေရတယ်ဆိုတာ မင်းမသိတာများလား”
တုတ်ခိုင်သော လူငယ်က ပြောလိုက်သည်။
“ယူရှို... နင်က ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိလို့လား”
ရင်ကလေး၏ဘေးတွင် ထိုင်နေသော အခြားမိန်းမပျိုတစ်ဦးက ပြောလိုက်သည်။ သူမသည်လည်း ရင်ကလေးကဲ့သို့ပင် လှပပေသည်။ သူမသည် မွေးရာပါ အလှတရားရှိပြီး ကြော့ရှင်းကာ တော်ဝင်ဆန်လေသည်။
“အစ်မကျွင်း... ကျုပ်က ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိတာ မဟုတ်ပါဘူး။ အဲဒီကောင်တွေရဲ့ အကြည့်တွေက ရွံ့စရာကောင်းလွန်းလို့ပါ။ ရင်ကလေးကလည်း ကျွန်တော့်ကို သူတို့ကို ဘာမှ သွားလုပ်ခွင့်မပေးဘူး”
ယူရှိုက စိတ်ဓာတ်ကျသည့်လေသံဖြင့် မကျေမနပ်ပြောလိုက်သည်။ သူသည် သူတို့ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်၏။ မျှော်လင့်ထားသကဲ့သို့ပင် လူများစွာသည် သူတို့ကို ကြည့်နေကြောင်း သူမြင်လိုက်ရသည်။ အထူးသဖြင့် ထိုသူများသည် ရင်ကလေးနှင့် အစ်မကျွင်းကို ကြည့်နေကြ၏။
“မင်းတို့ ဘာကြည့်နေတာလဲ”
ယူရှိုသည် ထရပ်ကာ အော်လိုက်သည်။ သူ၏အော်သံသည် မိုးချုန်းသံကဲ့သို့ပင်။ သူ၏အသံသည် သူတို့ကိုကြည့်နေသူများ၏ စားပွဲများပေါ်မှ အရက်ခွက်များကို တုန်ယင်သွားစေ၏။ လူအုပ်သည် ထိုလူငယ်မှာ သွားရှုပ်သင့်သူ မဟုတ်ကြောင်း သိလိုက်သောအခါ ချက်ချင်း အကြည့်ရုတ်လိုက်ကြသည်။
ထိုက်ချူဘုံ၏ နတ်ဘုရားကုန်းမြေတွင် လက်သည်းဝှက်ထားသူ ရွက်ပုန်းသီးများစွာ ရှိပေသည်။ ဤကုန်းမြေတွင် စွမ်းအားကြီး ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိသည်။ ထိုကဲ့သို့ ရဲရဲတင်းတင်း ပြုမူဝံ့သူများမှာ အင်အားကြီးသော ကျောထောက်နောက်ခံရှိသူများ ဖြစ်နိုင်သည်။
“အပြောပဲရှိတဲ့သူပဲ...”
အစ်မကျွင်းက ခပ်ရေးရေးပြုံး၍ ပြောလိုက်၏။ သူမသည် အစ်မဟု ဆိုသော်လည်း အမှန်တွင် အသက်(၂၀)ကျော်သာ ရှိပေသေးသည်။ သို့သော် သူမသည် ဤအုပ်စုတွင် အကြီးဆုံးဖြစ်သည်။ ထို့ကြောင့် သူမသည် အိမ်မှအဝေးတွင် သူတို့၏ ခေါင်းဆောင် ဖြစ်နေခြင်းပင်။ ရင်ကလေး အနားမှာရှိနေသ၍ ယူရှိုသည် အမြဲ အပြောသာရှိသူ ဖြစ်နေမည်ဖြစ်သည်။ သူမတို့သည် သူ့ကို သူသဘောရှိသည့်အတိုင်း လုပ်ခွင့်ပြုမည် မဟုတ်ပေ။ မဟုတ်လျှင် သူ၏စိတ်ဆတ်တတ်မှုကြောင့် သူမတို့ မည်သည့်အခါမှ အေးအေးနေရမည် မဟုတ်ပေ။
“ထိုင်စမ်း...”
ရီကျစ်ရင်သည် ယူရှိုကိုကြည့်ကာ ဆူလိုက်သည်။ ယူရှိုသည် ချက်ချင်းပင် သူမကို သနားစဖွယ်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့”
သူသည် ထိုသို့ပြောကာ ထိုင်လိုက်သည်။ အကယ်၍ နတ်ဆိုးလောကမှ လူများသာ သူတို့၏ သခင်လေးက ထိုသို့ပြုမူနေသည်ကို မြင်ပါက အံ့အားသင့်သွားကြမည်ဖြစ်သည်။
ဂူရှီကျွင်းက ယူရှိုကို ပြောလိုက်သည်။
“ယူရှို... ထိုက်ချူဘုံက နတ်ဘုရားနန်းတော်က အုပ်ချုပ်တဲ့ အဓိကလောကတစ်ခုပဲ။ ဒီမှာ ကွဲပြားတဲ့အတတ်တွေကို ကျင့်ကြံတဲ့ ကျင့်ကြံသူတွေ ရှိတယ်။ ဒီနေရာက စူးစမ်းကြည့်သင့်တဲ့ နေရာပဲ။ အဲဒီတော့ အိမ်ကိုပြန်ဖို့ အဲဒီလောက် လောမနေပါနဲ့”
“ဟုတ်ကဲ့ပါ အစ်မကျွင်း...”
ယူရှိုသည် ဂူရှီကျွင်းကို အလွန်ရိုကျိုးသောလေသံဖြင့် ပြန်ဖြေလိုက်သည်။ သူတို့အားလုံးသည် အတူကြီးပြင်းလာခဲ့ခြင်းပင်။ ဂူရှီကျွင်းသည် အနည်းငယ် ကြီးသဖြင့် အစ်မနေရာကို ရထားခြင်းပင်။
သူတို့အုပ်စုသည် ထိုနေရာတွင် တိတ်တဆိတ်ထိုင်နေလေသည်။ စားသောက်ဆိုင်အတွင်းမှ လူများသည် ကိုယ့်အုပ်စုနှင့်ကိုယ် စကားပြောနေကြသည်။ သူတို့အုပ်စုသည် လူများစွာက အကြောင်းအရာတစ်ခုတည်းကိုပင် ပြောနေကြောင်း ကြားလိုက်ရလေသည်။
“နတ်ဘုရားလောကရဲ့ ပါရမီရှင်လူငယ်စာရင်းလား”
ရီကျစ်ရင်က စိတ်ဝင်တစား ပြောလိုက်သည်။
ရီကျစ်ဖန်းက ရှင်းပြလိုက်၏။
“သူတို့ ပြောတဲ့စကားတွေအရ အသက်သုံးဆယ်အောက် ကျင့်ကြံသူတွေပဲ အဲဒီပါရမီရှင်လူငယ်စာရင်းမှာ ပါနိုင်တယ်တဲ့။ နတ်ဘုရားနန်းတော်က စကြဝဠာတွေအများကြီးကို အုပ်စိုးတယ်... ပြီးတော့ အဲဒီစကြဝဠာတွေက ဆက်စပ်နေကြတယ်။ ပါရမီရှင်လူငယ်စာရင်းမှာ (၈၁)ယောက်ပဲ ရှိတယ်။ အသစ်တွေက အဟောင်းတွေ နေရာမှ အစားထိုးသွားတာပဲ။ ပါရမီရှင်လူငယ်စာရင်းမှာ ပါတဲ့သူတွေအကုန်လုံးက ပါရမီရှင်တွေချည်းပြ။ သူတို့က လက်ရှိမျိုးဆက်ရဲ့ ထူးချွန်တဲ့သူတွေလို့ ပြောလို့ရတယ်”
ရီကျစ်ဖန်းသည် ရီကျစ်ရင် မွေးပြီးနောက် ရက်အနည်းငယ်အကြာတွင် မွေးခဲ့ခြင်းဖြစ်သည်။ သူမတို့နှစ်ယောက်စလုံးသည် ဆင်တူသော အမည်များ ရှိပေသည်။
“ပါရမီရှင်လူငယ်စာရင်းထဲက လူတွေက ရန်ဟောင်အဆင့်မှာ ရှိလောက်မှာပေါ့။ သူတို့က တကယ့်ကို ပြိုင်ဘက်ကင်းတွေလို့ ပြောလို့ရတယ်”
ဂူရှီကျွင်းက ထပ်ပြောလိုက်သည်။ သာမန်လူများသည် အသက်ငယ်ငယ်ဖြင့် ထိုအဆင့်သို့ မရောက်နိုင်ပေ။
ထို့ကြောင့် ပါရမီရှင်လူငယ်စာရင်းမှ လူများအားလုံးနီးပါးသည် အင်အားကြီးသော နောက်ခံရှိသူများသာဖြစ်ကြသည်။ သူတို့အများစုသည် နတ်ဘုရားနန်းတော်မှ နတ်ဘုရားများ၏ မျိုးဆက်များဖြစ်ကြသည်။
“သူတို့အကုန်လုံးက အသံပဲရှိပြီး အဆံမရှိတဲ့သူတွေပါ”
ယူရှိုက အထင်မကြီးသော လေသံဖြင့် ပြောလိုက်သည်။
ရီကျစ်ရင်သည် သူ့ကို ကြည့်ကာ မေးလိုက်၏။
“နင် အဲဒီလိုစကားတွေကို ဘယ်ကတတ်လာတာလဲ”
“ကျုပ် အစ်မတို့နဲ့ လောကထဲ လျှောက်သွားရင်း တတ်လာတာလေ”
ယူရှိုက ပြန်ပြောလိုက်သည်။
“ဂူဖေးရန်က မိုဝူယိုကို အနိုင်ယူပြီး ပါရမီရှင်လူငယ်စာရင်းထဲ ဝင်သွားတာ။ သူ့ကို ထျန်းကျီးနန်းတော်က ပါရမီရှင်လူငယ်စာရင်းထဲ သွင်းခဲ့တာပဲ။ ဂူဖေးရန်က အနာဂတ်မှာ ထိပ်တန်းသုံးယောက်ထဲ ပါလိမ့်မယ်လို့ ထျန်းကျီးနန်းတော်က ကြိုပြောထားတယ်”
ထိုစဉ်တွင် သူတို့ဘေးမှ လူတစ်ယောက်က ပြောလိုက်သည်။
“ဂူဖေးရန်က ဘယ်သူလဲ”
လူတစ်ယောက်က စိတ်ဝင်တစား မေးလိုက်၏။
အခြားတစ်ယောက်က ရှင်းပြလိုက်သည်။
“သူက အင်ပါယာဂူရဲ့ မျိုးဆက်ပဲ။ ကောလာဟလတွေက ပြောကြတာတော့ သူက သုံးနှစ်သားအရွယ်ကတည်းက စပြီး ကျင့်ကြံခဲ့တာတဲ့။ သူက ဆယ်နှစ်သားမှာ လမ်းစဉ်ကို သက်သေပြခဲ့ပြီး ဆယ့်ငါးနှစ်မှာ တစ်လောကလုံးကို ကျင့်ကြံသူတွေကို စိန်ခေါ်နေပြီတဲ့။ သူက အခုထိ တစ်ခါမှ မရှုံးဖူးသေးဘူးတဲ့။ သူက သူ့ရဲ့ဘိုးဘေး အင်ပါယာဂူလို ဖြစ်ချင်တာ... ပြီးတော့ သူက တိုက်ခိုက်ပြီး သူ့ရဲ့ လမ်းစဉ်ကို သက်သေပြချင်တာ။ သူက သူ့နာမည်လိုပဲ မာနကြီးတယ်လို့ ကောလာဟလတွေက ပြောကြတယ်။ သူက သာမန်လူတွေကို သူနဲ့ တန်းတူလို့ မထင်ဘူးတဲ့”
“ငါ့ရဲ့ ဘိုးဘေးကသာ နတ်ဘုရားနန်းတော်ရဲ့ အရေးပါသူတစ်ယောက်ဖြစ်တဲ့ အင်ပါယာဂူဆိုရင် ငါက သူ့ထက်တောင်ပိုပြီး မာနကြီးလိမ့်ဦးမယ်။ ဒါပေမဲ့ အဲဒီလိုမာနကြီးတယ်ဆိုတာ ဘိုးဘေးတွေရဲ့ နောက်ခံရှိလို့ပါပဲ”
လူတစ်ယောက်က ပြုံး၍ ပြောလိုက်၏။
ထိုလူပြောနေစဉ်တွင် ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ လူများစွာသည် တစ်နေရာသို့ ကြည့်လိုက်၏။ စားသောက်ဆိုင်အတွင်းသို့ လူတစ်စု ဝင်လာလေသည်။ သူတို့၏ခေါင်းဆောင်သည် အသက်(၂၀)ကျော်အရွယ်ရှိသူ တစ်ယောက်ဖြစ်သည်။ သူသည် ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ၏နက်မှောင်သောဆံပင်ရှည်များသည် လေထဲတွင် ဝဲလွင့်နေသည်။ သူ၏ ခံ့ညားသောမျက်နှာသည် ဖော်ပြ၍မရနိုင်သော ဆွဲဆောင်မှုအငွေ့အသက်တစ်ခုကို ပေးနေသည်။ သူ၏ဟန်ပန်တစ်ခုတည်းဖြင့်ပင် သူသည် ထူးချွန်သူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။
သူ လျှောက်လာသောအခါ သူ့ပတ်ပတ်လည်တွင် သဏ္ဌာန်မဲ့ စက်ကွင်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။ သူသည် အစောက ပြောလိုက်သူကို ကြည့်ကာ ပြောလိုက်၏။
“မင်း ဘာလုပ်ရမယ်ဆိုတာ သိပါတယ်”
ထိုသူ၏ မျက်နှာထားသည် ဖြူဖျော့သွား၏။ သူ့ကို သူ၏အဖော်များက အချက်ပြထားပြီးဖြစ်သည်။ ထိုလူငယ်သည် ဂူဖေးရန် ဖြစ်ကြောင်း သူသိပြီးပေပြီ။
ထိုသူသည် သူ့မျက်နှာကိုသူ အကြိမ်အနည်းငယ် ရိုက်လိုက်သည်။ သူ ဦးညွှတ်ကာ အသနားခံလိုက်သည်။
“ကျုပ် မဆင်မခြင် ပြောမိသွားတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပါ”
ဂူဖေးရန်သည် သူ့ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူသည် ထောင့်တစ်နေရာတွင် ထိုင်လိုက်သည်။ စားသောက်ဆိုင်သည် ရုတ်တရက်ကြီး အလွန်တိတ်ဆိတ်သွား၏။
ရုတ်တရက် ဂူဖေးရန်သည် သူ၏ခွက်ကို မြှောက်လိုက်၏။ ခွက်ထဲမှ သေရည်သည် ထက်ရှသော ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ ထိုသူ၏ လည်ပင်းကို ဖြတ်သွား၏။ ထိုသူသည် တိုက်ကွက်တစ်ကွက်ဖြင့် အသတ်ခံလိုက်ရပြီး ကြမ်းပေါ် ပြုတ်ကျသွား၏။
စားသောက်ဆိုင်ထဲတွင် ပို၍ပင် တိတ်ဆိတ်သွားသည်။ မည်သူမှ စကားတစ်ခွန်းမှ မပြောဝံ့ကြပေ။ လူအုပ်သည် အသက်ရှူပင် အောင့်ထားကြသည်။
ရီကျစ်ရင်သည် မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ ထိုလူသည် ရက်စက်လွန်းပေသည်။
သူသည် သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် လူတစ်ယောက်ကို သတ်ပစ်ခဲ့သည်။
ယူရှိုသည်လည်း စိတ်ဆတ်ကာ မဆင်မခြင် ပြုတတ်သူတစ်ယော်ကဖြစ်သည်။ သို့သော် သူသည် တစ်ဘက်လူက မကောင်းသည့်လူတစ်ယောက် မဟုတ်လျှင် မည်သူ့ကိုမှ ထိခိုက်အောင် လုပ်မည်မဟုတ်ပေ။
“မင်း... ဒီကိုလာပြီး ငါ့ကို အရက်တစ်ခွက်ငှဲ့ပေးစမ်း”
ဂူဖေးရန်သည် ရီကျစ်ရင်၏ မကျေနပ်မှုကို အာရုံခံမိသွားပုံနှင့် သူမကို အေးစက်စွာ အမိန့်ပေးလိုက်၏။