ဇာတ်လမ်းခွဲ(၂)
Vol. 208 Ch. 2968
တိတ်ဆိတ်နေသော စားသောက်ဆိုင်ထဲတွင် မျက်လုံးအားလုံးသည် ရီကျစ်ရင်အပေါ် ရောက်နေသည်။ ထိုမိန်းမပျို၏ လှပသောရုပ်ရည်နှင့် ထူးကဲသောဟန်ပန်ကို မြင်လိုက်ရုံဖြင့်ပင် သူမသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်း လူတိုင်း သိနိုင်ပေသည်။
သို့ပင်လျှင် သူမသည် အဘယ်သို့ ဂူဖေးရန်နှင့် ယှဉ်နိုင်ပါမည်နည်း။
နတ်ဘုရားနန်းတော်က အုပ်ချုပ်သော လောကထဲတွင် ဂူဖေးရန်နှင့် ယှဉ်နိုင်သူ လက်တစ်ဆုပ်စာမျှသာ ရှိပေသည်။ သူသည် သူ၏ထူးကဲသည့် ပါရမီနှင့် ပြိုင်ဘက်ကင်းမှုကြောင့် ပါရမီရှင်လူငယ်စာရင်းအတွင်း ဝင်ခဲ့ခြင်းဖြစ်သည်။ ထျန်းကျီးနန်းတော်သည် သူ့ကို ပါရမီရှင်လူငယ်စာရင်းတွင် ထိပ်ဆုံးသုံးယောက်အတွင်း သွင်းထားပေသည်။ ထို့အပြင် သူသည် ရှေးဟောင်းအင်ပါယာတစ်ပါး၏ မျိုးဆက်ဖြစ်သည်။
သို့သော် ရီကျစ်ရင်သည် ထိုအရာများကို အရေးမစိုက်ဘဲ မျက်မှောင်ကြုတ်ရုံသာ ကြုတ်လိုက်သည်။ ဂူဖေးရန်သည် အလွန်စိတ်ကြီးဝင်နေပေသည်။ သူသည် အသေးအဖွဲကိစ္စတစ်ခုအတွက်ပင် လူတစ်ယောက်ကို သတ်ပစ်မည့်သူဖြစ်ပြီး သူမကိုပင် သူ့အတွက် အရက်တစ်ခွက် ငှဲ့ခိုင်းနေလေသည်။
ရီကျစ်ရင်သည် စိတ်ထိန်းထားသော်လည်း သူမဘေးမှ လူများသည် ဒေါသူပုန်ထကြလေပြီ။ ဂူရှီကျွင်းသည် မျက်နှာမဲ့သွားပြီး ရီကျစ်ဖန်းသည်လည်း သူ့ပတ်ပတ်လည်တွင် ဓားဝိညာဉ်စွမ်းအား ထုတ်လွှတ်လိုက်သည်။
ရီကျစ်ရင်သည် မည်သူနည်း။
သူမသည် ကောင်းကင်အင်ပါယာနှင့် ကြင်ရာတော်၏ သမီးတော်ဖြစ်သည်။ သူမ မွေးလာသည့်နေ့ကတည်းက သူမကို ဤသို့ အရှက်ခွဲဖို့ မဆိုထားနှင့် မည်သူမှ သူမကို မလေးမစား မပြုဝံ့ပေ။
“မင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်ရင် ငါ မင်းကို ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားခွင့်ပြုမယ်”
ယူရှို၏ မျက်နှာထားသည် တင်းမာနေသည်။ သူသည် ထိုင်နေဆဲဖြစ်သော်လည်း သူ၏ဒေါသကို မနည်းထိန်းထားရခြင်းဖြစ်ကြောင်း အားလုံး ပြောနိုင်ပေသည်။ ရီကျစ်ရင်က သူပြဿနာရှာသည်ကို မကြိုက်ပေ။ မဟုတ်လျှင် သူသည် ထိုသူနှင့် တိုက်ခိုက်ပြီးပေပြီ။
ရုတ်တရက် စားသောက်ဆိုင်တစ်ခုလုံးသည် အလွန်တိတ်ဆိတ်သွား၏။ ယူရှိုသည် မည်သည်ကို ပြောနေခြင်းနည်း။
သူသည် ဂူဖေးရန်အား သူ၏ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ရန် ပြောနေခြင်းလော။
အားလုံးသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်မှုအောက်တွင် သူတို့ လုပ်နေသည့်အရာများကို ရပ်လိုက်ကြသည်။ သူတို့သည် မည်သို့ အသက်ရှူရမည်ကိုပင် မေ့သွားသကဲ့သို့ပင်။
ဂူဖေးရန်ဘေးမှ လူများသည် အံ့အားသင့်သွားပြီး ယူရှိုကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ကိုယ့်နေရာကိုယ် မသိသော ထိုအရူးသည် မည်သူနည်း။ ထိုလူသည် တုတ်ခိုင်သန်မာသော်လည်း ဦးနှောက်မပါဘဲ မွေးလာခြင်းလော။
ဝုန်း...
ဓားဝိညာဉ်စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသည့် ကျင့်ကြံသူတစ်ယောက်ကို ဓားများ လှည့်ပတ်နေပြီး သူက စားသောက်ဆိုင်တစ်ခုလုံးကို ဖိနှိပ်နေသည်ကို မြင်လိုက်ရလေသည်။ သူသည် နောက်လှည့်၍ အခြားသူများကို မေးလိုက်သည်။
“တကယ်လို့ တစ်ယောက်ယောက်က သခင်လေးဂူကို မလေးမစား လုပ်မယ်ဆိုရင် ငါတို့ ဘာလုပ်သင့်လဲ”
ဟိတ်ဟန်အပြည့်ဖြင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ပြန်ပြောလိုက်၏။
“သတ်ရမယ်”
“အမှန်ပဲ”
အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ရီကျစ်ရင်ကို ကြည့်၍ ပြောလိုက်သည်။
“သခင်လေးဂူအတွက် အရက်ငှဲ့ပေးရတာ မင်းအတွက် ဂုဏ်ရှိတာပဲ။ မင်းက ဘာလို့ ရှေ့ထွက်လာပြီး ကိုယ်လုပ်သင့်တာကို မလုပ်တာလဲ”
ယူရှိုသည် ရီကျစ်ရင်ကို ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ တထောင်းထောင်းထနေလေသည်။ သူတို့သည် စကြဝဠာများကို အတူတကွ သွားလာခဲ့ပြီး လူမျိုးစုံနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ဤကဲ့သို့ စိတ်ကြီးဝင်နေသည့် လူတစ်စုနှင့် ယခုမှ တွေ့ရခြင်းပင်။
ရီကျစ်ရင်၊ ယူရှိုနှင့် အခြားသူများသည် မလှုပ်မယှက် ဆက်ရှိနေကြောင်း တွေ့လိုက်သောအခါ ဝတ်စုံဖြူနှင့် ကျင့်ကြံသူသည် ထရပ်လိုက်ပြီး သူတို့ထံ လျှောက်လာလေသည်။
သူခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဓားဝိညာဉ်စွမ်းအား လှည့်ပတ်နေပြီး သူ့ခေါင်းအထက်တွင် ဓားတစ်ချောင်း ဖြစ်ပေါ်လာသည်။ ထိုမြင်ကွင်းသည် လူအုပ်ကို ကျောစိမ့်သွားစေသည်။ သူ့ခေါင်းထက်မှ ဓားသည် ရီကျစ်ရင်ကို ချိန်ရွယ်လိုက်ပြီး သူမေးလိုက်သည်။
“သခင်လေးဂူ... သခင်လေး သူ့ကို လိုအပ်ပါသေးလား”
“မင်း ကောင်းမယ်ထင်သလိုသာလုပ်”
ဂူဖေးရန်က ခေါင်းပင်မော့မကြည့်ဘဲ ပြောလိုက်သည်။ ရီကျစ်ရင်သည် အလွန်လှပသော မိန်းမပျိုတစ်ယောက်ဖြစ်သော်လည်း သူသည် သူမကို သိပ်စိတ်မဝင်စားပေ။ အမျိုးသမီးများသည် သူ၏ကျင့်ကြံခြင်းကိုသာ ထိခိုက်စေလိမ့်မည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် မိန်းကလေးများကို စိတ်မဝင်စားပေ။
“သိပါပြီ”
ဝတ်စုံဖြူနှင့် ကျင့်ကြံသူက ရီကျစ်ရင်ဘက် လှည့်လိုက်ပြီး ပြောလိုက်၏။
“တကယ်လို့ မင်း ဒူးထောက်ပြီး တောင်းပန်မယ်ဆို အသက်ရှင်ခွင့်ရမယ်”
“ကျစ်ဖန်း”
ဂူရှီကျွင်းက ခေါင်းမော့၍ ရီကျစ်ဖန်းကို ကြည့်လိုက်သည်။ သူသည် သူမဆိုလိုသည်ကို နားလည်၍ အဝေးမှနေ၍ ဓားဝိညာဉ်စွမ်းအားတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ယင်းသည် ကောင်းကင်ကို လင်းလက်သွားစေ၏။ ထိုအခိုက်တွင် စားသောက်ဆိုင်အတွင်းမှ ကျင့်ကြံသူများသည် အားကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရလေသည်။ တချို့သူများသည် ဓားအလင်းကြောင့် မျက်စိများပင် ကျိန်းသွား၏။
“ဘာဖြစ်သွားတာလဲ”
သူတို့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အပြင်းအထန် ရင်တုန်နေကြသည်။ သူတို့သည် မည်သည့် မူမမှန်သည်ကိုမှ သတိမပြုမိသော်လည်း ဘဝင်ခိုက်နေသော ဝတ်စုံဖြူနှင့် ကျင့်ကြံသူ၏ နဖူးမှနေ၍ သွေးများ စီးကျလာပြီး သူသည် ကြမ်းပြင်သို့ မျက်နှာအပ်လျက် လဲကျသွားသည်ကို မြင်လိုက်ရလေသည်။ သူသည် မျက်လုံးအပြူးသားဖြင့် သေသွားခြင်းဖြစ်ပြီး သူဘာဖြစ်သွားကြောင်းပင် မသိလိုက်ပေ။
ရီဝူချင်းနှင့် လျိုချန်ယွီတို့၏ သားဖြစ်သော ရီကျစ်ဖန်းသည် ဓားနတ်ဘုရားသုံးပါး၏ တပည့်ဖြစ်သည်။ သူ၏အဖေ ရီဝူချင်း၊ အဖော်မဲ့ဓားနတ်ဘုရားနှင့် လီဟန်ဓားနတ်ဘုရားတို့သည် အလင်းနတ်ဘုရားနှင့်အတူ သူ့ကို အလင်းဓားအတတ် သင်ပေးခဲ့သည်။ ရီဖူရှင်းသည် သူ၏ မွေးစားအဖေဖြစ်သည်။ ထို့ကြောင့် သူ့ကို ရီကျစ်ရင်၏ အမည်နှင့် ဆင်တူသည့် ကျစ်ဖန်းဟူသော အမည်ကို ပေးထားခြင်းပင်။
စားသောက်ဆိုင်းအတွင်း၌ တိတ်ဆိတ်နေဆဲဖြစ်သည်။ မယုံနိုင်သည့် အကြည့်များက အလောင်းကို ကြည့်နေကြသည်။ ထို့နောက်တွင် သူတို့သည် ရီကျစ်ရင်နှင့် သူမတို့ အုပ်စုကို ကြည့်ကာ ပင့်သက်ရှိုက်လိုက်ကြသည်။ ထိုလူများသည်လည်း စွမ်းအားကြီးသည်လော။
သူမတို့သည် သာမန်လူများ ဟုတ်ပုံမပေါ်ပေ။ သို့သော် အဘယ်ကြောင့် သူတို့သည် ဂူဖေးရန်၏ ဒေါသကို ဆွရသနည်း။ နတ်ဘုရားနန်းတော် အုပ်စိုးသော လောကထဲတွင် ဂူဖေးရန်ကို မည်သူ အပြစ်ပြုမိဝံ့သနည်း။
သူတို့ မည်မျှ စွမ်းအားကြီးသည်ဖြစ်စေ၊ သူတို့၏ နောက်ခံသည် မည်မျှ ကြီးသည်ဖြစ်စေ အဆုံးတွင် သူတို့သည် ပျက်စီးခြင်းနှင့်သာ ကြုံရမည်ဖြစ်သည်။
ဂူဖေးရန်သည် ကြမ်းပြင်ပေါ်မှ အလောင်းကိုကြည့်ကာ သူ့လက်ထဲမှ ခွက်ကို ချလိုက်သည်။ သူသည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်၏။ ရုတ်ခြည်းပင် ထိုအရှိန်အဝါသည် စားသောက်ဆိုင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထိုသို့ဖြစ်လာသောအခါ စားသောက်ဆိုင်အတွင်းရှိ သူ့အနီးမှ ကျင့်ကြံသူအားလုံးသည် ထရပ်ကာ ထိုနေရာမှနေ၍ ထွက်ပြေးသွားကြသည်။
ပြဿနာကြီးတစ်ခု ဖြစ်တော့မည် ဖြစ်ကြောင်း သူတို့သိပေသည်။
ဂူဖေးရန် ထရပ်လိုက်သောအခါ စားသောက်ဆိုင်ထဲတွင် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ ထိုနေရာ၏ အငွေ့အသက်တစ်ခုလုံး ပြောင်းလဲသွားပြီး သူသည် ရီကျစ်ရင်တို့အုပ်စုကို ဒေါသဖြင့် ကြည့်လိုက်၏။ အဝေးမှ ကျင့်ကြံသူများသည် ဂူဖေးရန်က သူ၏စွမ်းရည်များကို ထုတ်လွှတ်လိုက်ကြောင်း တွေ့လိုက်သောအခါ အံ့အားသင့်သွားကြသည်။ သူ့ကို မည်သူက ရန်စဝံ့ခဲ့သနည်း။
ပါရမီရှင်လူငယ်စာရင်းဝင်သည့် လူတစ်ယောက်၏ အစွမ်းကို သူတို့ မြင်နိုင်ခြင်းမှာ ကောင်းသောကိစ္စပင်။
ဝုန်း...
ဂူဖေးရန် ရှေ့သို့ ခြေတစ်လှမ်းလျှောက်လိုက်သောအခါ စားသောက်ဆိုင် နေရာအနှံ့တွင် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ သူ၏အရှိန်အဝါသည် လေထုထဲ ပျံ့နှံ့သွားပြီး သူ့အနောက်တွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ရီကျစ်ရင်တို့အုပ်စုကို လက်ချောင်းညွှန်လိုက်၏။ ထို့နောက် ကောင်းကင် ပြိုပျက်လာသည်။ မရေမတွက်နိုင်သော အဖျက်အလင်းတန်းများသည် သူတို့ကို ရှင်းပစ်ရန် သူတို့ထံ ကျဆင်းလာလေသည်။
သူ၏ လက်ချောင်းတိုက်ကွက်သည် ကောင်းကင်အင်မော်တယ်တစ်ပါး၏ တိုက်ခိုက်မှုကဲ့သို့ပင်။ ၎င်းသည် ကောင်းကင်ကပ်ဘေးတစ်ခုကို ထုတ်လွှတ်လိုက်သလိုပင်။
ကျင့်ကြံသူများသည် ရီကျစ်ရင်တို့ကို သနားသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ရီကျစ်ရင်သည် သူ့နောက်ကျောမှ ဓားကို ထုတ်လိုက်သော်လည်း ယူရှိုက သူ့အရှေ့တွင် ရပ်လိုက်သည်။ ရုတ်ခြည်းပင် ဓားတစ်လက်၏ ကြက်သွေးရင့်ရောင် ကပ်ဘေးအလင်းသည် လေထုကို လင်းလက်သွားစေပြီး ထိုနေရာသို့ ပျံသန်းလာလေသည်။
ထင်ရှားသော မျဉ်းတစ်ကြောင်းသည် ကောင်းကင်ကို ထက်ခြမ်းပိုင်းသွားသည်။ များစွာသော ကပ်ဘေးအလင်းတန်းများသည် ကပ်ဘေးစွမ်းအားကို ကွဲအက်သွားစေပြီး ကြက်သွေးရင့်ရောင် ဓားအလင်းသည် ကောင်းကင်အင်မော်တယ်၏ လက်ချောင်းကို ထက်ပိုင်းဖြတ်လိုက်၏။ ၎င်းသည် ရှေးဟောင်းနတ်ဘုရား၏ ဝိညာဉ်ပုံရိပ်တစ်ခုလုံးကို ဖျက်ဆီးလိုက်သည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ဓားအလင်း လက်သွားသော်လည်း ရီကျစ်ရင်တို့ အုပ်စုသည် အသက်ရှင်နေဆဲပင်။ ဂူဖေးရန်သည်သာ စားသောက်ဆိုင်အပြင်သို့ လွင့်သွားပြီး သူ၏လက်ချောင်းသည် တုန်ခါနေလေသည်။ လက်ချောင်းမှနေ၍ သွေးများ စီးကျနေသည်ကို မြင်ရ၏။
“ဘာလဲဟ...”
ကြည့်နေသူများသည် ရင်တုန်သွားကြပြီး ထိုသူသည် မည်သူနည်းဟု တွေးလိုက်ကြသည်။
သူတို့သည် ပါရမီရှင်လူငယ်စာရင်းမှ ထိပ်တန်းစာရင်းဝင် ဂူဖေးရန်သည် တိုက်ခိုက်မှုတစ်ခုကြောင့် အနောက်သို့ လွင့်ပျံထွက်သွားသည်ကို မယုံနိုင်ဖြစ်နေကြသည်။
“မင်းက တကယ်ကို အသက်မရှင်ချင်တော့ဘူးထင်တယ်”
ယူရှိုက စူးစူးဝါးဝါး စိုက်ကြည့်ကာ ပြောလိုက်သည်။ ရီကျစ်ရင်ကို အရှက်ခွဲဝံ့သူတိုင်းသည် သူ့ကို ဒေါသထွက်အောင် လုပ်ခြင်းပင်။
သူ၏ အမည် ယူရှိုသည် ကာကွယ်ခြင်းဟု အဓိပ္ပာယ်ရသည်။
သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ကောင်းကင်မှနေ၍ ကပ်ဘေးအလင်းဖြာထွက်လာပြီး ကြက်သွေးရင့်ရောင်အဖြစ် ပြောင်းလဲသွားပြီး ရုတ်ခြည်းပင် ကျင့်ကြံသူများကို သူ၏ ကောင်းကင်အရှိန်အဝါဖြင့် ဝန်းရံလိုက်သည်။ ထိုအခိုက်တွင် သူတို့သည် ယူရှိုက စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိသွားကြ၏။
ကောင်းကင်မှနေ၍ ကြက်သွေးရင့်ရောင် နတ်ဆိုးဓားတစ်ချောင်း ကျဆင်းလာ၏။ ယူရှိုသည် ယင်းဓားကို လက်ဖြင့်ဖမ်းယူလိုက်ကာ အစောမှဓားချက်ထက် ပို၍စွမ်းအားကြီးသော ဓားချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။
ဓားချက်အလင်းသည် ကောင်းကင်တွင် ပြည့်နှက်သွား၏။ ဂူဖေးရန်သည် မာန်သွင်း၍အော်လိုက်ပြီး ရှေးဟောင်းနတ်ဘုရား ဝိညာဉ်ပုံရိပ်ကို ဖန်တီးလိုက်သည်။ ယင်းသည် ကြောက်မက်ဖွယ် လက်ဝါးကြီးကို ဆန့်ထုတ်လိုက်ပြီး ကြက်သွေးရင့်ရောင် နတ်ဆိုးဓားကို ခုခံလိုက်သည်။ ရုတ်တရက် ကျယ်လောင်သော ထိခတ်သံများကို ကြားလိုက်ရပြီး လက်ဝါးကြီးသည် ထက်ခြမ်းကွဲသွား၏။ ကြက်သွေးရင့်ရောင် နတ်ဆိုးဓား၏ ခုတ်ချက်သည် ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်ဆီသို့ ဆက်ဦးတည်သွား၏။
ပါရမီရှင်လူငယ်စာရင်းအတွင်း ဝင်သော ဂူဖေးရန်သည် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ယူရှို၏ ဓားချက်ကို မတားဆီးနိုင်ချေ။
“ဒါက အတင့်ရဲလွန်းတာပဲ”
ကောင်းကင်မှနေ၍ ကျယ်လောင်သော အော်သံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် ယူရှို၏ ဓားပေါ်သို့ နတ်အလင်းကျဆင်းလာပြီး ၎င်းကို ဖျက်ဆီးလိုက်ပြီး ယူရှိုကို နောက်သို့ လွင့်သွားစေ၏။ ယူရှိုသည် ညည်းတွားသံတစ်ချက် ပြုလိုက်၏။
လူအုပ်များသည် ကောင်းကင်အင်မော်တယ်တစ်ပါး၏ အရှိန်အဝါကို ခံစားလိုက်ရသောအခါ ရင်ခုန်မြန်သွားကြသည်။
သူတို့ ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်အင်မော်တယ်တစ်ပါး၏ ပုံရိပ်ကို မြင်လိုက်ရလေသည်။
“ဖေးရန်... မင်း အဆင်ပြေရဲ့လား”
ကောင်းကင်ထဲမှ ကောင်းကင်အင်မော်တယ်က ဂူဖေးရန်ကို မေးလိုက်သည်။
“ကျုပ် အဆင်ပြေပါတယ်”
ဂူဖေးရန် မရှုမလှ ရှုံးနိမ့်သွားသဖြင့် မျက်နှာညှိုးနေသည်။
ရောက်ရှိလာသူသည် နတ်ဘုရားနန်းတော်မှ ကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်သည်။ သူသည် ရှေးဟောင်းအင်ပါယာ၏ အမိန့်အောက်မှ စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။
“အင်း...”
ကောင်းကင်အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ယူရှိုတို့ အုပ်စုကို မကျေနပ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် ရွှေရောင်ပြောင်းသွားပြီး သူသည် ၎င်းတို့မှနေ၍ နတ်အလင်းတန်းများ ပစ်လွှတ်လိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
“မင်းတို့က ဒီနေရာမှာ အရိုင်းအစိုင်းတစ်စုလို ပြုမူရဲတယ်ပေါ့လေ။ အခု မင်းတို့အကုန်လုံး သေရမယ်”
လူစုလူဝေးများသည် ချက်ချင်းပင် ယူရှိုကို ကြည့်လိုက်ကြသည်။ ထိုသူသည် အမှန်ပင် စွမ်းအားကြီးလွန်းပေသည်။ သို့သော် သူ၏ ပြိုင်ဘက်မှာ ဂူဖေးရန်ဖြစ်နေခြင်းမှာ ကံဆိုးခြင်းပင်။ ယခုတွင် ကောင်းကင်အင်မော်တယ်တစ်ပါး ရောက်ရှိလာပြီဖြစ်၍ သူတို့သည် မည်သို့မှ ဆက်ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
“ဘယ်အောက်တန်းစားက ငါ့ရဲ့ သခင်မလေးကို စော်ကားပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေတာလဲ”
ကောင်းကင်မှနေ၍ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ထိုစဉ်တွင် ကောင်းကင်သည် ထက်ခြမ်းပွင့်သွားပြီး တလက်လက်တောက်ပသော နတ်အလင်း ဖြာကျလာသည်။ ထို့နောက်တွင် ရွှေရောင်ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားသည့် ကောင်းကင်အင်မော်တယ်တစ်ပါးသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်ကို မြင်လိုက်ရလေသည်။